Saturday, November 28, 2009

ရင်ထဲက ခုနှစ်ရာတစ်ဆယ့်သုံး

သူငယ်ချင်းတယောက်က သူ့အဖေကို သွားကြိုဖို့ ရန်ကုန်သွားမယ် လိုက်မလား၊ ကျိုက်ထီးရိုးပါသွားမယ် ဆိုပြီး မဲဆွယ်တာနဲ့ မာတာမိခင်ကြီးဆီကို ပါမစ်တင်လိုက်တဲ့အခါ ဘုရားလည်ဆိုတော့ မချစ်သော်လည်း နမ်းခဲ့ပါတယ်။ ညီတယောက်ပါ အဖော်အဖြစ်ခေါ်ပြီး ၄ယောက်ပေါင်း မြောင်းကျော်ခဲ့ကြတယ်။ ဂတီးဂတီးစီးရမည့် ရထားကြီးကို ရန်ကုန်ကို ဦးတည်လိုက်ပါတယ်။ ၄ယောက်ဆိုတော့ ထွေရာလေးပါးလေးတွေ ပြောပြီး ခရီဆက်လာတာ ဆင်မြို့တော် ကျောက်ဆည်ရောက်တဲ့အခါ သူငယ်ချင်းက မေးတယ် “ခုစီးလာတဲ့ ရထားကြီးရဲ့ ဘယ်ဖက်က ကျောက်ဆည်ဆိုတော့ ညာဖက်ကရော ကျောက်ဆည်လား”တဲ့။ တယောက်ကလည်း မီးကလည်းမှိန်လိုက်တာလို့ အပြစ်တင်တယ်။ တကယ်တမ်း မီးချောင်းကို မရှိတာပါ။ ရယ်စရာဟာသလေးတွေ အသံဖမ်းပြီး ခရီးဆက်လာတာ မနက်မိုးသောက် အလင်းရောက်တော့ ရန်ကုန်ဘူတာကြီးကို ဆိုက်ရောက်ပါတယ်။

တည်းခိုရမည့် အင်းစိန်ကို အဆင်ပြေချောမောစွာ ရောက်ရှိခဲ့ပါတယ်။ သစ်တောဝင်းတလျောက် လျှောက်ကြည့်ဓါတ်ပုံရိုက်၊ ကျိုက်ထီးရိုးသွားဖို့ အောင်မင်္ဂလာအဝေးပြေးကွင်းမှာ လက်မှတ်သွားဝယ်ကြတယ်။ “ခရေပင်လမ်းခွဲ” ဆိုတဲ့လမ်းအမည်ကို သိပ်သဘောကျတယ်။ ညမှာ ကာရာအိုကေနဲ့တွဲထားတဲ့ ဘီယာဆိုင်ကို တအံ့တသြတွေ့ရသေးတယ်။လေဆိပ်မှာ သွားကြိုပြီး လှိုင်က သူတို့အမျိုးတွေက ထမင်းစားဖိတ်တော့ ညစာသွားစားကြတယ်။ ချောင်းဝရောက်တော့သူငယ်ချင်းအဖေရဲ့ ရုံးက မာဇဒါဂျစ်ကို အလိုင်းမင့် ချိန်ကြတယ်။ ကျနော်တို့စီးလာတဲ့ကားပေါ့။ အလိုင်းမင့်ချိန်နေတုန်း ဖုန်တက်နေတဲ့ ကားရဲ့နောက်မှန်ကို အရူးမ တယောက်ကနေပြီး စာလာရေးတယ်။ “ခုနှစ်တစ်သုံး”ဆိုပြီး။ “သုံး”ရေးလို့မပြီးခင်မှာ ကားကထွက်သွားရော။ ဒါနဲ့ သူငယ်ချင်းသုံးယောက်တိုင်ပင်ကာ “၇၁၃”ဆိုပြီး ချဲစပ်တူ ထိုးကြမယ်လို့ဆုံးဖြတ်လိုက်ကြတယ်။

နောက်တနေ့ အောင်မင်္ဂလာကားကွင်းကနေ ကျိုက်ထီးရိုးတောင်ဆီ ခရီးထွက်ခဲ့ကြပါတယ်။ ငိုက်တလှည့်၊ ငေးတလှည့်ခရီးဆက်ရင်း တောင်ခြေကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့ပါတယ်။ တောင်ခြေမှာ ထမင်းစားသောက်၊ ခတ္တနားပြီးလျင်တောင်တက်ခရီး စတင်ခဲ့ကြပါတယ်။ ငယ်ငယ်ကဖတ်ခဲ့ရတဲ့ ဆရာဆွေမင်း(ဓနုဖြူ)ရဲ့ တွတ်ပီစာအုပ်လေးကိုပြန်မြင်ယောင်မိပါတယ်။ ဆရာစာအုပ်လေးထဲကအတိုင်း တထေရာထဲပါပဲ။ ကျနော်တို့ သူငယ်ချင်း တတွေလည်းတဆိုင်ဝင် တဆိုင်ထွက်နဲ့ တောင်ဝှေးဝယ်ယူရင်း တောင်စတက်ကြပါတယ်။

နယ်မြေစိမ်းလို့လားမသိဘူး တမျိုးလေးဖြစ်နေတယ်။ မိနစ်အတော်ကြာ ခရီးဆက်လာလိုက်တာ လမ်းခရီးမှာ ရှိတဲ့အိမ်လေးကို မေးကြည့်တော့ ခုမှ အစပဲရှိသေးတယ်တဲ့။ ကံဆိုးချင်တော့ ကျနော်အ၀တ်အစားတွေ ယူလာတဲ့အိတ်က ကျောပိုးအိတ်မဟုတ်ဘဲ လက်ဆွဲအိပ်ဖြစ်နေတော့ အချိန်ကြာလာတာနဲ့အမျှ လေးလာတယ်။ ကျောပိုးအိတ်ယူလာတဲ့သူငယ်ချင်းတွေလည်း တယောက်ပြောင်းသယ်နေကြပါတယ်။ မထူးဘူးဆိုပြီး အိတ်ကို တောင်ဝှေးနဲ့ လျှိုပြီးထမ်းလာကြတယ်။ ကျနော်တို့ တောင်တက်ခရီးက ခြောက်ကပ်ကပ်ရယ်ဗျ။ စာအုပ်တွေထဲကလို အခြားအဖွဲ့တွေလည်းမတွေ့ဘူး။ ချွေးတပြိုက်ပြိုက် ပူလောင်အိုက်စပ်စပ်၊ သီချင်းတကြော်ကြော်၊ ပုခုံးစပ်ဖျဉ်းဖျဉ်း၊ အူတမြူးမြူးနဲ့ တတောဝင်တတောင်တက် ခရီးဆက်ခဲ့ကြတာ အတော်တောင် ခရီးပေါက်ပြီကော။

ဖုန်တသောသော၊ တောနံတောင်နံလေး တသင်းသင်းနဲ့ အရသာတော့ အရှိသားဗျ။ နာမည်ကြီးတဲ့ ရေမြှောင်ကြီးရေမြှောင်လေး ရောက်ပါပြီ။ ခရီးသွားတွေကို အတင်းဆွဲတယ်ဆိုပြီး သတင်းသဲ့သဲ့ကြားထားတော့ လန့်လည်းလန့်ပါတယ်။ဟိုရောက်တော့ ဒီလောက်မဟုတ်ပါဘူး။ ကျနော်တို့လည်း ခဏ တဖြုတ်နားပြုပြီး စခန်းက ထွက်လာခဲ့ကြတယ်။စိုင်တမော့ရောက်တော့ အောက်မှာ ခဏနား။ အပေါ်ရောက်တော့ ဘူးသီးကြော်စားကြတယ်။ အချဉ်က ဖြစ်သလိုပါပဲ။တောတောင်ဆိုတော့ ရှားပါးတာလည်း ပါတာပေါ့။ ဖိုးပြန်တောင်၊ နဂါးပတ်တောင်၊ မြေဖြူတောင်တွေ ဖြတ်ကျော်အပြီးကျိုက်ထီးရိုးစေတီကြီးကို လှမ်းပြီး မြင်လိုက်ရတယ်ဆိုရင်ပဲ ပမ်းသမျှ အမောတွေ ပြေပျောက်သွားပါတယ်။ ဒါပေမယ့်ရင်ပြင်တော်ဆီရောက်ဖို့ ၁မိုင်လောက်လိုပါသေးတယ်။ လမ်းမှာတွေတဲ့ စေတီမှာ ကျန်ခဲတဲ့ NCC7 မောင်နှမတွေအတွက် ခေါင်းလောင်း လှူဒါန်းပေးခဲ့တယ်။

ရင်ပြင်တော်ပေါ်ရောက်တော့ အပြေးလေးသွားခဲ့ရပါတယ်။ ဘုရားဖူးချင်တဲ့ဇောတော့ မဟုတ်ပါဘူး။ ကျောက်ပြားတွေကပူလွန်းလို့ပါ။ ရင်ပြင်တော်ပေါ်ကဆင်းပြီး ထမင်းဆိုင်လေးတွေရှိတဲ့ဖက်ကို ဆင်းပြီး နားခိုဖို့ ပြင်ဆင်ရပါတော့တယ်။အဆင်ပြေပါတယ်။ ဈေးကြီးတာကလွဲရင်ပေါ့။ အနီးအနားက တောင်တွေဖက်သွားရင်း ကိုနိုင် သိပ်ကြိုက်တဲ့ နာမည်လေးတွေ့ခဲ့ရတာလည်း အမှတ်တရပါပဲ။ ညဖက်တော့ ဘုရား မရှိခိုးနိုင် လောက်အောင် လေတိုက်တယ်ဗျ။ မွေးပျံတဲ့ရနံတွေနဲ့အတူ ကျောချမ်းစရာ အဖြစ်လေးတွေလည်း ကြုံခဲ့ရတယ်။ ရောက်ဖူးတဲ့ သူငယ်ချင်းတွေကလည်း ရီစရာအဖြစ်လေးတွေ ပြောရင်း ညချမ်းကို အဆုံးသတ်လိုက်ကြတယ်။ နောက်တနေ့ လျောက်လည်ကြရင်း ဆေးတွေဝယ်၊အမှတ်တရပစ္စည်းလေးတွေဝယ်ကြတယ်။ ncc7 မောင်နှမတွေအတွက် အကျီလေးတွေ ၀ယ်ခဲ့တယ်။ ခါးနာတတ်တဲ့အဖေ့အတွက် လိမ်းဆေး တပုလင်း ၀ယ်ခဲ့တယ်။ အမအတွက် ဖျင်အကျီလေးတထည်။(တသက်နဲ့ တကိုယ် ဒီတခါပဲဝယ်ပေးဖူးတယ်ထင်တယ်)။ အမေ့အတွက်နံသာဖြူပုတီးလေး လက်ဆောင်ဝယ်ခဲ့တယ်။ ဒီလိုနဲ့ လာလမ်းလေးအတိုင်းပြန်ဆင်းပြီး ကျနော်တို့ ကျိုက်ထီးရိုးခရီးစဉ်လေးကို အဆုံးသတ်လိုက်ကြတယ်။

ရန်ကုန်မှာ သူငယ်ချင်းအဖေ လုပ်စရာလေး မပြတ်သေးတာ တကြောင်း၊ ရန်ကုန် ရောက်တုန်း လျှောက်သွားကြတယ်။ဘတ်စ်ကား စီးကြတယ်။ ကြို့ကုန်းအပေါ်နဲ့ အောက်လမ်းမှားစီးလို့ ဂိတ်ဆုံးကနေ ဖရဲသီးစားပြီး ပြန်စီးရသေးတယ်။ ဒီလိုနဲ့မန္တလေးရွှေမြို့တော်ကြီးကို ပြည်တော်ပြန်ခရီး မြန်းခဲ့ကြပါတယ်။ အိမ်ရောက်တော့ အမေနဲ့ အဒေါ်ကို အရူးမကြီးအကြောင်းပြောပြတော့ အဒေါ်က သူဈေးကနေထိုးပေးမယ်တဲ့။ သူငယ်ချင်းတွေကိုလည်း ထိုးမယ့်အကြောင်းပြောလိုက်တယ်။ သူတို့ကလည်း ပေါက်ရင် ရှယ်ရာလာပေါ့။ အရင်းကတော့ ပေါက်မှပေးမယ်။ ကျနော်အိမ်ပြန်ရောက်တော့ချဲဖွင့်ပြီးတာ ၃ ၄ ရက်ပဲရှိသေးတယ်။ နောက်ထပ်ဖွင့်ဖို့ စောင့်ရဦးမှာပေါ့။

အိမ်မှာ လက်သမားတချို့ အလုပ်လုပ်နေကြတယ်။ သူတို့လည်း အေးရာအေးကြောင်းအလုပ်လုပ်နေကြတာ ကြာပေါ့။ ကိုယ်လည်း အေးရာအေးကြောင်း ကာတွန်းဖတ်လိုက် ဂိမ်းဆော့လိုက် သူတို့နဲ့ လေပန်းလိုက်နဲ့ အဖွဲ့ကိုကျလို့။ တနေ့ သူတို့ အလုပ်လုပ်နေတာ နေစောင်းတော့မယ်။ လက်သမားလေးတယောက် လုပ်လက်စ အလုပ်လေးပစ်ထားပြီး အပြင်ခဏထွက်သွားတယ်။ ပြန်လာတော့ ၀မ်းသာအဲလဲ အသံနဲ့ ကျနော် တွတ်ရတယ်ဗျတဲ့။ နေပါဦး ဘာဂဏန်းတုန်းလို့ မေးလိုက်တော့ "၇၁၃"တဲ့။

13 comments:

kiki said...

၇၁၃ ---
ဘယ်လောက်ဖိုး ထိုးလိုက်တာ တုံး...
များများထိုးလိုက်ရင် ခုလောက်ဆို ရာတမေ တယောက် စလုံး ဆလိမ် တောင် လုပ်စရာ မလိုတော့ ဘူး နော် ..
အဲ့ ဒီ အရူးမကြီး ကို ထပ်သွားရှာပါလား လို့  ..ဟီးဟီး

နေစိုးနိုင် said...

ကျိုက်ထီးရိုးကိုပြန်ရောက်သွားသလိုပါပဲလားကရို့...

ညီရေ...

အင်းယားမှာ .. ဘာ ညာ ဘာညာ လုပ်ပြီး ကားပျောက်တာ တို့ လည်းရှိသေးသနော် ..

ပြန်တွေးကြည့်လိုက်ရင် .. ရင်မောစရာကြီး ...

မင်း .. မဖော်တော့ ငါဖော်ရတာပေါ့ကွာ.. မကြာခင်ရေးတင်လိုက်မယ်...

rose of sharon said...

ဟယ်... ထိုးလိုက်ရင်ပေါက်မှာနော်...

မေလေး said...

မကီပြောသလို အရူးမကြီးထပ်တွားရှာ
ကိုနေစိုးနိုင်ပြောသလို ရင်မောစရာ
မမရှရွန်ပြောသလို ထိုးလိုက်မိရင်
.....................
.....................
.....................
balar balar balar
စလုံးမှာ မျက်စိနောက်စရာလူတယောက်လျော့သပေါ့ကွယ်...
အဟေးးးဟေးးးးးးး

kaungkinpyar said...

ကျိုက်ထီးရိုး သွားချင်တယ်...း)

မိုးခါး said...

ဟယ် ...
နင်က အရူးမကြီးနဲ့ အကျိုးပေးတာပေါ့နော် .. :P
မုန့်ဖိုးလေးဘာလေးသွားမပေးလိုက်ဘူးလား :D

နွေးနေခြည် said...

ကျိုက်ထီးရိုးကို တော်တော်လွမ်းသွားတယ်
ကိုယ့်အတွက်တော့ ဘယ်တော့သွားသွားမရိုးဘူး။
ခြေလျှင်၂ခါပဲ တက်ဖူးတယ်။ အဲဒီ နဂါးပတ်တောင်တော့ ဖိုးပြန်တောင်တို့ဆိုတာ... ခုနောက်ပိုင်း ကားနဲ့ တက်တဲ့လူတွေ သိတော့မှာမဟုတ်ဘူး။

ဒီလိုဆောင်းရာသီ ကျိုက်ထီးရိုးသိပ်သွားချင်တယ်....

Beauty Studio USA Branded Store said...

ဘုရားဖူးသွားမှာမို့ အရူးမက အတိတ်စိမ်းပေးသွားတာနေမှာပေါ့။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ..

တော်သေးတာပေါ့ဗျာ.. အရူးမကြီး ရေးလို့မပြီးခင် ကားထွက်လိုက်လို့။ မထွက်မိလို့ကတော့ ဘယ်နှလုံးရေးနေမလဲ မသိဘူးနော်။ တွတ်မို့လို့နော်... ဒဲ့သာဆိုလို့ကတော့..


ခင်မင်စွာဖြင့်
ကိုမျိုး

စည်သူ said...

အိုး... ကားလေးက လှလိုက်တာ..
ဒီလောက်လှတဲ့ ကားပေါ်မှာ ၇ ဟောဒီလို.. ၁ ဟောဟီလို.. ၃ ဟောဒီလိုရေးလိုက်မယ်..း)

အင်း..
ကျောင်းသားဘဝကို သတိရသွားတယ် ရေတမာရေ..
မရောက်တာ ၅ နှစ်လောက၇်ကို ရှိသွားဘီး..
ကျောင်းသားဘဝကပဲ အဲလိုတက်ဖူးတာ နောက်ပိုင်းက ကားနဲ့ပဲတက်တာ များတယ်လေ..

မေ့အတွက်ဝယ်ပေးတာ ဒါပထမဆုံးအကြိမ်တဲ့.. ကိုယ်လည်း ပြန်စဉ်းစားလိုက်မိတယ်..

ငါရော ဘယ်နှစ်ကြိမ် ဝယ်ပေးဖူးလဲလို့ပေါ့..
စဉ်းစားလို့မရဘူး.. ဟီးဟီး..

ပျော်ရွှင်ပါစေ
စည်သူ။

ကြယ်ပြာ said...

ဖတ်လို့ကောင်းတယ် ... ကျိုက်ထီးရိုးခရီးစဉ်ကိုတောင်ပြန်လွမ်းသွားတယ် ...း)

မငုံ said...

ကျိုက်ထီးရိုးဘုရားဖူးသွားတုန်းက လမ်းလျှောက် တောင်တက်ခဲ့တာလေးကို သတိရမိတယ်။ ဘယ်လောက် မောမော နောက်ဆုံး တောင်ထိပ်အရောက် စေတီတော်ကို ဖူးရတာနဲ့ အမောအားလုံး ပြေတယ်နော်။

Angel Shaper said...

ဟဲ့ အဲဒီ ဂဏန်းးးးး ပေးတဲ့ အရူးမကြီးနဲ့ နင့်အကြောင်းပါ ထည့်ရေးလေ။ လျှိုထားတယ်။ ကြည့်စမ်းးး အချင်းချင်းကို. ကိုနိုင်ကြီးပြောသလို နင်မဖော်တော့ ငါဖော်ပေးရတာပေါ့။ ငါ့ယောင်းမ အရူးမကြီး ကို အဟဲ....