Monday, November 23, 2009

ကိုယ်ချင်းစာပေးပါ

ရင်ထဲ ကလိကလိ ဖြစ်နေလို့ ပြောပြရဦးမယ်။ သူလို ကိုယ်လို သိပြီးသား အကြောင်းပါပဲ။ ဓါးနှစ်လက် ပုဆိုးလိုပေါ့။ လောကကြီးမှာ ဒီလို လူမျိုးတွေလည်း ရှိသေးတယ်ဆိုတာ မှတ်မိနေအောင်။ လူအမျိုးမျိုး နတ်အထွေထွေ ဆိုတာ ရှိတယ်မဟုတ်လား။ ကောင်းတာရှိသလို ဆိုးတာလည်း ရှိတာတော့ ကျနော်ပြောမှလား ခင်ဗျားလည်း သိတာပဲ ဟုတ်တယ်မို့လား။ ဒါနဲ့များ ဘာလို့ ပြောနေသေးလဲ ပြောမယ်မဟုတ်လား ကလိ ကလိဖြစ်နေလို့ပါဆိုဗျာ။

ကျနော် ငယ်ငယ်က အိမ်ကို ကျနော်နဲ့ ရွယ်တူ ကျနော့ ညီတစ်ယောက်ရောက်လာတယ်။ ကျနော်နဲ့အတူ ကစားဖော် ကစားဖက်ပေါ့။ သူ့ကို ကိုယ်ထိလက်ရောက် နာကျင်အောင် စနောက်ဖူးတယ်။ ပျော်တာပေါ့ သူများ နာကျင်တာပဲ။ ခံပြင်းတာပဲ။ စိတ်ဆိုးတာပဲ။ တနေ့ သူအသားကို နာကျင်အောင် စလိုက်တယ်။ သူတော်တော် စိတ်ဆိုးပြီး ကျနော့ကို အသားကို တန်ပြန် နာကျင်အောင် လုပ်လိုက်တယ်။ ဒီနာကျင်မှုကို ခံစားလိုက်ရတဲ့ အချိန်မှာ ကျနော့် အသိစိတ်ထဲ အသိတခုဝင်လာတယ်။ ဘာလို့ထင်လဲ။ ကိုယ်ချင်းစာစိတ်ဗျ။ ကျနော် နာကျင်အောင် စနောက်လိုက်တုန်းကလည်း သူတော်တော် နာကျင်သွားမှာပဲ ဆိုတဲ့ အသိဝင်လာတဲ့အခါ သူ့အသားကို နာကျင်အောင် ကျနော်မလုပ်တော့ဘူး။

ရပ်ကွက်ထဲမှာ အစ အနောက်သန်တဲ့ အကိုကြီး တစ်ယောက်ရှိတယ်။ သူငယ်ချင်းတွေ ဆုံတုန်း စကြနောက်ကြတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ခေါင်းပေါ် အမှိုက်စ တစ တင်လိုက်တယ်။ အတင်ခံရတဲ့လူက ခံပြင်းတာပေါ့။ နောက်တခါ ကျနော် စမယ်အလုပ် သူကတားတယ် “ကိုယ်စနောက်လိုက်လို့ သူတစ်ပါး စိတ်ဆိုးသွားရင် တခါဆို တော်ပြီ”တဲ့။ သူသည်းခံနိုင်တဲ့ လစ်မစ်ကျော်သွားရင် မကောင်းတော့ဘူး။ ခုထိ ကျနော်စွဲနေတုန်းပဲ။ ကျနော် စနောက်လိုက်လို့ စိတ်ဆိုးသွားရင် နောက်တခါ ကျနော် မစတော့ဘူး။

ကျနော်နဲ့အတူ အခန်းဖော် တယောက်ရှိတယ်။ ခြေမငြိမ် လက်မငြိမ်ထဲကပေါ့။ နှစ်ယောက်ထဲ ရှိတော့လည်း ဒီလူပဲ စနောက် စရာရှိတာပဲလေ။ ကိုယ်ထိလက်ရောက်ရော၊ စိတ်ခံပြင်းအောင်ရော မျိုးစုံ စနောက်တယ်။ သည်းခံပါတယ်။ မကောင်းဘူးလေ ဒီနှစ်ယောက်ပဲရှိတာ။ ကျနော်စိတ်က ညစ်နေတတ်တာ များတယ်။ ဒါကို ဂုဏ်တခုလို အသားယူပြီး ပြောနေတာမဟုတ်ဘူးနော်။ တယောက်တည်း အေးဆေးနေချင်တာ များတယ်။ ဆူဆူညံညံ ပူညံပူညံ မကြိုက်ဘူး။ ဘ၀င်မကျတာ ခပ်များများ။ ကိုယ်ချင်းစာ စေချင်တယ်။ ငါမကြိုက်သလို သူလည်း ကြိုက်မှာ မဟုတ်ဘူးလေ ဆိုတဲ့ အသိလေးရှိအောင် တန်ပြန်လုပ်ပေးတယ်။ မရပါဘူး ကောက်မြဲပါပဲ။ ဒီလို လူမျိုးလည်း ရှိသေးတယ်ဆိုတာ သိလိုက်ရတယ်။

လူဆိုတာ အူမြူးလာရင် စချင်နောက်ချင်တယ်။ အူမြူးနေရင် ဒီစကားပုံလေးကို သတိရတယ် “ခွေးရွှင်ရင် ယုန်ရတတ်တယ်၊ လူရွှင်တယ် ငိုရတတ်တယ်”ဆိုတဲ့ စကားလေးပဲ။ ကိုယ်ချင်းစာစိတ်လေး ရှိရင် ပြဿနာတွေ တော်တော်များများ ပြေလည်နိုင်ပါတယ်။ ကျနော်လည်း အများကြီးရှိလို့ပြောတာမဟုတ်ပါဘူး။ လောဘ၊ ဒေါသ၊ မောဟ နဲ့ ပတ်သတ်လာရင် ကျနော်လည်း ကိုယ်ချင်းစာစိတ် စိုးရိမ်ရေမှတ်ကို ရောက်နိုင်ပါတယ်။

မိတ်ဆွေရော သူတပါး ခံပြင်းအောင် စနောက်ဖူးလား?
အဲဒီနေရာမှာ မိတ်ဆွေ ဆိုရင်ရော ခံနိုင်ရည် ရှိရဲ့လား?

ဆရာအတ္တကျော်(ဆူဒိုနင်) စကားယူသုံးရရင်
တွေးတောဆင်ခြင်နိုင်ပါစေ
ရေတမာ
10;14 MON
23-11-09

15 comments:

တောင်ပေါ်သား said...

ငါလဲ စတတ်၏ နောက်တတ်၏ ခုတော့ စဉ်းစားပြီး ဆင်ခြင်နေပါ၏ နောက်တခါ လူတွေကို မစတော့တာ ကောင်း၏ အေးအေးဆေးဆေး နေပါတော့မယ်လို့ ဆုံးဖြတ်၏


လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

ငါကတော့ အစတည်းက လိမ္မာပြီးသားလေ :P
သူများကို အသားနာအောင် ဘယ်တော့မှ မစဘူး
ကိုယ်လည်းနာမှာကြောက်လို့ .. ဒါပေမယ့် ငါ့ကြောင့်တော့ တချို့ စိတ်အနှောင့်အယှက်ဖြစ်ဖူးမှာပဲ
အဲဒါလည်း ခု ဆင်ခြင်နေတယ် ..း))

kaungkinpyar said...

ကိုယ်ချင်းစာပါတယ် စာပါတယ်....
ငါ့မောင်ကို ဘယ်သူ စိတ်ဆင်းရဲအောင် လုပ်နေတုန်းးးပြောစမ်းးးးးးဘာာာာာ

Beauty Studio USA Branded Store said...

စတယ်နောက်တယ်ဆိုတာလည်း အမြင်သာကောင်းသလိုထင်ရတာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရတာချည်းပဲဗျာ။ သူများကို မစခင် ကိုယ်ကိုရော ဒီလိုစရင်ခံနိုင်ပါမလားဆိုတဲ့ အတွေးလေးရသွားပါတယ်ဗျာ။

kiki said...

လာ စ သွားတယ် ..
စိတ်ဆိုးတယ်လို့ ပြောပါ ။
မပြောရင် ကြောက်တယ်ထင် .. အဲ..
ကြိုက်တယ်ထင်လို့  .. စိတ်ဆိုးတဲ့ အထိ စ လိုက်အုံးမယ် ..
ကဲ.. ရာတမေရေ ..
ဂေါက် .. ဂေါက်... ဂေါက် ..
ဆေးတံကြီး နဲ့  ထပ်ခေါက် လိုက်ပြီ ..
မှတ်ပလား ။

( တော်ရုံ တန်ရုံတော့ စ လို့ ရတယ် ဟုတ် လား )

Ree Noe Mann said...

သူများကို စရန် အရမ်း ဝါသနာပါပါသည်။

ခုတော့ အသက်ကြီးလာတော့ သိပ်မစဖြစ်တော့ဘူး။

နောက်လည်း မစဖြစ်အောင်နေနေပါတယ်

ကိုရီနို

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ကျနော်လဲ ခပ်တည်တည်မျက်နှာပေးနဲ့ အတည်ပေါက် သူများကို စလေ့ စထ ရှိတယ်။ နစ်နာစေမယ့်ဟာမျိုးတော့ မနောက်ပါဘူး။ limit လဲ ရှိပါတယ်။ အခုစာလေးဖတ်ရတာ ခံစားမှုတမျိုး ရလိုက်တယ်။ စာရေးသူကပဲ သူများကို စလိုက်တာလွန်သွားလား.. သူများကပဲ စာရေးသူကို စလိုက်လား..ဘာညာပေါ့...

ကျန်းမာပျော်ရွှင်ပါစေ..

ခင်မင်စွာဖြင့်
ကိုမျိုး

စိုင်းစိုင်းလားရှိုး said...

ကျီစားသန်က ရန်များ၏... ချစ်လို့စတာပါကွာ ဆိုတဲ့စကားနဲ့ စိတ်ဖြေလိုက်ရတာလဲရှိပါ့း)

မိုးစက်အိမ် said...

အေးဗျ ကျူပ်လည်း ကိုရေလိုဘဲဗျ ဆူညံဆူညံ တွေ
မကြိုက်ဘူး အေးအေးဆေးဆေးနေချင်တာ ... ဒါပေမဲ့ 
လည်းဗျာ အသိုင်းအ၀ိုင်း လူမှုဆက်ဆံရေးဆိုတာက
ကင်းလွတ်တော့မရတော့ စိတ်ကိုဖြေလျော့ရတာပေါ့ဗျာ
စိတ်ရှိတိုင်းလုပ်ဆိုရင်တော့ဗျာ ဘာပြောကောင်းမလည်း
:D ကဲ သယ်ရင်းလည်း အဆင်ပြေပါစေဗျာ :)

နှင်းနဲ့မာယာ said...

အညာသားလေးကို အခန်းဖော်ကြီးက
စိတ်ဆိုးအောင်လုပ်နေပြီလား...

စိတ်ရှည် သည်းခံ လမ်းကြောင်းမှန်
မောင်းရန်မော်တော်ကားတဲ့ ဟဲဟဲ...

စိတ်တိုရင် ဒေါသအရင်ထွက်လာတယ်ဟုတ်..
ဒေါသအရင်မထွက်နဲ့နော်
စိတ်အရင်တိုပစ်လိုက်
ပြီးတော့ အဲလိုဖြစ်လာပီဆိုရင်
ရေ ၂ လီတာတိတိ တထိုင်တည်းမော့ပစ်လိုက်...


မနှင်း

leomark said...

အင်း...
စိတ်တော်တော်စိုးနေ တိုနေ ပုံပဲဟ။ ငါ့လူရ ဘယ်လိုဖြစ်တာတုန်း။ အဲလောက် ညစ်နေရင်လည်း လျှော်ပစ်လိုက်လေ။း) ကိုယ်ချင်းစာတာ ထက် နားလည်ပေးတာက ပိုကောင်းမယ်ထင်တယ်။

rose of sharon said...

ထောက်ခံပါတယ်... ကိုယ်ချင်းစာစိတ်လေးရှိရင် လူတိုင်းနဲ့ သင့်မြတ်အောင် ပေါင်းသင်းလို့ရတယ်...

မငုံ said...

အကျှီစားသန်ရန်များတဲ့။ ကိုယ့်ဘက်ကတော့ ပျော်လို့ နောက်လိုက်ပေမဲ့ တဘက်သားမှာ သွားပြီးခံရခက်တာတွေ ရှိတယ်နော်။ တချို့စနောက်တာက လူကြားထဲမှာ အရှက်ခွဲလိုက်သလိုပဲ တအားခံရခက်တယ်။ ကောင်းတဲ့ ဝေမျှမှု့လေးပါ။

နွေးနေခြည် said...

မသိလို့လုပ်မိတာတော့ ရှိချင်ရှိမယ်...
မကြိုက်မှန်းသိရက်နဲ့တော့ မလုပ်ပါဘူး။

Angel Shaper said...

ရာတမေရေ......
စိတ်တိုအောင် လုပ်တဲ့သူရှိရင်
လက်သီးတစ်ချက် ကျွေးလိုက်ပါဟာ ရှုပ်တယ်။
သူငယ်ချင်း စိတ်ရှည်ပြီး သည်းခံတတ်ပါစေဟာ... ဟဲဟဲ ( အညိုးညိုးပဲနော်.. ညက်ညာကိုညားတယ် အဟဲ)