Tuesday, October 27, 2009

ဆိုရင်

18 comment
ထွန်းအိမ်သာဗုတို ရဲ့ သီချင်းခေါင်းစဉ်မဟုတ်ပါ။ အကိုအောင်သာငယ်က ဘဒ္ဒကမ္ဘာကြီး ကိစ္စချောမယ်ဆိုရင်တဲ့

၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
သေချင်လိုက်တာဆိုတဲ့ သူတွေနဲ့အတူ (တကယ်သေမယ်ဆိုတော့ ဘယ်လိုနေမတုန်းလို့၊ ဒီပြင်လူဆို ကြောက်လန့်ချင်လန့်နေမယ် သူတို့ကတော့ ပျော်နေမလားမသိဘူးလေ)

၂။ဘာတွေခံစားနေရမလဲ..
စိတ်ဖိစီးမှု (သေမယ်ဆိုမှတော့ စိတ်ဖိစီးမှုတွေ ဘယ်လောက်များလိုက်မလဲ)

၃။ ဘာတွေပြင်ဆင်ထားမလဲ
ကော်ဖီတခွက် (Y2K တုန်းက ကြော်ငြာတဲ့ ကော်ဖီ)

၎။ ၀မ်းနည်းမိမှာက
အကြွေးတွေမဆပ်ရသေးပါလား (သံသရာကြွေးတွေကလည်း မနည်းမနော)

၅။ကြောက်လန့်မိတာက..
သေခြင်းတရား (မကြောက်ရလောက်အောင် သမာဓိအား မကောင်းပါ)

၆။ဆောင်ထားချင်တာ..
ငါးလီတာ ရေသန့်ဘူးကြီး (ရေငတ်တတ်လို့)

၇။ဘာတွေရေးမိမလဲ..
HELP ME

ဂ။တွေးမိတွေးရာ အတွေး
မြေလေးတယ်လို့ အပြောခံရတော့မှာ မဟုတ်ဘူး

၉။ဂုဏ်ယူချင်တာက
သေခါနီးမှတော့ ဘာ ဂုဏ်မှ မလိုချင်တော့ပါ

၁၀။ရှာကြံဖြေသိမ့်မိတာက
ငါ့မိဘကို ကိုယ်အား ဥာဏ်အားနဲ့ တတ်အားသရွှေ့ထောက်ပံ့ခဲ့တယ်။

၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
ဥဒါန်းဆိုတာ ဘာမှန်းမသိတာနဲ့ ဘာမှ ကျူးရင့်ဖြစ်မယ်မထင်။

တကယ်တော့လည်း ငါအချိန်မရွှေးသေသွားနိုင်တယ်ဆိုတဲ့ အသိနဲ့ မကောင်းမှုတွေကို ရှောင်ကြဉ်နေထိုင်သင့်တယ်လို လူတတ်ကြီး လိုလို လုပ်ရင်း ဆန့်သွားမှာ မြင်ယောင်ရင်းးး

ရေတမာ
3း01 PM (Thu)
27-10-09

Sunday, October 25, 2009

ညနေစာ

20 comment

အိမ်မှာ အခန်းဖော်တယောက်နဲ့ အတူတူ သူတရက် ကိုယ်တရက် ထမင်းဟင်းချက်စားကြတယ်။ ၈ နာရီခွဲ ကိုးနာရီ လောက်ဆိုရင် ချက်ပြုတ်၊ ရေမိုးချိုး ခူးခပ်ပြီး နှစ်ယောက်သား ထမင်းစားကြတယ်။ ကိုယ်ကတော့ ပုံစားကို သဘောကျတယ်။ သူကတော့ သေချာ ဟင်းတွေ ပန်းကန်ထဲ ခူးခပ်ထည့် ကျန်တဲ့ ဟင်းအနှစ်ကို အိုးနှယ်၊ ဟင်းအိုးကို ရေစိမ်ပြီးမှ ထမင်းပွဲပြင်တယ်။ နောက်တော့လည်း သှူှ့ဗျူဟာ အတိုင်း လိုက်လုပ်လိုက်တယ်။ စောစောစားဖြစ်ရင် စကားလေး ဘာလေး နည်းနည်းပြောပေါ့။ ၉ နာရီထိုးမှ စားပြီဆိုရင် တီဗီကလာတဲ့ ဇာတ်လမ်းကြည့်ရင်း ထမင်းက ဘယ်လိုပြီးသွားမှန်း မသိဘူး။ စားပြီးတော့လည်း ရေရွတ်မိသေးတယ် သြော် တနပ်တော့ ပြီးသွားပြန်ပြီ ဆိုပြီးလေ။

သူငယ်ချင်းတွေနဲ့ တပတ်ကို တခါလောက်မှ မတွေ့ရရင် မနေနိုင်ဘူး။ ဆုံပြီဆိုရင်လည်း တပျော်တပါး စကြနောက်ကြ စားကြသောက်ကြနဲ့ ပျော်စကြီး။ တခါဆုံလိုက်ပြီဆိုရင် ထမင်းဝိုင်းကြီးက အကြီးကြီးပဲ။ စကားတွေဆိုလည်း လုပြောကြ။ ဟင်းတွေဆိုလည်း လုစားကြ။ စားလို့ကလည်းကောင်း ပြောလို့ကလည်းကောင်း အိမ်က ဟင်းတခွက်တည်း ထမင်းဝိုင်းနဲ့တော့ စိုပြေတာအမှန်။ ကျွေးတဲ့သူကလည်း စေတနာပါပါ။ စားတဲ့သူကလည်း အားပါးတရ။ မေတ္တာတွေပါ ပါတယ်ဆိုတော့ မကောင်းဘဲ နေပါဦးမလား။

ဒါကြောင့် လူမျိုးတိုင်း လူမျိုးတိုင်းမှာ မိသားစုဆုံအောင် စောင့်ပြီး ထမင်းစားကြတယ်။ အခုများတော့ အိမ်ထဲမှာ အဖိုးကြီး ကြောင်စာ ခွေးစာကြွေးရင်း အဖွားကြီး ပန်းကန်ဆေးနေတယ်။ လင်မယားနှစ်ယောက် စားသောက်ဆိုင်မှာ ထမင်းကို အရသာတောင် မခံနိုင်ဘဲ အမြန်စားနေကြတယ်။ အိမ်ဖော်မလေး ကလေးထမင်းကျွေးနေတယ်။ ခေတ်ကာလ ရေစီးကြောင်းအရ ထမင်းဝိုင်းတွေလည်း တဖြည်းဖြည်း လူတွေနည်းပါးလာပါတယ်။ ခြောက်ကပ်ကပ် ထမင်းဝိုင်းတွေ များပြားလာတယ်။

ထမင်းလုံးကျ ကျပြန်ပြီ။ တပျပ်ပျပ်မြည်ရင် မြည်ပြန်ပြီ။ ဟင်းဖိတ်ဖိတ်ပြန်ပြီ။ ခေါင်းပူခဲ့ရတဲ့ ထမင်းဝိုင်းတွေ။ ဗိုက်ကဆာ လူကြီးတွေ ဦးချတာ ကြည့်ရင်း သွားရည်ကကျနဲ့ အသားတုံး လုရတဲ့ ထမင်းဝိုင်းတွေ။ အဖိုးဒေါသထွက်လို့ ကြောက်ကြောက်နဲ့ စားခဲ့ရတဲ့ ထမင်းဝိုင်းတွေ။ အမေမရှိတုန်း သားအဖ လေးယောက် ငါးကြင်းမြီးချဉ်စပ် ၀ယ်စားရင်း ဟင်းကို ပန်းကန်ထဲအထည့် ဟင်းတွေ အောက်ပြုတ်ကြလို့ ငိုခဲ့ရတဲ့ ထမင်းဝိုင်းတွေလည်း ရှိရဲ့။ တခါတလေတော့လည်း ငယ်ငယ်က စိုစိုပြည်ပြည်စားခဲ့ရတဲ့ ထမင်းဝိုင်းတွေကို မက်မော တောင်းတမိပါတယ်။

ပြောမယ်ဆိုရင်တော့ သတိရစရာတွေကြီးပဲ။ မြန်မာပြည်ကလူငယ်တွေ အပြင်ရောက်နေကြတော့ မိသားစု ၀င်တွေ လျော့နေတဲ့ ထမင်းဝိုင်းတွေ ဘယ်လောက်များလိုက်မလဲ။ တချိုလည်း တယောက်။ တချို့လည်း နှစ်ယောက်၊ သုံးယောက်လျော့နေကြမှာပါပဲ။ စားကောင်းသောက်ဖွယ် စားသောက်ရတဲ့ အခါ ချစ်သူခင်သူကို သတိရတယ်တဲ့။ အမေလုပ်တဲ့သူဆို ဘယ်လောက်များ သတိရနေမလဲမသိဘူး။

ပြောကြတယ် တချို့တလေ အိုကွာ ၀မ်းခြင်း ဆုံတာမှတ်လို့ ဆိုပြီး။ ၀မ်းခြင်းမဆုံပေမယ့် လက်ခြင်းဆုံနိုင်တယ်လေ။ ဧည့်သည်လာမှာစိုးလို့ ပြောင်းပြန်ပြန်မွှေရင်း ရီမောခဲ့ရတာတွေက ၀မ်းခြင်းဆုံတာထက် ပိုပျော်ဖို့ကောင်းပါတယ်။ ထမင်းဝိုင်းက ဟာသလေးတွေကလည်း တနေ့တာ ပင်ပန်းခဲ့သမျှတွေ အထိုက်အလျောက်တော့ လျော့ကျစေတာပါပဲ။

ရသတဏှာအတွက် အကုသိုလ်ဖြစ်ချင်လည်း ဖြစ်မယ်။ မဖြစ်နိုင်တဲ့ အရာတခုကို ရူးရူးမိုက်မိုက် တောင့်တနေတာလည်း ဖြစ်ချင်ဖြစ်မယ်။ မိသားစုစုံစုံညီညီနဲ့ ထမင်းဝိုင်းလေးတစ်ခု အမြန်ဆုံး ဖန်တီးနိုင်ပါရစေ။

မှတ်ချက်။ ။ ပုံကို နွေးနေခြည်၏ စိတ်ခိုင်ရဲ့လား ပိုစ့်မှ ကူးယူထားပါသည်။

Thursday, October 22, 2009

ဘ၀အရည်အသွေးများ

15 comment
အရင်ကတင်ပြီးသားပါ။ ပူလောင်နေတဲ့ စိတ်ကလေး အေးစေချင်ပါတယ်။ သတိတရား ခဏဖြစ်ဖြစ် ကပ်စေချင်တဲ့ ဆန္ဒနဲ့ ပြန်တင်ပါတယ်။ ဖတ်ပြီးသားဆိုလည်း သတိပြန်ရအောင်၊ မဖတ်ရသေးရင်လည်း အဆုံးထိဖတ်စေချင်ပါတယ်။

မြတ်စွာဘုရားရှင်က “မသေခင်သုတ္တန်”လို့ အဓိပ္ပါယ်ရတဲ့ “ပုရာဘေဒ သုတ္တန်”မှာ မသေခင်ဖြည့်ဆည်းရမယ့် ဘ၀အရည်အသွေးတွေကို တစ်စု တစ်ဝေးတည်း ဟောကြားထားပါတယ်။ မြင့်မြတ်တဲ့လူတိုင်းနဲ့ မြင့်မြတ်လိုတဲ့လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ်အရည်အသွေး၊ ဘ၀အရည်အသွေးတွေဖြစ်လို့ အကျဉ်းဆုံးချုပ်ပြီး ပြောပြချင်ပါတယ်။

မသေခင်မှာတဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝမကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲဖောက်ပြန်တဲ့တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ထိန်းသိမ်းနိုင်ရပါမယ်။

ပြီးဆုံးခဲ့တဲ့အတိတ်အကြောင်း၊ဖြစ်မလာသေးတဲ့ အနာဂါတ်အကြောင်းတွေကို မလိုအပ်ပဲ တွေးတောနေပြီး စိတ်ပင်ပန်းမနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန်တစ်ခဏလေးမှာပဲ စိတ်ကိုတည့်တည့်ချထားပြီး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးဖြစ်အောင်လုပ်ရပါမယ်။

မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင်တိမ်းရှောင်နိုင်ရပါမယ်။ ထစ်ခနဲရှိ ဒေါသထွက်တာမျိုး၊ ကိုယ်မကျေနပ်တဲ့လူကို ရန်ငြိုးဖွဲ့ ကလဲ့စားချေဖို့ ကြိုးစားတာမျိုးမလုပ်သင့်ပါဘူး။သူလည်း တစ်နေ့သေ၊ ကိုယ်လည်းတစ်နေ့သေမယ့်ကိစ္စ ၊ဘာလို့ ဒေါသထွက်နေဦးမှာလဲ။

နေရာတကာမှာ စိတ်ပူပန်တတ်တဲ့သူလည်းမဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ်ပူလောင်မှုတွေနဲ့ ဘာလို့ အချိန်ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။

ရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ်၊ မရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာမျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာလှည့်ကြွားနေရတဲ့ အရသာက သေရင်ကိုယ့်အတွက် ဘာများ အကျိုးပြုနိုင်မှာမို့လဲ။

လုပ်သင့်တာမလုပ်မိလေခြင်း၊ မလုပ်သင့်တာ လုပ်မိလေခြင်းလို့ နောင်တရ စိတ်ပူပန်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့အချိန်ကစပြီး လုပ်သင့်တာ လုပ်၊မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။

နှုတ်စောင့်စည်းသူ၊ စကားကိုဉာဏ်နဲ့ ချင့်ချိန်ပြောသူလည်းဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့စကားတွေကို စိတ်ထင်တိုင်းလျှောက်ပြောနေလို့ ပါးစပ်ကလည်း ကျက်သရေရှိမလာနိုင်သလို၊ မသေခင်ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။

မသေခင်ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့်တွေးတောပြီးလည်း အချိန်မဖြုန်းသင့်ပါဘူး။ ကုန်သွားတဲ့အချိန်က ပြန်မရနိုင်တဲ့အတွက် လက်ထဲရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှုအပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ်ရပါမယ်။

ကိုယ့်ရဲ့လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့အနာဂတ်ဘ၀ကို ပုံဖော်တပ်မက်နေတာမျိုးလည်း လုံးဝမဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ်လက်ခံပြီးနေတတ်အောင် နေရပါမယ်။ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာဘ၀တွေ ကိုလည်းစိတ်နာနေလို့အပိုပါပဲ။

ကံ၊ကံရဲ့အကျိုးမရှိ၊ရှေးဘ၀၊နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိတွေလည်း ကင်းရှင်းနေရပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်းမှားပြီး ပစ္စုပ္ပန်မှာရော၊ သံသရာမှာပါ ဆင်းရဲဒုက္ခတွေပင်လယ်ဝေရပါလိမ့်မယ်။

ကိလေသာဖြစ်မယ့်ကိစ္စ၊ အကုသိုလ်ဖြစ်မယ့်ကိစ္စတွေမှာတွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။

ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်တာမျိုး လုံးဝမပြုလုပ်ရပါဘူး။ အံ့ဖွယ်ထူးဆန်းတွေ လိမ်ညာဖန်တီးပြပြီး နာမည်ကြီး၊လာဘ်ပေါ၊ပရိသတ်များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့မသေခင်ဘ၀ကို အမည်းရောင်ဆိုးနေတာပါပဲ။

လူသားတွေရဲ့ မသေခင်ဘ၀ကို အရုပ်ဆိုးအကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု(ဣဿာ၊မစ္ဆရိယ)ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ်လွှမ်းမိုးနေတဲ့သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိအလောင်းကောင်ပါပဲ။

ကိုယ်အပြုအမှု ကြမ်းတမ်းသူ၊ နှုတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေသဘောထား ကြမ်းတမ်းသူမဖြစ်စေရပါဘူး။

ကိုယ့်ကျင့်တရား မကောင်းသူ(သီလမရှိသူ) ကိုပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရားပျက်သူ မဖြစ်ပါစေနဲ့။

ချစ်ခင်နေသူအချင်းချင်း၊ အဆင်ပြေနေသူအချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့သူ ချစ်ကြ၊ ခင်ကြ အဆင်ပြေနေကြတာကို မနာလိုဝန်တိဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့သူလောက် ကျက်သရေယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။

မျက်စိ၊ နား၊ နှာ၊လျှာ၊ ကိုယ်၊စိတ်လို့ ခေါ်တဲ့ တံခါး ခြောက်ပေါက်ကနေ အဆင်း၊ အသံ၊အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားလို့ခေါ်တဲ့ အာရုံခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာရေအလျဉ်တွေ စီးဆင်းမသွားအောင် စောင့်ရှောက်နိုင်ရပါမယ်။ မြင်-မြင်ကမျှ၊ ကြား-ကြားကာမျှနဲ့ပြီးအောင် သတိပဋ္ဌာန် တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။

မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့သူလည်းမဖြစ်စေရပါဘူး။ မာနကြီးတယ်ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း ရုပ်ရည် ပညာ၊အာဏာ၊ သူများထက်သာတယ်လို့ထင်နေတဲ့ “အထင်” ကြီးနေတာပါ။ အထင်ဟာ အထင်ပါပဲ။ တကယ်မဟုတ်ပါဘူး။

မသေခင်မှာ တစ်နေ့ထက်တစ်နေ့ ဉာဏ်ပညာကြီးမာသူဖြစ်အောင်ကြိုးစားနေရပါမယ်။ လောကီဉာဏ်သာမက လောကုတ္တရာဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုးနပ်ပါတယ်။

ဘယ်အရာမျိုးကိုမဆို ကိုယ်တွေ့အသိမပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့သူလည်းမဖြစ်စေရပါဘူး။ သိသင့်သိထိုက်တာ မှန်သမျှ သူတစ်ပါးပါးစပ်မှာ လမ်းဆုံး၊သူတစ်ပါးပြောတာ ယုံနေရုံလောက်နဲ့မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်အောင် ကြိုးပမ်းအားထုတ်ရပါမယ်။

ဒါန၊သီလ၊သမထ၊၀ိပဿနာ ကုသိုလ်ကောင်းမှုတွေပြုလုပ်တဲ့အခါမှာလည်း လာဘ်မျှော်တဲ့စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမူရေးလာဘ်လာဘလို့ခေါ်တဲ့ ထင်ပေါ်ကျော်စောမှု၊ စီးပွားရာထူးတိုးတက်မှု၊ သံသရာကောင်းစားမှုတွေကို လုံးဝမမျှော်ကိုးဘဲ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့စိတ်၊ သတ္တ၀ါအများ ကောင်းစားစေလိုတဲ့စိတ်နဲ့ပြုလုပ်ကြရပါမယ်။

အကောင်း၊ အဆိုးလောကဓံ အမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့အခါမှာလည်း စိတ်မတက်၊စိတ်မပျက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ခံနိုင်ရည်ရှိရပါမယ်။

သက်ရှိ၊သက်မဲ့တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှဆန့်ကျင်ဘက် မဖြစ်စေရပါဘူး။ တဏှာတစ်ခုခုရဲ့နောက်မှာ ဆင့်ပွားအကုသိုလ်စိတ်တွေ၊ မကောင်းမှုဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်းနိုင်ခြင်းဟာ အဆင့်မြင့်ပုထုဇဉ်တွေရဲ့ အရည်အချင်းတစ်ခုပါပဲ။

အစားအသောက်နဲ့ပက်သက်ပြီးတော့လည်း ဒါမစားရ မနေနိုင်၊ ဒါမသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမှု ကင်းရှင်းရပါမယ်။ရသတဏှာကို ထိန်းချုပ်စောင့်စည်းနိုင်ရပါမယ်။

ကိုယ့်အပြုအမူဖြစ်သမျှ၊ စိတ်အနေအထားဖြစ်သမျှကို အမြဲသတိကပ် ရှုမှတ်နိုင်တဲ့အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုးအမျိုးမျိုးကို မချစ်၊မမုန်းဘဲဥပေက္ခာပြုအညီအမျှ ရှုနိုင်တဲ့သူဖြစ်ရပါမယ်။

ကိုယ့်အထက်လူနဲ့ နှိုင်းယှဉ်တဲ့မာန၊ ကိုယ့်တန်းတူလူနဲ့ နှိုင်းယှဉ်တဲ့မာန၊ ကိုယ့်အောက်တန်းလူနဲ့ နှိုင်းယှဉ်တဲ့မာန၊ မာနသုံးမျိုးလုံးလည်း ကင်းရှင်းရပါမယ်။သေပြီးရင် အသက်ကောင်၊၀ိညာဉ်ကောင်လေး နောက်ဘ၀လိုက်တယ် ဆိုတဲ့ သဿတဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ဘာမှ မဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ၊ ဒီဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါးရှိနေရင် မသေခင်လုပ်ရမယ့် အလုပ်တွေ ကမောက်ကမဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။

ကိုယ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိပုဂ္ဂိုလ်တွေ၊အိမ်မြေစတဲ့ သက်မဲ့ အရာဝတ္တုတွေကို ငါ့သား၊ ငါ့သမီး၊ငါ့အိမ်၊ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာအစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့စိတ်မျိုး ကင်းရှင်းရပါမယ်။


ဘာအလုပ်ပဲလုပ်လုပ် ကိလေသာကိုရှေ့တန်းတင်တဲ့အလုပ်၊ ကိလေသာကို ဆရာတင်တဲ့အလုပ်မျိုး မဖြစ်အောင်သတိထားရပါမယ်။

ကိလေသာအရင်းမခံဘဲ အလုပ်လုပ်နေပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာအရင်းခံတယ်လို့ ထင်မှားစွပ်စွဲ လာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရမယ်။

“တစ်လောကလုံး ကိုယ်ပိုင်တာ ဘာမှမရှိပါ့လား” ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။အဲဒီအသိစွဲစွဲမြဲမြဲရှိနေပြီ ဆိုရင် ရှိချင်တာမရှိလိုလည်း မပူပန်တော့ပါဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ပါဘူး။

ချစ်ခြင်း၊မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့်မလုပ်ထိုက် လုပ်တဲ့ အဂတိလိုက်စားမှုလည်း ကင်းရှင်းရပါမယ်။အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။

လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာလုပ်၊လုပ်သင့် လုပ်ထိုက်တာမလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာခေါင်းပါးလာတာနဲ့အမျှ အလုပ်သင့် မလုပ်ထိုက်တာ တွေလည်းရှောင်ကြည်နိုင်လာပါလိမ့်မယ်။ လုပ်သင့်လုပ်ထိုက်တာတွေလည်း ဆောင်ငင်နိုင်လာပါလိမ့်မယ်။

မလုပ်သင့်တာအားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာ အားလုံး အကြွင်းမဲ့ဆောင်နိုင်ပြီဆိုရင်တော့ အကြွင်းမဲ့ ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အပြီးတိုင်လွတ်မြောက်ပါပြီ။ထပ်တလဲလဲ တစ်သေတည်းသေနေရတဲ့အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရလွတ်မြောက်ပါပြီ။အနှိုင်းမဲ့နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။

ဒါကြောင့်မသေခင်လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာနအကျဆုံးကတော့ ကိလေသာခေါင်းပါးရေးအလုပ်၊ ကိလေသာအမြစ်ပြတ်ရေးအလုပ်ပါပဲ။

အရှင်ဆန္ဒာဓိက ၏ “မသေခင်ဘာလုပ်ကြမလဲ” စာအုပ်မှကူးယူဖော်ပြ ပါသည်။

(ဤစာအုပ်ကို ဓမ္မဒါန ပြုခဲ့သော အစ်ကို ကိုနိုင် (နေစိုးနိုင်-ပေးဆပ်သူ(www.naysoenaing.com))အား အထူးကျေးဇူးတင် ဂါရ၀ပြုအပ်ပါသည်)

Wednesday, October 21, 2009

ဖြူစင်ပါရစေ

16 comment

ငယ်ငယ်ကပန်းချီဆွဲတာ တော်တော်ခလေးစီးဖြစ်တယ်။ ခဲပန်းချီတင် ရပ်သွားတယ်။ တီဗွီကလာတဲ့ ဆရာလွန်းကြွယ် လက်ချာတွေ မလွတ်တမ်းကြည့်တယ်။ သူငယ်ချင်း အောက်ဒိုးထွက်ရင် အားကြီးသဘောကျတယ်။ အဖြစ်မရှိဘူး ဆိုကြပါစို့။ ၀ါသနာရှင် အဆင့်က နှုတ်ထွက်လိုက်တယ်။ ဒါပေမယ့် ပေစောင်းစောင်း ပြန်ကြည့်တုန်းပါ။ စိတ်နောက်လည်း သိပ်မလိုက်နိုင်တော့ဘူး။

ရေဆေးတွေ ဆီဆေးတွေ အားကြီးကြိုက်တယ်။ ဆေးသားတွေနဲ့ ပုံဖော်နေတာ ကြည့်ရင်း ပိတိဖြစ်မိတယ်။ ကိုယ့်စိတ်ကူးထဲက အရောင်ကို ဆေးစပ်တဲ့ အပြားပေါ်မှာ ဆေးလေးညစ်ပြီး စိတ်ကြိုက်အရောင်စပ်။ ကင်းပတ်လေးပေါ် တင်လိုက်တော့ အနုပညာခေါ်ခေါ်၊ ရုပ်ပုံပဲခေါ်ခေါ် ပုံပေါ်လာတာပဲမဟုတ်လား။ ဒါပေမယ့် ဆေးစပ်တဲ့ အပြားလေးကတော့ စွန်းထင်းပေကျံခဲ့တာပဲလေ။

ကျနော်ကိုယ်နှိုက်ကရော လိုချင်တပ်မက်မှုအတွက် ကိုယ့်စိတ်မှာ လောဘ၊ဒေါသ၊မောဟ တွေနဲ့ ဆေးစပ်ရင်း ပုံဖော်ခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ စိတ်ကလည်း ဆေးစပ်တဲ့ အပြားလိုပဲ ညစ်ထေးမှုတွေ စွန်းထင်းနေတာ ကြည့်လို့တောင် မကောင်းတော့ဘူး။ ဆေးစပ်တဲ့ အပြား(စိတ်)လေးသာ ညစ်ထေးနေတာမဟုတ်ဘူး ကျနော် ရေးဆွဲခဲ့တဲ့ သို့မဟုတ် ရေးခြစ်ခဲ့တဲ့ ပုံကရော စိတ်ကျေနပ်စရာကောင်းအောင် ပီပြင်လှတာမဟုတ်ပါဘူး။

ပညာတတ်ကြီးပုံရေးဆွဲခဲ့တယ် အစိမ်းရောင်ဆေးလေးတွေသာ ကုန်တယ် ပီပီပြင်ပြင်ဖြစ်မလာဘူး။ တိုက်ပုံ ကားပုံတွေ ရေးခဲ့တယ်။ ကောက်ကြောင်းတွေတောင် မပီဝိုးတ၀ါးပဲရှိသေးတယ်။ ပျော်စရာမိသားစုပုံလေးရော ကင်းပတ်တောင် မ၀ယ်နိုင်လို့ စိတ်ကူးထဲမှာ သိမ်းထားတယ်။

ဆေးစပ်တဲ့အပြားလေးက ဆေးကြောလို့မရတော့ဘူးနော်။ နောင်တတွေတွေ့တိုင်း အဲဒီဆေးစပ်တဲ့ အပြားလေးကို မြင်မြင်လာတယ်။ ပေကျံခဲ့တဲ့ စိတ်ရောင်စုံတွေလည်း ဆေးကြောလို့ မရတော့ဘူး။ ဖြူစင်ပါရစေ။ ဖြူစင်ပါရစေဗျာ

Saturday, October 17, 2009

အမှောင်

19 comment

ရန်ကုန်-မန္တလေးမီးရထားကို ဂတီးဂတီးစီးဘူးပါတယ်။ မိသားစုနဲ့ သူငယ်ချင်းနဲ့ တယောက်တည်း စသည့်ဖြင့်။ စထွက်တဲ့ ခရီးစဉ်ကနေ ဆုံးတဲ့အထိ ခံစားချက်အမျိုးမျိုးနဲ့ကိုစီးတယ်။ သမရိုးကျစီးတယ်။ စိတ်ကူးပေါက်သလိုလည်း စီးခဲ့တယ်။ ဟာသတွေရှိတယ်။ စိတ်မသက်မသာတာတွေရှိခဲ့တယ်။ အကြောက်တရားတွေရှိခဲ့တယ်။ မီးရထားကြီးကို စီးဘူးခဲ့ပါတယ်။

အလင်းနဲ့ အမှောင်ယှဉ်လိုက်ရင် ဗီလိန်က အမှောင်ပါ။ မကောင်းတဲ့ အရာတွေ အကုန်အမှောင်ထဲသွင်း ကြတာများပါတယ်။ နေ၀င်ဖြိုးဖျတောင် ခေါ်တာ အပုပ်ချိန် တဲ့။ မကောင်းတဲ့သူတွေလည်း အမှောင်ကိုမျှော်ကြသည်။ ဒါက သူ့အကြောင်းနဲ့ သူ။

ရထားကြီးပေါ်ကတွေ့ခဲ့တဲ့ အမှောင်က တကယ်ကို ကျေနပ်ဖို့ကောင်းတယ်။ အရာအားလုံးဟာ တန်းညှိပြီးသားပဲ။ ဆင်းရဲတာ၊ ချမ်းသာတာ၊ ရုပ်ဆိုးတာ၊ ရုပ်ချောတာ၊ ဘာမှမရှိဘူး။ သူဘာကောင်လဲ ငါဘာကောင်လဲ မရှိဘူး။ ဝေးဝေးကကြည့်လို့လားမသိဘူး စိတ်တော့အတော် ချမ်းသာတယ်။ ခဏတဖြုတ် ကျေနပ်မှုကိုလည်း ကျေနပ်ဖို့လိုသေးတယ်လေ။ စာမဖွဲ့လောက်ပေမယ့် များများရှိလေ ကောင်းလေပဲ။

အမှောင်ထဲမှာ ချောင်းတော့ မရိုက်နဲ့ပေါ့။ လဲကျလည်း မကူနိုင်သလို။ ငါ့လည်း လာမထူနိုင်ပါဘူး။ ဒါပေမယ့် အိပ်ချင်တယ်ဆို အိပ်လိုက်။ အလုပ်ရှိတယ်ဆို လုပ်လိုက်။ ဒီအတွက် ဆိုးမွေ ကောင်းမွေ ကိုယ့်ဘာသာ ကိုယ်ခံရမှာပဲလေ။

ဒီအတွက် ပြောချင်တာတွေ ရှိရင်လည်း ရှိမယ်။ မရှိရင်လည်း မရှိဘူး။ လွတ်လပ်စွာ ၀ိဝါဒကွဲပြားနိုင်ပါတယ်။

Wednesday, October 14, 2009

တနင်္ဂနွေမိုးရေစက်များ

17 comment
သူ နဲ့ သူမ ကအိမ်နီးနားချင်းတွေလေ။ မိသားစုတွေ အရမ်းရင်းနှီးကြတယ်။စားအတူ သွားအတူနဲ့ ကစားတူတူပေါ့။ ငယ်ငယ်လေးထဲက အရမ်းချစ်စရာကောင်းတဲ့ သူမကို သူ အရမ်းချစ်ခဲ့တယ်တဲ့။ တနေ့ကျသူကပြောတယ်။



ဒီလိုနဲ့ အရွယ်ရောက်လာတယ်ခဲ့အခါ သူတို့တွေရဲ့ ရင်ခုန်သံတွေ နွေးထွေးခဲ့ကြတယ်။ ငယ်ငယ်ကတည်း သံယောဇဉ်တွေနဲ့ အတူ သူနဲ့ သူမဟာ ပျော်စရာနေ့တွေကို ဖန်တီးခဲ့ကြတယ်။ တနေ့ကျ ကောင်လေးက ပြောတယ်။



အချိန်တွေ တဖြည်းဖြည်း တိုက်စားလာတဲ့အခါ.. ပိတ်ကားထဲကလို နှစ်လေးဆယ်ခန့်ကြာသောအခါ ဆိုပါတော့



ပြီးပါပြီ

Tuesday, October 13, 2009

ကျေးဇူးတင်လွှာ

20 comment
ဘလော့တွေ လျှောက်လည်းရင်း ကိုသီဟသစ် တို့ ကိုဖြိုးမော်တို့ ဘလော့တွေမှာ ဘယ်သူက မှတ်ချက် ဘယ်လောက်ပေးခဲ့သလဲ ဆိုတာလေး တွေ့တော့ စိတ်ဝင်စားမိတယ်။ ကိုသီဟသစ်ဆီက တောင်းမယ် တောင်းမယ်နဲ့ တေးထားတာတော့ကြာပါပြီ။ ပြီးခဲ့တဲ့ စနေနေ့ကမှ သူ့ဆီကရတော့ သူပြောတဲ့အတိုင်း လုပ်ကြည့်လိုက်တယ်။ မကီကိ၊ အမ rose ၊ကိုလူထွေးတို့ ထဲက တယောက်ယောက် ပထမရမယ် ထင်တာ။ ထင်မှတ်မထားတဲ့ ကျနော့် အကို ကိုနိုင်က ၆ ခုအသာနဲ့ ပထမ ရသွားပါတယ်။

ကိုနိုင်က ကျနော် ဘလော့ စရေးကတည်းက တဦးတည်းသော ကွန်မန့်ပေးခဲ့သူပါ။ သူပေးတဲ့ ကွန်မန့်လေးတွေနဲ့ ကျနော် ရှေ့ဆက်ဖြစ်တာ ဆိုလည်း မမှားပါဘူး။ ကိုနိုင် မြန်မာပြည် ပြန်သွားတော့ သူပေးတဲ့ ကွန်မန့်တွေ မရတော့ပါဘူး။ ခုနောက်ပိုင်း စိတ်အရှိအတိုင်းရေးထားတဲ့ ကွန်မန့်တွေ ပြန်တွေ့ရတော့ ၀မ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ် ကိုနိုင်။

ကိုနိုင်ပြန်ခါနီး စာတွေရေး၊ ဘလော့တွေ လိုက်လည်နဲ့ သူငယ်ချင်းတွေ ရလာပါတယ်။ မမကွန်း၊ မငုံ၊ တလနွန်၊ မနှင်း၊ ကိုသားကြီး၊ မကီ၊ မိုးစက် တို့ပေါ့။ သူတို့တတွေ ဘလော့မှာ လိုက်လည်၊ စနောက်နဲ့ ခင်မင်လာရင်း သူတို့နဲ့ ခင်တဲ့ ဘလော့က သူငယ်ချင်းတွေပါရလာတယ်။ ကိုသီဟသစ် နဲ့ တလနွန်တို့က မိတ်ဆက်ပေးရင်း စလုံးက သူငယ်ချင်းတွေနဲ့ ခင်မင်ခဲ့ရတယ်။ တခြားနိုင်ငံက သူငယ်ချင်းတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် သွေးအေးခဲ့ပေမယ့် မကီ ကတော့ ပိုစ်တိုင်း ခင်မင်ကတည်းက စပြီး ကွန်မန့်ပေးလာခဲ့တာ ခုချိန်ထိပါ။ ကျေးဇူးအကြီးကြီးတင်ပါတယ် မမကိခင်ဗျာ။

နောက်ထပ် ပြောချင်တာ ကျနော့ သူငယ်ချင်း အရင်းကြီးတွေဖြစ်တဲ့ အိန်ကျယ် နဲ့ မေလေး။ တတိယနဲ့ စတုတ္တဆိုပေမယ့် သူတို့က အိမ်မှာ လာသောင်းကျန်းရင်း တတိယ စတုတ္တရနေတာပါ။ ပိုစ့်တခုကို နေရာလုရင်း လေး ငါး ဆယ်ခု မန့်ထားတာကို များမှာပေါ့ဗျာ။ ကျနော်က ပိုစ့်တွေအပြင် ကွန်မန့်တွေလည်း ဖတ်ရတာ ၀ါသနာပါတော့ နေရာလုတဲ့ ကွန်မန့်တွေက တခါတလေ အနှောက်အယှက်ဖြစ်ပါတယ်။ တခါတလေလည်း ဖတ်ရင်း ပျော်စရာတွေ ကူးစက်ပါတယ်။

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတို့ရဲ့ ကွန်မန့်တွေသာ မရှိရင် ဒီလောက်ရေးဖြစ်မယ် မထင်ပါဘူး။ ကွန်မန့်ပေးသွားသူ အပေါင်းအား ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကိုယ့်ဘလော့မှာ ဘယ်သူ ကွန်မန့်ဘယ်နှစ်ခုပေးခဲ့သလဲ ဆိုတာသိရအောင်
Layout > page elements > add a gadget > html/javascript ကိုရွှေးပြီး ဒီ code လေးထည့်လိုက်ပါ။

Coding ကို http://www.filefactory.com/file/a22fe0f/n/coding_txt ရယူနိုင်ပါတယ်
ခင်တဲ့
ရေတမာ

Sunday, October 11, 2009

အထူးသတင်း

16 comment
ရေကြည်အိုင်မှာ ရေခဲရေသည်လေး ရေလဲပုဆိုး ရေပြာရောင်လေးနဲ့ ရေတမာလေ ရေဆင်ကို ရေချိုးဖို့ ရေခွက်နဲ့ ရေပေးပါလို့ အော်နေတုန်း ရေနံသာ ခင်ခင်ကြီးက ရေနော့င်(Ranault) ကားကြီးနဲ့ ၁၂၃ ရေပြီးတိုက်သွားတာ ရေဝေးရောက်သွားရော ဆိုပါ့လား (ကားနောက်ခန်းမှာ သူ့သား ရေခဲက ရေသန့်ဘူးနဲ့ သူသမီး ရေမှုန်က ရေခဲမှုန့်စားလို့ ရေလိုက်ငါးလိုက် ရေသံ (Rhythm)လေးတောင်ဖွင့်လို့)
နေအိမ်မှ ကားများ ရေတက်ချိန်တွင်ထွက်ခွာမည်။
ဆောင်းဆောင်းရေ မင်းတို့မသတ်ခင် ငါ့ကိုငါ အဆုံးစီရင်လိုက်တယ်။
ရေလိုအေးကြပါစေ

Friday, October 09, 2009

Gracious Planet

19 comment
Local Channel တခုဖြစ်တဲ့ channel 8 ကနေ ဗုဒ္ဓဟူးနေ့ ည ၈ နာရီ ခွဲဆိုရင် Gracious Planet ဆိုတဲ့ အစီအစဉ်လေး တစ်ခု ထုတ်လွင့်ခဲ့ပါတယ်။ ထိုင်ဝမ်၊ ဂျပန်နဲ့ ဟော်လန်နိုင်ငံများနှင့် ယှဉ်ပြီး စင်ကာပူနိုင်ငံမှာ လူမူအဆင့်အတန်းမြင့်မားရေး ပညာပေး အစီအစဉ်လေးဖြစ်ပါတယ်။ တခြားနိုင်ငံများရဲ့ အလေ့အကျင့် ကောင်းလေးတွေကို အတုယူဖွယ် တွေ့မြင်ရပါတယ်။

ထိုင်ဝမ် နှင့် ဂျပန်နိုင်ငံများမှာ ရိုက်ကူးထားတဲ့ အစီအစဉ်ကို မကြည့်လိုက်ရပေမယ့် ဟော်လန်နိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ အပိုင်းကို တွေ့မြင်ခွင့်ရခဲ့ပါတယ်။ ဟော်လန်နိုင်ငံမှာ နွေးထွေးတဲ့ ကြိုဆိုမှုနဲ့ အတူ ကူညီတတ်တဲ့ စိတ်ထားလေးတွေ တွေ့ရပါတယ်။ လမ်းပျောက်လို့ အခက်အခဲဖြစ်နေတဲ့ သူတို့(အစီအစဉ် သရုပ်ဆောင်သူ)ကို လမ်းမှာထိုင်နေတဲ့ သူက မမေးဘဲနဲ့တောင် ကူညီပေးပါတယ်။ သူတို့ ဈေးတန်း(သစ်သီးတန်း)တခုကို ရောက်သွားချိန်မှာ ဈေးဝယ်တွေဟာ လိုချင်တဲ့ အသီးကို ဒီတိုင်းပဲ ချိန်ပြီးဝယ်ကြပါတယ်။ သူတို့ကတော့ ဒီကအကျင့်အတိုင်း ကောင်းတဲ့ အသီးကိုတောင် ကောင်းမကောင်း စမ်းကြည့်၊ နမ်းကြည့်တာ ကြည့်ခြင်းအားဖြင့် အကျင့်ပါနေတယ်ဆိုတာ တွေ့ရပါတယ်။

ပုလင်းအခွံတွေကို recycle ပြန်လုပ်တဲ့ နေရာလေးလည်း တွေ့ရပါတယ်။ ပုလင်းတွေကို ၀ယ်တဲ့အခါမှာ ပုလင်းအခွံဖိုးပါ ပါပြီးသားဖြစ်တဲ့အတွက် ပုလင်းတွေကို recycle လုပ်တဲ့အခါ ပိုက်ဆံပြန်ရပါတယ်။ အသီးအနှံတွေ ၀ယ်တဲ့အခါမှာလည်း ကိုယ့်ဘာသာ ချိန်ပြီး ကိုယ့်ဘာသာ ဈေးနှုန်းကပ်ရပါတယ်။ အရောင်းစာရေး အလုပ်ရှုပ်သက်သာအောင် ထင်ပါတယ်။

စားသောက်ဆိုင်တွေမှာ စားတဲ့အခါ တယောက်ခြင်းဆီအတွက် ဘေလ် ပေးပါတယ်။ ကိုယ်စားတာ ကိုယ်ရှင်းရတယ်လို့ တွေ့ရပါတယ်။ လမ်းမပေါ်မှာ စက်ဘီးများ ကားများရှုပ်ထွေးနေပေမယ့် ထိမိခိုက်မိတာ မတွေ့ရပါဘူး။ လူကူးမျဉ်ကြားကနေ သူတို့စိတ်ကြိုက် ကူးလို့ရပါတယ်။ ကားတွေက ဟွန်းမတီးပါဘူး။ လူရှင်းအောင် စောင့်ဆိုင်းတာတွေ့ရပါတယ်။ သူတို့ရဲ့ အိမ်လေးတွေက ချစ်စရာကောင်းပါတယ်။ ခြံစည်းရိုးနှိမ့်နှိမ့်လေးနဲ့ ပြတင်းပေါက်တွေက ရှိုးကေ့ ပုံစံ အလှဆင်ထားတာ မြင်ရပါတယ်။ ကလေးတွေအတွက်
ပညာရေးကတော့ လွတ်လပ်တဲ့ သင်ယူမှုပါပဲ။ primary school မှာ စာမေးပွဲ မရှိဘူးလို့ သိရပါတယ်။

သူများနိုင်ငံတွေကို လေ့လာအပြီး စင်ကာပူနိုင်ငံကို ပြန်ကြည့်တဲ့အခါ ကောင်းကွက် ဆိုးကွက်တွေ သင်ယူစရာတွေ တွေ့ရပါတယ်။ စင်ကာပူနိုင်ငံမှာ ထွန်းကားတဲ့ ယဉ်ကျေးမှုကတော့ ၀ါးလုံး ယဉ်ကျေးမှုဖြစ်ပါတယ်။ သင် HDB Flat တခု ပိုင်ဆိုင်ရင် ၀ါးလုံးတစ်စည်းလည်း ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ လူနေ HDB အဆောက်အအုံ နောက်ကျောဘက်မှာ အ၀တ်လှမ်းဖို့ ၀ါးလုံးလိုပါတယ်။ သန့်ရှင်းလှပတဲ့ အဆောက်အဦးနောက်ဘက်မှာ လေနှင့်အတူ လွင့်နေတဲ့ အ၀တ် ဥယျဉ်ကြီးများ ရှိနေတတ်ပါတယ်။

အပေါ်ဆုံးထပ်မှ လူများအတွက် အခက်အခဲမရှိပေမယ့် အောက်ဆုံးထက်က လူအတွက် မသန့်ရှင်းတဲ့ရေကျတာ စသည့် စိတ်အနှောက်အယှက်ဖြစ်စရာတွေ ရှိနေတတ်ပါတယ်။ အတွင်းခံအ၀တ်အစားတွေလည်း မျိုးစုံတွေမြင်ရပါမယ်။ ထို့အတူ ကြမ်းတိုက်အ၀တ်။ စလောင်းဖုံး။ ခြင်းတောင်း စသည့် တိုလီမုတ်စများလည်း တခါတလေမြင်မကောင်းအောင် တွေ့ရပါတယ်။ ပန်းအိုးများပင် ချိတ်ဆွဲတတ်ပါသေးတယ်။ ၀ါးလုံးထည့်ရန် အပေါက်များကိုလည်း ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် မိုးရေမ၀င်ရောက်စေရန် စနစ်တကျ ဖုံးအုပ်ထားသည်ကိုလည်း တွေ့ရပါတယ်။

မီးရထားစီးရာတွင်လည်း အတုယူစရာကောင်းတဲ့ အလေ့အကျင့်လေးတွေ တွေ့ရပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် ရထားပေါ်မှ အဆင်း ခရီးသည်များကုန်မှသာ ၀င်ရောက်ကြပါတယ်။ ရထားပေါ်ရောက်ရင်လည်း ဖုန်းကို silent mood လုပ်ထားကြပါတယ်။ ထိုင်ဝမ်မှာတော့ သက်ကြီးရွယ်အိုများ၊ မသန်မစွမ်း နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကလေးသူငယ်များအတွက် သီးသန့်ခုံတွေ တွေ့ရပါတယ်။ စင်ကာပူမှာကတော့ ထိပ်ဆုံးခုံ နှစ်ခုကို priority seat အဖြစ် သတ်မှတ်ထားပါတယ်။

Food Court များမှာ self service နဲ့အတူ ကိုယ်စားပြီးသား tray များကို သန့်ရှင်းခဲ့ပါတယ်။ ပုဂံစင်မှာ စနစ်တကျ ထားခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် စနစ်တကျ တန်းစီကျတာလည်း လေးစားဖွယ် စနစ်တခုဖြစ်ပါတယ်။

စင်ကာပူမှာ နောက်ထပ် အတုယူဖွယ်ကောင်းတဲ့ အလေ့အကျင့်က စက်လှေကား စီးတဲ့အခါ ဘယ်ဖက်ကို ကပ်ပေးခြင်းဖြင့် ကူညီပေးကြပါတယ်။စင်ကာပူနိုင်ငံဟာ အမှိုက်ကင်းစင်ပြီး သန့်ရှင်းလှပတဲ့ မြို့ဖြစ်ပါတယ်။ နေရာတိုင်းမှာ အမှိုက်ပုန်းများနှင့်အတူ recycle bin များလည်း ရှိပါတယ်။ အ၀တ်အစား၊ ပုလင်း ၊စက္ကူ၊ သတ္တု စသည်ဖြင့် ခွဲခြားထားပါတယ်။ ကလေးသူငယ်များကိုလည်း စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်တတ်အောင် သင်ကြားပေးထားကြပါတယ်။ ဈေးဝယ်တဲ့ နေရာမှာလည်း Eco bag လို့ခေါ်တဲ့ ကိုယ်ပိုင်အိတ်များကို သုံးစွဲခြင်းဖြင့် ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျော့ကျအောင် green environment ကိုဖန်တီး နေကြပါတယ်။

တိုးတက်လာတဲ့ လူဦးရေနှင့်အတူ ကမ္ဘာကြီး ပိုမိုလှပအောင်၊ ပတ်ဝန်းကျင် နေချင့်စဖွယ်ဖြစ်အောင် နောင်လာမယ့် မျိုးဆက်တွေကို ကောင်းမွန်တဲ့ အမွေတွေ လက်ဆင့်ကမ်းရင်း အတူအကွ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရင်း...

ခင်တဲ့
ရေတမာ