Saturday, November 21, 2009

စိတ်ကူးချိုချို

ဆောင်းမနက်ခင်း လေပြည်လေးများ ကလေးများသဖွယ် ဟိုတိုး ဒီဝှေ့နှင့် ရွာလမ်းမလျောက် ပြေးလွှားတိုက်ခတ် နေ၏။ ကလေးငိုသံ၊ ပုခက်လွဲသံ၊ ကြက်၊ ငှက်သံမှ တပါး တိတ်ဆိတ်လို့နေသည်။ အသေအချာရက်တွက်ကြည့်လျှင် ချစ်ကြည်ရေးဘောလုံးပွဲပြီးကတည်းဆို ရက်သတ္တနှစ်ပတ်မျှ ရှိလေပြီ။ ကြားနေကျ ရီသံများ မကြားရတော့ တခုခုလိုနေသလို။ ပျော်စေချင်၍ ဖန်တီးခဲ့သော အရာတခုမှ အပျက်သဘော ဆောင်လေပြီ။ ရွာသူရွာသားများ စည်းလုံးကြပါသည်။ ချစ်ကြည်ရင်းနှီးကြပါသည်။ မည်မျှ စိတ်ဆိုးစေကာမှာ ခွင့်လွတ်နားလည်ပေးတတ်ကြပါသည်။ ယခု ဘောလုံးပွဲပြီးကတည်းက တယောက်နှင့် တယောက် မခေါ်နိုင် မပြောနိုင်ဖြစ်ကာ စိမ်းကားနေကြသည်။

မိုးရွာထဲတွင် ဘောလုံးကစားကြသဖြင့် မိပြာလေး၊ ကိုရင်ဆောင်းချမ်း၊ မခင်စိုး တို့ဖျားကြလေသည်။ မခင်စိုးမှာ အဖျားကြီးသဖြင့် မြို့ဆေးရုံသို့ပင် ပို့ဆောင်ခဲ့ရ၏။ လိုက်ပါပို့ဆောင်သူများ ယူလာသော သတင်းစကားမှာ အမျိုးများ ရှိရာ တခြားရွာတွင် စိတ်ပြေလက်ပျောက်သွားနေမည်ဟုပင်ဖြစ်သည်။ မိနွေးလေးကလည်း သူ့သွားပြန်မပေါက်မချင်း အပြင်မထွက်ဟုဆိုကာ မြို့သားကိုတင်မောင်ဋ္ဌေး အယုအယအောက်တွေ မှိန်းနေလေသည်။ အငယ်မမိမုန်းသူက မုန့်ဖက်ထုပ် မစားရဘဲ အရူးလုပ်ခံရသည် ဆိုသော အကြောင်းပြချက်ဖြင့် အားလုံးကို စိတ်ဆိုးသည်ဟုဆိုကာ ကိုရင်ရာကျော်အိမ်တွင် ဟင်းချက်သင်နေလေသည်။ ကိုရင်ပေါ်လေးနှင့် မလေးမေကလည်း တကျက်ကျက်။ ကိုပေါ်လေး ချဉ်ခြင်းတပ်နေသော အရာကို မလေးမေက အခွင့်အရေးယူကာ နောက်ပြောင်သည်ဟု စွဲချက်ဖြင့် မခေါ်နိုင်ကြတော့။ ကိုရင်ဖိုးသင်္ကြန်နှင့် ကိုရင်သီတို့ ကာလသားအဟောင်းရော အသစ်များကပါ လူကြားထဲတွင် အရှက်ကွဲသည်။ ကြီးနိုင်ငယ်ညှင်းလုပ်သည် စသည်ဖြင့် မကျေနပ်ကြတော့။

ဆောင်းလေက အရိုးအေးအောင်ချမ်းလှသည်။ ရွာဦးကျောင်းမှ အုန်းမောင်းခေါက်သံသဲ့သဲ့ကြားရ၏။ မနက်လေးနာရီထိုးပြီ။ ကိုရင်ထွန်းနိုင် ထင်းတိုက်ရန် စောစောထွက်ရမည်။ ငယ်ငယ်ကတော့ ရွာနီးနားတွင် ထင်းခုတ်၍ရသော်လည်း တောပြုန်းခြင်း တောင်ယာမီးရှို့ခြင်းတို့ကြောင့် ယခုဆို ရွာနှင့် အတော်ဝေးကွာသော တောင်များသို့ စောစောသွား၍ ခုတ်ယူရသည်။ ကိုရင်ဖိုးသင်္ကြန်လည်း နွားစာတိုက်ရန် ထွက်လာသည်။ သူတို့ ဦးတည်ရပ်ကတော့ ဆန်ကျင်ဘက်။ တောသူတောင်သားများမှာ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်သည်။ ၁၂ ရာသီ အလုပ်နှင့် လက်နှင့်မပြတ်။ ယူထားသောအကြွေးကို အလျင်မှီအောင် ချွေးနှင့်ဆပ်နေကြရသည်။

မိမိုးလေးလည်း မြေပဲနှုတ်မလိုက်တော့ပဲ တဖက်ရွာမှာ ဆေးလိပ်လိပ်ရန် အလုပ်လက်ခံလိုက်သည်။ မမြ၀င်း လည်းပြောင်းလုပ်ချင်သည်။ သို့သော် အရီလေး ယာကအလုပ်ကမပြီးသေး။ ယူထားသော အကြွေးကလည်း များသဖြင့် အောင့်အီးနေရလေသည်။ မိပြာလေးလည်း ဖျားနေသဖြင့် ယာထဲမသွားနိုင်တော့။ အရင်ဆို ယာသိမ်းချိန် တပျော်တပါး မြေပဲထုကြသည်။ ကျောက်ပြင်လေး တရှပ်၊ အပွေးမရှိတော့တဲ့ သနပ်ခါးတုန်းလေးဖြင့် မြေပဲတွေ အဆံထုတ်ပေးရသည်။ အမျိုးသမီးတွေ တပျော်တပါး စနောက်ကြနှင့် ပျော်စရာကောင်းလှသည်။ မလေးမေက လက်အသွက်ဆုံး။ တင်း ကျော်ပေး၍ပင် ယှဉ်ပြိုင်နိုင်သည်။ ထိုမြင်ကွင်းလည်း ဆိတ်သုန်းနေသည်မှာ ကြာမြင့်နေပြီ။

ရွာဦးကျောင်းမှာ အတူတူ ကကြီး ခခွေးကစပြီး သဒ္ဒါ သဂြိုလ်ထိ သင်လာကြသော ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်များ ဖြစ်သည့်အားလျှော်စွာ ဤမျှလောက် ပြဿနာလေးဖြင့် စိတ်မဆိုးသင့်ကြောင်း သိကြလေသည်။ ကိုရင်ထွန်းနိုင်လည်း ထင်းခုတ်ရင်း မိပြာတယောက် နေမကောင်းရှာဘူး။ သူ့အတွက် ထင်းပိုခုတ်သွားမယ်ဟု စိတ်ကူးနေသည်။ ကိုရင်ဖိုးသင်္ကြန်ကလည်း မိနွေးလေးအတွက် ရွာအပြန် ချင်းရွာထဲကနေ ချင်းခွေးလေးတကောင်လောက် တောင်းပေးမည်ဟု ကြံစည်နေလေသည်။ မိမုန်းသူကလည်း ဇီးသီးတောမှာ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးစနောက်နေကြတွေ မြင်လာသည်။ ညနေကျ ကိုရင်သီဟဆီ သူကိုယ်တိုင် လုပ်ထားသည့် မုန့်ဖက်ထုပ် သွားပေးမည်ဟု ကြိမ်းထားသည်။ မိပြာလေးကလည်း နေကောင်းရင် ကိုရင်ဖိုးသင်္ကြန်အတွက် ကွမ်းသွားပေးချင်ပေးလိမ့်မည်။ ကိုရင်ပေါ်လေး ကလည်း မလေးမေအကြိုက် ဖရဲသီးသွားခူးနေလေသည်။ မလေးမေကလည်း ဆွမ်းချက်ရင်း ဒါကတော့ ဘယ်သူအကြိုက် ဒါကတော့ ဘယ်သူမကြိုက်တာ စသဖြင့် တွေးနေမိသည်။ ညနေကျ ကိုရင်ပေါ်လေးအတွက် ငပိလေးကျိုပေးဦးမှပါ့ ဟုရေရွတ်နေလေသည်။

11 comments:

moekhar said...

အေးဟာ
အေးတိအေးစက်နဲ့
နေရတာ တော်တော်ပျင်းဖို့ကောင်းတာပဲ
ဆေးလိပ်သွားလိပ်ဦးမယ်ဟာာာာာ
:D

မေဇင် said...

ဟုတ်တယ်..ကိုရင်ရာတမေ ရယ်...ကျုပ်စိတ်ထဲ နေရထိုင်ရတာ...တစ်ခုခုလိုနေသလိုပါပဲ....။ မလေးမေ ရဲ့ လက်ရာတွေကိုလဲ လွမ်းသား ဟ...

kaungkinpyar said...

လွမ်းစရာ ကောင်းအောင် ရေးတယ်...
စိတ်ကူး ချိုချို လေးတွေ ကွမ်းထဲ ထည့်စားရင်း သတိရနေတယ်....

ညီညီ said...

တစ်ကယ့် ရွာဓလေ့လေး ဖတ်ရသလိုပါပဲ.။
ရွာသူရွားသားများ ချစ်ချစ်ခင်ခင်ရှိကြပါစေခင်ဗျာ.။

ခင်မင်တဲ့

ညီညီ

မိုးစက်အိမ် said...

အလိုဓလေ့စရိုက်လေးတွေကတော့ ကြုံဖူးဘူးဗျာ
မကြီးကောင်းကင်ပြာတို့ ကျတော့လည်း ဒီလိုဓလေ့
စရိုက်လေးတွေကျ ပြန်ပြောင်းပြောလို့ ရတယ်လေ
ရာတမေကရော ဘယ်နယ်သားတုန်းဗျ . . .

Mogok Thar said...

ရာတမေရေ
တော်သေးရဲ့
တောထဲ ထင်းသွားခွေခိုင်းပီး မြွေပေါက် မသေခိုင်တာ။ ကိုရင်က မြွေပါးကင်းပါးတော့ ကြောက်တတ်တယ်။
မောင်နှမတွေကို လွမ်းစရာဖြစ်အောင် ရေးတတ်ပါပေတယ်ဗျာ။
နောက်ထပ် စိတ်ကူး ချိုချို တွေ မျှော်နေမယ်ဗျို့

သီဟသစ် said...

အေးလေ စိတ်ကူးချိုချိုလေး ကောင်းပါ့ဟာ

ကိုရင်ပေါ်လေးလဲ နောက်တာတွေ လျှော့သင့်ပြီ..
မလေးမေတင်မက ကိုရင်ရဲကလည်း အဲဒါကြောင့် စိတ်အနည်းငယ် ခုနေသည်။

အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ တစ်နေရာမှာ ဆုံကြရရင် ကောင်းမည်..

စည်သူ said...

ဟား..ဟား..ဟား..
ဆေးလိပ် တစ်ရာစည်း တစ်စည်းလေက်((ဟေ့))

ဖရဲသီးလည်း စားချင်တယ်
ဇီးသီးတောလည်း သွားချင်တယ်

ထင်းလည်းခွေချင်
မြေပဲလည်းထုချင်တယ်

ကျောက်ပြင်လေးနဲ့
သနပ်ခါးလည်း သွေားချင်တယ်

တော်သူတောင်သားတို့ရဲ့ ဖော်ရွမှုတွေကို ပြန်လည် သတိရသွားတယ်

စိတ်ကူးလေးတွေချိုပါတယ် ညီရေ..

နေစိုးနိုင် said...

ရွာသူကြီးတစ်ယောက်အမြန်ဆုံးရွေးချယ်ပေးဖို့ ရန်
အကြံပြုပါသည်။

ကြာလာရင် စလုံးဆလိမ် ရွာသားတွေ ထိမ်းမရမှာစိုးရိမ်သည်...

မြစ်ကျိုးအင်း said...

ခင်ခင်မင်မင်ရေးတာလေး ကောင်းတယ်။

ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးပါပဲ

နောက်ဆက်တွဲတွေ ရေးလို့ရနိင်သေးတယ်

စိတ်ပါရင် ဆက်ပါအုံးလေ

မငုံ said...

အဲဒီလို ဓလေ့စရိုက်မျိုး ဆက်ရေးဦး။