Monday, August 31, 2009

ံHannah Montana

10 comment
Hannah Montana ဟာ နာမည်ကျော်ကြားတဲ့ ဆယ်ကျော်သက် ပေါ့အဆိုတော်လေးတစ်ယောက်ပါ။ ခြောက်နှစ်သမီး အရွယ်ကစလို့ သီချင်းတွေ ဖြေဖျော်ခဲ့ပါတယ်။ အောင်မြင်သူတို့ထုံးစံအတိုင်း လွတ်လပ်မှုတွေ ဆုံးရှုံးကာ သတင်းသမားတို့ ပစ်မှတ် အမြဲပဲဖြစ်ခဲ့ပါတယ်။ သူမရဲ့ ကျောင်းချိန်တွေမှာ လည်း Hannah Montana ပုံရိပ်တွေ လွမ်းမိုးနေသလို၊ အချစ်ဆုံးသူငယ်ချင်းလေး Lilly ရဲ့မွေးနေ့ပွဲမှာတောင် ဒီအရိပ်လွမ်းမိုးလို့ သူငယ်ချင်းရဲ့ ငြိုငြင်မှုကိုခံခဲ့ရပါတယ်။

Hannah ဟာ miley ဆိုပြီး ကျေးလက်လေးက လယ်သမားမိသားစုမှ ပေါက်ဖွားလာခဲ့တဲ့ ကျေးတောသူလေးတစ်ယောက်ပါ။ ဒါပေမယ့် miley steward တဖြစ်လဲ Hannah Montanaဟာ ကျော်ကြားတဲ့ ဘ၀လေးကို မက်မောနေတတ်ခဲ့ပါတယ်။ သူမရဲ့ ဘ၀ကို hannah အဖြစ်ပုံသွင်းထားချင်သူလေးပါ။ ဒါပေမယ့် ဖခင်ဖြစ်သူရဲ့ လုပ်ရပ်ကြောင့် miley ဘ၀ကို ပြန်လည်ဝတ်ရုံခဲ့ရပါတယ်။ အဖွားဖြစ်သူရဲ့မွေးနေ့ကို ငြင်းဆန်ပြီး နယူယောက်ကို သွားဖြေဖျော်မယ့်သူမကို မသိအောင် ကိုယ်ပိုင်လေယာဉ်နှင့် ကျေးလက်ကို ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။သူမလိုချင်တဲ့ Limo cab ရယ် ပုရိသတ်တွေရယ် တွေးထင်ထားပေမယ့် တကယ်တည်း truck ကားနဲ့လာကြိုလို့ မလိုက်ချင်တဲ့သူမဟာ လမ်းမှာဆင်းနေခဲ့ပါတယ်။ ကံကောင်းချင်တော့သူမရဲ့ ငယ်ငယ်က မြင်းလေး blue jean နဲ့ တွေ့ခဲ့တယ်။ ကံဆိုးချင်တော့ မြင်းကမမှတ်မိဘဲ သူမကို မကြိုဆိုခဲ့ပါဘူး။ သူမငယ်သူငယ်ချင်းလေး လာကယ်လို့ အိမ်ပြန်ရောက်ခဲ့ပါတယ်။

အိမ်ကိုပြန်လာတဲ့သူမဟာ miley ဘ၀လေးကို မဖြစ်မနေယူခဲ့ရတော့ ကမောက်ကမနဲ့ အဆင်မပြေမှုတွေဖြစ်ခဲ့ရပါတယ်။ သူမဖခင်ဟာလည်း တချိန်လုံးသမီးဖြစ်သူအနားမှာ စောင့်ရှောက်ရင်း အိမ်ပြန်ရောက်လာတဲ့ အချိန်မှာတော့ အနားပေးထားရတဲ့ နှလုံးသားရေးရာတွေကို ပြန်လည် အလုပ်ပေးရပါတော့တယ်။ miley လည်း ငယ်သူငယ်ချင်းလေးနဲ့ တစစ သံယောဇဉ်ဖြစ်လာပါတော့တယ်။ ဒီမြို့လေးမှာ သူမ အဖေနဲ့ အဖွားကလွဲလို့ သူမဟာ Hannah ဖြစ်တယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ သူမရဲ့ သူငယ်ချင်းလို့ပဲ သိထားကြပါတယ်။ အကြောင်းတိုက်ဆိုင်စွာ hannah ကိုဒီမြို့လေးကို လာဖို့သူမကို ဖိတ်ခိုင်းပါတယ်။ ငြင်းမရတဲ့အဆုံး သူမ အချစ်ဆုံးသူငယ်ချင်းလေး lilly ကိုအကူအညီတောင်းပြီး အယောင်ဆောင်ခိုင်းရပါတယ်။

ညစာစားပွဲဖိတ်ကြားခံရချိန်မှာပဲ ငယ်သူငယ်ချင်းလေးနဲ့လည်း ညစာစားဖို့ ချိန်းပြီးသား ဖြစ်သွားပါတယ်။ အဲဒီညမှာပဲ သူမအယောင်ဆောင်တာကို သိရှိခဲ့ပြီး နားလည်မှုလွဲခဲ့ကြပါတယ်။သူမဖခင်ဟာလည်း သူ့သမီးကို စောင့်ရှောက်ရဦးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ချစ်သူကို လက်တွဲဖြုတ်ခဲ့ပါတယ်။ miley ဟာ ငယ်သူငယ်ချင်းလေးကို ချစ်သက်သေအဖြစ် အတူတူဆောက်ခဲ့တဲ့ ကြက်ကလေးတွေ ထားတဲ့အိမ်လေးကို ဆေးအပြီးသတ် သုတ်ခဲ့ပါတယ်။ ပြီးနောက် ဖြေဖျော်ပွဲကို သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် စင်ပေါ်ကနေ သူချစ်တဲ့သူတွေကို မြင်တဲ့အခါမှာတော့..........


စိတ်ဖိစီမှုတွေ များနေတဲ့အချိန်၊ အားလပ်တဲ့အချိန်မှာ သီချင်းတွေလည်းခံစားရင်း အပန်းဖြေကြည့်ပျော်တဲ့ ဇာတ်ကားလေးပါ။ စင်ပေါ်မှာ miley ပြောခဲ့တဲ့ စကားလေးတစ်ခုရှိတယ်။

"life's a climb, but the view is great" တဲ့။

ခင်တဲ့
ရေတမာ

Thursday, August 27, 2009

ဝိုင်း

28 comment
ဝိုင်းးးးးး
မြင်တဲ့ သူတိုင်း ချစ်ကြတယ် ၀ိုင်းရယ်
မင်းနာမည် ၀ိုင်းးး

ဟုတ်ပါတယ်။ မြင်သူတိုင်း ချစ်လောက်အောင် မျက်နှာဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ၀ိုင်းပါ။ ဆံပင်ဂုတ်ဝဲလေးရယ်၊ ခပ်တည်တည် မျက်နှာလေးရယ်က သူရဲ့ သင်္ကေတပေါ့။စက်ဘီးလေးကိုလည်း ဘယ်သူမှ မမှီအောင် အမြန်နင်းတတ်သေးတယ်။ သူနဲ့ပြိုင်နင်း ရတာ ပျော်စရာတော့ကောင်းသား။ ဘယ်တော့မှ သူ့ကို ကျော်အောင်မနင်းဘူး။ သူ့ကိုမမြင်ရတော့မှာစိုးလို့။ မြန်မြန်နင်းရင်လည်း ဘရိတ်မပါတဲ့ ငါ့ဘီး ကားတိုက် ရုံပဲရှိမှာပေါ့။

ကျောင်းသားတွေ သူ့ကြောင့်ရန်ဖြစ်ကြတယ်။ သူပါ အဆူခံရတယ်ဆိုတဲ့ သတင်းကြားတော့ စိတ်တောင်မကောင်းဘူး။ အဲဒီနေ့က သူမျက်နှာ အုံမှိုင်းနေတာပဲ။ ညညရောက်ရင် သူတို့စာအုပ်ဆိုင်ကို အမအားကိုးနဲ့ သွားပြီး ငေးရတာလည်း အမော။ စာအုပ်အပ်စရာမရှိရင် စက်ဘီးနဲ့ပတ်တတ်သေးတယ်။ ငေးရင်း ကားနဲ့တိုက်မိမလိုလိုဖြစ်တာလည်း အကြိမ်ကြိမ်။စာအုပ်ထဲမှာ စာထည့်ပေးပေါ့လို့မြှောက်ပေးကြဖူးပါရဲ့။ ပုဏ္ဏားလေးရှိရော့ထင်။ ငါစာအုပ်လာအပ်ရင် မင်းအမေကိုပဲ ထိုင်ခိုင်းတယ်နော်။ ခြေအေးဝမ်းရောင်ခဲ့ပေမယ့် ပျော်ခဲ့မယ်ထင်ပါတယ်။

ဘောလုံးကန်ရင်း မင်းကိုမြင်တော့ ရည်းစားစကားလိုက်ပြောတဲ့ငါ့ကို အဲဒီတုန်းက ပိုက်ဆံထည့်မသွားတာပဲ ကျေးဇူးတင်ပါတယ်။ ဖုန်တွေနဲ့ မဲသဲနေတာလေ။ လွတ်လပ်ရေးနေ့ဘောလုံးပွဲတုန်းက မင်းအားပေးနေတာမြင်တော့ ငါ့အရမ်းအားတက်ခဲ့တယ်။ တကယ်တော့ မင်းက မင်းအကိုပါတဲ့ အသင်းကို အားပေးနေတာကိုး။ ငါလျော့ကန်ပေးခဲ့တာ မင်းသိရင်ရီမလားမသိဘူး။(တကယ်တော့ မနိုင်လို့ပါ)

ဘုရားပွဲနေ့တုန်းက မင်းငါ့ရှေ့ခုံတည့်တည့်မှာ ရဟတ်အတူတူစီးကြတယ်နော်။ ငါရင်တွေခုန်လိုက်တာဟာ။ တခါမှ မစီးဘူးပဲကိုး။ အဲဒီတုန်းက အရဲစွန့်ပြီး မင်းကိုချစ်တယ်လို့ပြောလိုက်တယ်။မင်းဘယ်ကြားမှာတုန်းကွာ ရဟတ်အောက်ပြန်အကျ လူတွေဝိုင်းအော်ကြတာ ငါ့အသံတောင် ငါမကြားလိုက်ရဘူး။

ဘယ်ပွဲလမ်းမဆို အပေါင်းအဖော်တွေမပါဘဲ မသွားတဲ့ မင်းကို အောင်သွယ်နဲ့ ချဉ်းကပ်ရမယ်ဆိုတဲ့ နည်းဗျူဟာ ငါမှမသိဘဲ။ ပွဲကြိုက်တဲ့မင်းကို အစောကြီး ကျိုးတတ်တဲ့ငါ ဘယ်နှယ့်စောင့်နိုင်မတုန်း။ အကိုတွေအားကိုးပြီး ရေးလိုက်ရတဲ့ စာတွေကလည်း မနည်းမနော။ တစ်စောင်မှ မရောက်တာတော့ ငါ့ရဲ့အားနည်းချက်ပါ။ ငါလည်းအကြံရတာနဲ့ မျက်လုံးချင်းစကားပြောမယ်ဆိုပြီး မင်းမျက်လုံးကိုလိုက်ကြည့်တာပေါ့။ ဒေါသချောင်းချောင်းထွက်နေတဲ့ မျက်လုံးတစ်စုံပဲတွေ့ပါတယ်ကွာ။ မင်းမေးဖူးတယ်။ မင်းအကြောင်း ဘယ်လောက်သိလဲတဲ့။ ငါလည်းရွတ်ပြလိုက်ပါတယ် ကျောင်း ရက်ဂျစ်စတာ ထဲက ရေးထားသမျှအကုန်လုံး။ စာလုံးတစ်လုံးတစ်လုံး ပုတ်လောက်ရေးတတ်တဲ့မင်း ငါ့ရင်ထဲကစာလုံးတွေ မမြင်တာငါညံလို့လားဟင်။ မင်းအချစ်ကိုရဖို့ ငါအသည်းအသန်ကြိုးပမ်းခဲ့ပါတယ် ဖန်ခုံလိုက်၊ ထုတ်စီးတိုးလိုက်၊ ပေသီးပစ်လိုက်၊ ဘောလုံးကန်လိုက်နဲ့ မင်းဖက်က အသိအမှတ်မပြုတာတော့ငါကြေကွဲရုံပေါ့။ ဒီလိုဒီလိုပြည့်စုံမှုတွေကြောင့် မနီးစပ်တာ ငါ့အပြစ်မဟုတ်လောက်ပါဘူးနော့။

ဒီလိုနဲ့ ကံကြမ္မာ ရေလှိုင်းအရိုက် ငါတို့ဗေဒါပင်တွေ ကွဲသွားလိုက်တာ တရပ်ကွပ်ထဲကနေ လမ်းတွေခြား အိမ်တွေခြားနဲ့ မြင်ကွင်းတွေ ဝေးခဲ့ကြတယ်နော်။ ငါကလည်း နေရာသစ်မှာစနစ်တကျ။ စို့နှင့်နေကြ စို့နှင့်နေရ။ တကယ်တော့ မင်းဟာ ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပါ(စိုင်းစိုင်းနဲ့မှားနေဘီ) တကယ်တော့မင်းဟာ ငါမရေးဖြစ်ခဲ့တဲ့ ဒိုင်ယာရီထဲက ပန်းတစ်ပွင့်ပါ။ရတနာပုံမှာ မင်းသတင်းတွေ ကြားပါတယ်။ မေဂျာအားလုံးရဲ့ကွင်းတဲ့။ ငါကံကောင်းတာပေါ့ မင်းအချစ်သာရခဲ့ရင် သ၀န်တိုတာနဲ့ ငါအသက်တိုမယ်။

အဟောင်းတွေ အစုတ်ဖြစ်ကုန်ပါပြီ မမရောင်ရယ်။ ကျေနပ်နိုင်ပါစေ

ခင်တဲ့
ရေတမာ

Sunday, August 23, 2009

Friday, August 14, 2009

တိုင်းရင်းသူတစ်ယောက်အကြောင်း

10 comment
အကိုလူထွေးတက်ဂ်နှင့် နည်းနည်းကိုက်ညီမှုရှိလို့ ကျနော်ရေးကြည့်တာပါ။ အကိုလူထွေးရဲ့ ခေါင်းကြီးပိုင်းမှာ ရေးရလောက်အောင်တော့ လူအများလေးစားရတဲ့ တိုင်းရင်းသားတစ်ယောက် မဟုတ်ပါဘူး။ တခါတလေ ကျနော် သတိတရရှိနေတတ်တယ်။ နာမည်လေးတခုပါပဲ။

တိုင်းရင်းသားဆိုတဲ့ စကားလုံးကို သူငယ်တန်းတုန်းက စကြားဖူးတယ်ထင်တယ်။ နောက်ကျောဖုံးနားလေးမှာလေ ကချင်၊ ကယား၊ ကရင်၊ ဆိုပြီး။ အတန်းလေးနည်းနည်းရတော့ စာတွေထဲမှာ နည်းနည်းပါးပါးတွေ့လာရပြီ။ ပုံဝတ္တုတွေ ထဲမှာလည်း တွေ့လာရပြီ။ နာမည်ဆန်းဆန်းတွေ ကြားလာရပြီ။ ဒီအထိ တိုင်းရင်းသားဆိုတာ ရပ်ကွက်ထဲရောက်မလာသေးဘူး။ လမ်းထဲမှာတွေ့တဲ့ ချင်းလူမျိုးတွေဆိုလည်း တိုင်းရင်းသားဆိုတာထက် ဗမာလို့ပဲ ခံစားရပါတယ်။

အထက်တန်းစာတွေထဲမှာတော့ တိုင်းရင်းသားတွေရဲ့ စွမ်းဆောင်ရည်တွေ သင်ကြားခဲ့ရတယ်။ နယ်ပယ်အသီးသီးမှာ တိုင်းရင်းသားတွေရဲ့ ကြိုးစားမှုတွေတွေ့ရတယ်။ ကျနော်အနေနဲ့ ဗမာလို့ပဲမြင်နေမိတယ်။(ဗမာ စကားပြောနေရင်ပေါ့)။ ကျနော်လေးစားရတဲ့ တိုင်းရင်းသားလို့ဆိုရင် ကျနော့် အဘွားရဲ့ အမေကို မြင်မိတယ်။ တိုင်းရင်းသားဆိုတာထက် တိုင်းရင်းသူလို့ပြောရမယ်ထင်တယ်။

အဘွားဒေါ်ပွင့်ဟာ ရှမ်းအမျိုးသမီးကြီးတစ်ဦး ဖြစ်ပြီး ဗမာစကား မတတ်ပါ။ ကျနော် အဖိုးနဲ့ အကြောင်းပါပြီး ဟိုးရှမ်းပြည် ကနေ ဝေးလန်ခေါင်သီတဲ့ အညာတောမြို့လေးကို လိုက်လာခဲ့သူပါ။ သူ့ကို မှတ်မှတ်ရရ ရှိနေတယ်ဆိုတာက ကျနော် မွေးတဲ့နေ့မှာ သူသေဆုံးခဲ့ပါတယ်။ ကျနော်အမေပြောပြတော့ ကျနော်က “မီးဝင် မီးထွက်”ပေါ့လို့ ပြောတော့ အမေတို့ ရီလိုက်ကြတာ။ ကြီးလာတော့ လူရွင်တော်တွေပြက်မှ သိတော့တယ်။ မီးထွက်တာပဲ ရှိတယ်။ မီးဝင်တယ်ဆိုရင်တော့ မီးတုတ်ကြီး ကိုင်ပြီး သင်္ချိုင်းကုန်းထဲ ၀င်မှပဲရမယ်။

ကျနော်အဘွားတို့ အမေတို့နားကပ်တဲ့ အချိန်မှာ သူတို့ ရာဇ၀င်ကို စပ်စုလေ့ရှိပါတယ်။ အဘွားဒေါ်ပွင့်နဲ့ ကျနော်မဆုံဆည်း လိုက်ရပေမယ့် ကျနော့် မှတ်ဥာဏ်ထဲမှာ ရှိနေတာမို့ အဘိုးနဲ့ ဘယ်လိုဆုံဖြစ်တဲ့ အကြောင်းမေးမိပါတယ်။ အဘိုး မီးရထားဝန်ထမ်းဘ၀နဲ့ ရှမ်းပြည်မှာ တာဝန်ကျစဉ် အဘွားဒေါ်ပွင့်နဲ့ ဆုံဆည်းခဲ့ကြောင်း၊ ယောင်နောက် ဆံထုံးပါခဲ့တဲ့ အကြောင်း အဘွားကပြောပြတယ်။ တောင်ပေါ်ဒေသကနေ အညာနွေအောက်ကို အဘွားဘယ်လို စွမ်းအားမျိုးနဲ့ တိုးဝင်ခဲ့လဲ။ ဘာသာစကား အခက်အခဲကို အဘွားဘယ်လို ခွန်အားမျိုးနဲ့ ကျော်ဖြတ်ခဲ့လဲ။ အခုနေ အဘွားရှိနေသေးရင် ကျနော်မေးကြည့်ချင်တယ်။ အဘွားရဲ့ ဆုံးဖြတ်ချက်ကို လေးစားတယ်။

သူ့ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါတယ်။ မပူမပန်မကြောင့်မကြနဲ့ အေးအေးချမ်းချမ်းနေသွားနိုင်တယ်။ သားသမီးတွေ မြေးမြစ်တွေနဲ့ အိမ်ထောင်တခုကို သန်သန်မာမာ ထူထောင်နိုင်ခဲ့တယ်။ နိုင်ငံအတွက် လူမျိုးအတွက် ဘာမှမစွမ်းဆောင် နိုင်ပေမယ့် ကျနော်တို့ မိသားစုလေးဖြစ်လာအောင် အဘွားစွမ်းဆောင်ပေးနိုင်ခဲ့တယ်။ အဘွားရဲ့ မေတ္တာမရရှိလိုက်ပေမယ့် အဘွားရဲ့သွေးတွေ စီးဆင်းခွင့်ရလိုက်တယ်။ မှတ်မှတ်ထင်ထင်ရှိနေဆဲပါ အဘွားရေ။

ရေတမာ

Saturday, August 08, 2009

ဆွေးနွေးခန်း

14 comment
မေး။ ။ အကျယ်ဝန်းဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ အစာအိမ် ဖြစ်ပါသည် . . .

မေး။ ။ အရှည်ဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ လျှာ ဖြစ်ပါသည် . . .

မေး။ ။ အဝေးဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ နားရွက် ဖြစ်ပါသည် . . .

မေး။ ။ အခြေခံအကျဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ ဖိနပ် ဖြစ်ပါသည် . . .

မေး။ ။ အမှန်ဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ သမာဓိ ချိန်ခွင် ဖြစ်ပါသည် . . .

မေး။ ။ သစ္စာအရှိဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ မှန် ဖြစ်ပါသည် . . .

မေး။ ။ တန်ဖိုးအကြီးမားဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ ချက်လက်မှတ် ဖြစ်ပါသည် . . .

မေး။ ။ အသန့်အရှင်းဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ ဆပ်ပြာ ဖြစ်ပါသည် . . .

မေး။ ။ စိတ်အချရဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ မသေချာခြင်း ဖြစ်ပါသည် . . .

မေး။ ။ အလျင်မြန်ဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ ရပ်တန့်ခြင်း ဖြစ်ပါသည် . . .

မေး။ ။ လိမ်ညာမှု အများဆုံးနေရာကား အဘယ်နည်း
ဖြေ။ ။ သူမ၏ နှုတ်ခမ်းတစ်စုံ ဖြစ်ပါသည် . . .

မင်းလူ

Friday, August 07, 2009

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ

9 comment
''မျက်နှာတောင် မကြည့်ချင်ဘူး'' တဲ့ …
သြော် … မျက်နှာမြင် ချစ်ခင်မိမှာ စိုးလို့လား။

''အသံတောင် မကြားချင်ဘူးတဲ့'' တဲ့ …
သြော် … အသံကြား သနားမိမှာ စိုးလို့လား။

''ဘာမှ လာမပြောပါနဲ့'' တဲ့ …
သြော် … မေးပါများ စကားရ မှာ စိုးလို့လား။

'' ညည အဆောင်ရှေ့မှာ သီချင်းလာမဆိုပါနဲ့ '' တဲ့ …
သြော် … မအိပ်မနေ အသက်ရှည်မှာ စိုးလို့လား။

'' အခန်းကို နှင်းဆီပန်းတွေ လာမပို့ပါနဲ့ '' တဲ့ …
သြော် … ရေလိုအေးလို့ ပန်းလိုလန်းမှာ စိုးလို့လား။

'' ဘာမှ ပြောစရာမရှိဘူး '' တဲ့ …
သြော်... စကားထဲက ဇာတိပြမှာ စိုးလို့လား။

'' … … ... ... '' တဲ့
သြော် … ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ။ ။

မင်းလူ (ဦးမင်းလူကောင်းမှူ)

Thursday, August 06, 2009

ငယ်ငယ်တုန်းက

8 comment
ငယ်ငယ်တုန်းက လမ်းထဲမှာ မအားတဲ့ကြားက မွေးထားသလား မှတ်ရတဲ့ ကလေးတသိုက်ရှိတယ်။ ခါးထစ်ခွင်ချီထားတဲ့ အရွယ်ကလေ ကြီးကောင်ကြီးမားအထိ အရွယ်စုံဆိုက်ဒ်စုံ ပုံသဏ္ဌာန် မျိုးစုံပေါ့။ ညနေ နေစောင်းရင် သူအိမ်ကိုယ့်အိမ် ကနေ အလျှိုအလျှိုထွက်လာကြပါပြီ။ ကစားလိုက်တဲ့ ကစားနည်းကလည်း မျိုးကိုစုံနေတာပဲ။ တနေ့တမျိုးမရိုးစေရဘူး။ ဒီလိုအတွဲညီကြတဲ့ နိုင်ငံသားကောင်းတသိုက် တက်တဲ့ကျောင်းတော်ကြီးကလည်း တကျောင်းတည်းဗျာ။ ဒီတော့ ဘယ်သူကွဲကွဲတို့မကွဲ အမြဲစည်းလုံးမည်ဆိုတဲ့ ဆောင်ပုဒ်တောင် သူတို့လောက် စည်းလုံးပါမလားမသိဘူး။ ဆော့ဖို့ ဆိုရင်ပြောပါတယ်။ ကလေးပေါင်းစုံတော့ ပြဿနာလည်းပေါင်းစုံပေါ့။ အဓိကက မခံချင်အောင် စတာလေးတွေပါ။ ကလေးကတည်းက ပေါက်ပေါက်ရှာရှာ စတတ်တဲ့ ပေါက်ကျော်မလေးတွေရှိတယ်။

ပြီးရင် အိမ်တိုင်းက စားအိမ်သောက်အိမ်ပဲ။ မိဘဘိုးဘွားတွေကလည်း ကိုယ့်ကလေးလို စောင့်ရှောက်ကြတယ်။ ညဖက်ဆို ဘဘနီဆီမှာ ကလေးတွေအားလုံး ဘုရားဝတ်တက်ရတယ်။ လိမ္မာယဉ်ကျေးဖို့ သင်ပေးတယ်။ ပုံပြင်တွေပြောပြတယ်။ လသာသာညတွေမှာဆို ကလေးတသိုက် တလင်းပြင်မှာ ဆော့ပြုလို့၊ လူကြီးတွေရဲ့ စကားဝိုင်း၊ ယက်ကန်းစင်နားဝဲ နေတဲ့ ကာလသားတသိုက်၊ ပန်းချီတချပ်လိုပါပဲ။

အမကြီးတွေဖြစ်တဲ့ မမစိုး၊ မမ၀င်းတို့ မိုးမိုးတို့ မမပြာတို့ နောက်က မေဖြူစင်က မထွေးလေးလုပ် သားငယ်က ရွှေစင်ညိုလုပ်
ရွှေစွန်ညို
ဘာကိုလိုလို့ ၀ဲတယ်ဝဲတယ် ...
မထွေးလိုလို့ ၀ဲပါတယ်....
မထွေးမပါ သူ့ချည်းသာ ပါပါရက်သား နောက်ကထား...ဆိုပြီး လိုက်ဖမ်းတတ်ပါသေးတယ်။ ဖမ်းတဲ့သူကလည်း ဇောနဲ့ အဖမ်းခံရမယ့်သူကလည်းကြောက်နဲ့ အဲဒီတုန်းကပေါ့လေ။

မိုးမိုးက မနှင်း ခေါ် မမစိုးတို့အိမ်ရောက်ရင် ဒီလိုအော်တယ်
ဟိုဘက်ကမ်းက မီးထိန်ထိန်
ဒီဘက်ကမ်းက မီးထိန်ထိန်
ဆီမီးထိန်ထိန်လင်းပါတဲ့
မနှင်းတို့ အိမ် .. ဆိုပြီးလေ...

မေဖြူစင်ဆို သူနဲ့ရန်ဖြစ်ဖူးတဲ့ ငတိမလေးတစ်ယောက်ကိုတော့ စက္ကူစလေးနဲ့ပေါက်ပြီး
နင့်ခေါင်းပေါ်မှာ အမှိုက်ကြီး၊ နင့်အမေ ဗိုက်ကြီး။ ဆိုပြီး ဘာရယ်မဟုတ် ရန်စွာဖြစ်ခဲ့ပါသေးတယ်
ရှိသေးတယ်....
ဘေးအိမ်က ငယ်သူငယ်ချင်း ဖိုးသာထူးဆိုတဲ့ ပိန်ပိန်သေးသေးလေး တစ်ယောက်ကို အမြဲစနောက်နေကျလေ။
ဖိုးသာထူး
ဖိုးသာထူး.... ဖိုးသာထူး၊ အလွန်ဝတဲ့ ဖိုးသာထူး
ဖိုးသာထူးက ၀မ်းပူပူ၊ ဖိုးဝကြီးနဲ့ တူ
တူပါသကွဲ့ မယုံငြား......ဒီမှာကြည့်ပါလား......... ၀ါးးးးးးးးးးး
ဆိုပြီး ပိန်ပိန်ညောင်ညောင် ဖိုးသာထူးကို ပါးတွေဖောင်းပြ၊ မျက်လုံးပြူးပြပြီး လိုက်စတယ်။ အဲလောက်ဆိုးပါတယ်။

အတန်းထဲက ကောင်လေးတစ်ယောက် ကိုရင်ဝတ်တော့
ပိုက်ဆံ ငါးပြား ချေးစမ်းပါ၊ ချီးဘူးးးးးးး ချီးဘူးးးးးးးးးး ဆိုပြီး သူငိုအောင် လိုက်စဖူးသေးတယ်။

မမ၀င်းဆို သားငယ်ကို “ သုံးဘီးကားကြီး ချာချာလည် သားငယ် ရည်းစားပါလာတယ်။
သုံးဘီးကားကြီး ဘီးပေါက် သားငယ် ရည်းစား စိတ်ကောက် “ ဆိုပြီး အမြဲစတတ်တယ်။

ကိုလင်းရယ် ကိုချမ်းရယ် တခြားသူငယ်ချင်းတွေရယ် ဆုံလို့ကတော့ ဘာမှမဟုတ်ဘူး အော်နေကြတဲ့ဟာ
မုန့်လုံးကို စက္ကူကပ်
ရွှေကလာပ်နဲ့ ဆ္ဂမ်းတော်တင်
ပုလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ ပြေး ဂျာအေး............ဆိုပြီးလေ။

သားငယ်တို့ ကိုလင်း တို့ ကိုချမ်းတို့ ယောက်ျားတွေပေါင်းမိပြီဆို
တစ် -နေရာယူ
နှစ် -အသင့်ပြင်
သုံး -ကျည်ဆန်ထည့်
လေး-မောင်းချိန်
ငါး -ဝပ်
ခြောက်-ပစ် ဆိုတဲ့စစ်တိုက်တာတွေပဲများပါတယ်။

မိန်းကလေးတွေပါစုံရင် ဒူးခေါင်တမ်းဆော့တဲ့
တောင်ပေါ်က ရှမ်းကလေး
လျှော်ထမ်းလို့ပြေး
ရှည်တဲ့လျှော်က ရှည်ရှည်
တိုတဲ့ လျှော်က တိုတို

လျှာခလုတ်မတိုက်အောင် ဆိုခဲ့ရတာလေးပါ၊နောက်တခုက

တုံးအောင်ကဖား
ပြားတဲ့ဖားကပြား
ဖောင်းတဲ့ဖားကဖောင်း

လွယ်မလိုနဲ့ ဆိုရင်အမြဲ ခလုတ်တိုက်နေတတ်တယ်၊

ရွံ့ပေါ် ရှဥ့်ပြေး
ရှဥ့်မွှေး ရွံ့ပလူး တဲ့။ မမပြာဦးဆောင်တာ


တခါလား သားငယ်နဲ့ ရန်ဖြစ်ပြီး သူအိမ်သွားတော့
“တု့ဘက်ကလည်းမတည့် သောက်ရှက်လည်းမရှိ
အိမ်နောက်ဖေးက ထုံဖိနပ်နဲ့ရိုက် တေလိုက်” တဲ့

ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်နံနက် ကျောင်းထွက်မယ်။
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်။
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့
ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်။
မောင်မဆော့ပေါင် စိတ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါ့မယ်။
လိုက်မယ် လိုက်မယ် ဆိုပြီး လတ်လတ်တို့ အဖွားနဲ့ ဘုန်းကြီးကျောင်းလည်း လိုက်တတ်ကြသေးတယ်။ တော်ပြီဗျာ မပြောချင်တော့ဘူး။

ငမိုက်သားကို ခွင့်မလွတ်ကြပါနဲ့တော့
ရေတမာ

(မနှင်းရေ ကျေနပ်တော့နော် မကျေနပ်ရင် ထပ်ကော်ပိုင်(ကော်ပီ + ကိုယ်ပိုင်) လုပ်ပေးဦးမယ် :P)

Wednesday, August 05, 2009

အခုတလော

16 comment
တွေးနေမိတယ်က..
စလုံးက ဘလော့ဂါတွေနဲ့ ဘယ်တော့၊ဘယ်အချိန်ဆုံကြမလဲ။ national day မြန်မြန်ရောက်ချင်ပြီ။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အိယောင်ဝါးလုပ်နေတယ်။

ကျန်းမာရေး
အနှုတ်ပြလို့ ဒုက္ခရောက်နေတယ်။

ဖတ်ဖြစ်တဲ့ စာအုပ်တွေက
လူထုဒေါ်အမာ-မန္တလေးသူ၊ မန္တလေးသားများ
နုနုရည်(အင်းဝ) ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ။
ခင်ခင်ထူး-ဆံရစ်ဝိုင်း

ရောက်ဖြစ်နေတာက
Google Talk (အချိန်တော့ကုန်တယ် ပျော်ဖို့ကောင်းတယ်)

ရေးဖြစ်နေတာက
အကိုအောင်သာငယ် တက်ဂ်ထားတာလေး

နားထောင်ဖြစ်နေတာက
Ashley Monroe - i don't wanna be

ရွတ်နေမိတဲ့ကဗျာက
တစ်ပွဲတည်းနဲ့တင် ရှုံးပွဲတိုးခဲ့သူပါ။
ကိုယ်မတန်တဲ့ခြေနဲ့မှ
ဟောဒီပွဲစဉ်ကို
သရေ(သို့)အနိုင်မှန်းပြီး ကန်ခဲ့တာလေ။
နောက်ဆုံးတော့ မင်းသုံးမှတ်ရသွားတယ်။
ငါကတော့ သုံညပေါ့။
မောင်လှမျိုး(ခြင်းချောင်းခြံ)

ဖြစ်ချင်နေတာက
ပရီးမီးယားလိဂ်က မန်ယူမှာ လစ်လပ်သွားတဲ့ CR-7 နေရာမှာ အစားဝင်ချင်တယ် :P

စားဖြစ်နေတာက
လက်ကျနေတဲ့ ထမင်းဟင်းအနပ်တွေ

သနားနေမိတာက
ကျန်းမာရေးမကောင်းတဲ့ကြားက အိမ်ရဲ့ဆည်းလည်းလေး မွေးပေးမယ့် အမ

မေ့လျော့ပစ်နေမိတာက
သေခြင်းတရား နဲ့ ဘုရားတရား

ခါးသက်နေမိတာက
လက်ရှိဘဝ

တမ်းတနေမိတာက
မရှိသေးတဲ့ချစ်သူရယ်၊ အေးစက်နေတဲ့ အိမ်

ကြိတ်ပြီးချီးကျူးနေမိတာက
အလုပ်တွေ လုပ်နေနိုင်တဲ့သူတွေ

ကြိတ်ပြီး အထင်သေးနေမိတာက
ကိုယ့်ရဲ့ မကောင်းတဲ့စိတ်ဓါတ်

ဆန္ဒမရှိတဲ့နေရာ
မြန်မာသံရုံး

ဆန္ဒရှိနေတဲ့ကိစ္စ
စာမကျက်ဘဲ စာမေးပွဲအောင်ချင်တယ်။

မုန်းတီးနေမိတာက
ကိုယ့်ရဲ့ ပျင်းတင်းတင်းစိတ်ဓါတ်

ချစ်နေတာက
ကိုယ့်ကိုယ်ကို(မကောင်းတာတွေလုပ်နေတယ်ဆိုတာ သိရဲ့သားနဲ့ အလိုလိုက်ထားတယ်)

စိတ်ပျက်နေမိတာက
အဆင်မပြေမှုတွေ

စွဲလန်းနေမိတာက
လျော်ပြီးသား အိပ်ယာခင်း :P

လိုအပ်နေတာက
လက်တွဲခေါ်ပြီး လမ်းပြပေးမယ့် ဆရာကောင်း

တောင်းနေမိတဲ့ဆု
Singapore sweet လေးပေါက်ပါစေ

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
လောကကြီးမှာ လော လောပြီးသာ ကလိုက်ချင်တယ်.

ဝန်ခံချင်တာက
အခုလို အချိန်ကုန်ခံပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မိတ်ဆွေရဲ့ ကုန်သွားတဲ့အချိန်တွေအတွက် ၀မ်းနည်းပါတယ်။ ရေးစရာမရှိတဲ့ အချိန် အကိုအောင်သာငယ်တက်ဂ်ထားတာလေး ရေးမိတာပါ။

လေးစားလျက်
ရေတမာ

Tuesday, August 04, 2009

သို့.....မှ......

6 comment
နှောင်းသွားတဲ့ အတိတ်ဆီကို
ပေးဆပ်ရမယ့် ချစ်ကြွေးတွေကို
ရီဝေစွာ ရေတွက်ပြီး
ကြွေးရှင်တစ်ယောက်ကို
မျှော်နေရတဲ့ ဒုက္ခဟာ
မသေးလှပါ.....ချစ်သူ။
ခိုင်မာစွာ တည်ဆောက်ထားတဲ့
နှလုံးသားနံရံထဲမှာ
လင်းလက်တဲ့ ချစ်ခြင်းများစွာဖြင့်
နှုတ်ဆက်သွားခဲ့တဲ့ ချစ်သူတစ်ယောက်အား
လွဲနေတဲ့ ဆုံမှတ်များနဲ့
ပိုင်ဆိုင်ခွင့်ရှိချင်တဲ့ ဆန္ဒဟာလည်း
မသေးလှပါချစ်သူ...။
မဖြစ်နိုင်တဲ့ အရာတစ်ခုပေါ့
မင်းသာ ပြန်လာမယ်ဆိုရင်
ချိုမြိန်ခြင်းများစွာနဲ့ တည်ဆောက်ထားတဲ့
ငါ့ရဲ့ တစ်ခုတည်သော နှလုံးသားဗိမာန်ဟာ
မင်းအတွက်...
မဝေးလှပါ.....ချစ်သူ...။

ပိုင်ဆု
ရယ်/စာချစ်သူ ၇၀၆၀

Monday, August 03, 2009

သွေးမဲ့ ဒဏ်ရာ

9 comment
ကြည်သာတဲ့ ရာသီစက်ဝန်းမှာ စတင်ခဲ့တဲ့
တို့နှစ်ယောက် အချစ်တွေ
အဲဒီတုန်းက
ဖိနပ်အသစ်စီးရတဲ့ ခြေထောက်တွေလို မြောက်ကြွလို့
(ဖိနပ်ပေါက်တတ်ကြောင်း သတိထားမိခဲ့ဖို့ ကောင်းတာ)
ရယ်မောနေတတ်သော မင်းမျက်ဝန်းညို
မတွေ့ရတဲ့နေ့တွေမှာ
ငါကသာ သေမလောက် လွမ်းဆွတ်တတ်ခဲ့ပြီး
မင်းကတော့
စိတ်မကောင်းပေမယ့် အိပ်ကောင်းခဲ့ပါတယ်တဲ့
မျက်နှာလေးတောင် ဖောင်းလို့။
ရပ်တန့်ထားခဲ့ချင်တော့လည်း
ဆင်ခြေဆင်လက်တွေကို မင်းအိတ်ကပ်ထဲ အသင့်ထည့်လို့
ငါရဲ့ အတည်တွေကို မင်းက အရယ်(အရီ)တွေအဖြစ်
ခံစားတော့
နှာခေါင်းပိတ်ခံရသူတွေကို မွန်းကျပ်လွန်းလှတယ်။
အသည်းနှလုံးကို ရင်းနှီးမြှုပ်နှံခဲ့တဲ့ ငါ့အတွက်
အမြတ်က အသည်းကွဲခြင်းပါ။
သွေးစိမ်းရှင်ရှင် မကျခဲ့ပေမယ့်
ဒဏ်ရာကတော့ နက်ခဲ့ပါပြီ။
မိန်းကလေးရယ်…..
အနည်းဆုံးတော့ (စစ်မှန်စွာ)ပြုံးပြခဲ့သင့်ပါတယ်။

ချစ်ပါနော်
အမှတ် ၂၅ ဒီဇင်ဘာ ၂၀၀၇(ရယ်စရာ)