Wednesday, December 23, 2009

ထို့ကြောင့်

15 comment
"သား ဦးဦးတို့ဆီသွားမယ် လိုက်မလား" ကျနော် ပျော်သွားသည်။ ဆိုက်ကားတစီးငှားကာ သားအဖနှစ်ယောက် အတန်ငယ်ဝေးသော ဦးဦးတို့ စားသောက်ဆိုင်သို့ ရောက်ရှိခဲ့သည်။ စားသောက်ဆိုင်၏ဘေးခန်းရှိ ဘားကောင်တာတွင် အဖေအရက် သောက်လေသည်။ အဒေါ်ရောက်လာကာ အဖေနှင့်စကားပြောကြသည်။ အဆင်မပြေသည့် အိမ်ထောင်ရေးအကြောင်း အဒေါ်အား ရင်ဖွင့်နေဟန်ရှိသည်။ သားသမီးသုံးယောက်နှင့် ယောက္ခမအိမ်တွင် နေထိုင်ရသော သားမက်တယောက်၏ ပေါက်ကွဲမှုများကို အရက်နှင့်အတူ မျှောချနေသည်။
အဒေါ်ပေးသောမုန့်ကိုယူကာ ညီမလေးနှင့်အတူ တီဗွီမည်မျှကြာအောင် ကြည့်မိသည်မသိ။ အဖေအိမ်ပြန်ရန် လာခေါ်သဖြင့် လိုက်သွားသောအချိန်သည် ညည့်နက်နေလေပြီ။ အဖေလည်း ရေချိန်အတော်လွန်ကာ သိုင်းကွက်နင်းနေသဖြင့် ဆိုက်ကားသမားက မနည်းထိန်းကာ အိမ်သို့ အရောက်ပို့ပေးသည်။ အိမ်ရှေ့တွင် အော်ဟစ်နေသောအဖေ့ကို အမေတဖျစ်တောက်တောက် ရေရွတ်ရင်း တွဲခေါ်ချိန်တွင် အဖေခေါင်းဆိုက်နေလေပြီ။
ဝူးတူးဝါးတားအော်ဟစ်ရင်း အဖေအန်လေတော့သည်။ အမေသည် အဖေ့ကျောကို တဘုန်းဘုန်းထုရင်း ငိုယိုနေလေပြီ။ မိဘမကြည်ဖြူသော ယောက်ျား၊ ကလေးသုံးယောက်နှင့် မိဘအိမ်တွင် နေထိုင်ရသော အချိန်တွင် အဖေ့လုပ်ရပ်များက အမေ့အတွက် မျက်ရည်များကိုသာ အဖော်ပြုရန် ရှိတော့သည်။ အဖေ့အန်ဖတ်များကို မျက်ရည်စက်လက်ဖြင့် သန့်ရှင်းရေးလုပ်နေသော အမေ။ တွေ့ကရာခေါင်းထိုးအန်နေသော အဖေ။ မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြည့်နေသာ အဘိုးနှင့် အဘွား။ ကျနော့ ပါးတွင်လည်း မျက်ရည်များ အလိုလိုကျဆင်းလာသည်။ အမေ မငိုပါနဲ့တော့ အမေရယ်။
***************************
မနက်က အကို့တို့ မင်္ဂလာဆွမ်းကျွေးပြီး၍ ညနေမိသားစုနှင့်အတူ ဟော့ပေါ့သွားစားကြသည်။ အမအကြီးဆုံးမှ လွဲ၍ မိသားစုဝင်တယောက်တိုးသော မိသားစုစုံညီသော စားပွဲလည်းဖြစ်သည်။ အကိုက ထုံးစံအတိုင်း ဘီယာသောက်လေသည်။ ဖန်ခွက်သုံးခွက် မှာပြီး ကျနော်အပါအ၀င် သားအဖသုံးယောက် သောက်ကြသည်။ အမေ့မျက်နှာမကောင်း။ အဖေနှင့်အကို သောက်တတ်တာသိပေမယ့် ကျနော့် သောက်တာ အမေမသိသေး။ အမေ့ခံစားချက်ကို မစာနာစွာ ကျနော့်တို့ သောက်သုံးခဲ့ကြသည်။ အိမ်ပြန်လာတော့ အမေ့မျက်နှာမကောင်း။ ဘယ်သူ့ကိုမျှ စကားမပြောဘဲ အမေအိပ်ယာဝင်သွားသည်။ အမေရယ် တောင်းပန်ပါတယ်။ အမေ့ရှေ့မှာ ကျနော်ဘယ်တော့မှ အရက်မသောက်တော့ပါဘူး။ ဘယ်တော့မှ မမြင်စေရတော့ပါဘူးအမေရယ်။

Tuesday, December 22, 2009

ကျော်ကြားသူတို့၏ပုံရိပ်

14 comment
မမ၀ါက တက်ဂ်လို့ ရေးလိုက်ပါသည်။ ကျေးဇူးတင်ပါတယ် မမ၀ါ ခင်ဗျာ။ မမ၀ါလို့တော့ အစပိုဒ်မှာ ထုစရာ မောင်းမရှိ၍ ကျွန်ုပ်စာတွင် အသံထွက်စရာမရှိပါခင်ဗျာ(ဤကား လမ်းကြိတ်စက်နင်းသွားသော စကားချပ်းP) နောင်နှစ်ပေါင်း ငါးနှစ်မျှ ကြာလျှင်ဆိုပြီး တက်ဂ်ထားပါသည်။ လာမည့်သက္ကရာဇ်အတွက်ပင် မည်သို့မည်ပုံ ကူးခတ်ရမည်ကို ရင်မောနေရပါသည်။ သို့သော် စိတ်ကူးတွေတော့ရှိပါသည်။ အဘယ်စီးပွားရေးလုပ်မည်၊ အိမ်သူသက်ထား ထိပ်ထားကလျာ ရုပ်ပုံလွှာကား မည်သို့မည်ပုံ စသဖြင့် စသဖြင့် စိတ်ကူးရှိပါသည်။

နောင်ငါးနှစ်ကြာလျှင် မည်သို့ဖြစ်မည် မသိသော်လည်း ကျနော်ပြန်လျှင် လုပ်ချင်သော စီးပွားရေးမှာ- တစ်။ ဒီနိုင်ငံက ရှော့ပင်းမောကြီးတွေမှာ ဖွင့်သော SWEET TALK ကဲ့သို့ အအေးဆိုင်မျိုး မြန်မာပြည်တွင် ဖွင့်ချင်ပါသည်။ အစပိုင်းတွင် ကိုယ်တိုင် ဦးစီးလုပ်ကိုင်၍ နောက်ပိုင်း ၀န်ထမ်းများငှားရမ်းကာ ကွပ်ကဲနိုင်သော လုပ်ငန်းမျိုးဖြစ်သောကြောင့် ဒိန်ခဲကြိုက်သော ကျွန်ုပ်အတွက် သင့်တော်သော လုပ်ငန်းမျိုးဖြစ်သည်ဟု ထင်မြင်မိပါသည်။

နံပါတ်နှစ်လုပ်ငန်းမှာ old chang kee ကဲ့သို့သော အဆာပြေမုန့်များ ရောင်းသောဆိုင်ကို မြန်မာပြည်ရှိ ရှော့ပင်းမောများ၌ပင် ဖွင့်ချင်ပါသည်။ အောင်မြင်လျှင် အောင်မြင်သလို လုပ်ငန်းများတိုးချဲ့ကာ လုပ်ကိုင်နိုင်သောကြောင့် သဘောကျ နှစ်ခြိုက်မိပါသည်။ ဟိုးအရင်ကတည်းက စိတ်ကူးထားသော လုပ်ငန်းမှာ ကျွန်ုပ်တ၀မ်း တခါးအတွက် ပူပင်စရာမလိုသော စာအုပ်အငှားဆိုင်လေး တဆိုင်ဖွင့်ချင်ပါသည်။ ထိုအပြင် စာအုပ်ချုပ်လုပ်ငန်း၊ စာအုပ်ရောင်းချခြင်းများပါ တွဲဖက်၍ ကိုယ်ဝါသနာပါရာ လုပ်ကိုင်ရင်း ပျော်ရွင်နေမိမလား စိတ်ကူးယဉ်မိပါသည်။

စိတ်ကူးထဲက ချစ်သူပုံရိပ်
မချောသော်လည်း ချစ်စရာကောင်းရပါမည်။ (သန့်ရှင်းကြည်လင်သော မျက်နှာပိုင်ရှင်မျိုး)

မပိန်မ၀ဘဲ ကျန်းမာရေးကောင်းရပါမယ်။ (သူရော ကိုယ်ရော နှစ်ယောက်လုံး လဲနေလျှင်လည်း မကောင်းပါ)

အိမ်ထောင်မှု ကောင်းမွန်စွာ ထိန်းသိမ်းတတ်ရပါမယ်။ (နှစ်ယောက်လုံး အလုပ်နေကြတဲ့ ခေတ်ထဲမှာ အိမ်တာဝန်တွေ နှစ်ယောက်လုံးထိန်းသိမ်းနိုင်မှ ဧည့်သည်လာတဲ့ အခါ ကြည့်ပျော်ရှုပျော် တိုက်ခန်းလေး မြင်ရမှာပါ)

ခေတ်အမြင်ချင်းညီရန် အသက်တူစေချင်ပါသည်။ အတွေးအခေါ်နီးစပ်စေရန် ပညာအရည်အချင်း တူစေချင်ပါသည်။ အနေအထိုင်နီးစပ်စေရန် ပိုက်ဆံရှိတာ တူစေချင်ပါသည်။ ပါရမီဖြည့်ဖက်ကောင်းဖြစ်စေရန် ဘာသာတူစေချင်ပါသည်။ ဖြစ်နိုင်လျှင် အကြိုက်ချင်းတူစေချင်ပါသည် သို့မှသာ ညှိရတာတွေ နည်းနိုင်ပါမည်။ တယောက်ကိုတယောက် ချစ်ခင်လေးစား၍၊ တယောက်ကတယောက်ကို ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိစေချင်ပါသည်။ စိတ်ရှည်စေချင်ပါသည်။

အိမ်ထောင်ကျကိန်း ရှိမရှိတော့မသိပါ။ မယူချင်ဘူး ပြောရင်လည်း ယုံချင်မှယုံကြပါလိမ့်မယ်။ လိမ္မာသော ကလေးဖြူဖြူတုတ်တုတ်လေးများတော့ ချစ်တတ်ပါသည်။

ရေတမာ
ဒီဇင်ဘာ09

Sunday, December 20, 2009

တစ်နှစ်စာ

16 comment
တစ်ရာနှင့် တစ်နှစ်ပိုစ့်အတွက် သူငယ်ချင်းတွေကို ဘာအကြောင်းရေးရမလဲလို့ မေးကြည့်တော့ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ အကြောင်းလေး ရေးပါ့လားလို့ အကြံပေးတယ်။ ဘာမှ ထွေထွေထူးထူးမဟုတ်တော့ သိပ်ပြီး မရေးချင်ဘူး။ မနေ့ကမှ ခေါင်းထဲ စာစီကြည့်တော့ တော်တော်များများရေးလို့ရတာနဲ့ အခုချရေးကြည့်တာပါ။

ဘလော့ဆိုတာကို မသိခင်က မလေးမှာနေတဲ့ သူငယ်ချင်းတယောက်က သူငယ်ချင်းတွေ သတိရရင်ကြည့်ရအောင် blogspot.com မှာ သူငယ်ချင်းတွေ photo တင်ပေးတယ်။ blog လို့လည်း မသိသေးပါဘူး။ မသဇင်ဏီဆီမှာ ၀င်ပြီး သီချင်းနားထောင်တယ်။ သူရေးတာတွေဖတ်ပြီး တော်တော် သဘောကျရော။ Forward မေးတွေကနေ မနိုင်းနိုင်းစနေ နာမည်တွေ့လို့ Google ကနေ ရှာရှင်း သူ့ဘလော့က တဆင့် ဘလော့လောကကြီးကို သိရတာ။ နာဂစ်ဖြစ်တော့ ကိုစိုးဇီယတို့ ပိုစ့်တွေ ဖတ်ရတော့ အရမ်းလေးစား၊ အားကျတယ်။ ကိုစေတန်ဂေါ့ဆီက ဘလော့လုပ်နည်း ဒေါင်းပြီး လျှောက်ကလိရင်း ပျော်နေတာပေါ့။ Sidebar မှာဟိုလျှောက်ထည့် ဒီလျှောက်ထည့်။ စာတွေရေးနိုင်အောင် အားပေးတဲ့ ကိုနိုင်ကိုလည်း ကျေးဇူးတင်ရမယ်။

ရေးထားတာလေးတွေ များလာတော့ Marketing ဆင်းတာပေါ့။ မခင်ဦးမေဆီမှာ အရင်စဆင်းတယ်။ လာလည်ပြီး ကွန်းမန့်ပေးတော့ အရမ်းဝမ်းသာတယ်။ ကိုယ်လိုလူမသိ သူမသိတယောက်ကို နာမည်ကြီး အမကြီးက လာအားပေးတော့ ပျော်တာပေါ့။ ဒူဘိုင်းက အမကြီးတွေနဲ့လည်း ခင်မင်ခဲ့ရတယ်။ နောက် စလုံးက သူငယ်ချင်းတွေရတယ်။ အများကြီးပဲ။ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့ အထီးကျန်နေတဲ့ ဘ၀လေး စိုစိုပြည်ပြည် ဖြစ်လာတယ်။ လေးစားအတုယူစရာ သူငယ်ချင်းများပါပဲ။

လူစိတ်ဆိုတာ မကောင်းတာပြောဦးမယ်။ ရေးလာတာကြာတော့ သူငယ်ချင်းတွေကလည်း များများရေးစေချင်တဲ့ ဆန္ဒတွေနဲ့ ကွန်းမန့်ပေးကြတယ်။ ကောင်းတယ်ဘာညာပေါ့။ ဒီတော့ မာန်ကတက်လာတယ်။ ငါ့လောက်တောင် မရေးတတ်ကြဘူးပေါ့။ တကယ်တော့ ကိုယ်က ဘာမှ မရေးတတ်သေးပါဘူး။ တကယ်စာရေးကောင်းတဲ့ ဘလော့တွေဖတ်ပြီး ကိုယ်ဘာသာ စိတ်တိုင်းမကျဘူး။ ကိုယ်စာမရေးတတ်သေးပါလားဆိုတာ ပိုသိသာလာတယ်။ စိတ်ဓါတ်ကျလာတယ်။ ဘလော့ကိုလည်း ပိတ်ပစ်ချင်လာတယ်။ နောက်ပိုင်း စိတ်လိုက်မာန်ပါ မရေးတော့ဘူး။ သူများတွေ ရေးတာတွေ အတူယူပြီး စာရေးတာပြင်ရတယ်။ ကိုယ့်စာက စကားလုံး ကျစ်လစ်မှုမရှိတာတွေ။ အရေးမှားတွေ သတိထားပြင်ရတယ်။

ဘလော့တစ်နှစ်စာပါ။ အပြင်တစ်နှစ်ကို ပြန်ကြည့်မယ်ဆိုရင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဘာမှ တိုးတက်မှု မရှိခဲ့ဘူး။ အဓိကကတော့ ကျန်းမာရေးပေါ့။ တော်တော်ချူချာတယ်။ ကျန်းမာရေးမကောင်းတော့ ဘာမှကို မလုပ်နိုင်တော့ဘူး။ စာရိတ္တပိုင်းတော့ ဆိုးဆိုးရွားရွားဖြစ်မသွားအောင် ထိန်းနိုင်နေသေးတာပဲ ဖြေသာစရာရှိတယ်။ လက်ရှိ အလုပ်ကို ဘ၀အတွက် လှေကား တစ်ထစ်ပဲဆိုပြီး တွေးထင်ထားပေမယ့် အချိန်ဖြုန်းသလိုဖြစ်နေတယ်။ တိုးတက်ရာတိုးတက်ကြောင်းအတွက် လမ်းစမရှာနိုင်လောက်အောင် ညံဖျင်းလွန်းနေတယ်။ နောင်နှစ်မှာ ပိုမိုတိုးတိုက်အောင် ကြိုးစားရမယ်။
ပျော်ရွှင်စရာ ခရစ်စမတ်အားလပ်ရက်နှင့် နှစ်သစ်ကူးဖြစ်ကြပါစေ
ရေတမာ
2;43pm SUN
20-12-09

Friday, December 18, 2009

တစ်ရာနှင့် တစ်နှစ်

22 comment
Face Book မှာ Premier Football ကိုဆော့နေတာ ကြာပြီ။ ဘာတွေဆော့သလဲ ဆိုတော့ ကိုယ့်ရဲ့ Level မြင့်လာအောင် ဆော့တယ်။ Level တွေကလည်း တော်တော်လေးများ၏။ အခုရောက်နေတဲ့ Level က အပျော်တမ်းအဆင့်၃။ ရမှတ်တွေနဲ့ အဆင့်သတ်မှတ်ပေးထားတယ်ဗျ။

ဘလော့ရေးလာတာလည်း ကြာလာပြီ။ စရေးကတည်းက ကျနော်ဘလော့ဂါ ဆိုတဲ့စာတိုလေးနဲ့ စရေးခဲ့တယ်။ တနှစ်ပြည့်ခဲ့ပြီ။ တိုက်တိုက်ဆိုင်ဆိုင် ပိုစ့် ၁၀၀ ပြည့်ခဲ့ပြီ။ အရင်က မနိုင်းနိုင်းရေးထားသလို ပိုစ့် ၅၀ လောက်တောင် ရေးနိုင်ပါ့မလား မသိဘူးလို့ တွေးထင်ဖူးတယ်။ အပျော်တမ်း စာစစာရေးခဲ့တော့ ကျနော့်ကို ကျနော်လည်း အပျော်တမ်း ဘလော့ဂါ အဖြစ် ကိုယ့်ဘာသာ သတ်မှတ်ပါတယ်။

ဝမ်းစာမပြည့်ဝတော့ ရသတွေလည်း ပေးစွမ်းခဲ့လိမ့်မယ် မထင်ပါဘူး။ သို့သော် တတ်သလောက်လေး ရေးချရင်းနဲ့ ပျော်မွှေ့နေရော။ အရည်အချင်းမပြည့်တပြည့် အရေအတွက်လေးအတွက်တော့ တန်ဖိုးထားမိတာ အမှန်ပါ။ နောက်ဖက်ကို ပြန်ကြည့်တဲ့အခါ မှတ်တိုင်လေးတွေ အဖြစ်ရှိနေအောင် ရေးသားခဲ့တယ်။ အပျော်တမ်းကနေ နောင်တချိန် ပရိုဆန်ဆန် ရေးသားချင်ပါတယ်။

ကျနော့ရဲ့ ဘလော့လင့်ကို ထည့်ထားပေးထားကြတဲ့ ဘလော့ဂါအပေါင်းကို ကျေးဇူးတင်ပါတယ်။ မိတ်ဆွေတို့ဆီကနေ လာလည်ကြတာတွေ့ရတော့ အများကြီး ၀မ်းသာတယ်။ ရေးရတာလည်း အားရှိတယ်။ ကွန်းမန့်ပေးသွားသူများ လာလည်သွားသူများအား ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတို့ လာလည်ကြလို့ ဒီလောက်ရေးနိုင်တာပါ။



တစ်ရာ နှင့် တစ်နှစ်

တစ်ရာဆိုတာ
ရာခိုင်နှုန်းသဘောတရာအရ ပြည့်ဝတဲ့သဘော
ရေအေးတွေကို ဆူစေတဲ့ အပူချိန်

ငါ့တစ်ရာကရော
ဘယ်လောက်ပြည့်ဝ ဘယ်လောက် ပြောင်းလဲမလဲ။
မစွမ်းပေမယ့် မျှော်မှန်းခဲ့ဘူးတာ။

တစ်နှစ်ဆိုတာ
သူငယ်ချင်းဆိုတဲ့ နေ့ရက်လတွေနဲ့ ဖွဲ့စည်းထားတဲ့
ပျော်စရာ ရာသီတွေပဲပေါ့။

ပျော်ရွင်ကြပါစေ
ရေတမာ
06း04pm FRI
18-12-09

Tuesday, December 15, 2009

ဦးဂေါက်တီးရဲ့ သားချော့တေး

9 comment

အကိုတစ်ယောက်ဆီ ရောက်တုန်းက မဂ္ဂဇင်းပုံကြီး တပုံလက်ဆောင်ရလိုက်တယ်။ အဲဒီစာအုပ်တွေထဲက ရယ်စရာမဂ္ဂဇင်း စာအုပ်တအုပ်ကို သဘောကျနှစ်ခြိုက်ခဲ့တယ်။ ခေတ်ပေါ်ကဗျာတွေကိုလည်း ရယ်စရာကတဆင့် ရင်းနှီးမှုရခဲ့ပါတယ်။ ပြီးခဲ့တဲ့ လက “ကဘောက်တိ ကဘောက်ချာ အယ်ဒီတာစာ”မှာ ဘာပြောလဲဆိုတော့ မြန်မာစာရေးသားတဲ့ သူတွေဟာ မြန်မာစာကို တန်ဖိုးထားသင့်တဲ့ အကြောင်း၊ မြန်မာစာရေးနေတဲ့သူတွေက အလေးမထားရင် ဘယ်သူမှ အလေးထားမှာ မဟုတ်ပါဘူးတဲ့။ ကလောင်တချောင်းကိုလည်း အလေးထားသင့်ကြောင်း၊ သရုပ်ပျက် ရေးသားထားသော ကလောင်နာမည်များကိုလည်း မရွေးချယ်ဘူးလို့လည်း ဆိုပါတယ်။ ဥပမာ Aဒင်မာလာ၊ 4အောင် စသည်ဖြင့်ပေါ့။ လေးစားပါတယ် အယ်ဒီတာရယ်။

ဆရာ လျှာပေါ်ဝဲ ရဲ့ ဓါးထက်တဲ့ စုဘုရားလတ်တို့ မြေးအဖွားတသိုက် သာသနာရေး အမြင်ကျယ်ပုံ၊ သာ့သနာ့ အာဇာနည်တွေ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ပုံကိုလည်း ထုတ်နှုတ်ပြသသွားတာ နှစ်ခြိုက်စွာ မှတ်သားလိုက်ရပါတယ်။ တခြား စာရေးဆရာတွေ စာတွေကတဆင့် စာပေလောကအသိုင်းအ၀ိုင်းအကြောင်း၊ တစေ့တစောင်း မှတ်သားရပါတယ်။

ကျနော့်ဘလော့မှာ ကိုယ်ပိုင်ဖန်တီးမှုအပြင် ကြိုက်နှစ်သက်တာလေးတွေ စုစည်းထားရင်ကောင်းမယ် ဆိုတဲ့ သဘောနဲ့ “ကူးယူဖော်ပြခြင်း” ဆိုတဲ့ လေဘယ် တခုဖန်တီးခဲ့ပါတယ်။ ရေးလက်စ တပုဒ်နှစ်ပုဒ်ကလည်း ရှေ့ဆက်မရ၊ အကြောင်းအရာကလည်း ပေါ့ပျက်ပျက်ဆိုတော့၊ ဆားချက်တယ်လို့ သဘောထားရင်လည်း ထားပါတော့။ တကယ်တော့ ကြိုက်လွန်းလို့ပါ။ ခေါင်းထဲမှာ စွဲနေပေမယ့် မိတ်ဆွေကိုလည်း ဖတ်ပြီး ရီမောနေစေချင်တယ်ဗျာ။ ဒီလထုတ် ရယ်စရာမဂ္ဂဇင်းထဲက စာလေးတပုဒ်ပါ။

ဦးဂေါက်တီးနဲ့ မယဉ်မေတို့ လင်မယားအကြောင်းပေါ့။ ပြောစမှတ်တင်သွားတဲ့ အကြောင်းလေးကတော့ ဦးဂေါက်တီးက ပြည်ကြီး တရုတ်စစ်စစ်၊ မယဉ်မေကတော့ အညာသူစစ်စစ်ဗျာ။ အသားရောင်က မည်းသမ ကျုတ်နေတာ။ ဘယ်ကဘယ်လို ညားလာမှန်း ဘယ်သူမှ မသိကြပါဘူး။ ကျွန်တော်တို့ ရပ်ကွက်ထဲ ပြောင်းလာပြီး ဦးဂေါက်တီးက ခေါက်ဆွဲနဲ့ အခေါက်ကင်ကို အိမ်ရှေ့ဆိုင်ခန်းလေးမှာ ရောင်းတယ်။ လင်မယားနှစ်ယောက် မောင်တထမ်း မယ်တရွက်ပေါ့။

သူတို့မှာ အသက်ကြီးမှ ရထားတဲ့ လူမမယ် ကလေးငယ် တယောက်လည်း ရှိသေးတယ်။ ယောက်ျားလေးပေါ့။ ကျွန်တော်တို့ ဦးဂေါက်တီးဆိုင်မှာ ခေါက်ဆွဲသွားစားရင် မယဉ်မေက သူ့ကလေးကို သီချင်းလေး တအေးအေးနဲ့ ချော့သိပ်နေတာ တွေ့ရတတ်တယ်။ ဘာတဲ့ သူဆိုတဲ့ သီးချင်းက “မိတ္တီလာကန်တော်အောက်က xxxx ဖားကောက်ခဲ့ပါ xxx ဖားပါရင် တကောင်ပေး xxxxxx မျက်လုံးရယ် ကြောင်တောင်တောင် xxxx ဖားကောင်ကသေး ” ဆိုပြီး အသံနေ အသံထားနဲ့ ချော့သိပ်နေတာ အမြဲလိုလို တွေ့ရတယ်။

တနေ့တော့ မနက်ပိုင်းမှာတင် ခေါက်ဆွဲ ကုန်သွားလို့ ဈေးမှာ ပြေးဝယ်တုန်း ကလေးငိုပါလေရော။ ဦးဂေါက်တီးလည်း ဈေးရောင်းတဘက်နဲ့ “ခိနလေး” ဆိုပြီး ပုခက်ထဲက ကလေးကို ပွေ့ချီပြီး မယဉ်မေကလေး ချော့သိပ်တဲ့ ပုံစံနဲ့ ချော့လိုက်တာ ဆိုင်ထဲက လူတွေ ခေါက်ဆွဲသီးသူသီး၊ ရယ်တဲ့သူ ရယ်နဲ့ ဖြစ်ကုန်ကြတယ်။ သူကလေး ချော့သိပ်တာကိုလည်း ကြည့်ဦး “ မတ်ဆီလာစိလယ် xxx ကန်စိလယ် xxxx ဖားစိလယ် xxxx မတ်စိပူးလယ် xxxx အကောင်တေးလယ် xxx အိပ်လော့ xxxx အိပ်လော့ ” တဲ့ ခင်ဗျ။

မင်းဘဲဥ(ချယ်ရီရွာ)
ရယ်စရာ အမှတ်(၄၉)ဒီဇင်ဘာ ၂၀၀၉

Saturday, December 12, 2009

ခေတ်သစ် အိုင်တီမာလ ပြဇာတ်

28 comment
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗဒ္ဓဿ
ဇေယျတု သဗ္ဗမင်္ဂလံ။ ဆိုက်ပရက်စ်ပြည့်ရှင်မင်းကြီး၏ သားတော် မင်းသားဖိုးစိန် စင်ကာပူပြည်သို့ သွားစေ။ စင်ကာပူပြည်က အပြန်၊ ဘီယာဆိုင်၌ နားနေစေ။

၎င်း စင်ကာပူမြို့ မြောက်မျက်နှာက အိုင်တီ ယောက်ျား ထွက်ဆိုရန် စကားမှာ-
သြော်- လူ့ဘုံခန်းဝါ၊ စင်ကာပူပြည်မှာ၊ ၀မ်းစာခဲခက်၊ နာစီ ဂိုးရင်း(မလေး ထမင်း)၊ ဂရင်းတီးနှင့် ဆန်တွင်းက နက်လွန်းလို့၊ အသက်ရှိစဉ်၊ မသေခင်ကို၊ စပါကတီ၊ ခပ်အီအီနှင့်၊ ဟော့ပေါ့အမည်၊ ရေလုံပြုပ်များကို၊ ၀မ်းတေဘယ်တမျှ ခပ်၀၀ စားလိုက်ရလျှင်ဖြင့် အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့၊ မရပ်မနား၊ ကီးဘုတ်ကြားမှာ၊ ၀မ်းကျောင်းပါငြားကဘဲ၊ စားရသည့်နေ့၊ တလလုံးတွင်မှ သုံးဆယ်နှပ်လောက်ကယ်သာ တွေ့ရတယ်။ ငွေနှယ်ကြေးနှယ်၊ ဘဟာ့နှယ်များကို၊ ကွယ်လေငဲ့ ပိတ်ပိတ်ပျောက်၊ အမွဲတကာ့ ထွတ်ခေါင်၊ ဖွတ်မင်းနောင်မှာ၊ ပြာတောင်ကြီး ပေါက်ကရော့၊ ပြောင်မြောက်အောင် မွဲနိုင်တဲ့၊ ငါ့ကိုယ့်နော်။

ဟယ် သို့သော်လဲ ယောက်ျား၊ စင်ကာပူသွား စင်ကာပူသားဟဲ့၊ မနုံနဲ့ပါဘူး။ အလှဲ့သင့်ချက်ပိုင် ခွေးကန်းတောင် အိမ်သာကျင်းထဲ ကြနိုင်သေးသပ၊ ကံဆိုင်လို့ တကယ်၊ ချက်ကောင်းကို တွယ်မိလျှင၊် အိုင်တီ တောင်ပေါ် လူနေလှလို့၊ ရွှေချသလို ပြောင်လိမ့်မယ်၊ အဆောင်တော် လပ်တော့ နှင့် အင်စတော်လာ စုံအလင်၊ အန်တီ ဗိုင်းရပ်စ်ကို ဒေါ်လာနှင့် လဲရအောင် မြို့ထဲသို့ ၀င်တော့မယ်၊ မှန်ဝိုင်းရှင် ဘော်သုံးက၊ လပ်တော့ကိုဆက်။

တခန်းရပ်။

မြို့တောင်မျက်နှာက အော်တိုကတ် အမျိုးသမီး ထွက်ဆိုရန်စကားမှာ-
သြော် စင်ကာပူရခေါ်၊ သည်ပြည်တော်မှာ၊ အကျော်ဇေယ၊ ခေါင်မှာစွဲအောင်၊ မွဲတေလှတဲ့၊ ကျွန်မ ကိုယ်ငယ်၊ တခါတရံ၊ လောကဓံမှာ၊ ကံမျက်စေ့ လယ်လို့မှ၊ ပြောင်နိုင်တယ် မရှိ။ Draft ဆွဲလို့ရောင်း၊ ၀မ်းကိုကျောင်းရတယ်။ အကြောတက်လို့ ဂိခဲ့ပြီ။ အသားတ၀က်၊ အရွက်တ၀က်၊ ထမင်း ပြက်သိကာ တရုတ်မ ဆိုင်မှာ၊ ဟင်းလျာက ဘီဟွမ်း(ကြာဆံ)၊ လည်ချောင်းကို မြေလှန်၊ ဂလုံဆန်အောင်၊ စုံကန်လို့မျှောရတယ်၊ ကောလိုက်တဲ့ကံ။ နာစီ ဂိုးရင်းနှင့် သောက်ရန်ချိုရည်၊ ကျွေးနိုင်တဲ့ မောင်များကို၊ လူ့ဘောင်တွင်တခါ၊ ကြုံစမ်းချင်ပါဘိ၊ ဇာတာထွန်းပေါ် ကံနှိုးဆော်လို့၊ မတော်တဆ၊ နာစီ မောင်မောင်၊ ဦးအချိုရည်ရို့နှင် အိမ်ထောင်များ ကျခါမှ၊ ၀၀ကြီး ဖောင်းလန်အောင် ၀မ်းစည်းစိမ်ခံတော့မယ်။

သြော်၊ တောင်ကြံမြောက်ကြံ၊ ဘရံတောက်တီး၊ ဆင်းရဲခန်းကို နိဒါန်းသွယ်လို့၊ ဘဲ့နှယ်ပင် ငြီးသော်လည်း၊ ဆန်နီးမယ် မဟုတ်၊ အော်တိုကတ် များများဆွဲနိုင်မှ ဒေါ်လာကို ကုပ်မိမယ်၊ တိုပေတောင့် စကပ်။ အနံက တထွာ၊ အလျားက တမိုက်၊ ကျော်ခွလျှင် မဖြစ်ပါတဲ့ မီနီစကပ်ကို သုံးလေးခါ ဖြန့်ကာ ဆန့်တယ် ပြုံကမ်းတွေကိုရွက်၊ မူရာတော် ကုပ်ချောင်းချောင်းနှင့် ပုံရောင်းထွက်တော့မည်၊ ကိုးမျက်စုံ မှန်ဝိုင်းလယ်က ပုံသည်ကို နေမမြင့်ရအောင် ဘတ်စ်ကားခ မစပါ့ဦး မောင်ကြီးရှင့်။

တခန်းရပ်။

တက္ကသိုလ်က ပြန်သော မင်းသားထ၍၊ ပြည်တော်သို့ရောက်စေ။ ခမည်းတော် သဘောအရ သော့အားလုံး မင်းသားလက်အပ်ခါ ဟောလီးဒေးသွားစေ။

တခန်းရပ်စေ။

အထက်က အိုင်တီ ယောက်ျားနှင့်၊ အော်တိုကတ် အမျိုးသမီးတို့တွေ့ကြရာ၊ မိန်းမက ဆိုရန်-
မျက်တွင်းဟောက်ပက်၊ အိတ်ကြိုးပျက်နှင့် ဘောင်းဘီညစ်ထေး၊ ခေါင်းမွေးဖြူတဲ့၊ ကျုပ်ဖအေငယ်၊ အင်စတော်လာ ရောင်းစား မောင့်စွမ်းအားနှင့် စီးပွားတနှစ်၊ ဘဲ့လောက်များ ဖြစ်ပါတုံး၊ စစ်စစ်ပေါက်ပေါက်၊ ၀မ်းရေးလောက်၍၊ စားသောက်သည်ပြင်၊ လက်ကပ်ခြေကပ်၊ ပိုမိုမြတ်လို့၊ အဖတ်တင်၊ အိမ်ပြန်ပို့ရ၊ ကျူပ်မောင်လှမှာ၊ ငွေစဘဲ့လောက်များသလဲ။ ခါးဝတ်လဲမှာ၊ မလွဲစင်စစ်၊ မျက်မြင်ဖြစ်၍၊ မစစ်သာဘူး၊ ဘလာချာချွတ်ခြုံ၊ ဖွားဖက်တော်မှ မပေါ်ရုံ၊ လုံအောင် အနိုင်ဖုံးရတယ်၊ စားဖွယ်သောက်ခင်း၊ ဘယ်ထမင်းနှင့်၊ ဘယ်ဟင်း ချဉ်ချို၊ ဘယ်နှယ့်များ မျိုရတုံး၊ နှမလိုစိတ်ကစွဲလို့၊ ဖြစ်နဲကို ပြန်စမ်းပါ မောင်ကြီးရယ်။

အိုင်တီ ယောက်ျားဆို။ ဆံပင်အဖြောင့်၊ တော်ကြာကောက်နဲ့ ခါးစည်းဝတ်လဲ တထွာတည်းကို ဟိုခွဲဒီခွဲ အကုန်ခွဲတဲ့ မမရယ်၊ အင်စတော်လာရောင်း စီးပွားကြောင်းနှင့် လူကောင်းကိုယ့်မောင်၊ ရုံးလှဆောင်၊ ၀အောင်စား၍၊ ခါးဝတ်တဲ့ပြင်၊ လက်ကပ်ခြေကပ်၊ ပိုမိုမြတ်လို့ အဖတ်တင်၊ MRT များ ATM ကြား၌ လုံစွာထား၊ ဒေါ်လာလေးရာ ရှိပါတယ်။ သည်ပစ္စည်းတွေ လေးရာငွေကြောင့် စိတ်သေလက်ချ၊ မအိပ်ရနိုင်ဘူး။ ညမှုညလူ၊ ကြွေးရှင်များဘူလွန်းလို့၊ ဟိုပုန်းဒီပုန်း တကုန်းကုန်းနှင့် ပုန်းခဲ့ကာလ မနည်းလှပြီ၊ ညစာနံနက်၊ စားရရက်မှာတော့၊ မဆာလာရောရော နာစီဆိုတဲ့ ထမင်းဟင်းကို ဂရင်းတီးနှင့် လည်ချောင်းကို စင်းပြီးလျှင် အတင်းသာ သွတ်ရတယ်၊ ခါးဝတ်လဲမှာ မျက်မြင်ပါဘဲ၊ ဥစ္စာပြည်စုံ၊ ဓနဂုဏ်နှင့် ကုံလုံဘိခြင်း၊ မသိမ်ဖျင်းပါဘူး၊ လူဆင်းရဲ မမှတ်ပါနှင့် အမိငယ်။

အော်တိုကတ် အမျိုးသမီးဆို။ ငွေလေးရာနှင့် ဋ္ဌေးအောင်ကြွယ်ဝ၊ ဥစ္စာပေါတဲ့ ဇောတိကငယ်၊ နှမမှာလဲ သည်လိုပဲ၊ ဘဏ်ထဲသို့မြုပ်၊ ကိုယ်သဘောကျ၊ ခင်ပွန်းများ ရခဲ့လျှင် သူထိန်းမကြီး လုပ်မယ်လို့၊ ငွေထုပ်ကြီးမား လူမသိအောင် ဖုံးဖိလို့ထားလိုက်တယ်၊ စီးပွားဆောက်ဦး၊ ကံချင်းဘဲနီးရောထင့်၊ မောင်ကြီးနှင့်တူရာမှာ၊ ငွေစိမ်းလေးရာ ရှိပါတယ်။ သည်ငွေလေးရာ ဥစ္စာဝန်လေးလွန်းလို့ အရေးမတော် ဖဲသမား ကတော်များ ဖြစ်ခဲ့သော်၊ ကူဖော်လောင်ဖက် မရှိရင် ခက်ထာမို့၊ နှစ်သက်လောက်သူ၊ စည်းစိမ်ကြီးကို ထီးလိုအုပ်၍ ချုပ်မည့်လူကို တဆူယောက်ျား ဇမ္ဗူမှာ ရှားလွန်းလို့၊ လင်သားမယူ၊ အပျိုကြီးလုပ်၍ ရွက်အုပ်သီး ပူရတယ်။ ကံတူတဲ့မဲ့သခင်၊ ဘယ်ခါမှ စုရုံးလို့၊ ရွှေပုံးရည် ချဉ်မယ်သိ၊ ထင်ရမက်ကယ်နှင့် စောင့်လျက်သာ နေရပါတော့တယ်၊ ကျုပ်မောင်ငယ်။

အိုင်တီ ယောက်ျားဆို။ ။ သုံးစွဲမကုန်၊ တောင်နှယ်ပုံ၊ ငွေမှုံလေးရာ၊ ခြိမ့်အောင်ကြွယ်တဲ့၊ မယ်သူဋ္ဌေးငယ်၊ ရွေးလွန်းလျှင်မရ သေးလွန်းလျှင် မလှတဲ့၊ ရှေးကပုံထား၊ လူထဲမှာနေ၊ လူ့ဖြစ်ထွေကို အကျေသားနှင့်၊ ဇာတ်သွားရှည်အောင် အရေးဆောင်လို့ ကွေ့ချောင်ေ၀၀ုစ်၊ ဘောက်စရာလုပ်ရတုံး၊ ငွေထုပ်ချင်းတူ၊ လူရွယ်ချင်းမျှ၊ အလှချင်းနတ်ဖက်၊ တိုင်း၍ရက်တဲ့ ပက္ကလာ၊ မိုးရွာသည်နှင့် အခန့်သင့် အခွင့်ဆီဆိုင်၊ အတိုင်အလှဲ့၊ အစပ်ဖြင့်တဲ့လှပေါ့ ဂျင်ပဲ့ချင်းပေါက်ကြစို့၊ နောက်မဆုတ်တမ်း၊ သည်ယနေ့တွင်ဖြင့်၊ ဘီလူးတွေ့လက်ရ သိမ်းလို့ အစိမ်းဖမ်း ဖမ်းတော့မည်၊ ပတ်ကြမ်းတီး၊ ပွဲပြီးစေကြစို့ငဲ့လေ အမိရယ်။

အော်တိုကတ် အမျိုးသမီးဆိုရန်။ ။ မကြီးသက်လှယ်၊ မျက်ထားချိုတဲ့ ကိုကိုရယ်၊ ချစ်တယ်ကြိုက်တယ်၊ အတင်းအကြပ်၊ နောက်ပိုးထပ်လို့၊ ခွေးငတ်နှင့် ဖိနပ်ပြတ် ဖြစ်လေသည်။ ဘယ်နှယ့်တုံး ခုတင်ခု၊ အရပ်မှုဆောင်သလို၊ တော်ရုံပင်သော့ပါရော့၊ ပေါ့ပေါ့တန်တန် ဂျီတော့က ဇာတ်လမ်းများ ဖန်သရော့ထင်၊ တနပ်စားမကြံ၊ တကယ်တမ်းမှန်ပါလျှင်၊ စားရန်ခန်းဝင်၊ ပွဲလယ်ဝင်ရန်၊ ဒေါ်လာအသပြာ ငွေလေးရာကို မြန်စွာသာ ယူချေတော့ မောင်ကြီးရယ်။

အိုင်တီယောက်ျားဆို။ ။ ဟဲ့ဘကြီးသား၊ တခါများဖြင့် သိကြားစောင်မ အိစိကလိလေးလည်း ရပေပြီ။ လူတကာ့နဲ့ ကြင်ရာနတ်ဖက် မောင်ကြီးသက်ကို လက်ချင်းတွဲလို့ ကလပ်သဘင် အခဲသားဝင်ရအောင် ATM ကြား ငါဝှက်လို့ထားခဲ့တဲ့ ကြေးများစွာကို မကြာချက်ချင်း MRT နှင်း၍ ငွေစယူ ကြွတော့မည်။ မတီးမစောင်း ဗိန်းမောင်း.....

ဂသို့နှယ် ပွားပြီးသကာလ ရှိစုမဲ့ MRT ကဒ်လေးနဲ့ ရထားစီးပြီး ချွေးဒီးဒီးကျနေတာကို ရထားပေါ်က ကောင်မလေးတွေကို မှန်ပြောင်းတလက်နဲ့ ငမ်းကျောထနေတဲ့ ဆိုက်ပရက်စ် မင်းသား တွေ့မြင်လေ၏။ ခါးကြားက ဟမ်းဖုန်းထုတ်၍ လှမ်းပွားလေသည်။

"ပေါ်ပေါ် ဂလောက် လူကြပ်ကြပ်ရထားကို ဘဇာကြောင့် အသည်းအသန်စီးနေတာတုန်း"
"အကိုတော် ဇာတ်မင်းသား၊ ကောင်မလေးနှင့် ကလပ်သဘင် ဆင်နွဲရန် ATM မှာ ငွေသွားထုတ်မလို့ပါ"
"how much?"
"ဖိုးတွမ်းတီ"
"နင် ဘုန်း ထားသမျှ အကုန်ပဲလား၊ မသွားနဲ့ ငါ ၂ ကျပ်တိုးနဲ့ ချေးမယ်၊"
"အကိုတော် ချေးသမျှလည်း ပြန်မဆပ်ဘဲ ယူမယ်၊ ဘဏ်ထဲက ပိုက်ဆံလည်း သွားထုတ်မယ်"
"မသွားနဲ့ ကိုဘိုဘို အကြွေတွေ ရှိတယ်၊ ငါပေးမယ်"
"အကြွေတွေလည်းယူမယ်၊ ငွေလည်းထုတ်မယ်"
"မင်း အိမ်ရှာနေတာမဟုတ်လား၊ ကိုဘို့ အိမ်မှာ လာနေကွာ ငါပြောပေးမယ်"
"ON"

ထိုသို့ ကိုဘိုဘို အိမ်တွင် မင်းပြိုင်ပြုနေကြရာ၊ တနေ့သော် စီးတီးဟောမှာ ဇာတ်မင်းသားကိုဖိုးစိန်ကို နပုန်း ပဏ္ဍုက်တယောက်လက်ထဲ ထည့်ပြီး ကိုဘိုကို အပိုင်သိမ်းရန် ကြံစည်လေသည်။ တဖန်လည်း အကိုတော်သည် ငါ့အား နာဂစ်ဒုက္ခသည်ဘ၀လို မဖြစ်အောင် ကူလီကူမာ လုပ်ပေးခဲ့သည်။ ငါ၏အကြံသည် မသင့်တော်ပါ့လားဟု နပုန်း ပဏ္ဍုက်ဆီပို့မည့် မတ်ဆေ့ခ်ျ်ကိုပိတ်၍ ကြိတ်မှိတ်နေလေ၏။ ဤသို့ သုံးကြိမ် ကြံစည်ပြီးသော် ငါ့အား မကောင်းမှုများလတ္တံဟု ကိုဖိုးစိန်ကို ပြောပြလေသည်။

ထိုအခါ ကိုဖိုးစိန်က "ငါတင်းတယ် ဆိုက်ပရက်စ် ပြန်တော့မယ်။ နင် မင်းမူတော့ ကိုဘို့ဆီမှာ ငါလည်း ဟိုတယ်မှာပဲ နေတော့အံဟု" ဆိုလေသည်။

"အို အကိုတော် မရှိလျှင် ကျုပ်လည်း မနေလိုတော့ပြီ၊ တပ်မက်သော တဏှာသည် ကျုပ်ကို ဖျက်ဆီးလတ္တံ။ တဏှာလောဘ၏ အပြစ်ကို မြင်ပြီ။ အကိုတော်သာ နေပါတော့။ ကျုပ် အရင်လို ၂ ထပ် ခုတင် သုံးလုံးထည့်ထားတဲ့ အခန်းမှာသာ နေပါတော့မည်ဟု ငိုယိုပြီး ပြောမယ် သင်ထင်သလား။ သူတကယ်ပြောတာက ၀မ်းသာအဲလဲ အသံကြီးနဲ့

" အ ဂယ် လားးးးးးး"ဟူသတတ်။

ရေတမာ
11;36 Sat
12-12-09

မှီငြမ်း။ ။ အမျိုးသားပညာဝန် ဦးဖိုးကျား၏ စလေဦးပုည၏ အတ္တုပ္ပတ္တိ နှင့် ဂင်္ဂါမာလဇာတ်ခေါ် ရေသည်ပြဇာတ်






Thursday, December 10, 2009

ငါ့အကို တနင်္လာသားကြီး

14 comment
မျက်နှာကို မအုပ်မိဘဲ
ငါဘာကြောင့် မျက်ရည်ကျနေတာလဲ
ငါ့အကို တနင်္လာသားကြီး
လူတောထဲ
ရိုးရိုးကြီး ငေါထွက်ပြီး အ နေဦးမလား
အ အကြီး ငေါထွက်ပြီး ရိုးနေဦးမလား
ငါ့အကို တနင်္လာသားကြီး
“ကူ၍ တွန်းပေးကြပါ”ဆိုင်းဘုတ်
ငါ့အကို တနင်္လာသားကြီး ရိုက်ခွဲခဲ့လိမ့်ဦးမယ်
အစ်ကိုဆိုတာ
အဖေနံ့သင်းမှ လှတာ
ငါ့ဖိနပ်ဟောင်းကို လဲစီးသွားတုန်းက
တခန်းလုံး ကြိုင်နေတဲ့အနံ့
အခန်းထဲလည်း ပန်းခင်းကြီး ရှိမနေဘူး
ကြယ်အသစ်တလုံးက နေ့ခင်းကြောင်တောင်
ထွက်လာတယ်
ဘယ်က သင်ယူခဲ့ရသလဲ
ချုံခိုမှည့်တဲ့ အရသာက သူ့အကျင့်၊ ပိုချိုတယ်
ရင်ဘတ်ကို ခေါက်ကြည့်လိုက်တယ် ဆိုရင်ပဲ
မရိုးသားမှုတွေလည်း လျောခနဲ ထွက်ကျလာတယ်
ငါ့အကို တနင်္လာသားကြီး
လူလူချင်း မျဉ်းမပိတ်တတ်ပေဘူး
အရေပြား နှစ်ထပ်ရှိတဲ့လူတွေ
ဘယ်တော့မှ မတွန့်ကြေဘူး
တခုတည်းသော အရေပြားကို ဖြန့်ခင်းလို့
အမြဲတမ်း တွန့်ကြေနေရဲ့
ငါ့အကို တနင်္လာသားကြီးက ပိုလှတယ်
သူဆေးလိပ်များများဖွာမှ
မိုးများများရွာတယ်
ခု ငါ့အကို တနင်္လာသားကြီး
ဘယ်ဆိုင်းဘုတ်ကို ရိုက်ခွဲဦးမလဲ။

လူနှင်းချို (မတ္တရာ)
ရယ်စရာ အမှတ် (၄၈) နိုဝင်ဘာ ၂၀၀၉

p.s i miss you bro!

Tuesday, December 08, 2009

မုန့်လုံးစက္ကူကပ်

16 comment

ကပ်လိုက် ခွာလိုက်
ခွာလိုက် ကပ်လိုက်
လျှော့လိုက် တင်းလိုက်
တင်းလိုက် လျှော့လိုက်
ပေးလိုက် ယူလိုက်
ယူလိုက် ပေးလိုက်
ရှုပ်လိုက် ရှင်းလိုက်
ရှင်းလိုက် ရှုပ်လိုက်
ဖြေလိုက် ချည်လိုက်
ချည်လိုက် ဖြေလိုက်
ပြုံးလိုက် မဲ့လိုက်
မဲ့လိုက် ပြုံးလိုက်
ခြောက်လိုက် ချော့လိုက်
ချော့လိုက် ခြောက်လိုက်
ပျော့လိုက် မာလိုက်
မာလိုက် ပျော့လိုက်
သေမလိုနဲ့ ရှင်
ရှင်မလိုနဲ့ သေ
အစွန်းနှစ်ဘက် ပြေးနေသူရဲ့
ဆုံးရင် ပြန်စတဲ့ဇာတ်
မုန့်လုံး စက္ကူကပ်။

မိုးဦးဆွေညိန်း
ရယ်စရာ
အမှတ်(၄၈)နိုဝင်ဘာ