Sunday, October 25, 2009

ညနေစာ


အိမ်မှာ အခန်းဖော်တယောက်နဲ့ အတူတူ သူတရက် ကိုယ်တရက် ထမင်းဟင်းချက်စားကြတယ်။ ၈ နာရီခွဲ ကိုးနာရီ လောက်ဆိုရင် ချက်ပြုတ်၊ ရေမိုးချိုး ခူးခပ်ပြီး နှစ်ယောက်သား ထမင်းစားကြတယ်။ ကိုယ်ကတော့ ပုံစားကို သဘောကျတယ်။ သူကတော့ သေချာ ဟင်းတွေ ပန်းကန်ထဲ ခူးခပ်ထည့် ကျန်တဲ့ ဟင်းအနှစ်ကို အိုးနှယ်၊ ဟင်းအိုးကို ရေစိမ်ပြီးမှ ထမင်းပွဲပြင်တယ်။ နောက်တော့လည်း သှူှ့ဗျူဟာ အတိုင်း လိုက်လုပ်လိုက်တယ်။ စောစောစားဖြစ်ရင် စကားလေး ဘာလေး နည်းနည်းပြောပေါ့။ ၉ နာရီထိုးမှ စားပြီဆိုရင် တီဗီကလာတဲ့ ဇာတ်လမ်းကြည့်ရင်း ထမင်းက ဘယ်လိုပြီးသွားမှန်း မသိဘူး။ စားပြီးတော့လည်း ရေရွတ်မိသေးတယ် သြော် တနပ်တော့ ပြီးသွားပြန်ပြီ ဆိုပြီးလေ။

သူငယ်ချင်းတွေနဲ့ တပတ်ကို တခါလောက်မှ မတွေ့ရရင် မနေနိုင်ဘူး။ ဆုံပြီဆိုရင်လည်း တပျော်တပါး စကြနောက်ကြ စားကြသောက်ကြနဲ့ ပျော်စကြီး။ တခါဆုံလိုက်ပြီဆိုရင် ထမင်းဝိုင်းကြီးက အကြီးကြီးပဲ။ စကားတွေဆိုလည်း လုပြောကြ။ ဟင်းတွေဆိုလည်း လုစားကြ။ စားလို့ကလည်းကောင်း ပြောလို့ကလည်းကောင်း အိမ်က ဟင်းတခွက်တည်း ထမင်းဝိုင်းနဲ့တော့ စိုပြေတာအမှန်။ ကျွေးတဲ့သူကလည်း စေတနာပါပါ။ စားတဲ့သူကလည်း အားပါးတရ။ မေတ္တာတွေပါ ပါတယ်ဆိုတော့ မကောင်းဘဲ နေပါဦးမလား။

ဒါကြောင့် လူမျိုးတိုင်း လူမျိုးတိုင်းမှာ မိသားစုဆုံအောင် စောင့်ပြီး ထမင်းစားကြတယ်။ အခုများတော့ အိမ်ထဲမှာ အဖိုးကြီး ကြောင်စာ ခွေးစာကြွေးရင်း အဖွားကြီး ပန်းကန်ဆေးနေတယ်။ လင်မယားနှစ်ယောက် စားသောက်ဆိုင်မှာ ထမင်းကို အရသာတောင် မခံနိုင်ဘဲ အမြန်စားနေကြတယ်။ အိမ်ဖော်မလေး ကလေးထမင်းကျွေးနေတယ်။ ခေတ်ကာလ ရေစီးကြောင်းအရ ထမင်းဝိုင်းတွေလည်း တဖြည်းဖြည်း လူတွေနည်းပါးလာပါတယ်။ ခြောက်ကပ်ကပ် ထမင်းဝိုင်းတွေ များပြားလာတယ်။

ထမင်းလုံးကျ ကျပြန်ပြီ။ တပျပ်ပျပ်မြည်ရင် မြည်ပြန်ပြီ။ ဟင်းဖိတ်ဖိတ်ပြန်ပြီ။ ခေါင်းပူခဲ့ရတဲ့ ထမင်းဝိုင်းတွေ။ ဗိုက်ကဆာ လူကြီးတွေ ဦးချတာ ကြည့်ရင်း သွားရည်ကကျနဲ့ အသားတုံး လုရတဲ့ ထမင်းဝိုင်းတွေ။ အဖိုးဒေါသထွက်လို့ ကြောက်ကြောက်နဲ့ စားခဲ့ရတဲ့ ထမင်းဝိုင်းတွေ။ အမေမရှိတုန်း သားအဖ လေးယောက် ငါးကြင်းမြီးချဉ်စပ် ၀ယ်စားရင်း ဟင်းကို ပန်းကန်ထဲအထည့် ဟင်းတွေ အောက်ပြုတ်ကြလို့ ငိုခဲ့ရတဲ့ ထမင်းဝိုင်းတွေလည်း ရှိရဲ့။ တခါတလေတော့လည်း ငယ်ငယ်က စိုစိုပြည်ပြည်စားခဲ့ရတဲ့ ထမင်းဝိုင်းတွေကို မက်မော တောင်းတမိပါတယ်။

ပြောမယ်ဆိုရင်တော့ သတိရစရာတွေကြီးပဲ။ မြန်မာပြည်ကလူငယ်တွေ အပြင်ရောက်နေကြတော့ မိသားစု ၀င်တွေ လျော့နေတဲ့ ထမင်းဝိုင်းတွေ ဘယ်လောက်များလိုက်မလဲ။ တချိုလည်း တယောက်။ တချို့လည်း နှစ်ယောက်၊ သုံးယောက်လျော့နေကြမှာပါပဲ။ စားကောင်းသောက်ဖွယ် စားသောက်ရတဲ့ အခါ ချစ်သူခင်သူကို သတိရတယ်တဲ့။ အမေလုပ်တဲ့သူဆို ဘယ်လောက်များ သတိရနေမလဲမသိဘူး။

ပြောကြတယ် တချို့တလေ အိုကွာ ၀မ်းခြင်း ဆုံတာမှတ်လို့ ဆိုပြီး။ ၀မ်းခြင်းမဆုံပေမယ့် လက်ခြင်းဆုံနိုင်တယ်လေ။ ဧည့်သည်လာမှာစိုးလို့ ပြောင်းပြန်ပြန်မွှေရင်း ရီမောခဲ့ရတာတွေက ၀မ်းခြင်းဆုံတာထက် ပိုပျော်ဖို့ကောင်းပါတယ်။ ထမင်းဝိုင်းက ဟာသလေးတွေကလည်း တနေ့တာ ပင်ပန်းခဲ့သမျှတွေ အထိုက်အလျောက်တော့ လျော့ကျစေတာပါပဲ။

ရသတဏှာအတွက် အကုသိုလ်ဖြစ်ချင်လည်း ဖြစ်မယ်။ မဖြစ်နိုင်တဲ့ အရာတခုကို ရူးရူးမိုက်မိုက် တောင့်တနေတာလည်း ဖြစ်ချင်ဖြစ်မယ်။ မိသားစုစုံစုံညီညီနဲ့ ထမင်းဝိုင်းလေးတစ်ခု အမြန်ဆုံး ဖန်တီးနိုင်ပါရစေ။

မှတ်ချက်။ ။ ပုံကို နွေးနေခြည်၏ စိတ်ခိုင်ရဲ့လား ပိုစ့်မှ ကူးယူထားပါသည်။

20 comments:

Ree Noe Mann said...

စိတ်ကူးလည်း ကောင်းပါတယ်

ခင်တဲ့ ကိုရီနို

ဂျပန်ကောင်လေး said...

သားရည်တွေ ကျလာပြီ.. ကျနော်ကတော့ ငယ်ငယ်ကတည်းက မိသားစု စုံစုံ တခါမှ မစားဘူးလို့ အရသာမသိပေမယ့်.. ဖတ်ရတာနဲ့ မိသားစုလက်စုံစားရတာ ကြည်နူးလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်....

kaungkinpyar said...

ထမင်းစားချိန် တွေကို သတိရအောင် လုပ်တယ်....
ညနေစာ ချက်ပြီးရင် အကြောင်းကြား ဦးနော်...

Waing said...

စာဖတ်ရင်းနဲ့ မိသားစု ထမင်းစားတဲ့ အချိန်ကို ပြန်ပြီး သတိရမိသွားပြီ ကိုရေတမာရေ...ဒီလိုမျိုးမစားရတာ နှစ်နဲ့ကြာပြီပေါ့

နွေးနေခြည် said...

မြန်မာပြည်က လူငယ်တွေ အပြင်ရောက်နေကြတော့ မိသားစု ၀င်တွေ လျော့နေတဲ့ ထမင်းဝိုင်းတွေ ဘယ်လောက်များလိုက်မလဲ....

အဲဒါဖတ်ရတော့ စိတ်မကောင်းဘူးကွယ်။

မိသားစုတိုင်း ထမင်းလက်ဆုံ စားနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မေလေး said...

၎ ပန်းကန် စားခဲ့တဲ့ နေ့လည်မဟုတ်ညနေမဟုတ်စာ လေး သတိမရဘူးလားအေ့။

ညီညီ said...

အိမ်က ထမင်းဝိုင်းကိုလွမ်းလာပြီဗျာ.။


ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

သံလွင် HeRo said...

မိသားစုလက်ဆုံစားဝိုင်းကတော့
ကျနော့်အတွက်တော့တန်ဖိုးအရမ်းရှိပါတယ်။
၇တန်းလောက်ကတည်း ညဘက်ကျူရှင်ပြန်
တာနောက်ကျလို့အမေက ထမင်းနဲ့ဟင်းလေး
နေ့တိုင်းလိုလိုပုံပေးထားတာကိုပဲတီးလိုက်တယ်။
၉တန်းရောက်ပြန်တော့အိမ်နဲ့ဝေးပြီးရန်ကုန်
ကိုရောက်တယ်။ဟောဆယ်တန်းအောင်တော့
လည်းဒီကိုရောက်ပြန်တယ်။ ဒီကြားထဲ
ပြန်တဲ့အချိန်တွေမှာညီတွေကရန်ကုန်ရောက်လိုက် အငယ်ကောင်ကဂိမ်းဆိုင်ဒိုးနေလိုက်နဲ့
မိသားစုစုံစုံလင်လင်စားတဲ့အချိန်ဟာ
လက်ချိုးရေလို့တောင်ရပါတယ်။

ဒါနဲ့ကိုတမာ ဘာလို့ကိုယ့်အိမ်ကပုံကို
မတင်တာလဲဗျာ....နောက်ဆိုလက်ရာ
ဘယ်လောက်ကောင်းလဲသိအောင်ချက်ကျွေး
ပါ။ မောင်းခတ်လိုက်ဗျို့....လာစားမလို့း)

သုခုမလေဒီ said...

ထမင်းဝိုင်းလေးအကြောင်းဖတ်ရတော့ ဟိုးအရင် ကမိသားစုဆုံရတဲ့ ထမင်းဝိုင်းကိုသတိရမိပါတယ်။ ကြာခဲ့ပါပြီ အဲလိုထမင်းဝိုင်းကပြန်မရနိုင်တော့ဘူး။

တလနွန် said...

ထမင်းဝိုင်းနဲ့ ပတ်သက်လို့ ခံစားမိတယ်......

တောင်ပေါ်သား said...

လက်ဆုံလေးတော့ စားချင်တာ လက်ရေတပြင်တည်းပေါ့း) ဂျီးတွေနဲ့နယ် ဟင်းရည်တွေလောင်းထဲ့ တယောက်က ထမင်းစေ့ပြန်ပြုတ်ကျတာကို နောက်တယောက်ကစား အဟီးဟီးးးးး အဲ့လိုစားချင်လား အိမ်ကိုလွမ်းသွားတယ် အဲ့လို မိသားစုနဲ့ တူတူထမင်းမစားရတာ နှစ်ပေါင်းမနဲတော့ဘူးဗျာ အမြဲတမ်း လူကတော့ လျှော့နေတာပါပဲဗျာ..


လေးစားလျက်
တောင်ပေါ်သား

kiki said...

အောင်မလေး .. ဟင်းတွေက စုံနေတာ ဆိုတော့ တွေ့တွေ့ ချင်း ဘုန်းကြီး ဆွမ်းကျွေး ထင်နေတာ ။
မိသားစု ထမင်းဝိုင်းလေး ပါလား ။
ပျော်စရာ အချိန်လေးတွေ လွမ်းမိသွားတယ် ရာတမေရယ် ။
ခုတော့ နေ့ ရော၊ ညရော တယောက်တည်း .. တီဗီရှေ့ ထိုင် ၊ ကွန်ပြူတာရှေ့ ထိုင်စားရင်းနဲ့ ပဲ ။ခြောက်ကပ်ကပ် ထမင်း မြို နေရတယ် ..း((

နေစိုးနိုင် said...

လွမ်းမိပါရဲ့ကွာ

ဘယ်လိုပြောရမလဲ ...

အင်း ...
အဲလိုလေ
သိတယ်မို့လား

လွမ်းတယ်ကွာ

မြရေလျဉ် said...

ဟုတ်လောက်တယ်..။

ငါ့မေမေလဲ ငါ့ ကို ထမင်းစားတိုင်းသတိရနေတော့မှာပဲ..။

လွမ်းလိုက်တာဟာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ

မိုးစက်အိမ် said...

ရေတမာတစ်ယောက်တည်းစားတယ် နည်းနည်းပါးပါး
လက်မတို့ ဘူး ပြောလို့ ပြောတာပါဗျာ အလို ထမင်းဝိုင်း
လေးတော်တော်လွမ်းမိပါတယ် . . .

မငုံ said...

အိမ်က ထမင်းဝိုင်းကို သတိရတယ်။ :(

Angel Shaper said...

ပုပ်ကြီးရေ....
ငါ တကယ်ကို သတိရသွားတယ်ဟာ...
င့ါအိမ်က ထမင်းဝိုင်းပြောတာပါ။ ဟင့်ဟင့်
ဒီ့ထက်တောင် ပျော်ဖို့ကောင်းသေးတယ်။
ထမင်းဝိုင်းဆို စိတ်မခိုင်တတ်တာ ငါ့အကျင့်။ ဟင့်

Moe Cho Thinn said...

အမ အိမ်က မိသားစု ထမင်းဝိုင်းလေးကို လွမ်းသွားပြီ။ အမတို့လဲ အမြဲ မိသားစု ဆုံမှ စားလေ့ရှိတယ်။ ပျော်စရာလဲ ကောင်း၊ ထမင်းလဲ ပိုမြိန်လို့ လူတွေ ၀ နေတာသာ ကြည့်..။

အခု ကိုယ်ပိုင် မိသားစုလေး ဖြစ်လာတော့လဲ နှစ်ယောက်အတူ အမြဲ လက်ဆုံစားတယ်။ ဒီပို့စ်လေးက ရသ အပြည့်ပေးပါတယ်။

noblemoe said...

ဘယ်တော့ များမှ မိသားစု စုံစုံလင်လင်စားရမယ်တော့
မသိဖူးပေါ့ လေ။
ပုံကိုကြည့် ပြီး အော်ရေတာမ တို့ ထမင်းဝိုင်းကဒီ
လောက်သပ်ရပ်တယ်လားထင်မိတာ နောက်မှထင်တဲ့ တိုင်းပဲ ပုံကသူများပုံ ကြီးးP
ကိုယ်ပိုင်မိသားစုလေးနဲ့ ပျော်ရွှင်တဲ့  ထမင်းဝိုင်းလေးကို
အမြန်ဆုံး ရရှိနိုင်ပါစေ..............
သာယာချမ်းမြေ့ပါစေနော်
မိုး

Mogok Thar said...

ခု... ထမင်းဝိုင်းလေးက ရေတမာကို စောင့်နေဘီလေ...

လူသာ လာဖို့ အဓိက...