Tuesday, November 10, 2009

ငြီးငွေ့ခြင်း ရက်စွဲများ

စိုးတထိပ်ထိပ်နဲ့ အိပ်ခဲ့ရတဲ့ အိပ်မက်ရဲ့ အဆုံးမှာ ငါ ကမ္ဘာမြေကြီးနဲ့ အဆက်အသွယ်ပြန်ရခဲ့တယ်။ ပုံစံခွက်ထဲက ဘ၀လည်း သန်းဝေနေတာ မျက်ရည်တွေတောင် ကျလို့။ မနက်ဖြန်အတိုင်း ဒီနေ့မျက်နှာကို မနေ့က ရေနဲ့ သစ်လိုက်တယ်။ မထူးပါဘူး ဒီမျက်နှာက ဒီမျက်နှာပဲ။ သုတ်ရမယ့် ပ၀ါတောင် ညောင်းနေပြီ။ ထုံးစံထဲက ထုံးစံတွေအတိုင်း ငိုက်မြည်းနေတဲ့ မနက်စာကလည်း ဖတ်ပြီးသား စာတပုဒ်ကို ပြန်ဖတ်ရသလို မျက်နှာ ငယ်လိုက်တာ။ အရသာသိပြီးသား အစာတခုကို စိတ်ဆန္ဒမပါဘဲ ကြိတ်မှိတ်ဝါးရင်း လျှာ အစား ငါ သနားလိုက်တာ။ ကော်ဖီခွက်ထဲမှာတော့ ၀ါးလုံးခေါင်းထဲက လ သာလို့နေတယ်။

ငါ့မျက်လုံးတွေ သောတဆင်ဖို့ အလွမ်းတွေကို ဖွင့်လိုက်တဲ့အခါ သတိရခြင်းတွေက မပျိုးဘဲနဲ့ ရှင်သန်လာတယ်။
သိပြီးသား ဖုန်းနံပါတ် တခုနဲ့ ငါ့ဖုန်းကို နှိုးလိုက်တယ်။ ငါပြောပြီးပြီးသား စကားတွေပြောတယ်။ သူကလည်း ပြောပြီးသား စကားတွေပြန်ပြောတယ်။ ငါတို့ ရီပြီးသား စကားလုံးတွေနဲ့ပြန်ရီမောကြတယ်။ အဲဒီအထဲမှာ ဆိုးဆေးမပါဘူး ဆိုတာ ကျုပ် အာမခံရဲပါတယ်။ ပြီးတော့ လုပ်နေကျအတိုင်း ဖုန်းချလိုက်တယ်။ ဟိုဖက်တတော့ တတီတီမြည်ရင်း သေဆုံးသွားပလား ထင်နေလိမ့်မယ်။

ဟောင်းနေတဲ့ သင်ခန်းစာအသစ်မှာ သိပြီးသား စာတပုဒ်နဲ့ ဖော်မြူလာတခု အီကွေးရှင်းထဲ ထည့်ခိုင်းတာတောင်
အလွဲလွဲအချော်ချော်ပေါ့။ မျက်စိမှိတ့်ရေးလိုက်တာ တချက်တည်းနဲ့ ကျင်းဝင်သွားတယ်။ ဘယ်လောက်တော်လဲ ဆိုရင် ထမင်းစားကျောင်းဆင်းတာတောင် မသိလိုက်ဘူး။ ဘ၀ခါးခါးလေး ကြော်ချက်လုပ်ပြီး ဒုက္ခပါးပါးသုပ်ထားတာ လည်ချောင်းထဲကို ရှောရှောရှုရှုဝင်သွားတယ်။ အစာမကြေလို့လား မသိဘူး အတွေးတွေ ရောက်ယက်ခပ်နေတယ်။ စာလုံးပေါင်းသိပြီး အဓိပ္ပါယ်ပေါင်းမသိတဲ့ မိဘ၊ ဘ၀၊ ငွေ၊ အချစ်၊ မေတ္တာ၊ ပျော်ရွင်ခြင်း အများကြီးပဲ။

ကိုယ့်ကျင့်တရား တခြမ်းကိုက်တဲ့ ရောဂါဝေဒနာခံစားရင်း လူပြောများတဲ့ နေ့သစ်ရဲ့ နေ၀င်ချိန်ကို မုန်းတီးမိတယ်။ ငါ့ဘာသာနေတဲ့ဟာ လာလာ ပေါင်းသလိုလိုနဲ့ နှုတ်နေတဲ့ သေမင်းဆီက resign လုပ်ဖို့ တလ နို့တစ်ပေးလို့ ရရင်ကောင်းမယ်။ အချိန်တန်ရင် နွားပိန်ကန်လိမ့် မယ်လို့ပြောတဲ့သူရေ နိစ္စဓူဝကို နိစ္စဓူဝဟုဖတ်ပါလေ။ ငါ့ရဲ့ တထောင့်တညပုံပြင်ထဲမှာ ရွှေယုန်ရွှေကျားမရှိဘူး၊ စင်ဒရဲလားမရှိဘူး၊ မောင်ရင်ဆိုင်းထမ်းကြယ်မရှိဘူး။ ကြယ်စုံတဲ့ ကောင်းကင်မရှိဘူး။ ခပ်ညစ်ညစ် မျက်နှာကျက်တခုရှိတယ်။ အိုက်စပ်စပ် အတွေးတစရှိတယ်။ ကဲ ကဲ နှိုးစက်လေးရေ ကမ္ဘာသစ်ရောက်တဲ့ အခါ ငါ့ကို နှိုးလိုက်စမ်းပါကွာ။






(မှတ်ချက်။ ။ အဓိပ္ပါယ်ပေါင်း ဆိုသည်ကို နီကိုရဲ၏ အိုလေး ၀တ္တုမှ ကူးယူထားပါသည်)

11 comments:

moekhar said...

မှတ်ချက်ပေးလို့ ကျေးဇူးမတင်ပါနဲ့ဟယ် :P
ငါတို့ လည်း တူတူ နီးပါးပါပဲ
ဘ၀ခါးရင် သကြားလေးနဲ့ မြို :D
အဆင်ပြေပျော်ပါစေ
း))))))))))))))
(ခိုးလာတယ်နော်
နင်မျက်စိနောက်အောင်လို့ ... :P:P:P)

Anonymous said...

နုတယ်ဝေးးးး နုတယ် အဲ့လောက် နုတာ မခံစားတတ်ဘူးကွ လူကသာ မပြောချင်ဘူး ရေးထားတာကတော့ လူနဲ့ နင်လား ငါလား တခြားဆီပဲ အရင်ပိုစ့်ကလေးကလဲ နုနေလိုက်တာ အဟေးဟေးးးးးးးးး

လေးစားလျက်
တောင်ပေါ်သား

ကောင်းကင်ပြာ said...

နားမလည်ဘူး ၊ နားလည်အောင်ဖတ်တုန်း။ ပိန်းပါတယ်ဆို နားလည်အောင် မရေးဘူး၊ နားလည်ရင် နောက်တခေါက် ကွန်မန့် လာရေးမယ်

rose of sharon said...

နှိုးစက်လေးက ကမ္ဘာသစ်ဆီ ပါလာနိုင်မှာလား?

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခင်ဗျား...

ဖတ်ရင်းဖတ်ရင်း နဲ့ နားလည်အောင် အခါခါ ဖတ်လိုက်ရတယ်.. ဖတ်ပင်ဖတ်သော်ညား ကျနော် အညာသား မောင်လူအ သိပ်နားမလည်...ဟိ..ဟိ..
နောက်ရက်တခါ လာဖတ်ပြီး ထပ်မန့်အုံးမယ်..


ခင်မင်လေးစားစွာဖြင့်
ကိုမျိုး

Ree Noe Mann said...

ဟုတ်တယ် အကိုတို့က နည်းနည်းဝေးတယ် ညီရေ

မခံစားတက်ဘူးရော။

ခင်တဲံ ကိုရီနို

kiki said...

အယ် ..
ရာတမေ ငြီးငွေ့ နေရင် နယူးဗားရှင်းလေး ဒေါင်း လုတ် .. လုပ်ပြီး သုံးပါ့လား ။
ဒီမျက်နှာက ဒီမျက်နှာ မဖြစ်ချင်ရင်တော့
ပလပ်စတစ် ဆာဂျရီ နဲ့  face -off သာ လုပ်ပေရော့ ။။
ဟေးဟေး.. ဘာတွေလည်း ..

ကောင်းကင်ပြာ said...

ဘ၀ တခုမှာ နေရတာ ညစ်နေပီ ငြီးငွေ့နေပီဆို နေရတာ ဘယ်ပျော်တော့မှာလဲ၊ ထွက်ပေါက်ရှာချင်တယ် ဆိုလဲ ကိုယ် သွားချင်တဲ့ ကမ္ဘာသစ်လေးက ဘယ်နေရာ ဘယ်လို ဆိုတာ သိနေရင် နှိုးစက်ကလဲ နှိုးပေးဖို့ အဆင်သင့် ရှိနေလောက်မှာပါ၊

နေစိုးနိုင် said...

ဝေး...
မောင်ရေတမာ
ထလော့ .. ထလော့...

ထပါဆိုနေ မှ..

မထချင်တဲ့ကောင် ကဲကွာ .. ဒုန်း.. အင့် ... ခွပ် ..ဘိုင်း

လာနှိုးပါသည်

သီဟသစ် said...

အင်း ဒန်မော်တွေ ပါပဲကွယ်

တအားမစဉ်းစားပါနဲ့ကွယ်

မစဉ်းစားနဲ့ သီချင်းများနဲ့ကကြ၊ မစဉ်းစားနဲ့ သီချင်းများနဲ့ ကကြဟေ့

Angel Shaper said...

ဘာမှ မပြောတော့ဘူး။ ငါအရမ်းကြိုက်တဲ့ ပိုစ့်လေးအတွက် မန့်ဖို့ စကားလုံးရှာမရဘူး။