Saturday, November 12, 2011

ရိုက်ကြဦးမလား ဓါတ်ပုံ

1 comment

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ စီးပွားရေးဈေးကွက်လည်း တခုအပါအ၀င်ပါ။ ထုတ်ကုန်တွေ လူသိများဖို့ ကြော်ငြာ ကဏ္ဍတွေနဲ့ မြင့်တင်ကြတယ်။ မြို့ထဲမှကြည့်ကြည့်။ နေရာတိုင်းမှာ ချောမောလှပပြီး စွဲဆောင်မှုရှိတဲ့ မင်းသားမင်းသမီးတွေနဲ့ ရိုက်ထားတဲ့ bill board တွေအပြည့်။ ဘယ်ဂျာနယ်၊ ဘယ်မဂ္ဂဇင်း ဖတ်ဖတ် အလှဓါတ်ပုံတွေ များမှများ။ အိမ်ထဲက ပြက္ခဒိန်တွေမှာလည်း သူတို့ပဲ။ Fan တွေဆိုရင် wall sheet တွေတောင် ရှိကြတယ်မဟုတ်လား။

ဝါသနာပါသူတွေအတွက်ဆိုရင် Studio တွေပေါမှပေါ။ သူငယ်ချင်းတယောက် ဘယ်လောက်ဝါသနာပါလဲဆိုရင် ရတဲ့ လခ ၂သိန်းကို album ၂ အုပ်ရိုက်ပစ်တယ်။ တအုပ်ကို တသိန်းတဲ့။ ဘုရားရေလို့။ face book လို့ social site တွေမှာလည်း အလှပုံတွေ မြင်ရတယ်။ မဂ္ဂဇင်းတွေမှာလည်း အလှပုံတွေ ၀င်ပြိုင်ကြတာတွေရှိတယ်။

ချောတဲ့သူဖြစ်ဖြစ်၊ ရုပ်ဆိုးတဲ့သူပဲဖြစ်ဖြစ် လှလှပပ၀တ်စားပြီး ဓါတ်ပုံ အရိုက်ခံချင်ကြတာပဲ။ ၁၂ ပွဲဈေးထဲမှာတောင် studio အသေးလေးတွေ တွေရသေးတာပဲ။ တောရောမြို့ပါမကျန် ဓါတ်ပုံပိုးဝင်နေကြတာပဲလေ။ တချို့က အမှတ်တရ၊ တချို့က အပျော်၊ တချို့က ၀ါသနာပါလို့ ရိုက်ကြတယ်။ တချို့က အပြင်မှာ မလှပေမယ့် ပုံထဲမှာ လှကြတယ်။ မလှလည်း အခုခေတ်မှာ ပြင်လို့ ရနေတာပဲ။

ကျနော်လည်း အမှတ်တရ အနေနဲ့တော့ ဓါတ်ပုံအရိုက်ခံပါတယ်။ ၀ါသနာတော့ မပါပါဘူး။ ရုပ်လည်းလှမှမလှပဲ။ ကြည့်ပျော်တယ်တောင် မထင်ပါဘူး။ တယောက်ထဲပုံတော့ ရိုက်ခဲတယ်။ အုပ်စုပုံရိုက်တယ်။ ရှက်တတ်တော့ နောက်နားနေတာများတာပဲ။

အခုတော့ ကျနော် ဓါတ်ပုံ အရိုက်ခံရတာရိုးသွားပါပြီ။ Studio ထဲလည်း တယောက်တည်း ၀င်ရဲပြီ။ အထဲမှာရှိတဲ့ မီးလုံးတွေနဲ့လည်း ရင်းနှီးနေပြီ။ ယောကျာ်းလေး မပြောနဲ့။ မိန်းကလေးဓါတ်ပုံ ဆရာနဲ့တောင် ရိုက်ရဲတယ်။ တယောက်ထဲတောင်မဟုတ်ဘူး အကူသုံးလေး ယောက်နဲ့လည်း ရိုက်ရတာပဲ။ သူတို့က ဘယ်လိုနေ ဘယ်လိုပုံဆိုပြီး အနီးကပ်လာပြင်လည်း ရင်မခုန်တော့ပါဘူး။ ဒီကြားထဲ *မိတ်ကပ်လာလိမ်းတဲ့ မမတွေရှိသေးတယ်။ မောင်လေး အစမ်းလိမ်းမယ်ဆိုတာပါသေး။ ပြီးရင် ရိုက်မယ့်မမက ဟိုကိုင် ဒီကိုင်လာလုပ်တယ်။ ပြီးရင် **mood ထည့်ထားမယ်။ ရိုက်ပြီဆိုပြီး မီးတွေဝင်းသွားတော့တာပဲ။

တခါတလေ မမတွေနဲ့ပဲ အ၀တ်မပါပဲ ရိုက်ခဲ့တာတွေ ရှိသေးတယ်။ ဘာဖြစ်လည်း သူတို့လည်း အလုပ်လုပ်နေတာ ကိုယ်လည်း အလုပ်လုပ်နေတာပဲ။ ဘယ်တတ်နိုင်မလဲ။ တချို့မမတွေဆို အပေါ့တောင် မသွားခိုင်းဘူး။ ဆိုးချက်။ သူတို့ခိုင်းသမျှ လုပ်ရတာပဲ။

သူုတို့တွေ ၀ဏ္ဏခွါနီးလောက် ပီတာလောက် တော်သလား စိတ်မ၀င်စားပါဘူး။ ကျနော့်ပုံလည်းလှသည်ဖြစ်စေ မလှသည်ဖြစ်စေ လိုချင်တဲ့ပုံစံရဖို့ အရေးကြီးတယ်လေ။ ဓါတ်ပုံ အရိုက်ခံရင် စဉ်းစားမိတယ် ဪ ငါ့လို ဓါတ်ပုံရိုက်ဖို့ ၀ါသနာမပါတဲ့ သူကျမှ ဘာလို့ ခဏခဏ အရိုက်ခံနေရတာလဲလို့။ ၀ဋ်ရှိရင်လည်း ကျေပါစေတော့လေ။

အ၀တ်အစားလဲပြီး Studio ခန်းမတံခါးကို တွန်းဖွင့်လိုက်တယ်။ အခန်းဝမှာ မီးစိမ်းလေးက လင်းလို့။ ဒီ sign လေးက လှောင်ပြုံးပြုံးပြနေသလိုပဲ။






*မိတ်ကပ် = ဆေးဓါတ်မှန်ရိုက်ဖို့ IV contract ဆေးပါ

** mood = အသက်အောင့်ခိုင်းတာ

ကျန်းမာကြပါစေ


Thursday, October 06, 2011

အတ္တတဝက်ကင်းတဲ့ ကျနော်

2 comment

ခေါင်းစဉ်ဖတ်ပြီး ကျနော် တရားထူးတရားမြတ် ရသွားပြီ ထင်နေဦးမယ်။ လူဆိုတာ အတ္တမကင်းကြပါဘူး။ ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့တိုင်းပြည်အတွက်၊ ငါ့လူမျိုးအတွက် စတဲ့ အဆုံးမရှိ ငါဆိုတဲ့ အတ္တစွဲကြီး ရှိတယ် မဟုတ်လား။ ကျနော်လည်း ပုထုဇဉ် လူသားပီပီ ငါဆိုတဲ့ အစွဲရှိပါတယ်။ ဒါပေမယ့် ငါ ဆိုတဲ့ စာလုံးပေါင်းအတွက် 'င' ဆိုတဲ့ စာလုံးမရှိတဲ့အခါ အတ္တတဝက်ကင်းပြီလို့ ပြောတာ အလွန်များဖြစ်နေမလား။

ကျနော်မှာ ခေါင်းတခြမ်းကိုက်တဲ့ ဝေဒနာရှိပါတယ်။ နှစ်ရှည်လများ ကြာသည်အထိ အဖြေမတွေ့နိုင်သေးပါဘူး။ ကျနော့်မိသားစု ကျနော့်သူငယ်ချင်းတွေကလည်း ဆရာဝန်နဲ့ ပြဖို့ ဝိုင်းဝန်းတိုက်တွန်းရင်း အမြန်ဆုံးပျောက်ကင်းစေချင်ကြတယ်။ ဒီိလိုနဲ့ ဆရာဝန်တယောက်နဲ့ ဆွေးနွေးတိုင်ပင်ဖြစ်ခဲ့တာပါ။ ရောဂါဖြစ်စဉ်ကိုပြောပြပြီး ကျနော့်ကို အာရုံကြောအားတိုးဆေး၊ ခေါင်းတခြမ်းကိုက် ဝေဒနာအတွက် တပတ် ဆယ်ရက်စာ ဆေးပေးပြီး သောက်သုံးစေတယ်။ ရက်ချိန်းပြည့်လို့ ပြန်သွားတဲ့အခါ ထူးခြားပြီး မသက်သာတဲ့အကြောင်း ရှင်းပြရတယ်။ ဒါဆိုရင် မျက်စိစမ်းသပ်ဖို့ ဆရာဝန်က အကြံညဏ်ပေးပါတယ်။ အထူးကုဆေးခန်းတွေမဟုတ်ဘဲ ပါရကူတယောက်ရဲ့ ဆေးခန်းကို ညွန်လို့ ကျနော်ရောက်သွားပါတယ်။ ကျနော်မျက်စိကောင်းမွန်တယ်ဆိုတာ ကျနော်ယုံကြည်ပြီး ရက်အတော်ကြာမှ သွားဖြစ်တာပါ။

ဆေးခန်းကိုရောက်တော့ ဆရာဝန်မလာသေးလို့ အတန်ကြာအောင် ထိုင်စောင့်နေခဲ့တယ်။ တုံကင်ထပ်ရပေမယ့် ခေါ်တဲ့အချိန် လူနာမရှိရင် ဆရာဝန်က မကြိုက်လို့ ကိုယ့်အလှည့်ရောက်အောင် အတော်ကြာ ထိုင်စောင့်ခဲ့ရတယ်။ ကျနော့်နာမည်ခေါ်တော့ ဆေးခန်းထဲဝင်၊ ဆရာဝန်ပေးလိုက်တဲ့ စာရွက်ပြပြီး ဖြစ်ကြောင်းကုန်စင် ရှင်းပြရတယ်။ ကျနော်ကို မျက်မှန်တလက် တပ်ကြည့်စေပြီး အဝေးမှာ ချိတ်ထားတဲ့ ပုံသဏ္ဍာန်တွေကို ဖတ်ခိုင်းတယ်။ '၁'ပုံသဏ္ဍာန်ကို ဖတ်ခိုင်းတဲ့အခါ ကျနော်က တစ်လို့ ဖြေတယ်။ 'ဂ'ပုံသဏ္ဍာန်ဖတ်ခိုင်းတဲ့အခါ ဂငယ်လို့ ဖြေခဲ့တယ်။ 'င'ပုံသဏ္ဍာန်ကို ဖတ်ခိုင်းတဲ့အခါ ကျနော့်ဦးနှောက်ထဲမှာ ဗလာဖြစ်သွားတယ်။ မြင်နေပေမယ့် အဲဒီစာလုံးကို ကျနော်အသိစိတ်က လုံးဝမသိပါဘူး။ ဖတ်လည်းမဖတ်တတ်တော့ဘူး။ ဆိုင်းဘုတ်ပေါ်က အခြားစာလုံးတွေကို မြင်ရင် ဦးနှောက်က အလိုလို အလုပ်လုပ်ပေမယ့် 'င' အဲဒီစာလုံးကို မြင်လိုက်ရတဲ့ အချိန် ကျနော့် ဦးနှောက်မှာ ဟာလာဟင်းလင်းကြီးဖြစ်သွားတယ်။ မူလတန်းက ဆရာမသာ သိရင်ခေါင်းကို ဒေါက်ကနဲ့ မြည်အောင် ခေါက်လိုက်မလား မသိ။

အခန်းထဲမှာ အချိန်အတော်ကြာ ငြိမ်သက်နေပြီး ဘေးက အဖေက င လေဆိုမှ သြော် အဲဒါ 'င' ပါ့လားဆိုပြီ သိသွားပါတယ်။ စစ်ဆေးစရာရှိတာ စစ်ဆေးပြီး စာရွက်တရွက်ရေးပေးလိုက်တယ်။ စာရွက်ထဲမှာ ရေးထားတာကတော့ ဘယ်ဖက်က 0.25 ရှိတဲ့အတွက် အခုလို မျက်မှန်ပုံစံဖြစ်လာရတာပါ။ ဆေးခန်းက အထွက် လမ်းတဖက်က မူလတန်းကျောင်းမှာ စာဖတ်နေတဲ့ အသံတွေ ကြားရတဲ့အခါ ငါဒီကလေးတွေလောက်တောင် စာမဖတ်တတ်ပါ့လား တွေးမိတယ်။ ဒါပေမယ့် လူဘဝကြီးထဲမှာ လှုပ်ရှားရုန်းကန်နေတဲ့ လူတွေထဲမှာတော့ ငါဟာ အတ္တတဝက်ကင်းတဲ့ လူပါ့လားဆိုပြီး ဂုဏ်ယူလိုက်ချင်မိတယ်။

ဘွဲ့

1 comment

မနက်အပြင် မသွားခင် အဖိုးက ဆေးခန်းဘယ်အချိန်ဖွင့်လဲ ကြည့်ခိုင်းလာတယ်။ အိမ်ပြန်ရောက်တော့ အဖိုးက ငါ့မြေး ကြည့်ခဲ့လားလို့ မေးလာတယ်။ ဘွဲ့လက်မှတ်သွားယူနေလို့မေ့လာတယ်လို့ အကြောင်းပြချက်ပေးရတာပေါ့။ အင်္ဂလိပ်စာနဲ့ ဘွဲ့ရပြီး ဘွဲ့လက်မှတ်မှာ အင်္ဂလိပ်လို ဖြည့်ဖို့ပါတာတောင် မဖြည့်ပေးဘူးလို့ အဖိုးကိုပြောမိတယ်။ ငါ့မြေးရ မင်းဘွဲ့ရတာ

ဘွဲ့ဓါတ်ပုံလေး ဘာလေးချိတ်ပါ့ဦးဟတဲ့။ အရင်ကတော့ ဘွဲ့ဆိုတာ သိပ်ပြီး အထင်မကြီးပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ပထမနှစ် ဒုတိယနှစ်တွေ မရိုးမသားဖြေလာတဲ့သူဆိုတော့တယ်ပြီး မချိတ်ချင်ဘူး။ အိမ်က မိသားစုတွေထဲမှာ ဘွဲ့ရတဲ့သူနည်းတယ်။ အကြီးကောင်က ဆယ်တန်းဖြေပြီးကတည်းက နိုင်ငံခြားထွက်သွားတယ်။အဖိုးက တက္ကသိုလ်ပညာရေးမသင်ရတော့ သူ့မြေးတွေကို ပညာတတ်တွေ သိပ်ဖြစ်စေချင်တာ။

ကျနော့် ညီအကိုမောင်နှမ၀မ်းကွဲတွေလည်း ငွေရေးကြေးရေး အဆင်ပြေကြပါတယ်။ ဆယ်တန်းလည်း အောင်ကြတယ်။

ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်တွေကျပြီး အကြောင်းအမျိုးမျိုးကြောင့် ဘွဲ့မရကြဘူး။ ဘွဲ့ဆိုတာ ငွေရှိတိုင်းလည်း ယူလို့မရဘူးလို့ တွေးလာမိတယ်။

တချို့လည်း အကျပ်အတည်းတွေကြားထဲကနေ ဘွဲ့တခုကို မဖြစ်မနေရအောင် ယူကြရတယ်။ အခုခေတ်ကလည်း ဘွဲ့တခုရှိမှ အဆင်ပြေတာ မဟုတ်လား။အပြင်မှာ အလုပ်လုပ်မယ်ဆိုရင်တောင် ဘွဲ့တခုခုရမှ။ စင်္ကာပူမှာ လစာမြင့်မြင့်ရချင်ရင်လည်း ဘွဲ့တခုခုရှိမှ။ ကိုယ်ရတဲ့ဘွဲ့နဲ့အညီ ပညာတွေတတ်ရင်တော့ပိုကောင်းတာပေါ့။

ဘွဲ့ရဖို့ကလည်းလွယ်တော့ မလွယ်ဘူးဗျ။ ကျနော်တို့တုန်းက အမှတ် ၁ တို့ အမှတ် ၃တို့ အမှတ် ၈တို့လို ဒိုင်နာလိုင်းကားတွေ ရှိသေးတယ်။ကားထဲမှာ အမျိုးသမီးတွေပဲ ထိုင်ရလို့ ယောက်ျားလေးတွေ အမိုးပေါ်တက်စီးရတာ။ နေလောင်လို့ အသားကမည်းသေး။ ကျူရှင်ဖိုး၊ ကားခကလည်းကုန်သေး။သူငယ်ချင်းတွေများရင်များသလို စားစရိတ်ကလည်းရှိသေးတယ်။ တန်ဖိုးကြီးတာတော့ အချိန်ပေါ့ သုံးနှစ်တောင်ပေးရတာ။

ပထမနှစ်ဖြေတုန်းကဆိုနောက်ကျနေလို့ နောက်ဆုံးကားကို ခြေနင်းခုံပေါ်မှာ ခြေထောက်တဖက်တည်းချပြီး တွယ်စီးခဲ့ရတာ။ ပြုတ်မကျလို့ ဘွဲ့ရတာပေါ့။ တခုခုဖြစ်ရင် အခုဘွဲ့တောင်ရမှာမဟုတ်ဘူး။တကယ်မတတ်ပေမယ့်လည်း သူ့ဟာနဲ့သူတော့ ပေးဆပ်ရတာပါပဲ မဟုတ်ဘူးလား။ (ကိုရင်တို့ ဦးဇင်းတို့ ၀တ်ရင်တောင် ကတုံးတုံးပြီး ညစာငတ်ရတာပဲးP)

ဘာပဲဖြစ်ဖြစ် ပထမအရွယ်မှာ ပညာရှာရမှာပဲ။ ( တချို့လည်း ဒုတိယအရွယ်ထိ ကျောင်းတက်စားတုန်း (တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ပါ))

တကယ်ပညာ တတ်တာ မတတ်တာ အသာထားလို့ ကိုဖိုးစိန်လို ဘွဲ့ရဓါတ်ပုံတွေ ချိတ်ဦးမှပဲလို့ စဉ်းစားမိပါရဲ့။

ဘွဲ့ရပညာတတ်တွေ ဖြစ်ကြပါစေ။

ရနံ့ပြယ်သစ္စာ

0 comment

ကျနော်ငယ်ငယ်ကတည်းက ရေမွှေးမသုံးတတ်ခဲ့ဘူး။ ရေမွှေးမပြောနဲ့ အမျိုးသား အလှကုန်တွေကို မသုံးတတ်ခဲ့တာ။ တချို့ ကာလသားတွေလိုပေါင်ဒါမရှိဘူး။ ခေါင်းလိမ်းဆီမရှိဘူး။ သနပ်ခါးမလိမ်းဘူး။ Facial Cream မလိမ်းဘူး။ ဒါကြောင့်ထင်တယ် ကျနော်မျက်နှာက ရှိသင့်တဲ့ အသားအရည်ထက် မည်းနေတယ်။ ဆံပင်ကလည်း နီကြောင်ကြောင်နဲ့။ ဒါပေမယ့် တချို့သူငယ်ချင်းတွေဆီက ရတတ်တဲ့ ရနဲ့သင်းသင်းလေးတော့ကြိုက်ပါတယ်။ သူတို့ ဘာတွေသုံးထားလည်းမေးမကြည့်မိဘူး။

ကျနော်ကနည်းနည်းတော့ ဇီဇါကြောင်တယ်။ အုန်းဆီမကြိုက်ဘူး။ ခေါင်းဆီရွဲနေတာ မကြိုက်ဘူး။ ကိုယ့်ဆီက ချွေးနံ့တွေ နံမှာစိုးတာနဲ့ Roll onကိုစသုံးတတ်လာတယ်။ တဖြည်းဖြည်းနဲ့ Code 10, Top Country, MG5 တို့သုံးတတ်လာတယ်။ နိုင်ငံခြားသားတွေဆီက ရတတ်တဲ့ ရေမွှေးနံ့သင်းသင်းလေးကို ကြိုက်တယ်။ ဖြစ်နိုင်ရင် သူတို့ဆီက ရေမွှေး တပုလင်းတော့ လိုချင်သား။ဝယ်တော့ မဝယ်နိုင်ပါဘူး။ မဂဇင်းတွေဖတ်ရင်းဘယ်ရေမွှေးနံ့က ဘယ်လိုဆွဲဆောင်မှုရှိတယ်ဆိုတာ ဖတ်ရမှ ရေမွေးတွေ အမျိုးမျိုးရှိတာ သိရတယ်။

အကိုဆီက အကျီ ယူဝတ်ရင်း သူသုံးတဲ့ ရေမွေးကို တော်တော်လေး ကြိုက်သွားတယ်။ အကျီကိုလျှော်ထားတာတောင် အနံ့က စွဲကျန်နေတုန်းပဲ။ဘာတံဆိပ်သုံးထားလဲ မေးပြီး တနေ့ကျ ဝယ်မယ်လို့ စိတ်ကူးထားလိုက်တယ်။

online မှာသူငယ်ချင်းတယောက်နဲ့ စကားပြောရင်း ရေမွှေးအကြောင်း ရောက်သွားတော့ သူ့အကိုတွေက ရေမွှေးသုံးတဲ့အကြောင်း၊ တော်တော်ကောင်းတယ်ပြောတာနဲ့ နောက်ထပ် တံဆိပ်တမျိုးပါသိလာရတယ်။

တနေ့မြို့ထဲသွားရင်း ရေမွှေးဆိုင်တဆိုင်မှာ ဈေးချလို့ သူငယ်ချင်းပြောတဲ့ တံဆိပ်နဲ့ ရေမွှေး တပုလင်းဝယ်ဖြစ်တယ်။ ပျော်လိုက်တာဗျာ။ အခုမှကိုယ်ပိုင် ရေမွှေး စသုံးဖူးတာမဟုတ်လား။ ဝယ်စတုန်းက အနံ့ကလည်း သင်းသင်းလေး။ မသုံးဖြစ်ရင်တောင်မှ တနေ့တခါ ထုတ်ထုတ်ကြည့်ရတာအမော။ တဖြည်းဖြည်းနဲ့ အနံ့က စူးစူးလာတယ်။ အကျီတွေမှာလည်း အဝါကွက်တွေ စွန်းလာတယ်။ နောက်မှ အဲဒီဆိုင်က အတုတွေ ရောင်းတယ်ဆိုတာ သိရတယ်။ ကျနော်မှ ရေမွှေး မသုံးဘူးတာဗျာ တုတယ် စစ်တယ် ဘယ်လိုလုပ် ခွဲခြားတတ်မှာလဲ။ ကိုယ်အ,လို့ ခံရတယ်ပဲ သဘောထားပါတယ်။ဒါနဲ့ ရေမွှေးပုလင်းကို ချောင်ထိုးလိုက်ရတယ်။

ဒီလိုနဲ့ အချိန်အတော်ကြာထိ ရေမွှေး မသုံးဖြစ်တော့ဘူး။ ရေမွှေးဆိုင်တွေ ရောက်တိုင်း ဝင်ကြည့်ဖြစ်တယ်။ ဈေးများလို့ မဝယ်နိုင်ပါဘူး။ တခါတခါရေမွှေးတွေကို သတိရတတ်ပေမယ့် တခါတခါ မေ့မေ့နေတတ်တယ်။ တခါတခါ အိပ်မက်ထဲမှာ ရေမွှေးပုလင်းတွေ ရောက်ရောက်လာတတ်တယ်။ရေမွှေးပုလင်းတွေကတော့ ကောင်တာထဲမှာ လှလိုက်တာ။

အကြောင်းတိုက်ဆိုင်စွာပဲ သူငယ်ချင်းတယောက်ကို ရေမွှေးတပုလင်း မှာဖြစ်တယ်။ ပစ္စည်းရရချင်းပဲ ရေမိုးချိုး ဖွင့်သုံးပစ်လိုက်တယ်။ အနံ့ကလည်းသင်းသင်းလေး။ ကိုယ်ကိုယ်ကို ယုံကြည်မှုရှိတယ်လိုလည်း ခံစားရတယ်။ ရေမွေးကို ဘယ်လို ကျကျနနသုံးရမယ်ဆိုတာ အင်တာနက်မှာ သွားဖတ်တယ်။ အပြင်ထွက်တိုင်းလည်း ရေမွှေး ဆွတ်လိုက်ရမှ။ မဟုတ်ရင် တခုခု လိုနေသလိုပဲ။ ရေမွှေးနဲ့ ကျနော် တသားတည်းကျလာတယ်။ ရေမွှေးပုလင်းလေးကို မြတ်နိုးလာတယ်။

ဒါပေမယ့် ကျနော့် ပျော်ရွင်မှုက ကြာရှည် မခံပါဘူး။ ခရီးတခါထွက်ပြီး ပြန်လာတော့ ရေမွှေးပုလင်းထဲက အနံ့က ပြောင်းလာတယ်ဆို သတိထားမိတယ်။အကျီတွေမှာလည်း အကွက်တွေ စွန်းလာတယ်။ ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒါနာမည်ကြီးဆိုင်က ဝယ်လာခဲ့တာ။ အတုမဖြစ်နိုင်ပါဘူး။ကျနော် ဘယ်လိုမှ နားမလည်နိုင်ဘူး။ ရေမွှေးပုလင်းထားတဲ့ နေရာက အပူရှိန်ကြောင့်လား။ ရေခဲသေတ္တာထဲ ပြောင်းထည့်ပေမယ့် အနံ့က စူးတုန်းပဲ။ခရီးသွားတုန်း အိတ်ထဲထည့်ထားလို့ လှုပ်ရမ်းမှုကြောင့်လား။ ပဟေဋ္ဌိပေါင်းများစွာနဲ့ ရေမွှေးပုလင်းကိုကြည့်ပြီး နှမြောနေမိတယ်။ အတုနဲ့ အစစ် မခွဲခြားတတ်တဲ့ လူကိုမှ လိမ်ကြသလားဗျာ။ပထမ ရေမွှေးပုလင်းလို လွယ်လွယ်ကူကူ လွင့်မပစ်ရက်ပါဘူး။ ဒါကျနော် မျှော်လင့်ချက်တွေ အများကြီးနဲ့ ဝယ်ထားတာ။ ကျနော်နဲ့ အကြာကြီးရှိနေမယ်လို့ ယုံကြည်ထားတာ။ ဒါပေမယ့် ရေမွှေးသုံးလိုက်တိုင်း အရင်လို ယုံကြည်မှုတွေကတော့ ပြန်မရတော့တာပဲ။ စူးရှပြင်းပြတဲ့ ရေမွှေးနံ့က တနေ့လုံး ခေါင်းတွေ အုံကိုက်ပြီး မအီမသာကြီး ဖြစ်စေတယ်။ ရေမွှေးရဲ့ ဂုဏ်သတ္တိတွေမရှိတော့တဲ့ ရေမွှေးပုလင်းကို လွင့်ပစ်လိုက်ရမှာလား။ ဘာပဲဖြစ်ဖြစ် ရနံ့ပြယ်သွားပြီဖြစ်တဲ့ ရေမွှေးတပုလင်းကို ကျနော် မြတ်မြတ်နိုးနိုး သိမ်းထားစဲပါ။

Thursday, January 13, 2011

ကြုံရဆုံရ

5 comment
စည်းကမ်းအရ မျက်နှာထားတင်းတဲ့ စင်ကာပူ လဝက လူကြီးတွေလိုပဲ မြန်မာပြည်က လဝက လူကြီးတွေကလည်း ဘာကြောင့်မှန်းမသိ မျက်နှာထားတင်းကြတယ်။ အလုပ်ဖိအားလား၊ ဒါမြန်မာတွေပါကွာဆိုတဲ့ အတွေးလား၊ ဒါမှမဟုတ် လေယဉ်မောင်မယ်ပါး ဝနေကြတာလား၊ ဒါမှမဟုတ်...

အရင်လိုပဲ ရန်ကုန်မြို့လမ်းမကြီးတွေပေါ်မှာ တက်ကစီ အစုတ်တွေပေါတုန်း။ ကားကောင်းကားသန့်ကြီးတွေလည်းပေါတုန်း။ လမ်းဘေးမှာ ကောင်မလေးတွေလည်းပေါတုန်း။

ကားကွင်းရောက်တော့ မြန်မာပိုက်ဆံအစစ်တွေရတယ်။ အစစ်ဆိုတာ တိပ်ဖာ၊ ဆီစွန်းတွေပြောတာပါ။ အသစ်တွေက သိပ်စိတ်မချရဘူး။ ဘာမှတွေးမနေနဲ့။ ကျနော်လည်းဒါပဲသုံးတယ်။ မယူချင်ပစ်ထားခဲ့။

ခပ်သေးသေးကားပေါ်မှာ ခပ်ကျဉ်ကျဉ်းခုံနဲ့ ထိုင်ရင်း ခပ်ပေါပေါသီချင်းနဲ့ အောက်ပိုင်းဟာသတွေ ဖွင့်ပြလိမ့်မယ်။ ပြီးတော့ အအေးငရဲခန်း။ အောက်ကလည်းအေး အပေါ်ကလည်းအေး။ လျော့လို့မရတဲ့ အဲကွန်းနဲ့ ပိတ်လို့မရတဲ့ အဲကွန်းကြောင့် အအေးငရဲခန်းကို ကြုံဖူးသွားတယ်။

မန်းလေးရဲ့ကြိုဆိုပုံကသင်းတယ် မနက်လေးနာရီ အင်မတန်အေးလို့ အမေတို့စောင်ပုံထဲ အတင်းတိုးဝင်ပစ်လိုက်တယ်။ မင်းဘာတတ်နိုင်သေးလဲ။

အိမ်မှာ နှပ်နေတာ လာကြိုမယ့်လူတွေ မသိလို့ စိတ်တွေပူလို့။ သူတို့ကို သရဲသွားခြောက်ပြီး ထမင်းပုံစားသွားစားကြတယ်။ ညနေတခါချိန်းပြီး နှစ်သစ်ကိုကူးဖို့ ပြင်ဆင်ကြတယ်။ သူတို့က ဝိုင်နဲ့ကူးတယ် ကိုယ်က ဝီစကီနဲ့ကူးတယ်။ ဒါပဲကွာတယ်။ သူတို့တော့ ဖဲရိုက်ကြတယ်။ အနံ့အသက်မခံနိုင်မှာစိုးလို့ စောစောဝင်အိပ်ဖြစ်တယ်။ ဆောရီးပါ သူငယ်ချင်းတို့ရေ။

နှစ်ကူးပြီးတော့ ရွှေဘိုကို ခရီဆက်တယ်။ ဟိုငေးဒီငေးလိုက်လာပေမယ့် လှတောနားရောက်တော့ ဘေးကအကိုက "ညီ ဟိုမှာကြည့်စမ်း ကုက္ကိုပင်တွေ သေနေတယ်တွေ့လား တဲ့" "အကိုရာ အဲဒီဖက်ပဲသေတာ ဒီဖက်.......ဒီဖက်မှာလဲ သေတာပဲ အကိုရ" အကိုကပြောတယ် "အညာမှာ ကုက္ကိုသေတာ ရင်နာဖို့ကောင်းတယ်"တဲ့။ ရေတိုက်စားမှု။ ထင်းရှားပါးလာမှုကြောင့် လမ်းဘေးသစ်ပင်တွေ ထင်းရအောင် သစ်ခေါက်ခွာမှု။ တောင်သူတွေ မဆင်မခြင် ကောက်ရိုးပုံတွေ မီးရှို့လို့ အညာမှာ ကုက္ကိုပင်တွေ အတော်များများသေနေပါပြီ။ တာဝန်ရှိသူတွေကလည်း အာဏာနဲ့ထိန်းသိမ်းပေမယ့် အသိပညာပေးမှုတွေ လိုအပ်နေပါသေးတယ်။

အကိုတို့၇ွာရောက်တော့ နွေးထွေးတဲ့ အပြုံးနဲ့ကြိုဆိုကြတယ်။ တကယ့်မိသားစုလိုပါပဲ။ ကျန်းကျန်းမာမာတွေရတော့ ပိုပြီးတောင် ဝမ်းသာသေးတယ်။ ရွှာမှာ ကွမ်းခြံနဲ့ ဆူဖြိုးနေကြတယ်တဲ့။ ဝမ်းသာလိုက်တာ။ စီးပွားရေးကောင်းတော့ ဘာသာရေးဖက်လှည့်လာနိုင်တယ်။ သမာအာဇီဝနဲ့ပဲ စီးပွားရှာကြတော့တယ်။ ရွာအတွက် တရားပွဲတွေ။ သာသနာရေးအဆောက်အအုံတွေ လှူတမ်းကြတယ်။ အကိုရေ စာကြည့်တိုက်လေးပါ လုပ်ပါ့ဦးလို့ တိုက်တွန်းခဲ့ပါတယ်။

ဆရာဝန်ဖြစ်နေတဲ့ သူငယ်ချင်းနဲ့ သွားတွေ့ဖြစ်တော့ အန်မတန်ကြိုးစားရတဲ့အကြောင်း ပြောပြတယ်။ အလုပ်မှာ ကြုံတွေရတဲ့ အခက်အခဲတွေနဲ့ အာရကေ ကေ့စ်တွေလည်း ကြားရတယ်။ ဝါသနာပါတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပညာ တထပ်တည်းကြတဲ့ သူငယ်ချင်း ရှေ့လျှောက် အောင်မြင်ပါစေ။ လူနာတွေကယ်တင်နိုင်ပါစေ။

နိုင်ငံခြားကို ဘယ်တော့မှ မထွက်တဲ့ အောင်မြင်နေတဲ့ သူငယ်ချင်း ဒီဇိုင်နာတယောက်ကိုလည်း လေးစားမိပါတယ်။ နိုင်ငံခြားကို ထွက်ဖို့ပြင်နေတဲ့ သူငယ်ချင်းတယောက်ကိုလည်း အားပေးပါတယ်။ အတွေ့အကြုံသစ်တွေ အပြင်မှာရှာကြပါ။ တိုးတက်ဖို့ကြိုးစားကြပါ။

၅ သိန်းတန်ဖုံးတွေနဲ့ သူငယ်ချင်းတိုင်းကို ဆက်သွယ်လို့ရနေလို့။ အတော်အဆင်ပြေပါတယ်။ ကိုယ်ပိုင်မရှိသေးလို့ ဆက်သွယ်ရခက်ပါတယ်။ ဆိုင်ကယ်မရှိလို့ သွားလာရေးခက်ပါတယ်။ အင်တာနက်က အခုထိအဆင်မပြေလို့ ကမ္ဘာကြီးနဲ့အဆက်ပြတ်ပါတယ်။ အလုပ်မရှိသေးလို့ မျက်စိမျက်နှာပျက်ပါတယ်။

ဒီပြန်ရောက်တော့ ဘရက်ဒယ်အိမ်ကိုလွမ်းတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။

ရေတမာ
Tue
11-1-11 7.53pm