Sunday, December 20, 2009

တစ်နှစ်စာ

တစ်ရာနှင့် တစ်နှစ်ပိုစ့်အတွက် သူငယ်ချင်းတွေကို ဘာအကြောင်းရေးရမလဲလို့ မေးကြည့်တော့ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ အကြောင်းလေး ရေးပါ့လားလို့ အကြံပေးတယ်။ ဘာမှ ထွေထွေထူးထူးမဟုတ်တော့ သိပ်ပြီး မရေးချင်ဘူး။ မနေ့ကမှ ခေါင်းထဲ စာစီကြည့်တော့ တော်တော်များများရေးလို့ရတာနဲ့ အခုချရေးကြည့်တာပါ။

ဘလော့ဆိုတာကို မသိခင်က မလေးမှာနေတဲ့ သူငယ်ချင်းတယောက်က သူငယ်ချင်းတွေ သတိရရင်ကြည့်ရအောင် blogspot.com မှာ သူငယ်ချင်းတွေ photo တင်ပေးတယ်။ blog လို့လည်း မသိသေးပါဘူး။ မသဇင်ဏီဆီမှာ ၀င်ပြီး သီချင်းနားထောင်တယ်။ သူရေးတာတွေဖတ်ပြီး တော်တော် သဘောကျရော။ Forward မေးတွေကနေ မနိုင်းနိုင်းစနေ နာမည်တွေ့လို့ Google ကနေ ရှာရှင်း သူ့ဘလော့က တဆင့် ဘလော့လောကကြီးကို သိရတာ။ နာဂစ်ဖြစ်တော့ ကိုစိုးဇီယတို့ ပိုစ့်တွေ ဖတ်ရတော့ အရမ်းလေးစား၊ အားကျတယ်။ ကိုစေတန်ဂေါ့ဆီက ဘလော့လုပ်နည်း ဒေါင်းပြီး လျှောက်ကလိရင်း ပျော်နေတာပေါ့။ Sidebar မှာဟိုလျှောက်ထည့် ဒီလျှောက်ထည့်။ စာတွေရေးနိုင်အောင် အားပေးတဲ့ ကိုနိုင်ကိုလည်း ကျေးဇူးတင်ရမယ်။

ရေးထားတာလေးတွေ များလာတော့ Marketing ဆင်းတာပေါ့။ မခင်ဦးမေဆီမှာ အရင်စဆင်းတယ်။ လာလည်ပြီး ကွန်းမန့်ပေးတော့ အရမ်းဝမ်းသာတယ်။ ကိုယ်လိုလူမသိ သူမသိတယောက်ကို နာမည်ကြီး အမကြီးက လာအားပေးတော့ ပျော်တာပေါ့။ ဒူဘိုင်းက အမကြီးတွေနဲ့လည်း ခင်မင်ခဲ့ရတယ်။ နောက် စလုံးက သူငယ်ချင်းတွေရတယ်။ အများကြီးပဲ။ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့ အထီးကျန်နေတဲ့ ဘ၀လေး စိုစိုပြည်ပြည် ဖြစ်လာတယ်။ လေးစားအတုယူစရာ သူငယ်ချင်းများပါပဲ။

လူစိတ်ဆိုတာ မကောင်းတာပြောဦးမယ်။ ရေးလာတာကြာတော့ သူငယ်ချင်းတွေကလည်း များများရေးစေချင်တဲ့ ဆန္ဒတွေနဲ့ ကွန်းမန့်ပေးကြတယ်။ ကောင်းတယ်ဘာညာပေါ့။ ဒီတော့ မာန်ကတက်လာတယ်။ ငါ့လောက်တောင် မရေးတတ်ကြဘူးပေါ့။ တကယ်တော့ ကိုယ်က ဘာမှ မရေးတတ်သေးပါဘူး။ တကယ်စာရေးကောင်းတဲ့ ဘလော့တွေဖတ်ပြီး ကိုယ်ဘာသာ စိတ်တိုင်းမကျဘူး။ ကိုယ်စာမရေးတတ်သေးပါလားဆိုတာ ပိုသိသာလာတယ်။ စိတ်ဓါတ်ကျလာတယ်။ ဘလော့ကိုလည်း ပိတ်ပစ်ချင်လာတယ်။ နောက်ပိုင်း စိတ်လိုက်မာန်ပါ မရေးတော့ဘူး။ သူများတွေ ရေးတာတွေ အတူယူပြီး စာရေးတာပြင်ရတယ်။ ကိုယ့်စာက စကားလုံး ကျစ်လစ်မှုမရှိတာတွေ။ အရေးမှားတွေ သတိထားပြင်ရတယ်။

ဘလော့တစ်နှစ်စာပါ။ အပြင်တစ်နှစ်ကို ပြန်ကြည့်မယ်ဆိုရင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဘာမှ တိုးတက်မှု မရှိခဲ့ဘူး။ အဓိကကတော့ ကျန်းမာရေးပေါ့။ တော်တော်ချူချာတယ်။ ကျန်းမာရေးမကောင်းတော့ ဘာမှကို မလုပ်နိုင်တော့ဘူး။ စာရိတ္တပိုင်းတော့ ဆိုးဆိုးရွားရွားဖြစ်မသွားအောင် ထိန်းနိုင်နေသေးတာပဲ ဖြေသာစရာရှိတယ်။ လက်ရှိ အလုပ်ကို ဘ၀အတွက် လှေကား တစ်ထစ်ပဲဆိုပြီး တွေးထင်ထားပေမယ့် အချိန်ဖြုန်းသလိုဖြစ်နေတယ်။ တိုးတက်ရာတိုးတက်ကြောင်းအတွက် လမ်းစမရှာနိုင်လောက်အောင် ညံဖျင်းလွန်းနေတယ်။ နောင်နှစ်မှာ ပိုမိုတိုးတိုက်အောင် ကြိုးစားရမယ်။
ပျော်ရွှင်စရာ ခရစ်စမတ်အားလပ်ရက်နှင့် နှစ်သစ်ကူးဖြစ်ကြပါစေ
ရေတမာ
2;43pm SUN
20-12-09

16 comments:

ZT said...

ရှေ့ဆက်ချီတက်ပါ။ နောက်မှာ အများကြီး ရှိတယ်။ ဘာတွေလဲတော့ မသိဘူး။ :D

တောင်ပေါ်သား said...

ဆက်လျှောက် စာရိတ္တလေးကို ရိုးသားစွာ စွဲကိုင်လို့ ဆက်လျှောက် လှေကားထစ်တွေ များမှ အပေါ်ကိုရောက်မှာပေါ့ ဆက်လျှောက်


လေးစားလျက်
တောင်ပေါ်သား

khin oo may said...

သုံးသပ်နိုင်တာတော်တာပေါ့ နောက်နစ်အတွက်အားဖြည့်နိုင်ပါစေ။

ဏီ(န်)ကင်း said...

တစ်နှစ်စာကိုယ့်ကိုယ်ကို သုံးသပ်ပြသွားတာပဲ... ကောင်းတယ်.. ဆက်လုပ်ပါ... စာရေးတာရော... အလုပ်၊လူမှုရေးအားလုံးပေါ့... အားပေးနေပါ့မယ်.. မာန်တော့မတက်နဲ့နော်... ဖဲ့မှာ..ဟ ဟ

မေဇင် said...

ခင်မင်ခွင့်ရခဲ့တယ်...ကျေးဇူးတင်ပါတယ်..အားလုံးကို...။

ပွင့်မြုးဇင် said...

လည်ပြန်အတွေးလေးတွေပေါ့လေ...

မိုးခါး said...

ဒီတနှစ်က နောက်တနှစ်အတွက် သင်ခန်းစာပေါ့ဟာ
း))
နေကောင်းအောင်နေ
ကျန်းမာမှ ကိုယ်လုပ်ချင်တာတွေ လုပ်နိုင်မှာ
း))
ပျော်ရွှင် ကျန်းမာ အစစ အဆင်ပြေပါစေး))

ကောင်းကင်ပြာ said...

နေကောင်း ကျန်းမာ ပျော်ရွှင် တိုးတက် ပါစေ..နောက်လှည့်ကြည့်မနေနဲ့ ရှေ့ဆက်....

မိုးစက်အိမ် said...

ကိုရေ ရေဆက်သာရေးပါဗျာ အားပေးလျက်ပါ
တစ်နှစ်စာမှ နောင်နှစ်ပေါင်းများစွာတိုင်အောင်
လည်း ဘလော့လေး တည်တံ့ နေနိုင်ပါစေဗျာ . . .

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ကျန်းမာရေးကို အထူးဂရုစိုက်ပါလို့ မှာကြားချင်ပါတယ်။ အနီးအနားမှာ တွေ့မြင်ပြီး ဂရုစိုက်ပါလို့ တဖွဖွ မှာခွင့်မရလို့ အဝေးကနေဘဲ အထူးဂရုစိုက်ပါလို့ မှာကြားလိုပါတယ် ခင်ဗျား။

ခင်မင်စွာဖြင့်
ကိုမျိုး

နွေးနေခြည် said...

တနှစ်ထက်တနှစ် ပိုကောင်းအောင်ကြိုးစားရမှာပဲပေါ့

စည်သူ said...

ဩော်.. ညီရေတမာရေ.. မျက်ရည်ကျအောင် စကားတွေ မပြောပါနဲ့လား..း)

မရင့်ကျက်မှုအပေါင်း သရဖူဆောင်းထားတဲ့ ကျွန်တော်အတွက်လည်း ပြောဖို့ ချန်ထားပါအုံးလား..

စာရိတ္တက အရေးကြီးတယ်လေ.. ရေသောက်မြစ်ကောင်းမှ အကိုင်းခက် အဖူးအပွင့် ဝေဆာမှာဟေ့..

သိပ်ဝေးဝေးမကြည့်နဲ့
အမြင်တွေ ဝါးလွန်းတယ်..

သိပ်နောက်ပြန်လှည့်မကြည့်နဲ့
သွားရမဲ့ခရီး နှောင့်နှေးလိမ့်မယ်..

ခင်မင်လေးစားစွာဖြင့်
စည်သူ။

ဆောင်းနှင်းရွက် said...

ပျော်ရွှင်စရာ နှစ်သစ် လေး ဖြစ်ပါစေ ...

မြစ်ကျိုးအင်း said...

သူငယ်ချင်းတွေ ရလိုက်တာ အဖိုးမဖြတ် နိင်ပါဘူးလေ။ ကျနော့်လို ကိုယ့်စာကိုယ်ရေးရင်း ရန်သူတော့ ရလိုက် မယ်မထင်ဘူးး)
ယုံကြည်ရာ ဆက်လျှောက်ပါလေ

Mogok Thar said...

ပျော်ရွှင်ဖွယ် နှစ်သစ်ကူး ဖြစ်ပါစေ....

ရည်မှန်းသော ဘ၀သို့ ချောမွေ့စာ လျှောက်လှမ်းနိုင်ပါစေ။

မငုံ said...

ဆက်လက်ပြီး စာတွေအများကြီး ရေးသားနိုင်ပါစေ။ တစ်နှစ်ပြည့်လေး အခုမှ လာရောက်ဆုတောင်းပေးရတာ နောက်ကျသွားတယ်ဟ။