Wednesday, December 23, 2009
ထို့ကြောင့်
Tuesday, December 22, 2009
ကျော်ကြားသူတို့၏ပုံရိပ်
နောင်ငါးနှစ်ကြာလျှင် မည်သို့ဖြစ်မည် မသိသော်လည်း ကျနော်ပြန်လျှင် လုပ်ချင်သော စီးပွားရေးမှာ- တစ်။ ဒီနိုင်ငံက ရှော့ပင်းမောကြီးတွေမှာ ဖွင့်သော SWEET TALK ကဲ့သို့ အအေးဆိုင်မျိုး မြန်မာပြည်တွင် ဖွင့်ချင်ပါသည်။ အစပိုင်းတွင် ကိုယ်တိုင် ဦးစီးလုပ်ကိုင်၍ နောက်ပိုင်း ၀န်ထမ်းများငှားရမ်းကာ ကွပ်ကဲနိုင်သော လုပ်ငန်းမျိုးဖြစ်သောကြောင့် ဒိန်ခဲကြိုက်သော ကျွန်ုပ်အတွက် သင့်တော်သော လုပ်ငန်းမျိုးဖြစ်သည်ဟု ထင်မြင်မိပါသည်။
နံပါတ်နှစ်လုပ်ငန်းမှာ old chang kee ကဲ့သို့သော အဆာပြေမုန့်များ ရောင်းသောဆိုင်ကို မြန်မာပြည်ရှိ ရှော့ပင်းမောများ၌ပင် ဖွင့်ချင်ပါသည်။ အောင်မြင်လျှင် အောင်မြင်သလို လုပ်ငန်းများတိုးချဲ့ကာ လုပ်ကိုင်နိုင်သောကြောင့် သဘောကျ နှစ်ခြိုက်မိပါသည်။ ဟိုးအရင်ကတည်းက စိတ်ကူးထားသော လုပ်ငန်းမှာ ကျွန်ုပ်တ၀မ်း တခါးအတွက် ပူပင်စရာမလိုသော စာအုပ်အငှားဆိုင်လေး တဆိုင်ဖွင့်ချင်ပါသည်။ ထိုအပြင် စာအုပ်ချုပ်လုပ်ငန်း၊ စာအုပ်ရောင်းချခြင်းများပါ တွဲဖက်၍ ကိုယ်ဝါသနာပါရာ လုပ်ကိုင်ရင်း ပျော်ရွင်နေမိမလား စိတ်ကူးယဉ်မိပါသည်။
စိတ်ကူးထဲက ချစ်သူပုံရိပ်
မချောသော်လည်း ချစ်စရာကောင်းရပါမည်။ (သန့်ရှင်းကြည်လင်သော မျက်နှာပိုင်ရှင်မျိုး)
မပိန်မ၀ဘဲ ကျန်းမာရေးကောင်းရပါမယ်။ (သူရော ကိုယ်ရော နှစ်ယောက်လုံး လဲနေလျှင်လည်း မကောင်းပါ)
အိမ်ထောင်မှု ကောင်းမွန်စွာ ထိန်းသိမ်းတတ်ရပါမယ်။ (နှစ်ယောက်လုံး အလုပ်နေကြတဲ့ ခေတ်ထဲမှာ အိမ်တာဝန်တွေ နှစ်ယောက်လုံးထိန်းသိမ်းနိုင်မှ ဧည့်သည်လာတဲ့ အခါ ကြည့်ပျော်ရှုပျော် တိုက်ခန်းလေး မြင်ရမှာပါ)
ခေတ်အမြင်ချင်းညီရန် အသက်တူစေချင်ပါသည်။ အတွေးအခေါ်နီးစပ်စေရန် ပညာအရည်အချင်း တူစေချင်ပါသည်။ အနေအထိုင်နီးစပ်စေရန် ပိုက်ဆံရှိတာ တူစေချင်ပါသည်။ ပါရမီဖြည့်ဖက်ကောင်းဖြစ်စေရန် ဘာသာတူစေချင်ပါသည်။ ဖြစ်နိုင်လျှင် အကြိုက်ချင်းတူစေချင်ပါသည် သို့မှသာ ညှိရတာတွေ နည်းနိုင်ပါမည်။ တယောက်ကိုတယောက် ချစ်ခင်လေးစား၍၊ တယောက်ကတယောက်ကို ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိစေချင်ပါသည်။ စိတ်ရှည်စေချင်ပါသည်။
အိမ်ထောင်ကျကိန်း ရှိမရှိတော့မသိပါ။ မယူချင်ဘူး ပြောရင်လည်း ယုံချင်မှယုံကြပါလိမ့်မယ်။ လိမ္မာသော ကလေးဖြူဖြူတုတ်တုတ်လေးများတော့ ချစ်တတ်ပါသည်။
ရေတမာ
ဒီဇင်ဘာ09
Sunday, December 20, 2009
တစ်နှစ်စာ
ဘလော့ဆိုတာကို မသိခင်က မလေးမှာနေတဲ့ သူငယ်ချင်းတယောက်က သူငယ်ချင်းတွေ သတိရရင်ကြည့်ရအောင် blogspot.com မှာ သူငယ်ချင်းတွေ photo တင်ပေးတယ်။ blog လို့လည်း မသိသေးပါဘူး။ မသဇင်ဏီဆီမှာ ၀င်ပြီး သီချင်းနားထောင်တယ်။ သူရေးတာတွေဖတ်ပြီး တော်တော် သဘောကျရော။ Forward မေးတွေကနေ မနိုင်းနိုင်းစနေ နာမည်တွေ့လို့ Google ကနေ ရှာရှင်း သူ့ဘလော့က တဆင့် ဘလော့လောကကြီးကို သိရတာ။ နာဂစ်ဖြစ်တော့ ကိုစိုးဇီယတို့ ပိုစ့်တွေ ဖတ်ရတော့ အရမ်းလေးစား၊ အားကျတယ်။ ကိုစေတန်ဂေါ့ဆီက ဘလော့လုပ်နည်း ဒေါင်းပြီး လျှောက်ကလိရင်း ပျော်နေတာပေါ့။ Sidebar မှာဟိုလျှောက်ထည့် ဒီလျှောက်ထည့်။ စာတွေရေးနိုင်အောင် အားပေးတဲ့ ကိုနိုင်ကိုလည်း ကျေးဇူးတင်ရမယ်။
ရေးထားတာလေးတွေ များလာတော့ Marketing ဆင်းတာပေါ့။ မခင်ဦးမေဆီမှာ အရင်စဆင်းတယ်။ လာလည်ပြီး ကွန်းမန့်ပေးတော့ အရမ်းဝမ်းသာတယ်။ ကိုယ်လိုလူမသိ သူမသိတယောက်ကို နာမည်ကြီး အမကြီးက လာအားပေးတော့ ပျော်တာပေါ့။ ဒူဘိုင်းက အမကြီးတွေနဲ့လည်း ခင်မင်ခဲ့ရတယ်။ နောက် စလုံးက သူငယ်ချင်းတွေရတယ်။ အများကြီးပဲ။ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့ အထီးကျန်နေတဲ့ ဘ၀လေး စိုစိုပြည်ပြည် ဖြစ်လာတယ်။ လေးစားအတုယူစရာ သူငယ်ချင်းများပါပဲ။
လူစိတ်ဆိုတာ မကောင်းတာပြောဦးမယ်။ ရေးလာတာကြာတော့ သူငယ်ချင်းတွေကလည်း များများရေးစေချင်တဲ့ ဆန္ဒတွေနဲ့ ကွန်းမန့်ပေးကြတယ်။ ကောင်းတယ်ဘာညာပေါ့။ ဒီတော့ မာန်ကတက်လာတယ်။ ငါ့လောက်တောင် မရေးတတ်ကြဘူးပေါ့။ တကယ်တော့ ကိုယ်က ဘာမှ မရေးတတ်သေးပါဘူး။ တကယ်စာရေးကောင်းတဲ့ ဘလော့တွေဖတ်ပြီး ကိုယ်ဘာသာ စိတ်တိုင်းမကျဘူး။ ကိုယ်စာမရေးတတ်သေးပါလားဆိုတာ ပိုသိသာလာတယ်။ စိတ်ဓါတ်ကျလာတယ်။ ဘလော့ကိုလည်း ပိတ်ပစ်ချင်လာတယ်။ နောက်ပိုင်း စိတ်လိုက်မာန်ပါ မရေးတော့ဘူး။ သူများတွေ ရေးတာတွေ အတူယူပြီး စာရေးတာပြင်ရတယ်။ ကိုယ့်စာက စကားလုံး ကျစ်လစ်မှုမရှိတာတွေ။ အရေးမှားတွေ သတိထားပြင်ရတယ်။
ဘလော့တစ်နှစ်စာပါ။ အပြင်တစ်နှစ်ကို ပြန်ကြည့်မယ်ဆိုရင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဘာမှ တိုးတက်မှု မရှိခဲ့ဘူး။ အဓိကကတော့ ကျန်းမာရေးပေါ့။ တော်တော်ချူချာတယ်။ ကျန်းမာရေးမကောင်းတော့ ဘာမှကို မလုပ်နိုင်တော့ဘူး။ စာရိတ္တပိုင်းတော့ ဆိုးဆိုးရွားရွားဖြစ်မသွားအောင် ထိန်းနိုင်နေသေးတာပဲ ဖြေသာစရာရှိတယ်။ လက်ရှိ အလုပ်ကို ဘ၀အတွက် လှေကား တစ်ထစ်ပဲဆိုပြီး တွေးထင်ထားပေမယ့် အချိန်ဖြုန်းသလိုဖြစ်နေတယ်။ တိုးတက်ရာတိုးတက်ကြောင်းအတွက် လမ်းစမရှာနိုင်လောက်အောင် ညံဖျင်းလွန်းနေတယ်။ နောင်နှစ်မှာ ပိုမိုတိုးတိုက်အောင် ကြိုးစားရမယ်။
Friday, December 18, 2009
တစ်ရာနှင့် တစ်နှစ်
ဘလော့ရေးလာတာလည်း ကြာလာပြီ။ စရေးကတည်းက ကျနော်ဘလော့ဂါ ဆိုတဲ့စာတိုလေးနဲ့ စရေးခဲ့တယ်။ တနှစ်ပြည့်ခဲ့ပြီ။ တိုက်တိုက်ဆိုင်ဆိုင် ပိုစ့် ၁၀၀ ပြည့်ခဲ့ပြီ။ အရင်က မနိုင်းနိုင်းရေးထားသလို ပိုစ့် ၅၀ လောက်တောင် ရေးနိုင်ပါ့မလား မသိဘူးလို့ တွေးထင်ဖူးတယ်။ အပျော်တမ်း စာစစာရေးခဲ့တော့ ကျနော့်ကို ကျနော်လည်း အပျော်တမ်း ဘလော့ဂါ အဖြစ် ကိုယ့်ဘာသာ သတ်မှတ်ပါတယ်။
ဝမ်းစာမပြည့်ဝတော့ ရသတွေလည်း ပေးစွမ်းခဲ့လိမ့်မယ် မထင်ပါဘူး။ သို့သော် တတ်သလောက်လေး ရေးချရင်းနဲ့ ပျော်မွှေ့နေရော။ အရည်အချင်းမပြည့်တပြည့် အရေအတွက်လေးအတွက်တော့ တန်ဖိုးထားမိတာ အမှန်ပါ။ နောက်ဖက်ကို ပြန်ကြည့်တဲ့အခါ မှတ်တိုင်လေးတွေ အဖြစ်ရှိနေအောင် ရေးသားခဲ့တယ်။ အပျော်တမ်းကနေ နောင်တချိန် ပရိုဆန်ဆန် ရေးသားချင်ပါတယ်။
ကျနော့ရဲ့ ဘလော့လင့်ကို ထည့်ထားပေးထားကြတဲ့ ဘလော့ဂါအပေါင်းကို ကျေးဇူးတင်ပါတယ်။ မိတ်ဆွေတို့ဆီကနေ လာလည်ကြတာတွေ့ရတော့ အများကြီး ၀မ်းသာတယ်။ ရေးရတာလည်း အားရှိတယ်။ ကွန်းမန့်ပေးသွားသူများ လာလည်သွားသူများအား ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတို့ လာလည်ကြလို့ ဒီလောက်ရေးနိုင်တာပါ။
တစ်ရာ နှင့် တစ်နှစ်
တစ်ရာဆိုတာ
ရာခိုင်နှုန်းသဘောတရာအရ ပြည့်ဝတဲ့သဘော
ရေအေးတွေကို ဆူစေတဲ့ အပူချိန်
ငါ့တစ်ရာကရော
ဘယ်လောက်ပြည့်ဝ ဘယ်လောက် ပြောင်းလဲမလဲ။
မစွမ်းပေမယ့် မျှော်မှန်းခဲ့ဘူးတာ။
တစ်နှစ်ဆိုတာ
သူငယ်ချင်းဆိုတဲ့ နေ့ရက်လတွေနဲ့ ဖွဲ့စည်းထားတဲ့
ပျော်စရာ ရာသီတွေပဲပေါ့။
ပျော်ရွင်ကြပါစေ
ရေတမာ
06း04pm FRI
18-12-09
Tuesday, December 15, 2009
ဦးဂေါက်တီးရဲ့ သားချော့တေး
အကိုတစ်ယောက်ဆီ ရောက်တုန်းက မဂ္ဂဇင်းပုံကြီး တပုံလက်ဆောင်ရလိုက်တယ်။ အဲဒီစာအုပ်တွေထဲက ရယ်စရာမဂ္ဂဇင်း စာအုပ်တအုပ်ကို သဘောကျနှစ်ခြိုက်ခဲ့တယ်။ ခေတ်ပေါ်ကဗျာတွေကိုလည်း ရယ်စရာကတဆင့် ရင်းနှီးမှုရခဲ့ပါတယ်။ ပြီးခဲ့တဲ့ လက “ကဘောက်တိ ကဘောက်ချာ အယ်ဒီတာစာ”မှာ ဘာပြောလဲဆိုတော့ မြန်မာစာရေးသားတဲ့ သူတွေဟာ မြန်မာစာကို တန်ဖိုးထားသင့်တဲ့ အကြောင်း၊ မြန်မာစာရေးနေတဲ့သူတွေက အလေးမထားရင် ဘယ်သူမှ အလေးထားမှာ မဟုတ်ပါဘူးတဲ့။ ကလောင်တချောင်းကိုလည်း အလေးထားသင့်ကြောင်း၊ သရုပ်ပျက် ရေးသားထားသော ကလောင်နာမည်များကိုလည်း မရွေးချယ်ဘူးလို့လည်း ဆိုပါတယ်။ ဥပမာ Aဒင်မာလာ၊ 4အောင် စသည်ဖြင့်ပေါ့။ လေးစားပါတယ် အယ်ဒီတာရယ်။
ဆရာ လျှာပေါ်ဝဲ ရဲ့ ဓါးထက်တဲ့ စုဘုရားလတ်တို့ မြေးအဖွားတသိုက် သာသနာရေး အမြင်ကျယ်ပုံ၊ သာ့သနာ့ အာဇာနည်တွေ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ပုံကိုလည်း ထုတ်နှုတ်ပြသသွားတာ နှစ်ခြိုက်စွာ မှတ်သားလိုက်ရပါတယ်။ တခြား စာရေးဆရာတွေ စာတွေကတဆင့် စာပေလောကအသိုင်းအ၀ိုင်းအကြောင်း၊ တစေ့တစောင်း မှတ်သားရပါတယ်။
ကျနော့်ဘလော့မှာ ကိုယ်ပိုင်ဖန်တီးမှုအပြင် ကြိုက်နှစ်သက်တာလေးတွေ စုစည်းထားရင်ကောင်းမယ် ဆိုတဲ့ သဘောနဲ့ “ကူးယူဖော်ပြခြင်း” ဆိုတဲ့ လေဘယ် တခုဖန်တီးခဲ့ပါတယ်။ ရေးလက်စ တပုဒ်နှစ်ပုဒ်ကလည်း ရှေ့ဆက်မရ၊ အကြောင်းအရာကလည်း ပေါ့ပျက်ပျက်ဆိုတော့၊ ဆားချက်တယ်လို့ သဘောထားရင်လည်း ထားပါတော့။ တကယ်တော့ ကြိုက်လွန်းလို့ပါ။ ခေါင်းထဲမှာ စွဲနေပေမယ့် မိတ်ဆွေကိုလည်း ဖတ်ပြီး ရီမောနေစေချင်တယ်ဗျာ။ ဒီလထုတ် ရယ်စရာမဂ္ဂဇင်းထဲက စာလေးတပုဒ်ပါ။
ဦးဂေါက်တီးနဲ့ မယဉ်မေတို့ လင်မယားအကြောင်းပေါ့။ ပြောစမှတ်တင်သွားတဲ့ အကြောင်းလေးကတော့ ဦးဂေါက်တီးက ပြည်ကြီး တရုတ်စစ်စစ်၊ မယဉ်မေကတော့ အညာသူစစ်စစ်ဗျာ။ အသားရောင်က မည်းသမ ကျုတ်နေတာ။ ဘယ်ကဘယ်လို ညားလာမှန်း ဘယ်သူမှ မသိကြပါဘူး။ ကျွန်တော်တို့ ရပ်ကွက်ထဲ ပြောင်းလာပြီး ဦးဂေါက်တီးက ခေါက်ဆွဲနဲ့ အခေါက်ကင်ကို အိမ်ရှေ့ဆိုင်ခန်းလေးမှာ ရောင်းတယ်။ လင်မယားနှစ်ယောက် မောင်တထမ်း မယ်တရွက်ပေါ့။
သူတို့မှာ အသက်ကြီးမှ ရထားတဲ့ လူမမယ် ကလေးငယ် တယောက်လည်း ရှိသေးတယ်။ ယောက်ျားလေးပေါ့။ ကျွန်တော်တို့ ဦးဂေါက်တီးဆိုင်မှာ ခေါက်ဆွဲသွားစားရင် မယဉ်မေက သူ့ကလေးကို သီချင်းလေး တအေးအေးနဲ့ ချော့သိပ်နေတာ တွေ့ရတတ်တယ်။ ဘာတဲ့ သူဆိုတဲ့ သီးချင်းက “မိတ္တီလာကန်တော်အောက်က xxxx ဖားကောက်ခဲ့ပါ xxx ဖားပါရင် တကောင်ပေး xxxxxx မျက်လုံးရယ် ကြောင်တောင်တောင် xxxx ဖားကောင်ကသေး ” ဆိုပြီး အသံနေ အသံထားနဲ့ ချော့သိပ်နေတာ အမြဲလိုလို တွေ့ရတယ်။
တနေ့တော့ မနက်ပိုင်းမှာတင် ခေါက်ဆွဲ ကုန်သွားလို့ ဈေးမှာ ပြေးဝယ်တုန်း ကလေးငိုပါလေရော။ ဦးဂေါက်တီးလည်း ဈေးရောင်းတဘက်နဲ့ “ခိနလေး” ဆိုပြီး ပုခက်ထဲက ကလေးကို ပွေ့ချီပြီး မယဉ်မေကလေး ချော့သိပ်တဲ့ ပုံစံနဲ့ ချော့လိုက်တာ ဆိုင်ထဲက လူတွေ ခေါက်ဆွဲသီးသူသီး၊ ရယ်တဲ့သူ ရယ်နဲ့ ဖြစ်ကုန်ကြတယ်။ သူကလေး ချော့သိပ်တာကိုလည်း ကြည့်ဦး “ မတ်ဆီလာစိလယ် xxx ကန်စိလယ် xxxx ဖားစိလယ် xxxx မတ်စိပူးလယ် xxxx အကောင်တေးလယ် xxx အိပ်လော့ xxxx အိပ်လော့ ” တဲ့ ခင်ဗျ။
မင်းဘဲဥ(ချယ်ရီရွာ)
ရယ်စရာ အမှတ်(၄၉)ဒီဇင်ဘာ ၂၀၀၉
Saturday, December 12, 2009
ခေတ်သစ် အိုင်တီမာလ ပြဇာတ်
ဇေယျတု သဗ္ဗမင်္ဂလံ။ ဆိုက်ပရက်စ်ပြည့်ရှင်မင်းကြီး၏ သားတော် မင်းသားဖိုးစိန် စင်ကာပူပြည်သို့ သွားစေ။ စင်ကာပူပြည်က အပြန်၊ ဘီယာဆိုင်၌ နားနေစေ။
၎င်း စင်ကာပူမြို့ မြောက်မျက်နှာက အိုင်တီ ယောက်ျား ထွက်ဆိုရန် စကားမှာ-
သြော်- လူ့ဘုံခန်းဝါ၊ စင်ကာပူပြည်မှာ၊ ၀မ်းစာခဲခက်၊ နာစီ ဂိုးရင်း(မလေး ထမင်း)၊ ဂရင်းတီးနှင့် ဆန်တွင်းက နက်လွန်းလို့၊ အသက်ရှိစဉ်၊ မသေခင်ကို၊ စပါကတီ၊ ခပ်အီအီနှင့်၊ ဟော့ပေါ့အမည်၊ ရေလုံပြုပ်များကို၊ ၀မ်းတေဘယ်တမျှ ခပ်၀၀ စားလိုက်ရလျှင်ဖြင့် အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့၊ မရပ်မနား၊ ကီးဘုတ်ကြားမှာ၊ ၀မ်းကျောင်းပါငြားကဘဲ၊ စားရသည့်နေ့၊ တလလုံးတွင်မှ သုံးဆယ်နှပ်လောက်ကယ်သာ တွေ့ရတယ်။ ငွေနှယ်ကြေးနှယ်၊ ဘဟာ့နှယ်များကို၊ ကွယ်လေငဲ့ ပိတ်ပိတ်ပျောက်၊ အမွဲတကာ့ ထွတ်ခေါင်၊ ဖွတ်မင်းနောင်မှာ၊ ပြာတောင်ကြီး ပေါက်ကရော့၊ ပြောင်မြောက်အောင် မွဲနိုင်တဲ့၊ ငါ့ကိုယ့်နော်။
ဟယ် သို့သော်လဲ ယောက်ျား၊ စင်ကာပူသွား စင်ကာပူသားဟဲ့၊ မနုံနဲ့ပါဘူး။ အလှဲ့သင့်ချက်ပိုင် ခွေးကန်းတောင် အိမ်သာကျင်းထဲ ကြနိုင်သေးသပ၊ ကံဆိုင်လို့ တကယ်၊ ချက်ကောင်းကို တွယ်မိလျှင၊် အိုင်တီ တောင်ပေါ် လူနေလှလို့၊ ရွှေချသလို ပြောင်လိမ့်မယ်၊ အဆောင်တော် လပ်တော့ နှင့် အင်စတော်လာ စုံအလင်၊ အန်တီ ဗိုင်းရပ်စ်ကို ဒေါ်လာနှင့် လဲရအောင် မြို့ထဲသို့ ၀င်တော့မယ်၊ မှန်ဝိုင်းရှင် ဘော်သုံးက၊ လပ်တော့ကိုဆက်။
တခန်းရပ်။
မြို့တောင်မျက်နှာက အော်တိုကတ် အမျိုးသမီး ထွက်ဆိုရန်စကားမှာ-
သြော် စင်ကာပူရခေါ်၊ သည်ပြည်တော်မှာ၊ အကျော်ဇေယ၊ ခေါင်မှာစွဲအောင်၊ မွဲတေလှတဲ့၊ ကျွန်မ ကိုယ်ငယ်၊ တခါတရံ၊ လောကဓံမှာ၊ ကံမျက်စေ့ လယ်လို့မှ၊ ပြောင်နိုင်တယ် မရှိ။ Draft ဆွဲလို့ရောင်း၊ ၀မ်းကိုကျောင်းရတယ်။ အကြောတက်လို့ ဂိခဲ့ပြီ။ အသားတ၀က်၊ အရွက်တ၀က်၊ ထမင်း ပြက်သိကာ တရုတ်မ ဆိုင်မှာ၊ ဟင်းလျာက ဘီဟွမ်း(ကြာဆံ)၊ လည်ချောင်းကို မြေလှန်၊ ဂလုံဆန်အောင်၊ စုံကန်လို့မျှောရတယ်၊ ကောလိုက်တဲ့ကံ။ နာစီ ဂိုးရင်းနှင့် သောက်ရန်ချိုရည်၊ ကျွေးနိုင်တဲ့ မောင်များကို၊ လူ့ဘောင်တွင်တခါ၊ ကြုံစမ်းချင်ပါဘိ၊ ဇာတာထွန်းပေါ် ကံနှိုးဆော်လို့၊ မတော်တဆ၊ နာစီ မောင်မောင်၊ ဦးအချိုရည်ရို့နှင် အိမ်ထောင်များ ကျခါမှ၊ ၀၀ကြီး ဖောင်းလန်အောင် ၀မ်းစည်းစိမ်ခံတော့မယ်။
သြော်၊ တောင်ကြံမြောက်ကြံ၊ ဘရံတောက်တီး၊ ဆင်းရဲခန်းကို နိဒါန်းသွယ်လို့၊ ဘဲ့နှယ်ပင် ငြီးသော်လည်း၊ ဆန်နီးမယ် မဟုတ်၊ အော်တိုကတ် များများဆွဲနိုင်မှ ဒေါ်လာကို ကုပ်မိမယ်၊ တိုပေတောင့် စကပ်။ အနံက တထွာ၊ အလျားက တမိုက်၊ ကျော်ခွလျှင် မဖြစ်ပါတဲ့ မီနီစကပ်ကို သုံးလေးခါ ဖြန့်ကာ ဆန့်တယ် ပြုံကမ်းတွေကိုရွက်၊ မူရာတော် ကုပ်ချောင်းချောင်းနှင့် ပုံရောင်းထွက်တော့မည်၊ ကိုးမျက်စုံ မှန်ဝိုင်းလယ်က ပုံသည်ကို နေမမြင့်ရအောင် ဘတ်စ်ကားခ မစပါ့ဦး မောင်ကြီးရှင့်။
တခန်းရပ်။
တက္ကသိုလ်က ပြန်သော မင်းသားထ၍၊ ပြည်တော်သို့ရောက်စေ။ ခမည်းတော် သဘောအရ သော့အားလုံး မင်းသားလက်အပ်ခါ ဟောလီးဒေးသွားစေ။
တခန်းရပ်စေ။
အထက်က အိုင်တီ ယောက်ျားနှင့်၊ အော်တိုကတ် အမျိုးသမီးတို့တွေ့ကြရာ၊ မိန်းမက ဆိုရန်-
မျက်တွင်းဟောက်ပက်၊ အိတ်ကြိုးပျက်နှင့် ဘောင်းဘီညစ်ထေး၊ ခေါင်းမွေးဖြူတဲ့၊ ကျုပ်ဖအေငယ်၊ အင်စတော်လာ ရောင်းစား မောင့်စွမ်းအားနှင့် စီးပွားတနှစ်၊ ဘဲ့လောက်များ ဖြစ်ပါတုံး၊ စစ်စစ်ပေါက်ပေါက်၊ ၀မ်းရေးလောက်၍၊ စားသောက်သည်ပြင်၊ လက်ကပ်ခြေကပ်၊ ပိုမိုမြတ်လို့၊ အဖတ်တင်၊ အိမ်ပြန်ပို့ရ၊ ကျူပ်မောင်လှမှာ၊ ငွေစဘဲ့လောက်များသလဲ။ ခါးဝတ်လဲမှာ၊ မလွဲစင်စစ်၊ မျက်မြင်ဖြစ်၍၊ မစစ်သာဘူး၊ ဘလာချာချွတ်ခြုံ၊ ဖွားဖက်တော်မှ မပေါ်ရုံ၊ လုံအောင် အနိုင်ဖုံးရတယ်၊ စားဖွယ်သောက်ခင်း၊ ဘယ်ထမင်းနှင့်၊ ဘယ်ဟင်း ချဉ်ချို၊ ဘယ်နှယ့်များ မျိုရတုံး၊ နှမလိုစိတ်ကစွဲလို့၊ ဖြစ်နဲကို ပြန်စမ်းပါ မောင်ကြီးရယ်။
အိုင်တီ ယောက်ျားဆို။ ဆံပင်အဖြောင့်၊ တော်ကြာကောက်နဲ့ ခါးစည်းဝတ်လဲ တထွာတည်းကို ဟိုခွဲဒီခွဲ အကုန်ခွဲတဲ့ မမရယ်၊ အင်စတော်လာရောင်း စီးပွားကြောင်းနှင့် လူကောင်းကိုယ့်မောင်၊ ရုံးလှဆောင်၊ ၀အောင်စား၍၊ ခါးဝတ်တဲ့ပြင်၊ လက်ကပ်ခြေကပ်၊ ပိုမိုမြတ်လို့ အဖတ်တင်၊ MRT များ ATM ကြား၌ လုံစွာထား၊ ဒေါ်လာလေးရာ ရှိပါတယ်။ သည်ပစ္စည်းတွေ လေးရာငွေကြောင့် စိတ်သေလက်ချ၊ မအိပ်ရနိုင်ဘူး။ ညမှုညလူ၊ ကြွေးရှင်များဘူလွန်းလို့၊ ဟိုပုန်းဒီပုန်း တကုန်းကုန်းနှင့် ပုန်းခဲ့ကာလ မနည်းလှပြီ၊ ညစာနံနက်၊ စားရရက်မှာတော့၊ မဆာလာရောရော နာစီဆိုတဲ့ ထမင်းဟင်းကို ဂရင်းတီးနှင့် လည်ချောင်းကို စင်းပြီးလျှင် အတင်းသာ သွတ်ရတယ်၊ ခါးဝတ်လဲမှာ မျက်မြင်ပါဘဲ၊ ဥစ္စာပြည်စုံ၊ ဓနဂုဏ်နှင့် ကုံလုံဘိခြင်း၊ မသိမ်ဖျင်းပါဘူး၊ လူဆင်းရဲ မမှတ်ပါနှင့် အမိငယ်။
အော်တိုကတ် အမျိုးသမီးဆို။ ငွေလေးရာနှင့် ဋ္ဌေးအောင်ကြွယ်ဝ၊ ဥစ္စာပေါတဲ့ ဇောတိကငယ်၊ နှမမှာလဲ သည်လိုပဲ၊ ဘဏ်ထဲသို့မြုပ်၊ ကိုယ်သဘောကျ၊ ခင်ပွန်းများ ရခဲ့လျှင် သူထိန်းမကြီး လုပ်မယ်လို့၊ ငွေထုပ်ကြီးမား လူမသိအောင် ဖုံးဖိလို့ထားလိုက်တယ်၊ စီးပွားဆောက်ဦး၊ ကံချင်းဘဲနီးရောထင့်၊ မောင်ကြီးနှင့်တူရာမှာ၊ ငွေစိမ်းလေးရာ ရှိပါတယ်။ သည်ငွေလေးရာ ဥစ္စာဝန်လေးလွန်းလို့ အရေးမတော် ဖဲသမား ကတော်များ ဖြစ်ခဲ့သော်၊ ကူဖော်လောင်ဖက် မရှိရင် ခက်ထာမို့၊ နှစ်သက်လောက်သူ၊ စည်းစိမ်ကြီးကို ထီးလိုအုပ်၍ ချုပ်မည့်လူကို တဆူယောက်ျား ဇမ္ဗူမှာ ရှားလွန်းလို့၊ လင်သားမယူ၊ အပျိုကြီးလုပ်၍ ရွက်အုပ်သီး ပူရတယ်။ ကံတူတဲ့မဲ့သခင်၊ ဘယ်ခါမှ စုရုံးလို့၊ ရွှေပုံးရည် ချဉ်မယ်သိ၊ ထင်ရမက်ကယ်နှင့် စောင့်လျက်သာ နေရပါတော့တယ်၊ ကျုပ်မောင်ငယ်။
အိုင်တီ ယောက်ျားဆို။ ။ သုံးစွဲမကုန်၊ တောင်နှယ်ပုံ၊ ငွေမှုံလေးရာ၊ ခြိမ့်အောင်ကြွယ်တဲ့၊ မယ်သူဋ္ဌေးငယ်၊ ရွေးလွန်းလျှင်မရ သေးလွန်းလျှင် မလှတဲ့၊ ရှေးကပုံထား၊ လူထဲမှာနေ၊ လူ့ဖြစ်ထွေကို အကျေသားနှင့်၊ ဇာတ်သွားရှည်အောင် အရေးဆောင်လို့ ကွေ့ချောင်ေ၀၀ုစ်၊ ဘောက်စရာလုပ်ရတုံး၊ ငွေထုပ်ချင်းတူ၊ လူရွယ်ချင်းမျှ၊ အလှချင်းနတ်ဖက်၊ တိုင်း၍ရက်တဲ့ ပက္ကလာ၊ မိုးရွာသည်နှင့် အခန့်သင့် အခွင့်ဆီဆိုင်၊ အတိုင်အလှဲ့၊ အစပ်ဖြင့်တဲ့လှပေါ့ ဂျင်ပဲ့ချင်းပေါက်ကြစို့၊ နောက်မဆုတ်တမ်း၊ သည်ယနေ့တွင်ဖြင့်၊ ဘီလူးတွေ့လက်ရ သိမ်းလို့ အစိမ်းဖမ်း ဖမ်းတော့မည်၊ ပတ်ကြမ်းတီး၊ ပွဲပြီးစေကြစို့ငဲ့လေ အမိရယ်။
အော်တိုကတ် အမျိုးသမီးဆိုရန်။ ။ မကြီးသက်လှယ်၊ မျက်ထားချိုတဲ့ ကိုကိုရယ်၊ ချစ်တယ်ကြိုက်တယ်၊ အတင်းအကြပ်၊ နောက်ပိုးထပ်လို့၊ ခွေးငတ်နှင့် ဖိနပ်ပြတ် ဖြစ်လေသည်။ ဘယ်နှယ့်တုံး ခုတင်ခု၊ အရပ်မှုဆောင်သလို၊ တော်ရုံပင်သော့ပါရော့၊ ပေါ့ပေါ့တန်တန် ဂျီတော့က ဇာတ်လမ်းများ ဖန်သရော့ထင်၊ တနပ်စားမကြံ၊ တကယ်တမ်းမှန်ပါလျှင်၊ စားရန်ခန်းဝင်၊ ပွဲလယ်ဝင်ရန်၊ ဒေါ်လာအသပြာ ငွေလေးရာကို မြန်စွာသာ ယူချေတော့ မောင်ကြီးရယ်။
အိုင်တီယောက်ျားဆို။ ။ ဟဲ့ဘကြီးသား၊ တခါများဖြင့် သိကြားစောင်မ အိစိကလိလေးလည်း ရပေပြီ။ လူတကာ့နဲ့ ကြင်ရာနတ်ဖက် မောင်ကြီးသက်ကို လက်ချင်းတွဲလို့ ကလပ်သဘင် အခဲသားဝင်ရအောင် ATM ကြား ငါဝှက်လို့ထားခဲ့တဲ့ ကြေးများစွာကို မကြာချက်ချင်း MRT နှင်း၍ ငွေစယူ ကြွတော့မည်။ မတီးမစောင်း ဗိန်းမောင်း.....
ဂသို့နှယ် ပွားပြီးသကာလ ရှိစုမဲ့ MRT ကဒ်လေးနဲ့ ရထားစီးပြီး ချွေးဒီးဒီးကျနေတာကို ရထားပေါ်က ကောင်မလေးတွေကို မှန်ပြောင်းတလက်နဲ့ ငမ်းကျောထနေတဲ့ ဆိုက်ပရက်စ် မင်းသား တွေ့မြင်လေ၏။ ခါးကြားက ဟမ်းဖုန်းထုတ်၍ လှမ်းပွားလေသည်။
"ပေါ်ပေါ် ဂလောက် လူကြပ်ကြပ်ရထားကို ဘဇာကြောင့် အသည်းအသန်စီးနေတာတုန်း"
"အကိုတော် ဇာတ်မင်းသား၊ ကောင်မလေးနှင့် ကလပ်သဘင် ဆင်နွဲရန် ATM မှာ ငွေသွားထုတ်မလို့ပါ"
"how much?"
"ဖိုးတွမ်းတီ"
"နင် ဘုန်း ထားသမျှ အကုန်ပဲလား၊ မသွားနဲ့ ငါ ၂ ကျပ်တိုးနဲ့ ချေးမယ်၊"
"အကိုတော် ချေးသမျှလည်း ပြန်မဆပ်ဘဲ ယူမယ်၊ ဘဏ်ထဲက ပိုက်ဆံလည်း သွားထုတ်မယ်"
"မသွားနဲ့ ကိုဘိုဘို အကြွေတွေ ရှိတယ်၊ ငါပေးမယ်"
"အကြွေတွေလည်းယူမယ်၊ ငွေလည်းထုတ်မယ်"
"မင်း အိမ်ရှာနေတာမဟုတ်လား၊ ကိုဘို့ အိမ်မှာ လာနေကွာ ငါပြောပေးမယ်"
"ON"
ထိုသို့ ကိုဘိုဘို အိမ်တွင် မင်းပြိုင်ပြုနေကြရာ၊ တနေ့သော် စီးတီးဟောမှာ ဇာတ်မင်းသားကိုဖိုးစိန်ကို နပုန်း ပဏ္ဍုက်တယောက်လက်ထဲ ထည့်ပြီး ကိုဘိုကို အပိုင်သိမ်းရန် ကြံစည်လေသည်။ တဖန်လည်း အကိုတော်သည် ငါ့အား နာဂစ်ဒုက္ခသည်ဘ၀လို မဖြစ်အောင် ကူလီကူမာ လုပ်ပေးခဲ့သည်။ ငါ၏အကြံသည် မသင့်တော်ပါ့လားဟု နပုန်း ပဏ္ဍုက်ဆီပို့မည့် မတ်ဆေ့ခ်ျ်ကိုပိတ်၍ ကြိတ်မှိတ်နေလေ၏။ ဤသို့ သုံးကြိမ် ကြံစည်ပြီးသော် ငါ့အား မကောင်းမှုများလတ္တံဟု ကိုဖိုးစိန်ကို ပြောပြလေသည်။
ထိုအခါ ကိုဖိုးစိန်က "ငါတင်းတယ် ဆိုက်ပရက်စ် ပြန်တော့မယ်။ နင် မင်းမူတော့ ကိုဘို့ဆီမှာ ငါလည်း ဟိုတယ်မှာပဲ နေတော့အံဟု" ဆိုလေသည်။
"အို အကိုတော် မရှိလျှင် ကျုပ်လည်း မနေလိုတော့ပြီ၊ တပ်မက်သော တဏှာသည် ကျုပ်ကို ဖျက်ဆီးလတ္တံ။ တဏှာလောဘ၏ အပြစ်ကို မြင်ပြီ။ အကိုတော်သာ နေပါတော့။ ကျုပ် အရင်လို ၂ ထပ် ခုတင် သုံးလုံးထည့်ထားတဲ့ အခန်းမှာသာ နေပါတော့မည်ဟု ငိုယိုပြီး ပြောမယ် သင်ထင်သလား။ သူတကယ်ပြောတာက ၀မ်းသာအဲလဲ အသံကြီးနဲ့
" အ ဂယ် လားးးးးးး"ဟူသတတ်။
ရေတမာ
11;36 Sat
12-12-09
မှီငြမ်း။ ။ အမျိုးသားပညာဝန် ဦးဖိုးကျား၏ စလေဦးပုည၏ အတ္တုပ္ပတ္တိ နှင့် ဂင်္ဂါမာလဇာတ်ခေါ် ရေသည်ပြဇာတ်
Thursday, December 10, 2009
ငါ့အကို တနင်္လာသားကြီး
ငါဘာကြောင့် မျက်ရည်ကျနေတာလဲ
ငါ့အကို တနင်္လာသားကြီး
လူတောထဲ
ရိုးရိုးကြီး ငေါထွက်ပြီး အ နေဦးမလား
အ အကြီး ငေါထွက်ပြီး ရိုးနေဦးမလား
ငါ့အကို တနင်္လာသားကြီး
“ကူ၍ တွန်းပေးကြပါ”ဆိုင်းဘုတ်
ငါ့အကို တနင်္လာသားကြီး ရိုက်ခွဲခဲ့လိမ့်ဦးမယ်
အစ်ကိုဆိုတာ
အဖေနံ့သင်းမှ လှတာ
ငါ့ဖိနပ်ဟောင်းကို လဲစီးသွားတုန်းက
တခန်းလုံး ကြိုင်နေတဲ့အနံ့
အခန်းထဲလည်း ပန်းခင်းကြီး ရှိမနေဘူး
ကြယ်အသစ်တလုံးက နေ့ခင်းကြောင်တောင်
ထွက်လာတယ်
ဘယ်က သင်ယူခဲ့ရသလဲ
ချုံခိုမှည့်တဲ့ အရသာက သူ့အကျင့်၊ ပိုချိုတယ်
ရင်ဘတ်ကို ခေါက်ကြည့်လိုက်တယ် ဆိုရင်ပဲ
မရိုးသားမှုတွေလည်း လျောခနဲ ထွက်ကျလာတယ်
ငါ့အကို တနင်္လာသားကြီး
လူလူချင်း မျဉ်းမပိတ်တတ်ပေဘူး
အရေပြား နှစ်ထပ်ရှိတဲ့လူတွေ
ဘယ်တော့မှ မတွန့်ကြေဘူး
တခုတည်းသော အရေပြားကို ဖြန့်ခင်းလို့
အမြဲတမ်း တွန့်ကြေနေရဲ့
ငါ့အကို တနင်္လာသားကြီးက ပိုလှတယ်
သူဆေးလိပ်များများဖွာမှ
မိုးများများရွာတယ်
ခု ငါ့အကို တနင်္လာသားကြီး
ဘယ်ဆိုင်းဘုတ်ကို ရိုက်ခွဲဦးမလဲ။
လူနှင်းချို (မတ္တရာ)
ရယ်စရာ အမှတ် (၄၈) နိုဝင်ဘာ ၂၀၀၉
p.s i miss you bro!
Tuesday, December 08, 2009
မုန့်လုံးစက္ကူကပ်
ကပ်လိုက် ခွာလိုက်
ခွာလိုက် ကပ်လိုက်
လျှော့လိုက် တင်းလိုက်
တင်းလိုက် လျှော့လိုက်
ပေးလိုက် ယူလိုက်
ယူလိုက် ပေးလိုက်
ရှုပ်လိုက် ရှင်းလိုက်
ရှင်းလိုက် ရှုပ်လိုက်
ဖြေလိုက် ချည်လိုက်
ချည်လိုက် ဖြေလိုက်
ပြုံးလိုက် မဲ့လိုက်
မဲ့လိုက် ပြုံးလိုက်
ခြောက်လိုက် ချော့လိုက်
ချော့လိုက် ခြောက်လိုက်
ပျော့လိုက် မာလိုက်
မာလိုက် ပျော့လိုက်
သေမလိုနဲ့ ရှင်
ရှင်မလိုနဲ့ သေ
အစွန်းနှစ်ဘက် ပြေးနေသူရဲ့
ဆုံးရင် ပြန်စတဲ့ဇာတ်
မုန့်လုံး စက္ကူကပ်။
မိုးဦးဆွေညိန်း
ရယ်စရာ
အမှတ်(၄၈)နိုဝင်ဘာ
Saturday, November 28, 2009
ရင်ထဲက ခုနှစ်ရာတစ်ဆယ့်သုံး
တည်းခိုရမည့် အင်းစိန်ကို အဆင်ပြေချောမောစွာ ရောက်ရှိခဲ့ပါတယ်။ သစ်တောဝင်းတလျောက် လျှောက်ကြည့်ဓါတ်ပုံရိုက်၊ ကျိုက်ထီးရိုးသွားဖို့ အောင်မင်္ဂလာအဝေးပြေးကွင်းမှာ လက်မှတ်သွားဝယ်ကြတယ်။ “ခရေပင်လမ်းခွဲ” ဆိုတဲ့လမ်းအမည်ကို သိပ်သဘောကျတယ်။ ညမှာ ကာရာအိုကေနဲ့တွဲထားတဲ့ ဘီယာဆိုင်ကို တအံ့တသြတွေ့ရသေးတယ်။လေဆိပ်မှာ သွားကြိုပြီး လှိုင်က သူတို့အမျိုးတွေက ထမင်းစားဖိတ်တော့ ညစာသွားစားကြတယ်။ ချောင်းဝရောက်တော့သူငယ်ချင်းအဖေရဲ့ ရုံးက မာဇဒါဂျစ်ကို အလိုင်းမင့် ချိန်ကြတယ်။ ကျနော်တို့စီးလာတဲ့ကားပေါ့။ အလိုင်းမင့်ချိန်နေတုန်း ဖုန်တက်နေတဲ့ ကားရဲ့နောက်မှန်ကို အရူးမ တယောက်ကနေပြီး စာလာရေးတယ်။ “ခုနှစ်တစ်သုံး”ဆိုပြီး။ “သုံး”ရေးလို့မပြီးခင်မှာ ကားကထွက်သွားရော။ ဒါနဲ့ သူငယ်ချင်းသုံးယောက်တိုင်ပင်ကာ “၇၁၃”ဆိုပြီး ချဲစပ်တူ ထိုးကြမယ်လို့ဆုံးဖြတ်လိုက်ကြတယ်။
နောက်တနေ့ အောင်မင်္ဂလာကားကွင်းကနေ ကျိုက်ထီးရိုးတောင်ဆီ ခရီးထွက်ခဲ့ကြပါတယ်။ ငိုက်တလှည့်၊ ငေးတလှည့်ခရီးဆက်ရင်း တောင်ခြေကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့ပါတယ်။ တောင်ခြေမှာ ထမင်းစားသောက်၊ ခတ္တနားပြီးလျင်တောင်တက်ခရီး စတင်ခဲ့ကြပါတယ်။ ငယ်ငယ်ကဖတ်ခဲ့ရတဲ့ ဆရာဆွေမင်း(ဓနုဖြူ)ရဲ့ တွတ်ပီစာအုပ်လေးကိုပြန်မြင်ယောင်မိပါတယ်။ ဆရာစာအုပ်လေးထဲကအတိုင်း တထေရာထဲပါပဲ။ ကျနော်တို့ သူငယ်ချင်း တတွေလည်းတဆိုင်ဝင် တဆိုင်ထွက်နဲ့ တောင်ဝှေးဝယ်ယူရင်း တောင်စတက်ကြပါတယ်။
နယ်မြေစိမ်းလို့လားမသိဘူး တမျိုးလေးဖြစ်နေတယ်။ မိနစ်အတော်ကြာ ခရီးဆက်လာလိုက်တာ လမ်းခရီးမှာ ရှိတဲ့အိမ်လေးကို မေးကြည့်တော့ ခုမှ အစပဲရှိသေးတယ်တဲ့။ ကံဆိုးချင်တော့ ကျနော်အ၀တ်အစားတွေ ယူလာတဲ့အိတ်က ကျောပိုးအိတ်မဟုတ်ဘဲ လက်ဆွဲအိပ်ဖြစ်နေတော့ အချိန်ကြာလာတာနဲ့အမျှ လေးလာတယ်။ ကျောပိုးအိတ်ယူလာတဲ့သူငယ်ချင်းတွေလည်း တယောက်ပြောင်းသယ်နေကြပါတယ်။ မထူးဘူးဆိုပြီး အိတ်ကို တောင်ဝှေးနဲ့ လျှိုပြီးထမ်းလာကြတယ်။ ကျနော်တို့ တောင်တက်ခရီးက ခြောက်ကပ်ကပ်ရယ်ဗျ။ စာအုပ်တွေထဲကလို အခြားအဖွဲ့တွေလည်းမတွေ့ဘူး။ ချွေးတပြိုက်ပြိုက် ပူလောင်အိုက်စပ်စပ်၊ သီချင်းတကြော်ကြော်၊ ပုခုံးစပ်ဖျဉ်းဖျဉ်း၊ အူတမြူးမြူးနဲ့ တတောဝင်တတောင်တက် ခရီးဆက်ခဲ့ကြတာ အတော်တောင် ခရီးပေါက်ပြီကော။
ဖုန်တသောသော၊ တောနံတောင်နံလေး တသင်းသင်းနဲ့ အရသာတော့ အရှိသားဗျ။ နာမည်ကြီးတဲ့ ရေမြှောင်ကြီးရေမြှောင်လေး ရောက်ပါပြီ။ ခရီးသွားတွေကို အတင်းဆွဲတယ်ဆိုပြီး သတင်းသဲ့သဲ့ကြားထားတော့ လန့်လည်းလန့်ပါတယ်။ဟိုရောက်တော့ ဒီလောက်မဟုတ်ပါဘူး။ ကျနော်တို့လည်း ခဏ တဖြုတ်နားပြုပြီး စခန်းက ထွက်လာခဲ့ကြတယ်။စိုင်တမော့ရောက်တော့ အောက်မှာ ခဏနား။ အပေါ်ရောက်တော့ ဘူးသီးကြော်စားကြတယ်။ အချဉ်က ဖြစ်သလိုပါပဲ။တောတောင်ဆိုတော့ ရှားပါးတာလည်း ပါတာပေါ့။ ဖိုးပြန်တောင်၊ နဂါးပတ်တောင်၊ မြေဖြူတောင်တွေ ဖြတ်ကျော်အပြီးကျိုက်ထီးရိုးစေတီကြီးကို လှမ်းပြီး မြင်လိုက်ရတယ်ဆိုရင်ပဲ ပမ်းသမျှ အမောတွေ ပြေပျောက်သွားပါတယ်။ ဒါပေမယ့်ရင်ပြင်တော်ဆီရောက်ဖို့ ၁မိုင်လောက်လိုပါသေးတယ်။ လမ်းမှာတွေတဲ့ စေတီမှာ ကျန်ခဲတဲ့ NCC7 မောင်နှမတွေအတွက် ခေါင်းလောင်း လှူဒါန်းပေးခဲ့တယ်။
ရင်ပြင်တော်ပေါ်ရောက်တော့ အပြေးလေးသွားခဲ့ရပါတယ်။ ဘုရားဖူးချင်တဲ့ဇောတော့ မဟုတ်ပါဘူး။ ကျောက်ပြားတွေကပူလွန်းလို့ပါ။ ရင်ပြင်တော်ပေါ်ကဆင်းပြီး ထမင်းဆိုင်လေးတွေရှိတဲ့ဖက်ကို ဆင်းပြီး နားခိုဖို့ ပြင်ဆင်ရပါတော့တယ်။အဆင်ပြေပါတယ်။ ဈေးကြီးတာကလွဲရင်ပေါ့။ အနီးအနားက တောင်တွေဖက်သွားရင်း ကိုနိုင် သိပ်ကြိုက်တဲ့ နာမည်လေးတွေ့ခဲ့ရတာလည်း အမှတ်တရပါပဲ။ ညဖက်တော့ ဘုရား မရှိခိုးနိုင် လောက်အောင် လေတိုက်တယ်ဗျ။ မွေးပျံတဲ့ရနံတွေနဲ့အတူ ကျောချမ်းစရာ အဖြစ်လေးတွေလည်း ကြုံခဲ့ရတယ်။ ရောက်ဖူးတဲ့ သူငယ်ချင်းတွေကလည်း ရီစရာအဖြစ်လေးတွေ ပြောရင်း ညချမ်းကို အဆုံးသတ်လိုက်ကြတယ်။ နောက်တနေ့ လျောက်လည်ကြရင်း ဆေးတွေဝယ်၊အမှတ်တရပစ္စည်းလေးတွေဝယ်ကြတယ်။ ncc7 မောင်နှမတွေအတွက် အကျီလေးတွေ ၀ယ်ခဲ့တယ်။ ခါးနာတတ်တဲ့အဖေ့အတွက် လိမ်းဆေး တပုလင်း ၀ယ်ခဲ့တယ်။ အမအတွက် ဖျင်အကျီလေးတထည်။(တသက်နဲ့ တကိုယ် ဒီတခါပဲဝယ်ပေးဖူးတယ်ထင်တယ်)။ အမေ့အတွက်နံသာဖြူပုတီးလေး လက်ဆောင်ဝယ်ခဲ့တယ်။ ဒီလိုနဲ့ လာလမ်းလေးအတိုင်းပြန်ဆင်းပြီး ကျနော်တို့ ကျိုက်ထီးရိုးခရီးစဉ်လေးကို အဆုံးသတ်လိုက်ကြတယ်။
ရန်ကုန်မှာ သူငယ်ချင်းအဖေ လုပ်စရာလေး မပြတ်သေးတာ တကြောင်း၊ ရန်ကုန် ရောက်တုန်း လျှောက်သွားကြတယ်။ဘတ်စ်ကား စီးကြတယ်။ ကြို့ကုန်းအပေါ်နဲ့ အောက်လမ်းမှားစီးလို့ ဂိတ်ဆုံးကနေ ဖရဲသီးစားပြီး ပြန်စီးရသေးတယ်။ ဒီလိုနဲ့မန္တလေးရွှေမြို့တော်ကြီးကို ပြည်တော်ပြန်ခရီး မြန်းခဲ့ကြပါတယ်။ အိမ်ရောက်တော့ အမေနဲ့ အဒေါ်ကို အရူးမကြီးအကြောင်းပြောပြတော့ အဒေါ်က သူဈေးကနေထိုးပေးမယ်တဲ့။ သူငယ်ချင်းတွေကိုလည်း ထိုးမယ့်အကြောင်းပြောလိုက်တယ်။ သူတို့ကလည်း ပေါက်ရင် ရှယ်ရာလာပေါ့။ အရင်းကတော့ ပေါက်မှပေးမယ်။ ကျနော်အိမ်ပြန်ရောက်တော့ချဲဖွင့်ပြီးတာ ၃ ၄ ရက်ပဲရှိသေးတယ်။ နောက်ထပ်ဖွင့်ဖို့ စောင့်ရဦးမှာပေါ့။
အိမ်မှာ လက်သမားတချို့ အလုပ်လုပ်နေကြတယ်။ သူတို့လည်း အေးရာအေးကြောင်းအလုပ်လုပ်နေကြတာ ကြာပေါ့။ ကိုယ်လည်း အေးရာအေးကြောင်း ကာတွန်းဖတ်လိုက် ဂိမ်းဆော့လိုက် သူတို့နဲ့ လေပန်းလိုက်နဲ့ အဖွဲ့ကိုကျလို့။ တနေ့ သူတို့ အလုပ်လုပ်နေတာ နေစောင်းတော့မယ်။ လက်သမားလေးတယောက် လုပ်လက်စ အလုပ်လေးပစ်ထားပြီး အပြင်ခဏထွက်သွားတယ်။ ပြန်လာတော့ ၀မ်းသာအဲလဲ အသံနဲ့ ကျနော် တွတ်ရတယ်ဗျတဲ့။ နေပါဦး ဘာဂဏန်းတုန်းလို့ မေးလိုက်တော့ "၇၁၃"တဲ့။
Tuesday, November 24, 2009
အချစ်တလင်းမှာ စစ်မခင်းချင်တော့ဘူး
BLOGGER မှာ အတော်ကြာမှ သိခဲ့ရတယ်။
FACEBOOK မှာ ခလေးလိုလို လုပ်နေလို့
YAHOO MESSENGER မှာ“မရဘူး အမြန်လာ”လို့နောက်တော့
PFINGO မှာ “ဟင့်အင် သွား လူဇိုး”တဲ့။
FRIENDSTER မှာ “ချန်မထားနဲ့”ဆိုတော့
VZO မှာ “ပလီချက်ကို” လို့ပြောတယ်။
ZORPIA မှာ အမုန်းကြီးထွားတုန်း
WAYN မှာကျ “ပိန်း”လိုက်တာလို့ ပြောပစ်လိုက်တယ်
TWITTER မှာ “ရှင်မလာ”နဲ့ဖြစ်ရော
MY SPACE မှာ ပြိုင်မဟေ့ လို့အားတင်းခဲ့ပေမယ့်
GTALK မှာတော့ အပီပြန်ချော့ခဲ့ရတယ်ဗျာ။
ဒီလိုနဲ့
MSN မှာ သူကျနော့ကို ပြန်ဆက်ပြန်တယ်။
GOOGLE မှာ အတူတူလှဲ ရင်းးးး
YAHOO မှာ ပျော်မြူးခဲ့ကြလေသတည်း။
ရေတမာ
12း27 TUE
24-11-09
Monday, November 23, 2009
ကိုယ်ချင်းစာပေးပါ
ကျနော် ငယ်ငယ်က အိမ်ကို ကျနော်နဲ့ ရွယ်တူ ကျနော့ ညီတစ်ယောက်ရောက်လာတယ်။ ကျနော်နဲ့အတူ ကစားဖော် ကစားဖက်ပေါ့။ သူ့ကို ကိုယ်ထိလက်ရောက် နာကျင်အောင် စနောက်ဖူးတယ်။ ပျော်တာပေါ့ သူများ နာကျင်တာပဲ။ ခံပြင်းတာပဲ။ စိတ်ဆိုးတာပဲ။ တနေ့ သူအသားကို နာကျင်အောင် စလိုက်တယ်။ သူတော်တော် စိတ်ဆိုးပြီး ကျနော့ကို အသားကို တန်ပြန် နာကျင်အောင် လုပ်လိုက်တယ်။ ဒီနာကျင်မှုကို ခံစားလိုက်ရတဲ့ အချိန်မှာ ကျနော့် အသိစိတ်ထဲ အသိတခုဝင်လာတယ်။ ဘာလို့ထင်လဲ။ ကိုယ်ချင်းစာစိတ်ဗျ။ ကျနော် နာကျင်အောင် စနောက်လိုက်တုန်းကလည်း သူတော်တော် နာကျင်သွားမှာပဲ ဆိုတဲ့ အသိဝင်လာတဲ့အခါ သူ့အသားကို နာကျင်အောင် ကျနော်မလုပ်တော့ဘူး။
ရပ်ကွက်ထဲမှာ အစ အနောက်သန်တဲ့ အကိုကြီး တစ်ယောက်ရှိတယ်။ သူငယ်ချင်းတွေ ဆုံတုန်း စကြနောက်ကြတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ခေါင်းပေါ် အမှိုက်စ တစ တင်လိုက်တယ်။ အတင်ခံရတဲ့လူက ခံပြင်းတာပေါ့။ နောက်တခါ ကျနော် စမယ်အလုပ် သူကတားတယ် “ကိုယ်စနောက်လိုက်လို့ သူတစ်ပါး စိတ်ဆိုးသွားရင် တခါဆို တော်ပြီ”တဲ့။ သူသည်းခံနိုင်တဲ့ လစ်မစ်ကျော်သွားရင် မကောင်းတော့ဘူး။ ခုထိ ကျနော်စွဲနေတုန်းပဲ။ ကျနော် စနောက်လိုက်လို့ စိတ်ဆိုးသွားရင် နောက်တခါ ကျနော် မစတော့ဘူး။
ကျနော်နဲ့အတူ အခန်းဖော် တယောက်ရှိတယ်။ ခြေမငြိမ် လက်မငြိမ်ထဲကပေါ့။ နှစ်ယောက်ထဲ ရှိတော့လည်း ဒီလူပဲ စနောက် စရာရှိတာပဲလေ။ ကိုယ်ထိလက်ရောက်ရော၊ စိတ်ခံပြင်းအောင်ရော မျိုးစုံ စနောက်တယ်။ သည်းခံပါတယ်။ မကောင်းဘူးလေ ဒီနှစ်ယောက်ပဲရှိတာ။ ကျနော်စိတ်က ညစ်နေတတ်တာ များတယ်။ ဒါကို ဂုဏ်တခုလို အသားယူပြီး ပြောနေတာမဟုတ်ဘူးနော်။ တယောက်တည်း အေးဆေးနေချင်တာ များတယ်။ ဆူဆူညံညံ ပူညံပူညံ မကြိုက်ဘူး။ ဘ၀င်မကျတာ ခပ်များများ။ ကိုယ်ချင်းစာ စေချင်တယ်။ ငါမကြိုက်သလို သူလည်း ကြိုက်မှာ မဟုတ်ဘူးလေ ဆိုတဲ့ အသိလေးရှိအောင် တန်ပြန်လုပ်ပေးတယ်။ မရပါဘူး ကောက်မြဲပါပဲ။ ဒီလို လူမျိုးလည်း ရှိသေးတယ်ဆိုတာ သိလိုက်ရတယ်။
လူဆိုတာ အူမြူးလာရင် စချင်နောက်ချင်တယ်။ အူမြူးနေရင် ဒီစကားပုံလေးကို သတိရတယ် “ခွေးရွှင်ရင် ယုန်ရတတ်တယ်၊ လူရွှင်တယ် ငိုရတတ်တယ်”ဆိုတဲ့ စကားလေးပဲ။ ကိုယ်ချင်းစာစိတ်လေး ရှိရင် ပြဿနာတွေ တော်တော်များများ ပြေလည်နိုင်ပါတယ်။ ကျနော်လည်း အများကြီးရှိလို့ပြောတာမဟုတ်ပါဘူး။ လောဘ၊ ဒေါသ၊ မောဟ နဲ့ ပတ်သတ်လာရင် ကျနော်လည်း ကိုယ်ချင်းစာစိတ် စိုးရိမ်ရေမှတ်ကို ရောက်နိုင်ပါတယ်။
မိတ်ဆွေရော သူတပါး ခံပြင်းအောင် စနောက်ဖူးလား?
အဲဒီနေရာမှာ မိတ်ဆွေ ဆိုရင်ရော ခံနိုင်ရည် ရှိရဲ့လား?
ဆရာအတ္တကျော်(ဆူဒိုနင်) စကားယူသုံးရရင်
တွေးတောဆင်ခြင်နိုင်ပါစေ
ရေတမာ
10;14 MON
23-11-09
Saturday, November 21, 2009
စိတ်ကူးချိုချို
မိုးရွာထဲတွင် ဘောလုံးကစားကြသဖြင့် မိပြာလေး၊ ကိုရင်ဆောင်းချမ်း၊ မခင်စိုး တို့ဖျားကြလေသည်။ မခင်စိုးမှာ အဖျားကြီးသဖြင့် မြို့ဆေးရုံသို့ပင် ပို့ဆောင်ခဲ့ရ၏။ လိုက်ပါပို့ဆောင်သူများ ယူလာသော သတင်းစကားမှာ အမျိုးများ ရှိရာ တခြားရွာတွင် စိတ်ပြေလက်ပျောက်သွားနေမည်ဟုပင်ဖြစ်သည်။ မိနွေးလေးကလည်း သူ့သွားပြန်မပေါက်မချင်း အပြင်မထွက်ဟုဆိုကာ မြို့သားကိုတင်မောင်ဋ္ဌေး အယုအယအောက်တွေ မှိန်းနေလေသည်။ အငယ်မမိမုန်းသူက မုန့်ဖက်ထုပ် မစားရဘဲ အရူးလုပ်ခံရသည် ဆိုသော အကြောင်းပြချက်ဖြင့် အားလုံးကို စိတ်ဆိုးသည်ဟုဆိုကာ ကိုရင်ရာကျော်အိမ်တွင် ဟင်းချက်သင်နေလေသည်။ ကိုရင်ပေါ်လေးနှင့် မလေးမေကလည်း တကျက်ကျက်။ ကိုပေါ်လေး ချဉ်ခြင်းတပ်နေသော အရာကို မလေးမေက အခွင့်အရေးယူကာ နောက်ပြောင်သည်ဟု စွဲချက်ဖြင့် မခေါ်နိုင်ကြတော့။ ကိုရင်ဖိုးသင်္ကြန်နှင့် ကိုရင်သီတို့ ကာလသားအဟောင်းရော အသစ်များကပါ လူကြားထဲတွင် အရှက်ကွဲသည်။ ကြီးနိုင်ငယ်ညှင်းလုပ်သည် စသည်ဖြင့် မကျေနပ်ကြတော့။
ဆောင်းလေက အရိုးအေးအောင်ချမ်းလှသည်။ ရွာဦးကျောင်းမှ အုန်းမောင်းခေါက်သံသဲ့သဲ့ကြားရ၏။ မနက်လေးနာရီထိုးပြီ။ ကိုရင်ထွန်းနိုင် ထင်းတိုက်ရန် စောစောထွက်ရမည်။ ငယ်ငယ်ကတော့ ရွာနီးနားတွင် ထင်းခုတ်၍ရသော်လည်း တောပြုန်းခြင်း တောင်ယာမီးရှို့ခြင်းတို့ကြောင့် ယခုဆို ရွာနှင့် အတော်ဝေးကွာသော တောင်များသို့ စောစောသွား၍ ခုတ်ယူရသည်။ ကိုရင်ဖိုးသင်္ကြန်လည်း နွားစာတိုက်ရန် ထွက်လာသည်။ သူတို့ ဦးတည်ရပ်ကတော့ ဆန်ကျင်ဘက်။ တောသူတောင်သားများမှာ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်သည်။ ၁၂ ရာသီ အလုပ်နှင့် လက်နှင့်မပြတ်။ ယူထားသောအကြွေးကို အလျင်မှီအောင် ချွေးနှင့်ဆပ်နေကြရသည်။
မိမိုးလေးလည်း မြေပဲနှုတ်မလိုက်တော့ပဲ တဖက်ရွာမှာ ဆေးလိပ်လိပ်ရန် အလုပ်လက်ခံလိုက်သည်။ မမြ၀င်း လည်းပြောင်းလုပ်ချင်သည်။ သို့သော် အရီလေး ယာကအလုပ်ကမပြီးသေး။ ယူထားသော အကြွေးကလည်း များသဖြင့် အောင့်အီးနေရလေသည်။ မိပြာလေးလည်း ဖျားနေသဖြင့် ယာထဲမသွားနိုင်တော့။ အရင်ဆို ယာသိမ်းချိန် တပျော်တပါး မြေပဲထုကြသည်။ ကျောက်ပြင်လေး တရှပ်၊ အပွေးမရှိတော့တဲ့ သနပ်ခါးတုန်းလေးဖြင့် မြေပဲတွေ အဆံထုတ်ပေးရသည်။ အမျိုးသမီးတွေ တပျော်တပါး စနောက်ကြနှင့် ပျော်စရာကောင်းလှသည်။ မလေးမေက လက်အသွက်ဆုံး။ တင်း ကျော်ပေး၍ပင် ယှဉ်ပြိုင်နိုင်သည်။ ထိုမြင်ကွင်းလည်း ဆိတ်သုန်းနေသည်မှာ ကြာမြင့်နေပြီ။
ရွာဦးကျောင်းမှာ အတူတူ ကကြီး ခခွေးကစပြီး သဒ္ဒါ သဂြိုလ်ထိ သင်လာကြသော ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်များ ဖြစ်သည့်အားလျှော်စွာ ဤမျှလောက် ပြဿနာလေးဖြင့် စိတ်မဆိုးသင့်ကြောင်း သိကြလေသည်။ ကိုရင်ထွန်းနိုင်လည်း ထင်းခုတ်ရင်း မိပြာတယောက် နေမကောင်းရှာဘူး။ သူ့အတွက် ထင်းပိုခုတ်သွားမယ်ဟု စိတ်ကူးနေသည်။ ကိုရင်ဖိုးသင်္ကြန်ကလည်း မိနွေးလေးအတွက် ရွာအပြန် ချင်းရွာထဲကနေ ချင်းခွေးလေးတကောင်လောက် တောင်းပေးမည်ဟု ကြံစည်နေလေသည်။ မိမုန်းသူကလည်း ဇီးသီးတောမှာ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးစနောက်နေကြတွေ မြင်လာသည်။ ညနေကျ ကိုရင်သီဟဆီ သူကိုယ်တိုင် လုပ်ထားသည့် မုန့်ဖက်ထုပ် သွားပေးမည်ဟု ကြိမ်းထားသည်။ မိပြာလေးကလည်း နေကောင်းရင် ကိုရင်ဖိုးသင်္ကြန်အတွက် ကွမ်းသွားပေးချင်ပေးလိမ့်မည်။ ကိုရင်ပေါ်လေး ကလည်း မလေးမေအကြိုက် ဖရဲသီးသွားခူးနေလေသည်။ မလေးမေကလည်း ဆွမ်းချက်ရင်း ဒါကတော့ ဘယ်သူအကြိုက် ဒါကတော့ ဘယ်သူမကြိုက်တာ စသဖြင့် တွေးနေမိသည်။ ညနေကျ ကိုရင်ပေါ်လေးအတွက် ငပိလေးကျိုပေးဦးမှပါ့ ဟုရေရွတ်နေလေသည်။
Friday, November 20, 2009
စလုံး ဆလိမ် ရွာသူ ရွာသားများ
ကျေးရွာဘောလုံးကွင်း
အမျိုးသမီး ဂိုးတိုင်အလယ်မှာ မားမားမတ်မတ် ရပ်နေသူကတော့ မိနွေးလေး။ ရွာလယ်က လက်ဝှေ့သမားဆီက ငှားထားသော အံကပ်ကြီးလည်း တပ်ထားသည်။ သူ၏ အသက်တမျှချစ်ရသော ရှေ့သွားလေး နှစ်ခေါင်းကို ကာကွယ်ထားဟန်တူသည်။ လူရွှေးချယ်မှုတော်သည်ဟု ပြောရမည်။ မိနွေးလေး အရပ်ကိုလည်း ကြည့်ဦးလေ။ တော်ရုံကာလသားများပင် သူမ အရပ်ကို မမှီပေ။နောက်တန်းကိုလည်း မြင်စေ့ချင်သည်။ ပါဝင်ကစားကြသူများကား။ ဟဲဗီးဝိတ်တန်း အဆင့်ရှိ မကြယ်ပြာ။ မလေးမေ။ မခင်စိုး။ သုံးယောက်တန်းစီချထားလျှင် စည်းပြည့်သွားလေပြီ။ ထိုကဲ့သို့ နောက်တန်းကို တော်ရုံ ကစားသမားတောင် မကျော်နိုင်။ အလယ်တန်းမှလည်း မခေ။ နှံနှံစပ်စပ်ရှိသည့် မိပြာလေးခေါင်းဆောင်။ ခါးမှာလည်း သော့တွေ ချိတ်ထားသေးသည်။ သူ့ကိုယ်သူ့ key player မှန်းသူသိစေချင်၍ထင်သည်။ ရှေ့တန်းက မမြ၀င်း နှင့် မိမုန်းသူ။ အငယ်မ မိမုန်းသူ က ဥာဏ်ကောင်းသည်။ အငယ်မထက် ဥာဏ်ကောင်းတာက မလေးမေ။ အငယ်မ အင်တိုက် အားတိုက် ထိုးဖောက်နိုင်ရန် အမျိုးသား ဂိုးတိုင်ထိပ်တွင် မုန့်ဖက်ထုပ် တထုပ်ချည်ထားလေသည်။ သို့ပေမယ့် ဂိုးသမ မိနွေးလေးက တက်တက်လာသဖြင့် ကိုယ့်လူကို ပြန်ကာကွယ်နေရလေသည်။
အမျိုးသားအသင်းဖက်မှာတော့ ဇိုးသမား အဲ ဂိုးသမား ကိုရင်စိုင်း ခမောက်ကြီးဆောင်းထားသည်။ ဘာဖြစ်လို့လဲ မေးကြတော့ ဗွီဒီယိုထဲက ဂိုးသမားတွေကလည်း ဦးထုပ်ဆောင်းကြလို့တဲ့ သူလည်း ရှိတာဆောင်းထားဟန်တူသည်။ တကယ်တန်းတော့ သူ၏ ဆံပင်ဖြူတွေကို လူမတွေ့စေချင်၍ဖြစ်သည်။ ကိုရင်စိုင်းလည်း တတ်သလောက်မှတ်သလောက် တရုတ်ဘုရားရော ဗမာဘုရားပါ ဂိုးမ၀င်စေရန် ကန်တော့နေလေသည်။ ရှေ့တန်းမှာ ကိုရင်ပေါ်လေးနှင့် ကိုရင်ဆောင်းချမ်း။ ကိုရင်ပေါ်လေးကလည်း ကွမ်းတောင် ပန်းတောင်ကိုင် မိမိုးလေး ရှေ့မှာ အစွမ်းကုန် ကြိုးစားမည့်ဟန်။ မိမိုးလေး ကလည်း မကြည့်ရဲ။ အဘယ်မျှ ကြည့်ရဲမည်နည်း။ ကိုရင်ပေါ်လေးက ခါးတောင်းကို မြှောင်အောင် ကြိုက်ထားလေသည်။ သို့သော် အောက်မှာ ဧရာထွန်း ဘောင်းဘီ ပါလို့တော်သေးသည်။ ကိုရင်သီဟကတော့ ကွင်းလယ်မှ ခေါင်းဆောင်။ ကိုရင်ဖိုးသင်္ကြန်တို့နဲ့ တွဲဖက်ပြီးတော့ ကစားစေသည်။
မိုးကလည်း ဘောလုံးသမားတွေ အကြိုက် တဖွဲဖွဲရွာလေပြီ။ မမြ၀င်းက မှော်ဘီမှ ယူလာသော ဘောလုံးကို ကန်သန်းရိုးပေါ်မှာ တည်ကာ ဒိုင်ခရာမှုတ်မည့် အချိန်ကို စောင့်ဆိုင်းနေလေသည်။ ခရာမမှုတ်တော့ မမြ၀င်းက ဒိုင်ကို စောဒက တက်လေသည်။ ဒိုင်လူကြီးက “ဘယ်လိုမှုတ်မလဲ နင့်လူက ဟိုဖက်မှာ”လို့ ပြောတော့ မိပြာလေး တယောက် ငိုက်စိုက် ငိုက်စိုက်နှင့် အမျိုးသား ကွင်းဖက်မှာ။ ကိုရင်သီဟက “ဟဲ့ မိပြာ ဘာလုပ်နေတာလဲ” ဆိုတော့ “ကွမ်းထုပ် ကျပျောက်သွားလို့”တဲ့။ “ဟာ အရေးထဲမှ သွားသွား ဖိုးသင်္ကြန်ဆီက တယာလောက် ငုံထားလိုက်” ဆိုပြီး အတင်း ပြန်ခိုင်းရတယ်။ မိပြာလေး နေရာကျပြီဆိုရင်ပဲ။ ဘောလုံးပွဲ စပါပြီ။ အမျိုးသမီး အသင်းကလည်း အချိပ်အဆက် မိမိနှင့် ထိုးဖောက်လာသည်။ ဂိုးသမားပဲ ကောင်းသလား။ မူးမူးနှင့် ကံစွတ်ကောင်းနေသလားမသိ။ ကန်သွင်းသမျှ ဂိုးတွေကို ကိုရင်စိုင်း ကာကွယ်နိုင်လေသည်။ ဒီတကြိမ်တွင် ကိုရင်ပေါ်လေး ဘောလုံးရကာ အမျိုးသမီး နောက်တန်းကို ကျော်ဖြတ်ရင် ပြင်လိုက်စဉ်ခတ္တခဏ မိုးမှောင်ကျသွားသည်။ သူထက်မြင့်သည် မလေးမေက ရှေ့မှ ထုတ်စီးတိုးသလို ကာထားသဖြင့် ကျော်ဖြတ်ရန် အခွင့်မသာချေ။ မလေးမေမှ “ကိုရင်ပေါ်လေး ညနေကျ တော် ကြိုက်တဲ့ ငပိရည်ကျိုရယ် အတို့အမြုပ်ကျုပ်လုပ်ပေးမလို့”ဟု စကားဟ လိုက်တော့ ကိုပေါ်လေး တချက်ငိုင်သွားသည်။ မလေးမေကလည်း အခွင့်အရေးလက်လွတ်မခံ။ ပေါင်ကြားကို ကန်ထည့်လိုက်သည်။ ပေါင်ကြားမှ ဘောလုံးလည်း ဇောင်းမှ ထွက်သည့် မြင်းအလား အရှိန်နှင့် လွင့်ထွက်သွားလေသည်။ မလေးမေက အောင်မြင်သော အမှုအရာဖြင့် “နောက်တာ”ဟု ကိုပေါ်လေးအား တိုးတိုးလေး ပြောသွားလေသည်။
ရှေ့တန်းမှ အငယ်မလည်း လျှာထွက်နေပြီ။ ဘောလုံးကန်၍ကားမဟုတ် မမှီသည့် မုန့်ဖက်ထုပ်ကို ခုန်ပြီးယူနေရ၍ဖြစ်သည်။ ကိုရင်စိုင်းလည်း ဘောလုံးကြည့်ရတာ တဖက် မိမုန်းသူ ကြည့်ရတာ တဖက်နှင့် နောက်ဆုံး အငယ်မကို လွတ်ထားလိုက်ရလေသည်။ ဘောလုံးပွဲကလည်း တဖက်နှင့် တဖက် အကြိတ်အနှယ်ရှိလှသည်။ ကွင်းလယ်တနေရာ၌ ကိုရင်ဖိုးသင်္ကြန်နှင့် မမြ၀င်း အတွေ့ “ဟဲ ဟဲ မကြောက်ပါနဲ မမြ၀င်း၊ ကိုဖိုးသင်္ကြန် ခြင်ထောင်ထောင်တာ ခလေးသိပ်မလို့ပါ”ဟု ခနဲ့တဲ့တဲ့ လေသံဖြင့်ပြောလေရာ မမြ၀င်းလည်း ယမ်းပုံမီးကျပြီး ကိုရင်ဖိုးသင်္ကြန်ခေါင်းကို ခေါက်လိုက်လေသည်။ “တွီ” အမျိုးသား အသင်းဖက်မှ ပြစ်ဒဏ်ဘောရလေသည်။ မမြ၀င်းလည်း သတိပေးခံရလေသည်။ ကိုရင်ဖိုးသင်္ကြန်မှ ပြစ်ဒဏ်ဘောကန်တင်ပေးလိုက်ရာ ရှေ့တန်မှ ကိုရင်ဆောင်းချမ်းဆီ ရောက်သွားလေသည်။ ကိုရင်ဆောင်းချမ်းလည်း အားတက်သရော လိမ်ခေါက်၍ သယ်သွားစဉ် နောက်တန်းမှ မခင်စိုးနှင့် တိုက်မိ၍ ၂ ပေခန့် လွင့်သွားလေသည်။ တွီ ခရာမှုတ်ပြန်လေသည်။ အမျိုးသမီးအသင်းမှ စောဒက တက်ကြသည်။ ဒိုင်လူကြီးမှ ပြေးလမ်းပိတ်လို့ ပြစ်ဒဏ်ဘောပေးရခြင်းဖြစ်ကြောင်း ရှင်းပြသည်။ မခင်စိုးက မကျေနပ်။ မပိတ်လည်း ပြေးမှ မရတာဟု တဖျစ်တောက်တောက် ပြောနေသေးသည်။
မိုးကလည်း ဖွဲရုံမက တခါတရံ သည်းများပင် သည်းလိုက်သေးသည်။ တဖက်နှင့်တဖက်ကလည်း အနိုင်မခံအရှုံးမပေး အကြိပ်အနှယ် ကန်နေကြသည်။ ကြာလာတော့ မိမုန်းသူ စိတ်မရှည်နိုင်တော့။ အမျိုးသမီးဖက်ပြန်သွားကာ မမြ၀င်းကို တီးတိုးဆိုလေသည်။ မမြ၀င်းလည်း ခေါင်းတချက်ငြိမ့်ပြီး အချင်းချင်း အချက်ပြကြသည်။ အမျိုးသမီးအသင်း အမျိုးသား အသင်းဖက်ကို ထိုးဖောက်လာပါပြီ ခင်ဗျာ။ တယောက်ကိုလိမ်တယ်။ နှစ်ယောက်ကို လိမ်တယ်။ အငယ်ဆုံး ကိုရင်ဖြိုးကို ခေါက်ပြီး ဂိုးဧရိယာအတွင်းသို့ပင် ချဉ်းနှင်းဝင်ရောက်လာလေပြီ။ မမြ၀င်းလည်း မျက်စိဆုန်မှိတ်ပြီး ဂိုးသမား ဘယ်ဘယ်ဒေါင့်ကို ခြေပူးထိုး ကန်ထည့်လိုက်လေသည်။ မိုးစက်မိုးပွားများနှင့်အတူ အမျိုးသမီးအသင်း ပရိတ်သတ်များ သောသောညံသွားလေသည်။ “ဂိုးးးးးးးးးးးးးးးးး” “ဟာဗျာ ကိုရင်စိုင်း ဘယ်လို လုပ်လိုက်တာလဲ၊ ဘာလို့ လွတ်ပေးလိုက်တာလဲ” အသင်းသားများ စောဒကတက်တော့ ကိုရင်စိုင်းမျက်နှာငယ်လေးနှင့် “အဲဒီ ဘယ်ဘက်မှာ အငယ်မ မိမုန်းသူ ရူးရူးပေါက်သွားတယ်ကွ” မျက်နှာငယ်လေးဖြင့် ပြန်ပြောရှာသည်။ အမျိုးသားအသင်းသားများ တောက်တခေါက်ခေါက်နှင့် မကျေမနပ်ဖြစ်နေကြသည်။
အမျိုးသမီး အသင်းမှာလည်း ပျော်လွန်း၍ ကခုန်ကြသည်။ မမြ၀င်းလည်း အမေရိကန် အမျိုးသမီးဘောလုံးသမား မီယာဟမ်းလို အကျီချွတ်တော့မည့်ဟန် ပြင်သဖြင့် အသင်းဖော်များ မနည်းဆွဲထားရသည်။ မိနွေးလေးလည်း မေ့ပြီး အံကပ်ကို ဘယ်နားချွတ်လိုက်သည်မသိ။ ခဏကြာတော့ သူမတွင် အံကပ်မရှိတော့။ သူမလည်း သတိမထားမိ။ အမျိုးသားများကလည်း ဒေါသတကြီး တိုက်စစ်ဆင်ရင်း အမျိုးသမီးအသင်းဖက်သို့ ထောင့်ကန်ဘောကန်ရလေသည်။ အားလုံး ရင်တမမ၊ အသည်းတယားယားရှိလှသည်။ ကိုရင်ပေါ်လေးလည်း ဘောလုံးကို ၀တ်ထားသော စွတ်ကျယ်ဖြင့် အသေအချာသုတ်ရင်း ထောင့်ကန်ဘောစည်း အတွင်းတည် လိုက်သည်။ အသက်ကို ၀အောင်ရှုကာ အမြှောက်ဘော လှလှပပ တင်ပေးလိုက်လေသည်။ မြက်များ မြေကျစ်များ ဖွားကနဲ လွင့်စင်ကာ ဘောလုံးမှာ မိုးရေစက်များ အကြား ၀င့်ဝင့်ကြွားကြွား မျောလွင့်လာလေသည်။ အားလုံးကလည်း စိတ်ဝင်တစား ဘောလုံးကို စောင့်ကြည့်နေကြသည်။ ရှည်လျားလှသော လက်တစုံက အားလုံး၏ခေါင်းပေါ်မှ ကျော်ကာ လေထဲရှိ ဘောလုံးကို ဖမ်းယူလိုက်လေသည်။ တော်လိုက်သည့် မိနွေးလေး ပါပေ။ လက်ခုပ်သံမစဲခင် မိနွေးလေး လေထဲမှ ပြန်အကျ ဂိုးသွင်းရန်တက်လာသော ဂိုးသမား ကိုရင်စိုင်း၏ ခေါင်းနှင့် မေးစေ့စောင့်မိပြီး သူမ၏ ချစ်လှစွာသော ရှေ့သွားလေး နှစ်ချောင်း ဘောလုံးနှင့် အတူ ဂိုးစည်းနောက်ဖက်ကို ၀င်သွားလေသည်။ ဘောလုံးမှာ ဂိုးစည်းအတွင်းသို့ လုံးလုံးလျားလျား ၀င်သွားခြင်းမဟုတ်။ ဂိုးစည်းနောက်သို့ ယောင်ယောင်လေး ရောက်သွားခြင်းဖြစ်သည်။ နှစ်ဖက်စလုံး ဂိုးသည်၊ မဂိုးဘူး ငြင်းခုန်ကြလေတော့သည်။ ပထမတော့ စကားလုံးများနှင့် ငြင်းကြခြင်းဖြစ်ပြီး နောက်ပိုင်း ကာယကံမြောက် ကျူးလွန်ကြတော့သည်။
နိဂုံး
စလုံး ဆလိမ်ရွာလမ်းမ တလျောက်တွင် ဖုန်လုံးကြီး တလုံးလိမ့် လာလေသည်။ ရုတ်တရက်ကြည့်လျှင် ကမ္ဘာပျက်သည့်အလား။ ဖုန်လုံးထဲတွင်မတော့ တ၀ူးဝူး တ၀ါးဝါးနှင့် ပါးစပ်မဟနိုင်သော မိနွေးလေး။ သူနာပြုဆရာမလေး ရှင်ဂွမ်းကိမှ သွားနှစ်ချောင်းကို ဆင်ကော်နှင့် ပြန်ကပ်ပေးလိုက်ခြင်းဖြစ်သည်။ ကျောက်ပတ်တီးနှင့် ကိုရင်ဆောင်းချမ်း။ မခင်စိုးနှင့် ပိ၍ ဘယ်ဖက်လက်ကျိုးသွားသော်လည်း စေတနာရှင်လေးမှ ညာဖက်ကို ကျပ်စည်းပေးလိုက်သည်။ မျက်လုံးနှစ်ဖက်ကို ပတ်တီးအစီးခံထား ရသော ကိုရင်ပေါ်လေး။ ဘောလုံးကိုတက်နင်းမိပြီး ချော်အလဲ နောက်စိနှင့် ဂိုးတိုင်စောင့်မိကာ ခေါင်းပေါက်သွားသည်ကို မျက်လုံးကိုပိတ်၍ ပတ်တီးစည်းပေးလိုက်ခြင်းဖြစ်သည်။ အသီးသီး အသာကာလ လူနာများ ရှေ့မတွင်တော့ ခမောက်ဖြူဖြူလေးနှင့် အဆင်အရမ်းမိတဲ့ ရှင်ဂွမ်းကိ “ကျု မိ ငှားးးးးးးးး” ဟုအော်ကာ ဖနောင့်နှင့် တင်ပါး တသားတည်း ကျအောင် ပြေးနေလေတော့သည်။
တချက်ပြုံး၍ တရက် အသက်ပိုရှည်ကြပါစေ။
ရေတမာ
Thursday, November 19, 2009
ပြင်ဆင်ဖတ်ရှုပါရန်
ရေးသားထုတ်ဝေခဲ့သော
တက္ကသိုလ်ကျောင်းတော် စာအုပ်တွင်
စာမျက်နှာ ၁၅၀၀ ရှိ
“မင်းကို အရမ်းချစ်တာပဲ” အစား
“မိတ်ဆွေအဖြစ် သတ်မှတ်ပေးပါ”
“မင်းအသံကို မကြားရရင် မနေနိုင်ဘူး”အစား
“အကူအညီလိုတဲ့အခါ ပြောပါ”
“မင်းမျက်နှာကို မမြင်ရရင် သေသွားလိမ့်မယ်”အစား
“လမ်းမှာတွေ့ရင် မမြင်ချင်ယောင်ဆောင်လို့ ရပါတယ်”
“ဘယ်တော့မှ မခွဲဘူးနော်”အစား
“ဖိတ်စာ ပို့ချင်မှ ပို့ပါ”
“ချစ်သူ” အစား
“သူငယ်ချင်း” ဟု ပြင်ဆင်ဖတ်ရှုပေးပါရန်။
ရေတမာ
၅း၂၈ am
THU 19-11-09
(မှတ်ချက်။ ။ ဆရာဦးမင်းလူ၏ တာဝန်မှ ရပ်စဲခြင်း ဆိုတဲ့ ကဗျာလေးကို သတိရလို့ ဒီကဗျာလေး ဖြစ်ပေါ်လာတာပါ။ ပုံစံတူများ ရှိခဲ့သော် ကျနော်၏ စာဖတ်လေ့လာအား ညံဖျင်းမှုဖြစ်ပါသည်။)
image: credit to :http://www.naysoenaing.com/2008/12/blog-post.html
Monday, November 16, 2009
ကံမွဲ
တောကျွမ်းပါတယ်ဆိုတဲ့ မုဆိုးတွေတောင်
တခါတလေ သားကောင်အောက်မှာ ကျဆုံးတတ်တယ်။
ရေပြင်နဲ့ ရင်းနှီးပြီးသား တံငါတွေတောင်
တခါတလေ လှိုင်းတံပိုးအောက်မှာ ကျဆုံးတတ်တယ်။
တိုက်ခိုက်စွမ်းရည် မြင့်မားတဲ့ စစ်သည်တွေတောင်
တခါတလေ ရန်သူလက်အောက်မှာ ကျဆုံးတတ်တယ်။
ပါးနပ်ပါတယ်ဆိုတဲ့ လောင်းကစားဒိုင်တွေတောင်
တခါတလေ ထိုးသားလက်အောက်မှာ ကျဆုံးတတ်တယ်။
မြွေတွေနဲ့ ယဉ်ပါးပြီးသား အလမ္မါယ် ဆရာတောင်
တခါတလေ မြွေဆိပ်အောက်မှာ ကျဆုံးတတ်တယ်။
အချစ်ရေးရာမှာ ကျွမ်းကျင်ပါတယ်ဆိုတဲ့ မင်းလည်း
ချွတ်ချော်တိမ်းပါးပြီး အချစ်စစ်စစ်အောက်မှာ မကျဆုံးပါစေနဲ့။
ရေတမာ
9း09 mon
16-11-09
Wednesday, November 11, 2009
မြန်မာပြည်က နားဆွဲလေး
"ဘာသာစကား၊ လူမျိုးကွဲပြားပေမယ့် တစ်ဦးနဲ့တစ်ဦးရိုင်းပင်းကူညီမှု၊ စိတ်ချင်းဆက်သွယ်နားလည်မှုရှိရင် ကမ္ဘာပေါ်မှာရှိတဲ့ လူသားအချင်းချင်း ဘယ်နေရာဘယ်တော့ဖြစ်ဖြစ် အားလုံးချစ်ခင်ရင်းနှီးမှုရနိုင်မှာ မလွှဲဘူးလို့ တစ်နေ့ထက်တစ်နေ့ ပိုပြီး နားလည်ခံစားမိလာတယ်"
မရောက်တာကြာပြီဖြစ်တဲ့ မလေးမေ ဆီကိုအလည်ရောက်ဖြစ်တော့ ဒီစာအုပ်လေးကိုတွေ့ပါတယ်။ ဒေါင်းလုပ် လုပ်ထားပေမယ့်မဖတ်ဖြစ်ပါဘူး။ ဖတ်ကြည့်လိုက်တယ်ဆိုရင်ပဲ သူငယ်ချင်းတွေကိုမျှဝေချင်လို့ပါ။
ဒီမှာ ဒေါင်းပါ
အမ ဘလော့မှာ တခြားစိတ်ဝင်စားစရာ စာအုပ်တွေလည်းရှိကြောင်းသတင်းကောင်းပါးအပ်ပါသည်။
Tuesday, November 10, 2009
ငြီးငွေ့ခြင်း ရက်စွဲများ
ငါ့မျက်လုံးတွေ သောတဆင်ဖို့ အလွမ်းတွေကို ဖွင့်လိုက်တဲ့အခါ သတိရခြင်းတွေက မပျိုးဘဲနဲ့ ရှင်သန်လာတယ်။
သိပြီးသား ဖုန်းနံပါတ် တခုနဲ့ ငါ့ဖုန်းကို နှိုးလိုက်တယ်။ ငါပြောပြီးပြီးသား စကားတွေပြောတယ်။ သူကလည်း ပြောပြီးသား စကားတွေပြန်ပြောတယ်။ ငါတို့ ရီပြီးသား စကားလုံးတွေနဲ့ပြန်ရီမောကြတယ်။ အဲဒီအထဲမှာ ဆိုးဆေးမပါဘူး ဆိုတာ ကျုပ် အာမခံရဲပါတယ်။ ပြီးတော့ လုပ်နေကျအတိုင်း ဖုန်းချလိုက်တယ်။ ဟိုဖက်တတော့ တတီတီမြည်ရင်း သေဆုံးသွားပလား ထင်နေလိမ့်မယ်။
ဟောင်းနေတဲ့ သင်ခန်းစာအသစ်မှာ သိပြီးသား စာတပုဒ်နဲ့ ဖော်မြူလာတခု အီကွေးရှင်းထဲ ထည့်ခိုင်းတာတောင်
အလွဲလွဲအချော်ချော်ပေါ့။ မျက်စိမှိတ့်ရေးလိုက်တာ တချက်တည်းနဲ့ ကျင်းဝင်သွားတယ်။ ဘယ်လောက်တော်လဲ ဆိုရင် ထမင်းစားကျောင်းဆင်းတာတောင် မသိလိုက်ဘူး။ ဘ၀ခါးခါးလေး ကြော်ချက်လုပ်ပြီး ဒုက္ခပါးပါးသုပ်ထားတာ လည်ချောင်းထဲကို ရှောရှောရှုရှုဝင်သွားတယ်။ အစာမကြေလို့လား မသိဘူး အတွေးတွေ ရောက်ယက်ခပ်နေတယ်။ စာလုံးပေါင်းသိပြီး အဓိပ္ပါယ်ပေါင်းမသိတဲ့ မိဘ၊ ဘ၀၊ ငွေ၊ အချစ်၊ မေတ္တာ၊ ပျော်ရွင်ခြင်း အများကြီးပဲ။
ကိုယ့်ကျင့်တရား တခြမ်းကိုက်တဲ့ ရောဂါဝေဒနာခံစားရင်း လူပြောများတဲ့ နေ့သစ်ရဲ့ နေ၀င်ချိန်ကို မုန်းတီးမိတယ်။ ငါ့ဘာသာနေတဲ့ဟာ လာလာ ပေါင်းသလိုလိုနဲ့ နှုတ်နေတဲ့ သေမင်းဆီက resign လုပ်ဖို့ တလ နို့တစ်ပေးလို့ ရရင်ကောင်းမယ်။ အချိန်တန်ရင် နွားပိန်ကန်လိမ့် မယ်လို့ပြောတဲ့သူရေ နိစ္စဓူဝကို နိစ္စဓူဝဟုဖတ်ပါလေ။ ငါ့ရဲ့ တထောင့်တညပုံပြင်ထဲမှာ ရွှေယုန်ရွှေကျားမရှိဘူး၊ စင်ဒရဲလားမရှိဘူး၊ မောင်ရင်ဆိုင်းထမ်းကြယ်မရှိဘူး။ ကြယ်စုံတဲ့ ကောင်းကင်မရှိဘူး။ ခပ်ညစ်ညစ် မျက်နှာကျက်တခုရှိတယ်။ အိုက်စပ်စပ် အတွေးတစရှိတယ်။ ကဲ ကဲ နှိုးစက်လေးရေ ကမ္ဘာသစ်ရောက်တဲ့ အခါ ငါ့ကို နှိုးလိုက်စမ်းပါကွာ။
(မှတ်ချက်။ ။ အဓိပ္ပါယ်ပေါင်း ဆိုသည်ကို နီကိုရဲ၏ အိုလေး ၀တ္တုမှ ကူးယူထားပါသည်)
Sunday, November 08, 2009
ရေလိုအေးမြပါစေ
ဘ၀ဆိုတာ မကြီးမိုးချိုသင်း ရေးပြီးတင်ထားတဲ့ ဆရာကြီး ဘဘဦးတင်မိုးရဲ့ ၀လုံးလေးနဲ့ စတဲ့ ဘ၀ ကဗျာလိုပဲ ဘ၀ကြီးထဲ တိုးဝင် မိကြတယ် ဆိုရင်ဖြင့် ဆူဆူပူပူ တ၀မ်းပူလို မျိုးတွေနဲ့လည်း တွေ့ကြုံကြရတယ်။ တခါကပြောခဲ့ဖူးတယ်
“ဘ၀”က “ဘ”ကုန်းနဲ့ ဘလို့ပဲ “ဗ” လချိုက်နဲ့ ဗရင် ထွက်ပေါက်တောင်ရှိမှာ မဟုတ်ဘူးဆိုပြီးလေ။ အခု ဗ၀ထဲကိုရောက်နေတော့ ထွက်ပေါက် အသည်းအသန် လိုနေပြီလား။ အသက်တရာမနေရ အမှုတရာပွေရဆိုတဲ့ ဓါတ်ပြားဟောင်းကြီးပဲ ပြန်ဖွင့်ပြပါရစေ။ ဒီလိုပူပင်သောကတွေကြား သေရင်အေးမယ်ဆိုတဲ့ စိတ်ကူးတွေများ ရိုက်သတ်လို့မကုန်ဘူး ညီမလေး။ ဒါကိုကြည့်ရင် ရုပ်ခန္ဓာမရှိရင် ငြိမ်းအေးမယ်ဆိုတာ မြင်ရတယ်။ တရားပေါက်သွားတယ် လို့တော့ မထင်လိုက်ပါနဲ့။ တကယ့်ထွက်ပေါက် မဟုတ်ဘူးဆိုတာ ပြောချင်တာပါ။
တခါတခါ ဖြေတွေးလေးတွေလည်း တွေးရသေးတယ်။ ဒီကမ္ဘာမှာ ဒုတိယကံအကောင်းဆုံးလူကို ပြောဆိုရင် ကိုယ့်ကိုယ်ကို လက်ညိုးထိုးရလိမ့်မယ်။ ဘာလို့လဲဆိုတော့ တနေ့ထမင်းသုံးနပ်စားရတယ်။ အ၀တ်အစား အကောင်းစားတွေ မဟုတ်ပေမယ့် လူတန်းစေ့ ၀တ်နိုင်တယ်။ လုံခြုံနွေးထွေးတဲ့ အိမ်နဲ့နေရတယ်။ မတောက်တခေါက် ပညာလေးရှိတယ်။ သင့်တင့်တဲ့ အလုပ်လေးရှိတယ်။ မိဘနှစ်ပါးရှိတယ်။ မောင်နှမ ဆွေးမျိုးသားချင်းတွေ သက်ရှိထင်ရှား ကျန်းကျန်းမာမာရှိကြတယ်။ ဘာလို့ ဒုတိယအကောင်းဆုံးလည်းဆိုတော့ ရပ်ဝေးမှာရောက်နေလို့ပဲ ညီမလေး။
မိဘအရိပ်နဲ့ခွဲခွာပြီးနေရတဲ့ ဘ၀ဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ရပ်ဝေးရောက်နေသူတိုင်းသိပါတယ်။ ဆိုလိုတာက မိဘဆီမှာတုန်းက စားဝတ်နေရေး မပူပင်ခဲ့ရသမျှ ကိုယ့်ဘာသာရပ်တည်တဲ့အခါ ခက်ခဲခဲ့တယ်။ ဆွေမျိုးသားချင်း ငွေကြေးအင်အား အဆင်ပြေတယ် ထားဦးတော့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း အပြောင်းအလဲနဲ့ အိမ်လွမ်းတဲ့ ဒဏ်တွေ ခံရတယ်မဟုတ်လား။ ဒါမှမဟုတ် အချစ်နတ်ဆိုးလေးများ ကျီစယ်လေပလား။ အချစ်ဆိုတာ ဘ၀တခုမဟုတ်ဘူးနော်။ ဖတ်ဖူးတဲ့ စာအုပ်ထဲက ပြောရရင် အချစ်ဆိုတာ လိမ္မော်သီးထဲက လိမ္မော်စိပ်လေး တစိပ်ပဲ။ ဘ၀မှာ အရေးကြီးတဲ့ တခြား လိမ္မော်သီးစိပ်နဲ့ တူတဲ့ ကျန်းမာရေး ပညာရေး စားဝတ်နေရေးတွေ ရှိသေးတယ်။
ဒုက္ခဆိုတာ ကိုယ်တိုင်ကြုံဖူးမှ ဘယ်လောက် ခါးမှန်းသိပါတာ။ ဒါနဲ့ ပက်သက်ပြီး ရီစရာလေး ပြောပြရဦးမယ်။ တခါက ဘုန်းကြီးတပါးဟာ အသုဘတွေမှာ ငိုကြွေးနေတဲ့သူတွေကို တရားနဲ့ဖြေပါဆိုပြီး အားပေးလေ့ရှိတယ်။(ဆရာလုပ်တယ်လို့ ယူဆချင်လည်း ယူဆပေါ့) သူဟာ အမြဲတမ်း အဲလိုပြောလေ့ရှိတယ်။ တနေ့ကြတော့ အဲဒီ ဘုန်းကြီးရဲ့ မယ်တော် ဆုံးသွားတဲ့အခါ ရှိုက်ကြီးတငင်ငင် ငိုနေတဲ့ သူ့ကို လူတွေက တရားနဲ့ ဖြေပါဆိုပြီး ဆုံးမတဲ့အခါ “သေတာ ငါ့အမေ့ကွ” ဆိုပြီး ပြန်အော်သတဲ့။ အဲလိုမျိုးကိုယ်တိုင်မခံစားရတိုင်း ပြောအားရှိတယ်လို့ မထင်လိုက်ပါနဲ့နော်။ ပူပင်သောကတွေ ရောက်နေတယ်ဆိုမှဖြင့် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။
ဟိုးအရင်တုန်းက ကိုနိုင်ရေးခဲ့တဲ့ NICK VUJICIC ရဲ့အကြောင်းလေး ဖတ်ခဲ့ဖူးမယ်ထင်တယ်။ မေ့နေခဲ့ရင် ပြန်ပြောပြမယ်နော်။ နစ်ကခြေရော လက်ရော မရှိရှာဘူး။ ညီမလေး စဉ်းစားကြည့်စမ်း။ သူ့လောက် ကံဆိုးတဲ့သူ ရှိနိုင်ဦးမလား။ ချိုင်းထောက်နဲ့လူ အပြင်သွားဖို့ ရှက်တာထက် သူ့ရဲ့ ရှက်ကြောက်စိတ်က ဆယ်ဆသာတယ်တယ်။ wheel chair နဲ့လူထက် ရှက်ကြောက်စိတ်သာတယ်။ ရိုင်းရိုင်းပြောရရင် အဖေမပေါ်ဘဲ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီး အပြင်ထွက်ရမှာထက် သူရှက်တာ သာမယ်ဆိုတာ လောင်းရဲတယ်။ ငွေကြေးရှိတာ အပထားလို့ ကိုယ့်စားဝတ်နေရေးမှ မဖြေရှင်းနိုင်တဲ့၊ မတ်တတ်တောင် မရပ်နိုင်ရှာတဲ့ လူတယောက်အတွက်စိတ်ဓါတ်တွေ အ၀ီစိထိအောင်ကျနေလိမ့်မယ်။ ဒါပေမယ့် နစ်က လဲကျတိုင်း ပြန်ထခဲ့တယ်။
ညီမလေးရဲ့ စိတ်ဓါတ်တွေလည်း အဲဒီလို ခိုင်မာစေချင်တယ်။ ဖြစ်လာတဲ့ ပြဿနာတိုင်းကို အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းစေချင်တယ်။ ညီမလေးမှာ ရင့်ကျက်တဲ့ စိတ်ဓါတ်ရှိတယ်ဆိုတာ သိပြီးသားပါ။ ညီမလေး ရည်မှန်းထားတဲ့ ပန်းတိုင်မရောက်မချင်း အားမလျော့ပါနဲ့။ ဖြစ်ခဲ့တဲ့ပြဿနာတွေ၊ မဖြစ်လာသေးတဲ့ အကြောင်းတွေ စဉ်းစားပြီးလည်း စိတ်ညစ်မနေစေချင်ဘူး။ ကိုယ်ယုံကြည်အားကိုးလောက်တဲ့ သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း ပြဿနာတွေကို ကျော်လွှားစေချင်တယ်။ ပူလောင်တဲ့ ဘ၀ကြီးထဲမှာ ကိုယ်ကိုယ်တိုင် ပူလောင်နေပေမယ့်လည်း ညီမလေး သောကတွေ တခဏလေးဖြစ်ဖြစ် ငြိမ်းအေးစေချင်တယ်။ အပြုံးမျက်နှာတွေ ပြန်တွေ့ချင်ပါတယ်။ ဒီစာဖတ်ပြီးချိန်မှာ ညီမလေး ပြန်ထဖို့ အားတချို့ရခဲ့တယ်ဆိုရင် ရေးရကြိုးနပ်ပါတယ်။
ပူပင်သောကတွေ အမြန်ဆုံးပြေပျောက်ပါစေ
Thursday, November 05, 2009
ကြာပြီ
လေပြေလေးတွေကလည်း
မင်းဆံပင်က ရနံ့လေးတွေ မသယ်ဆောင်ရ ကြာပြီတဲ့
မိုးစက်လေးတွေကလည်း
မထိတွေ့ရတော့ဘူးလားတဲ့
တယ်လီဖုန်းလေးနဲ့ ရယ်သံလွင်လွင်လေးတွေကလည်း
မင်းကိုမျှော်နေကြတယ်
ကိုရီယားအလွမ်းဇာတ်လမ်းလေးလည်း
သူတို့ကို ကြည့်ပြီး ရီမောနေကြတဲ့ သူနှစ်ယောက်ကို လိုက်ရှာနေတယ်
မျက်စောင်းလေးနဲ့ လက်သီးဆုပ်တွေကလည်း
ဘယ်သူ့ကို မဲရမလဲတဲ့
ဆေးလိပ်ငွေ့လေးတွေကရော
သူတို့ကို မာန်မဲသူမရှိလို့ ပျော်နေလား မသိဘူး။
ငါကရော
လွမ်းနေရတာကြာနေပြီ
ရေတမာ
4း03 pm THU
05/11/09
Tuesday, October 27, 2009
ဆိုရင်
၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
သေချင်လိုက်တာဆိုတဲ့ သူတွေနဲ့အတူ (တကယ်သေမယ်ဆိုတော့ ဘယ်လိုနေမတုန်းလို့၊ ဒီပြင်လူဆို ကြောက်လန့်ချင်လန့်နေမယ် သူတို့ကတော့ ပျော်နေမလားမသိဘူးလေ)
၂။ဘာတွေခံစားနေရမလဲ..
စိတ်ဖိစီးမှု (သေမယ်ဆိုမှတော့ စိတ်ဖိစီးမှုတွေ ဘယ်လောက်များလိုက်မလဲ)
၃။ ဘာတွေပြင်ဆင်ထားမလဲ
ကော်ဖီတခွက် (Y2K တုန်းက ကြော်ငြာတဲ့ ကော်ဖီ)
၎။ ၀မ်းနည်းမိမှာက
အကြွေးတွေမဆပ်ရသေးပါလား (သံသရာကြွေးတွေကလည်း မနည်းမနော)
၅။ကြောက်လန့်မိတာက..
သေခြင်းတရား (မကြောက်ရလောက်အောင် သမာဓိအား မကောင်းပါ)
၆။ဆောင်ထားချင်တာ..
ငါးလီတာ ရေသန့်ဘူးကြီး (ရေငတ်တတ်လို့)
၇။ဘာတွေရေးမိမလဲ..
HELP ME
ဂ။တွေးမိတွေးရာ အတွေး
မြေလေးတယ်လို့ အပြောခံရတော့မှာ မဟုတ်ဘူး
၉။ဂုဏ်ယူချင်တာက
သေခါနီးမှတော့ ဘာ ဂုဏ်မှ မလိုချင်တော့ပါ
၁၀။ရှာကြံဖြေသိမ့်မိတာက
ငါ့မိဘကို ကိုယ်အား ဥာဏ်အားနဲ့ တတ်အားသရွှေ့ထောက်ပံ့ခဲ့တယ်။
၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
ဥဒါန်းဆိုတာ ဘာမှန်းမသိတာနဲ့ ဘာမှ ကျူးရင့်ဖြစ်မယ်မထင်။
တကယ်တော့လည်း ငါအချိန်မရွှေးသေသွားနိုင်တယ်ဆိုတဲ့ အသိနဲ့ မကောင်းမှုတွေကို ရှောင်ကြဉ်နေထိုင်သင့်တယ်လို လူတတ်ကြီး လိုလို လုပ်ရင်း ဆန့်သွားမှာ မြင်ယောင်ရင်းးး
ရေတမာ
3း01 PM (Thu)
27-10-09
Sunday, October 25, 2009
ညနေစာ
သူငယ်ချင်းတွေနဲ့ တပတ်ကို တခါလောက်မှ မတွေ့ရရင် မနေနိုင်ဘူး။ ဆုံပြီဆိုရင်လည်း တပျော်တပါး စကြနောက်ကြ စားကြသောက်ကြနဲ့ ပျော်စကြီး။ တခါဆုံလိုက်ပြီဆိုရင် ထမင်းဝိုင်းကြီးက အကြီးကြီးပဲ။ စကားတွေဆိုလည်း လုပြောကြ။ ဟင်းတွေဆိုလည်း လုစားကြ။ စားလို့ကလည်းကောင်း ပြောလို့ကလည်းကောင်း အိမ်က ဟင်းတခွက်တည်း ထမင်းဝိုင်းနဲ့တော့ စိုပြေတာအမှန်။ ကျွေးတဲ့သူကလည်း စေတနာပါပါ။ စားတဲ့သူကလည်း အားပါးတရ။ မေတ္တာတွေပါ ပါတယ်ဆိုတော့ မကောင်းဘဲ နေပါဦးမလား။
ဒါကြောင့် လူမျိုးတိုင်း လူမျိုးတိုင်းမှာ မိသားစုဆုံအောင် စောင့်ပြီး ထမင်းစားကြတယ်။ အခုများတော့ အိမ်ထဲမှာ အဖိုးကြီး ကြောင်စာ ခွေးစာကြွေးရင်း အဖွားကြီး ပန်းကန်ဆေးနေတယ်။ လင်မယားနှစ်ယောက် စားသောက်ဆိုင်မှာ ထမင်းကို အရသာတောင် မခံနိုင်ဘဲ အမြန်စားနေကြတယ်။ အိမ်ဖော်မလေး ကလေးထမင်းကျွေးနေတယ်။ ခေတ်ကာလ ရေစီးကြောင်းအရ ထမင်းဝိုင်းတွေလည်း တဖြည်းဖြည်း လူတွေနည်းပါးလာပါတယ်။ ခြောက်ကပ်ကပ် ထမင်းဝိုင်းတွေ များပြားလာတယ်။
ထမင်းလုံးကျ ကျပြန်ပြီ။ တပျပ်ပျပ်မြည်ရင် မြည်ပြန်ပြီ။ ဟင်းဖိတ်ဖိတ်ပြန်ပြီ။ ခေါင်းပူခဲ့ရတဲ့ ထမင်းဝိုင်းတွေ။ ဗိုက်ကဆာ လူကြီးတွေ ဦးချတာ ကြည့်ရင်း သွားရည်ကကျနဲ့ အသားတုံး လုရတဲ့ ထမင်းဝိုင်းတွေ။ အဖိုးဒေါသထွက်လို့ ကြောက်ကြောက်နဲ့ စားခဲ့ရတဲ့ ထမင်းဝိုင်းတွေ။ အမေမရှိတုန်း သားအဖ လေးယောက် ငါးကြင်းမြီးချဉ်စပ် ၀ယ်စားရင်း ဟင်းကို ပန်းကန်ထဲအထည့် ဟင်းတွေ အောက်ပြုတ်ကြလို့ ငိုခဲ့ရတဲ့ ထမင်းဝိုင်းတွေလည်း ရှိရဲ့။ တခါတလေတော့လည်း ငယ်ငယ်က စိုစိုပြည်ပြည်စားခဲ့ရတဲ့ ထမင်းဝိုင်းတွေကို မက်မော တောင်းတမိပါတယ်။
ပြောမယ်ဆိုရင်တော့ သတိရစရာတွေကြီးပဲ။ မြန်မာပြည်ကလူငယ်တွေ အပြင်ရောက်နေကြတော့ မိသားစု ၀င်တွေ လျော့နေတဲ့ ထမင်းဝိုင်းတွေ ဘယ်လောက်များလိုက်မလဲ။ တချိုလည်း တယောက်။ တချို့လည်း နှစ်ယောက်၊ သုံးယောက်လျော့နေကြမှာပါပဲ။ စားကောင်းသောက်ဖွယ် စားသောက်ရတဲ့ အခါ ချစ်သူခင်သူကို သတိရတယ်တဲ့။ အမေလုပ်တဲ့သူဆို ဘယ်လောက်များ သတိရနေမလဲမသိဘူး။
ပြောကြတယ် တချို့တလေ အိုကွာ ၀မ်းခြင်း ဆုံတာမှတ်လို့ ဆိုပြီး။ ၀မ်းခြင်းမဆုံပေမယ့် လက်ခြင်းဆုံနိုင်တယ်လေ။ ဧည့်သည်လာမှာစိုးလို့ ပြောင်းပြန်ပြန်မွှေရင်း ရီမောခဲ့ရတာတွေက ၀မ်းခြင်းဆုံတာထက် ပိုပျော်ဖို့ကောင်းပါတယ်။ ထမင်းဝိုင်းက ဟာသလေးတွေကလည်း တနေ့တာ ပင်ပန်းခဲ့သမျှတွေ အထိုက်အလျောက်တော့ လျော့ကျစေတာပါပဲ။
ရသတဏှာအတွက် အကုသိုလ်ဖြစ်ချင်လည်း ဖြစ်မယ်။ မဖြစ်နိုင်တဲ့ အရာတခုကို ရူးရူးမိုက်မိုက် တောင့်တနေတာလည်း ဖြစ်ချင်ဖြစ်မယ်။ မိသားစုစုံစုံညီညီနဲ့ ထမင်းဝိုင်းလေးတစ်ခု အမြန်ဆုံး ဖန်တီးနိုင်ပါရစေ။
မှတ်ချက်။ ။ ပုံကို နွေးနေခြည်၏ စိတ်ခိုင်ရဲ့လား ပိုစ့်မှ ကူးယူထားပါသည်။
Thursday, October 22, 2009
ဘ၀အရည်အသွေးများ
မြတ်စွာဘုရားရှင်က “မသေခင်သုတ္တန်”လို့ အဓိပ္ပါယ်ရတဲ့ “ပုရာဘေဒ သုတ္တန်”မှာ မသေခင်ဖြည့်ဆည်းရမယ့် ဘ၀အရည်အသွေးတွေကို တစ်စု တစ်ဝေးတည်း ဟောကြားထားပါတယ်။ မြင့်မြတ်တဲ့လူတိုင်းနဲ့ မြင့်မြတ်လိုတဲ့လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ်အရည်အသွေး၊ ဘ၀အရည်အသွေးတွေဖြစ်လို့ အကျဉ်းဆုံးချုပ်ပြီး ပြောပြချင်ပါတယ်။
မသေခင်မှာတဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝမကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲဖောက်ပြန်တဲ့တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ထိန်းသိမ်းနိုင်ရပါမယ်။
ပြီးဆုံးခဲ့တဲ့အတိတ်အကြောင်း၊ဖြစ်မလာသေးတဲ့ အနာဂါတ်အကြောင်းတွေကို မလိုအပ်ပဲ တွေးတောနေပြီး စိတ်ပင်ပန်းမနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန်တစ်ခဏလေးမှာပဲ စိတ်ကိုတည့်တည့်ချထားပြီး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးဖြစ်အောင်လုပ်ရပါမယ်။
မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင်တိမ်းရှောင်နိုင်ရပါမယ်။ ထစ်ခနဲရှိ ဒေါသထွက်တာမျိုး၊ ကိုယ်မကျေနပ်တဲ့လူကို ရန်ငြိုးဖွဲ့ ကလဲ့စားချေဖို့ ကြိုးစားတာမျိုးမလုပ်သင့်ပါဘူး။သူလည်း တစ်နေ့သေ၊ ကိုယ်လည်းတစ်နေ့သေမယ့်ကိစ္စ ၊ဘာလို့ ဒေါသထွက်နေဦးမှာလဲ။
နေရာတကာမှာ စိတ်ပူပန်တတ်တဲ့သူလည်းမဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ်ပူလောင်မှုတွေနဲ့ ဘာလို့ အချိန်ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။
ရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ်၊ မရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာမျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာလှည့်ကြွားနေရတဲ့ အရသာက သေရင်ကိုယ့်အတွက် ဘာများ အကျိုးပြုနိုင်မှာမို့လဲ။
လုပ်သင့်တာမလုပ်မိလေခြင်း၊ မလုပ်သင့်တာ လုပ်မိလေခြင်းလို့ နောင်တရ စိတ်ပူပန်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့အချိန်ကစပြီး လုပ်သင့်တာ လုပ်၊မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။
နှုတ်စောင့်စည်းသူ၊ စကားကိုဉာဏ်နဲ့ ချင့်ချိန်ပြောသူလည်းဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့စကားတွေကို စိတ်ထင်တိုင်းလျှောက်ပြောနေလို့ ပါးစပ်ကလည်း ကျက်သရေရှိမလာနိုင်သလို၊ မသေခင်ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။
မသေခင်ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့်တွေးတောပြီးလည်း အချိန်မဖြုန်းသင့်ပါဘူး။ ကုန်သွားတဲ့အချိန်က ပြန်မရနိုင်တဲ့အတွက် လက်ထဲရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှုအပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ်ရပါမယ်။
ကိုယ့်ရဲ့လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့အနာဂတ်ဘ၀ကို ပုံဖော်တပ်မက်နေတာမျိုးလည်း လုံးဝမဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ်လက်ခံပြီးနေတတ်အောင် နေရပါမယ်။ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာဘ၀တွေ ကိုလည်းစိတ်နာနေလို့အပိုပါပဲ။
ကံ၊ကံရဲ့အကျိုးမရှိ၊ရှေးဘ၀၊နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိတွေလည်း ကင်းရှင်းနေရပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်းမှားပြီး ပစ္စုပ္ပန်မှာရော၊ သံသရာမှာပါ ဆင်းရဲဒုက္ခတွေပင်လယ်ဝေရပါလိမ့်မယ်။
ကိလေသာဖြစ်မယ့်ကိစ္စ၊ အကုသိုလ်ဖြစ်မယ့်ကိစ္စတွေမှာတွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။
ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်တာမျိုး လုံးဝမပြုလုပ်ရပါဘူး။ အံ့ဖွယ်ထူးဆန်းတွေ လိမ်ညာဖန်တီးပြပြီး နာမည်ကြီး၊လာဘ်ပေါ၊ပရိသတ်များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့မသေခင်ဘ၀ကို အမည်းရောင်ဆိုးနေတာပါပဲ။
လူသားတွေရဲ့ မသေခင်ဘ၀ကို အရုပ်ဆိုးအကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု(ဣဿာ၊မစ္ဆရိယ)ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ်လွှမ်းမိုးနေတဲ့သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိအလောင်းကောင်ပါပဲ။
ကိုယ်အပြုအမှု ကြမ်းတမ်းသူ၊ နှုတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေသဘောထား ကြမ်းတမ်းသူမဖြစ်စေရပါဘူး။
ကိုယ့်ကျင့်တရား မကောင်းသူ(သီလမရှိသူ) ကိုပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရားပျက်သူ မဖြစ်ပါစေနဲ့။
ချစ်ခင်နေသူအချင်းချင်း၊ အဆင်ပြေနေသူအချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့သူ ချစ်ကြ၊ ခင်ကြ အဆင်ပြေနေကြတာကို မနာလိုဝန်တိဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့သူလောက် ကျက်သရေယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။
မျက်စိ၊ နား၊ နှာ၊လျှာ၊ ကိုယ်၊စိတ်လို့ ခေါ်တဲ့ တံခါး ခြောက်ပေါက်ကနေ အဆင်း၊ အသံ၊အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားလို့ခေါ်တဲ့ အာရုံခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာရေအလျဉ်တွေ စီးဆင်းမသွားအောင် စောင့်ရှောက်နိုင်ရပါမယ်။ မြင်-မြင်ကမျှ၊ ကြား-ကြားကာမျှနဲ့ပြီးအောင် သတိပဋ္ဌာန် တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။
မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့သူလည်းမဖြစ်စေရပါဘူး။ မာနကြီးတယ်ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း ရုပ်ရည် ပညာ၊အာဏာ၊ သူများထက်သာတယ်လို့ထင်နေတဲ့ “အထင်” ကြီးနေတာပါ။ အထင်ဟာ အထင်ပါပဲ။ တကယ်မဟုတ်ပါဘူး။
မသေခင်မှာ တစ်နေ့ထက်တစ်နေ့ ဉာဏ်ပညာကြီးမာသူဖြစ်အောင်ကြိုးစားနေရပါမယ်။ လောကီဉာဏ်သာမက လောကုတ္တရာဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုးနပ်ပါတယ်။
ဘယ်အရာမျိုးကိုမဆို ကိုယ်တွေ့အသိမပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့သူလည်းမဖြစ်စေရပါဘူး။ သိသင့်သိထိုက်တာ မှန်သမျှ သူတစ်ပါးပါးစပ်မှာ လမ်းဆုံး၊သူတစ်ပါးပြောတာ ယုံနေရုံလောက်နဲ့မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်အောင် ကြိုးပမ်းအားထုတ်ရပါမယ်။
ဒါန၊သီလ၊သမထ၊၀ိပဿနာ ကုသိုလ်ကောင်းမှုတွေပြုလုပ်တဲ့အခါမှာလည်း လာဘ်မျှော်တဲ့စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမူရေးလာဘ်လာဘလို့ခေါ်တဲ့ ထင်ပေါ်ကျော်စောမှု၊ စီးပွားရာထူးတိုးတက်မှု၊ သံသရာကောင်းစားမှုတွေကို လုံးဝမမျှော်ကိုးဘဲ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့စိတ်၊ သတ္တ၀ါအများ ကောင်းစားစေလိုတဲ့စိတ်နဲ့ပြုလုပ်ကြရပါမယ်။
အကောင်း၊ အဆိုးလောကဓံ အမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့အခါမှာလည်း စိတ်မတက်၊စိတ်မပျက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ခံနိုင်ရည်ရှိရပါမယ်။
သက်ရှိ၊သက်မဲ့တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှဆန့်ကျင်ဘက် မဖြစ်စေရပါဘူး။ တဏှာတစ်ခုခုရဲ့နောက်မှာ ဆင့်ပွားအကုသိုလ်စိတ်တွေ၊ မကောင်းမှုဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်းနိုင်ခြင်းဟာ အဆင့်မြင့်ပုထုဇဉ်တွေရဲ့ အရည်အချင်းတစ်ခုပါပဲ။
အစားအသောက်နဲ့ပက်သက်ပြီးတော့လည်း ဒါမစားရ မနေနိုင်၊ ဒါမသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမှု ကင်းရှင်းရပါမယ်။ရသတဏှာကို ထိန်းချုပ်စောင့်စည်းနိုင်ရပါမယ်။
ကိုယ့်အပြုအမူဖြစ်သမျှ၊ စိတ်အနေအထားဖြစ်သမျှကို အမြဲသတိကပ် ရှုမှတ်နိုင်တဲ့အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုးအမျိုးမျိုးကို မချစ်၊မမုန်းဘဲဥပေက္ခာပြုအညီအမျှ ရှုနိုင်တဲ့သူဖြစ်ရပါမယ်။
ကိုယ့်အထက်လူနဲ့ နှိုင်းယှဉ်တဲ့မာန၊ ကိုယ့်တန်းတူလူနဲ့ နှိုင်းယှဉ်တဲ့မာန၊ ကိုယ့်အောက်တန်းလူနဲ့ နှိုင်းယှဉ်တဲ့မာန၊ မာနသုံးမျိုးလုံးလည်း ကင်းရှင်းရပါမယ်။သေပြီးရင် အသက်ကောင်၊၀ိညာဉ်ကောင်လေး နောက်ဘ၀လိုက်တယ် ဆိုတဲ့ သဿတဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ဘာမှ မဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ၊ ဒီဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါးရှိနေရင် မသေခင်လုပ်ရမယ့် အလုပ်တွေ ကမောက်ကမဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။
ကိုယ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိပုဂ္ဂိုလ်တွေ၊အိမ်မြေစတဲ့ သက်မဲ့ အရာဝတ္တုတွေကို ငါ့သား၊ ငါ့သမီး၊ငါ့အိမ်၊ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာအစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့စိတ်မျိုး ကင်းရှင်းရပါမယ်။
ဘာအလုပ်ပဲလုပ်လုပ် ကိလေသာကိုရှေ့တန်းတင်တဲ့အလုပ်၊ ကိလေသာကို ဆရာတင်တဲ့အလုပ်မျိုး မဖြစ်အောင်သတိထားရပါမယ်။
ကိလေသာအရင်းမခံဘဲ အလုပ်လုပ်နေပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာအရင်းခံတယ်လို့ ထင်မှားစွပ်စွဲ လာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရမယ်။
“တစ်လောကလုံး ကိုယ်ပိုင်တာ ဘာမှမရှိပါ့လား” ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။အဲဒီအသိစွဲစွဲမြဲမြဲရှိနေပြီ ဆိုရင် ရှိချင်တာမရှိလိုလည်း မပူပန်တော့ပါဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ပါဘူး။
ချစ်ခြင်း၊မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့်မလုပ်ထိုက် လုပ်တဲ့ အဂတိလိုက်စားမှုလည်း ကင်းရှင်းရပါမယ်။အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။
လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာလုပ်၊လုပ်သင့် လုပ်ထိုက်တာမလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာခေါင်းပါးလာတာနဲ့အမျှ အလုပ်သင့် မလုပ်ထိုက်တာ တွေလည်းရှောင်ကြည်နိုင်လာပါလိမ့်မယ်။ လုပ်သင့်လုပ်ထိုက်တာတွေလည်း ဆောင်ငင်နိုင်လာပါလိမ့်မယ်။
မလုပ်သင့်တာအားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာ အားလုံး အကြွင်းမဲ့ဆောင်နိုင်ပြီဆိုရင်တော့ အကြွင်းမဲ့ ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အပြီးတိုင်လွတ်မြောက်ပါပြီ။ထပ်တလဲလဲ တစ်သေတည်းသေနေရတဲ့အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရလွတ်မြောက်ပါပြီ။အနှိုင်းမဲ့နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။
ဒါကြောင့်မသေခင်လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာနအကျဆုံးကတော့ ကိလေသာခေါင်းပါးရေးအလုပ်၊ ကိလေသာအမြစ်ပြတ်ရေးအလုပ်ပါပဲ။
အရှင်ဆန္ဒာဓိက ၏ “မသေခင်ဘာလုပ်ကြမလဲ” စာအုပ်မှကူးယူဖော်ပြ ပါသည်။
(ဤစာအုပ်ကို ဓမ္မဒါန ပြုခဲ့သော အစ်ကို ကိုနိုင် (နေစိုးနိုင်-ပေးဆပ်သူ(www.naysoenaing.com))အား အထူးကျေးဇူးတင် ဂါရ၀ပြုအပ်ပါသည်)
Wednesday, October 21, 2009
ဖြူစင်ပါရစေ
ရေဆေးတွေ ဆီဆေးတွေ အားကြီးကြိုက်တယ်။ ဆေးသားတွေနဲ့ ပုံဖော်နေတာ ကြည့်ရင်း ပိတိဖြစ်မိတယ်။ ကိုယ့်စိတ်ကူးထဲက အရောင်ကို ဆေးစပ်တဲ့ အပြားပေါ်မှာ ဆေးလေးညစ်ပြီး စိတ်ကြိုက်အရောင်စပ်။ ကင်းပတ်လေးပေါ် တင်လိုက်တော့ အနုပညာခေါ်ခေါ်၊ ရုပ်ပုံပဲခေါ်ခေါ် ပုံပေါ်လာတာပဲမဟုတ်လား။ ဒါပေမယ့် ဆေးစပ်တဲ့ အပြားလေးကတော့ စွန်းထင်းပေကျံခဲ့တာပဲလေ။
ကျနော်ကိုယ်နှိုက်ကရော လိုချင်တပ်မက်မှုအတွက် ကိုယ့်စိတ်မှာ လောဘ၊ဒေါသ၊မောဟ တွေနဲ့ ဆေးစပ်ရင်း ပုံဖော်ခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ စိတ်ကလည်း ဆေးစပ်တဲ့ အပြားလိုပဲ ညစ်ထေးမှုတွေ စွန်းထင်းနေတာ ကြည့်လို့တောင် မကောင်းတော့ဘူး။ ဆေးစပ်တဲ့ အပြား(စိတ်)လေးသာ ညစ်ထေးနေတာမဟုတ်ဘူး ကျနော် ရေးဆွဲခဲ့တဲ့ သို့မဟုတ် ရေးခြစ်ခဲ့တဲ့ ပုံကရော စိတ်ကျေနပ်စရာကောင်းအောင် ပီပြင်လှတာမဟုတ်ပါဘူး။
ပညာတတ်ကြီးပုံရေးဆွဲခဲ့တယ် အစိမ်းရောင်ဆေးလေးတွေသာ ကုန်တယ် ပီပီပြင်ပြင်ဖြစ်မလာဘူး။ တိုက်ပုံ ကားပုံတွေ ရေးခဲ့တယ်။ ကောက်ကြောင်းတွေတောင် မပီဝိုးတ၀ါးပဲရှိသေးတယ်။ ပျော်စရာမိသားစုပုံလေးရော ကင်းပတ်တောင် မ၀ယ်နိုင်လို့ စိတ်ကူးထဲမှာ သိမ်းထားတယ်။
ဆေးစပ်တဲ့အပြားလေးက ဆေးကြောလို့မရတော့ဘူးနော်။ နောင်တတွေတွေ့တိုင်း အဲဒီဆေးစပ်တဲ့ အပြားလေးကို မြင်မြင်လာတယ်။ ပေကျံခဲ့တဲ့ စိတ်ရောင်စုံတွေလည်း ဆေးကြောလို့ မရတော့ဘူး။ ဖြူစင်ပါရစေ။ ဖြူစင်ပါရစေဗျာ
Saturday, October 17, 2009
အမှောင်
ရန်ကုန်-မန္တလေးမီးရထားကို ဂတီးဂတီးစီးဘူးပါတယ်။ မိသားစုနဲ့ သူငယ်ချင်းနဲ့ တယောက်တည်း စသည့်ဖြင့်။ စထွက်တဲ့ ခရီးစဉ်ကနေ ဆုံးတဲ့အထိ ခံစားချက်အမျိုးမျိုးနဲ့ကိုစီးတယ်။ သမရိုးကျစီးတယ်။ စိတ်ကူးပေါက်သလိုလည်း စီးခဲ့တယ်။ ဟာသတွေရှိတယ်။ စိတ်မသက်မသာတာတွေရှိခဲ့တယ်။ အကြောက်တရားတွေရှိခဲ့တယ်။ မီးရထားကြီးကို စီးဘူးခဲ့ပါတယ်။
အလင်းနဲ့ အမှောင်ယှဉ်လိုက်ရင် ဗီလိန်က အမှောင်ပါ။ မကောင်းတဲ့ အရာတွေ အကုန်အမှောင်ထဲသွင်း ကြတာများပါတယ်။ နေ၀င်ဖြိုးဖျတောင် ခေါ်တာ အပုပ်ချိန် တဲ့။ မကောင်းတဲ့သူတွေလည်း အမှောင်ကိုမျှော်ကြသည်။ ဒါက သူ့အကြောင်းနဲ့ သူ။
ရထားကြီးပေါ်ကတွေ့ခဲ့တဲ့ အမှောင်က တကယ်ကို ကျေနပ်ဖို့ကောင်းတယ်။ အရာအားလုံးဟာ တန်းညှိပြီးသားပဲ။ ဆင်းရဲတာ၊ ချမ်းသာတာ၊ ရုပ်ဆိုးတာ၊ ရုပ်ချောတာ၊ ဘာမှမရှိဘူး။ သူဘာကောင်လဲ ငါဘာကောင်လဲ မရှိဘူး။ ဝေးဝေးကကြည့်လို့လားမသိဘူး စိတ်တော့အတော် ချမ်းသာတယ်။ ခဏတဖြုတ် ကျေနပ်မှုကိုလည်း ကျေနပ်ဖို့လိုသေးတယ်လေ။ စာမဖွဲ့လောက်ပေမယ့် များများရှိလေ ကောင်းလေပဲ။
အမှောင်ထဲမှာ ချောင်းတော့ မရိုက်နဲ့ပေါ့။ လဲကျလည်း မကူနိုင်သလို။ ငါ့လည်း လာမထူနိုင်ပါဘူး။ ဒါပေမယ့် အိပ်ချင်တယ်ဆို အိပ်လိုက်။ အလုပ်ရှိတယ်ဆို လုပ်လိုက်။ ဒီအတွက် ဆိုးမွေ ကောင်းမွေ ကိုယ့်ဘာသာ ကိုယ်ခံရမှာပဲလေ။
ဒီအတွက် ပြောချင်တာတွေ ရှိရင်လည်း ရှိမယ်။ မရှိရင်လည်း မရှိဘူး။ လွတ်လပ်စွာ ၀ိဝါဒကွဲပြားနိုင်ပါတယ်။
Wednesday, October 14, 2009
တနင်္ဂနွေမိုးရေစက်များ
ဒီလိုနဲ့ အရွယ်ရောက်လာတယ်ခဲ့အခါ သူတို့တွေရဲ့ ရင်ခုန်သံတွေ နွေးထွေးခဲ့ကြတယ်။ ငယ်ငယ်ကတည်း သံယောဇဉ်တွေနဲ့ အတူ သူနဲ့ သူမဟာ ပျော်စရာနေ့တွေကို ဖန်တီးခဲ့ကြတယ်။ တနေ့ကျ ကောင်လေးက ပြောတယ်။
အချိန်တွေ တဖြည်းဖြည်း တိုက်စားလာတဲ့အခါ.. ပိတ်ကားထဲကလို နှစ်လေးဆယ်ခန့်ကြာသောအခါ ဆိုပါတော့
ပြီးပါပြီ
Tuesday, October 13, 2009
ကျေးဇူးတင်လွှာ
ကိုနိုင်က ကျနော် ဘလော့ စရေးကတည်းက တဦးတည်းသော ကွန်မန့်ပေးခဲ့သူပါ။ သူပေးတဲ့ ကွန်မန့်လေးတွေနဲ့ ကျနော် ရှေ့ဆက်ဖြစ်တာ ဆိုလည်း မမှားပါဘူး။ ကိုနိုင် မြန်မာပြည် ပြန်သွားတော့ သူပေးတဲ့ ကွန်မန့်တွေ မရတော့ပါဘူး။ ခုနောက်ပိုင်း စိတ်အရှိအတိုင်းရေးထားတဲ့ ကွန်မန့်တွေ ပြန်တွေ့ရတော့ ၀မ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ် ကိုနိုင်။
ကိုနိုင်ပြန်ခါနီး စာတွေရေး၊ ဘလော့တွေ လိုက်လည်နဲ့ သူငယ်ချင်းတွေ ရလာပါတယ်။ မမကွန်း၊ မငုံ၊ တလနွန်၊ မနှင်း၊ ကိုသားကြီး၊ မကီ၊ မိုးစက် တို့ပေါ့။ သူတို့တတွေ ဘလော့မှာ လိုက်လည်၊ စနောက်နဲ့ ခင်မင်လာရင်း သူတို့နဲ့ ခင်တဲ့ ဘလော့က သူငယ်ချင်းတွေပါရလာတယ်။ ကိုသီဟသစ် နဲ့ တလနွန်တို့က မိတ်ဆက်ပေးရင်း စလုံးက သူငယ်ချင်းတွေနဲ့ ခင်မင်ခဲ့ရတယ်။ တခြားနိုင်ငံက သူငယ်ချင်းတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် သွေးအေးခဲ့ပေမယ့် မကီ ကတော့ ပိုစ်တိုင်း ခင်မင်ကတည်းက စပြီး ကွန်မန့်ပေးလာခဲ့တာ ခုချိန်ထိပါ။ ကျေးဇူးအကြီးကြီးတင်ပါတယ် မမကိခင်ဗျာ။
နောက်ထပ် ပြောချင်တာ ကျနော့ သူငယ်ချင်း အရင်းကြီးတွေဖြစ်တဲ့ အိန်ကျယ် နဲ့ မေလေး။ တတိယနဲ့ စတုတ္တဆိုပေမယ့် သူတို့က အိမ်မှာ လာသောင်းကျန်းရင်း တတိယ စတုတ္တရနေတာပါ။ ပိုစ့်တခုကို နေရာလုရင်း လေး ငါး ဆယ်ခု မန့်ထားတာကို များမှာပေါ့ဗျာ။ ကျနော်က ပိုစ့်တွေအပြင် ကွန်မန့်တွေလည်း ဖတ်ရတာ ၀ါသနာပါတော့ နေရာလုတဲ့ ကွန်မန့်တွေက တခါတလေ အနှောက်အယှက်ဖြစ်ပါတယ်။ တခါတလေလည်း ဖတ်ရင်း ပျော်စရာတွေ ကူးစက်ပါတယ်။
ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတို့ရဲ့ ကွန်မန့်တွေသာ မရှိရင် ဒီလောက်ရေးဖြစ်မယ် မထင်ပါဘူး။ ကွန်မန့်ပေးသွားသူ အပေါင်းအား ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကိုယ့်ဘလော့မှာ ဘယ်သူ ကွန်မန့်ဘယ်နှစ်ခုပေးခဲ့သလဲ ဆိုတာသိရအောင်
Layout > page elements > add a gadget > html/javascript ကိုရွှေးပြီး ဒီ code လေးထည့်လိုက်ပါ။
Coding ကို http://www.filefactory.com/file/a22fe0f/n/coding_txt ရယူနိုင်ပါတယ်
ခင်တဲ့
ရေတမာ
Sunday, October 11, 2009
အထူးသတင်း
Friday, October 09, 2009
Gracious Planet
ထိုင်ဝမ် နှင့် ဂျပန်နိုင်ငံများမှာ ရိုက်ကူးထားတဲ့ အစီအစဉ်ကို မကြည့်လိုက်ရပေမယ့် ဟော်လန်နိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ အပိုင်းကို တွေ့မြင်ခွင့်ရခဲ့ပါတယ်။ ဟော်လန်နိုင်ငံမှာ နွေးထွေးတဲ့ ကြိုဆိုမှုနဲ့ အတူ ကူညီတတ်တဲ့ စိတ်ထားလေးတွေ တွေ့ရပါတယ်။ လမ်းပျောက်လို့ အခက်အခဲဖြစ်နေတဲ့ သူတို့(အစီအစဉ် သရုပ်ဆောင်သူ)ကို လမ်းမှာထိုင်နေတဲ့ သူက မမေးဘဲနဲ့တောင် ကူညီပေးပါတယ်။ သူတို့ ဈေးတန်း(သစ်သီးတန်း)တခုကို ရောက်သွားချိန်မှာ ဈေးဝယ်တွေဟာ လိုချင်တဲ့ အသီးကို ဒီတိုင်းပဲ ချိန်ပြီးဝယ်ကြပါတယ်။ သူတို့ကတော့ ဒီကအကျင့်အတိုင်း ကောင်းတဲ့ အသီးကိုတောင် ကောင်းမကောင်း စမ်းကြည့်၊ နမ်းကြည့်တာ ကြည့်ခြင်းအားဖြင့် အကျင့်ပါနေတယ်ဆိုတာ တွေ့ရပါတယ်။
ပုလင်းအခွံတွေကို recycle ပြန်လုပ်တဲ့ နေရာလေးလည်း တွေ့ရပါတယ်။ ပုလင်းတွေကို ၀ယ်တဲ့အခါမှာ ပုလင်းအခွံဖိုးပါ ပါပြီးသားဖြစ်တဲ့အတွက် ပုလင်းတွေကို recycle လုပ်တဲ့အခါ ပိုက်ဆံပြန်ရပါတယ်။ အသီးအနှံတွေ ၀ယ်တဲ့အခါမှာလည်း ကိုယ့်ဘာသာ ချိန်ပြီး ကိုယ့်ဘာသာ ဈေးနှုန်းကပ်ရပါတယ်။ အရောင်းစာရေး အလုပ်ရှုပ်သက်သာအောင် ထင်ပါတယ်။
စားသောက်ဆိုင်တွေမှာ စားတဲ့အခါ တယောက်ခြင်းဆီအတွက် ဘေလ် ပေးပါတယ်။ ကိုယ်စားတာ ကိုယ်ရှင်းရတယ်လို့ တွေ့ရပါတယ်။ လမ်းမပေါ်မှာ စက်ဘီးများ ကားများရှုပ်ထွေးနေပေမယ့် ထိမိခိုက်မိတာ မတွေ့ရပါဘူး။ လူကူးမျဉ်ကြားကနေ သူတို့စိတ်ကြိုက် ကူးလို့ရပါတယ်။ ကားတွေက ဟွန်းမတီးပါဘူး။ လူရှင်းအောင် စောင့်ဆိုင်းတာတွေ့ရပါတယ်။ သူတို့ရဲ့ အိမ်လေးတွေက ချစ်စရာကောင်းပါတယ်။ ခြံစည်းရိုးနှိမ့်နှိမ့်လေးနဲ့ ပြတင်းပေါက်တွေက ရှိုးကေ့ ပုံစံ အလှဆင်ထားတာ မြင်ရပါတယ်။ ကလေးတွေအတွက်
ပညာရေးကတော့ လွတ်လပ်တဲ့ သင်ယူမှုပါပဲ။ primary school မှာ စာမေးပွဲ မရှိဘူးလို့ သိရပါတယ်။
သူများနိုင်ငံတွေကို လေ့လာအပြီး စင်ကာပူနိုင်ငံကို ပြန်ကြည့်တဲ့အခါ ကောင်းကွက် ဆိုးကွက်တွေ သင်ယူစရာတွေ တွေ့ရပါတယ်။ စင်ကာပူနိုင်ငံမှာ ထွန်းကားတဲ့ ယဉ်ကျေးမှုကတော့ ၀ါးလုံး ယဉ်ကျေးမှုဖြစ်ပါတယ်။ သင် HDB Flat တခု ပိုင်ဆိုင်ရင် ၀ါးလုံးတစ်စည်းလည်း ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ လူနေ HDB အဆောက်အအုံ နောက်ကျောဘက်မှာ အ၀တ်လှမ်းဖို့ ၀ါးလုံးလိုပါတယ်။ သန့်ရှင်းလှပတဲ့ အဆောက်အဦးနောက်ဘက်မှာ လေနှင့်အတူ လွင့်နေတဲ့ အ၀တ် ဥယျဉ်ကြီးများ ရှိနေတတ်ပါတယ်။
အပေါ်ဆုံးထပ်မှ လူများအတွက် အခက်အခဲမရှိပေမယ့် အောက်ဆုံးထက်က လူအတွက် မသန့်ရှင်းတဲ့ရေကျတာ စသည့် စိတ်အနှောက်အယှက်ဖြစ်စရာတွေ ရှိနေတတ်ပါတယ်။ အတွင်းခံအ၀တ်အစားတွေလည်း မျိုးစုံတွေမြင်ရပါမယ်။ ထို့အတူ ကြမ်းတိုက်အ၀တ်။ စလောင်းဖုံး။ ခြင်းတောင်း စသည့် တိုလီမုတ်စများလည်း တခါတလေမြင်မကောင်းအောင် တွေ့ရပါတယ်။ ပန်းအိုးများပင် ချိတ်ဆွဲတတ်ပါသေးတယ်။ ၀ါးလုံးထည့်ရန် အပေါက်များကိုလည်း ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် မိုးရေမ၀င်ရောက်စေရန် စနစ်တကျ ဖုံးအုပ်ထားသည်ကိုလည်း တွေ့ရပါတယ်။
မီးရထားစီးရာတွင်လည်း အတုယူစရာကောင်းတဲ့ အလေ့အကျင့်လေးတွေ တွေ့ရပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် ရထားပေါ်မှ အဆင်း ခရီးသည်များကုန်မှသာ ၀င်ရောက်ကြပါတယ်။ ရထားပေါ်ရောက်ရင်လည်း ဖုန်းကို silent mood လုပ်ထားကြပါတယ်။ ထိုင်ဝမ်မှာတော့ သက်ကြီးရွယ်အိုများ၊ မသန်မစွမ်း နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကလေးသူငယ်များအတွက် သီးသန့်ခုံတွေ တွေ့ရပါတယ်။ စင်ကာပူမှာကတော့ ထိပ်ဆုံးခုံ နှစ်ခုကို priority seat အဖြစ် သတ်မှတ်ထားပါတယ်။
Food Court များမှာ self service နဲ့အတူ ကိုယ်စားပြီးသား tray များကို သန့်ရှင်းခဲ့ပါတယ်။ ပုဂံစင်မှာ စနစ်တကျ ထားခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် စနစ်တကျ တန်းစီကျတာလည်း လေးစားဖွယ် စနစ်တခုဖြစ်ပါတယ်။
စင်ကာပူမှာ နောက်ထပ် အတုယူဖွယ်ကောင်းတဲ့ အလေ့အကျင့်က စက်လှေကား စီးတဲ့အခါ ဘယ်ဖက်ကို ကပ်ပေးခြင်းဖြင့် ကူညီပေးကြပါတယ်။စင်ကာပူနိုင်ငံဟာ အမှိုက်ကင်းစင်ပြီး သန့်ရှင်းလှပတဲ့ မြို့ဖြစ်ပါတယ်။ နေရာတိုင်းမှာ အမှိုက်ပုန်းများနှင့်အတူ recycle bin များလည်း ရှိပါတယ်။ အ၀တ်အစား၊ ပုလင်း ၊စက္ကူ၊ သတ္တု စသည်ဖြင့် ခွဲခြားထားပါတယ်။ ကလေးသူငယ်များကိုလည်း စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်တတ်အောင် သင်ကြားပေးထားကြပါတယ်။ ဈေးဝယ်တဲ့ နေရာမှာလည်း Eco bag လို့ခေါ်တဲ့ ကိုယ်ပိုင်အိတ်များကို သုံးစွဲခြင်းဖြင့် ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျော့ကျအောင် green environment ကိုဖန်တီး နေကြပါတယ်။
တိုးတက်လာတဲ့ လူဦးရေနှင့်အတူ ကမ္ဘာကြီး ပိုမိုလှပအောင်၊ ပတ်ဝန်းကျင် နေချင့်စဖွယ်ဖြစ်အောင် နောင်လာမယ့် မျိုးဆက်တွေကို ကောင်းမွန်တဲ့ အမွေတွေ လက်ဆင့်ကမ်းရင်း အတူအကွ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရင်း...
ခင်တဲ့
ရေတမာ
Monday, September 28, 2009
စိတ်ကူးသက်သက်များ
ဆင်ခြေ
ဘလော့တွေ များများလာတာနဲ့အမျှ အချိန်တွေပေးရပါတယ်။ သဘောထားတိုက်ဆိုင်တဲ့ ပိုစ့်ဆိုရင် အချိန်ပေးလိုက်ပါတယ်။ ပေးချင်တဲ့ မတ်ဆေ့ခ်ျ တိုတိုနဲ့ လိုရင်းပေးနိုင်အောင် ကြိုးစားမယ်။
စရေးကာစကတော့ ဘလော့သည် ကိုယ့်အတွက် ရေးတာကြာလာတော့ ဘလော့သည် ဘလော့ဖတ်သူအတွက်ဖြစ်နေတယ်။
မာန
မကောင်းတဲ့အရာမှန်း သိသိကြီးနဲ့ မဖယ်ရှားနိုင်သေးပါ။ ကိုယ်တိုင် အထိမခံနိုင်ဘဲ သူတပါးကို ပုတ်ခတ်ချင်တာလည်း အားနည်းချက်တစ်ခုပါ။ ပြုပြင်နိုင်အောင် ကြိုးစားရဦးမည်။
သူငယ်ချင်း
ဘလော့ကလေးက အစပြု သူငယ်ချင်းတွေ များများလာတယ်။ တပတ်တခါအမောတွေ သူတို့နဲ့တွေ့ရင် ပျောက်ပျောက်သွားတယ်။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ တပါတ်တခါ သူတို့နဲ့ တွေ့ပါရစေ။
ဆက်ရန်
Saturday, September 26, 2009
မမေ့တဲ့နေ့
ပျော်ပျော်ပါးပါး ဝေမျှစားသောက်အပြီး
Wednesday, September 23, 2009
ပိုလာအူပင်
Key-C တေးရေး-ရေတမာ
Intro
Verse I: C Em
စင်ကာပူနား ပိုလာအူပင် ကျွန်းလေးဝယ်
Am C
တို့ ၁၂ ဦး တွေ့လို့ အတူ လျောက်လည်
C Am
ဒေါင်းဖန်ဝါ လင်းကာထိန်တဲ့ နေ့ခင်းဝယ်
F C
တောင်ပစိဖိတ်ရဲ့ အဏ္ဏ၀ါအလယ်
C A m
ကတိစကား တိုင်တည်အတူတူ ထားလို့ရယ်
F C
၁၀နာရီထိုး ဆုံးတဲ့အခါတွေ့မယ်
C Am
ချွေးတွေသာ ရွှဲကာဆိုတဲ့ ဒီကျွန်းဝယ်
F C
ခြေသလုံးတုတ်လို့ လာပါတယ်။
CHO: Am G
ကိုယ်နင်းခဲ့ပါသော်လည်း ခုထိကိုလမ်းမှန်မတွေ့လေတယ်
F C
လမ်းခွဲတွေ ၀င်လေတိုင်း ဟိုတုန်းက မတူတဲ့ အမောက တလှပ်လှပ်ကွယ်
Verse II: C Em
စင်ကာပူနား ပိုလာအူပင် ကျွန်းလေးဝယ်
Am C
တို့ ၁၂ ဦး တွေ့လို့ အတူ လျောက်လည်
C Am
ဒေါင်းဖန်ဝါ လင်းကာထိန်တဲ့ နေ့ခင်းဝယ်
F C
တောင်ပစိဖိတ်ရဲ့ အဏ္ဏ၀ါအလယ်
C Am
ကတိစကား တိုင်တည်အတူတူ ထားလို့ရယ်
F C
၁၀နာရီထိုး ဆုံးတဲ့အခါတွေ့မယ်
C Am
ချွေးတွေသာ ရွှဲကာဆိုတဲ့ ဒီကျွန်းဝယ်
F C
ခြေသလုံးတုတ်လို့ လာပါတယ်။ CHO:
C Am
စင်ကာပူနား ပိုလာအူပင် ကျွန်းမှကွယ်
F C
မော်တော်လေးစီးလို့ ကိုယ်သွားမယ်
C Am
သို့သော်ကွယ် ချစ်ခင်မှုလေးတွေရှိရာ ကျွန်းကို
F C
တခါထပ်ပြီး ဆက်ဆက်ပြန်ခဲ့မယ်
အသွားလေလား အပြန်လား
ဒီရေအိုင်က ရေက ဘာဖြစ်တယ်ဆိုလား
ဒီလို ဒီလို အကောင်တွေလည်း ပေါရဲ့
ကြည့်သောသူ မြင်၏
ဥာဏ်စမ်း ပဟေဋ္ဌိ အဖြေညှိမလား
( p.s - ပျော်စေချင်၍ ကူးယူထားခြင်းဖြစ်ပါတယ်။ တေးရေးတေးဆိုများအား တောင်းပန်အပ်ပါသည်။ family cord လေးတွေ ပြောပြပေးတဲ့ အိမ်ဂျယ်ကိုလည်း ကျေးဇူးတင်ပါတယ်)