Wednesday, December 23, 2009

ထို့ကြောင့်

"သား ဦးဦးတို့ဆီသွားမယ် လိုက်မလား" ကျနော် ပျော်သွားသည်။ ဆိုက်ကားတစီးငှားကာ သားအဖနှစ်ယောက် အတန်ငယ်ဝေးသော ဦးဦးတို့ စားသောက်ဆိုင်သို့ ရောက်ရှိခဲ့သည်။ စားသောက်ဆိုင်၏ဘေးခန်းရှိ ဘားကောင်တာတွင် အဖေအရက် သောက်လေသည်။ အဒေါ်ရောက်လာကာ အဖေနှင့်စကားပြောကြသည်။ အဆင်မပြေသည့် အိမ်ထောင်ရေးအကြောင်း အဒေါ်အား ရင်ဖွင့်နေဟန်ရှိသည်။ သားသမီးသုံးယောက်နှင့် ယောက္ခမအိမ်တွင် နေထိုင်ရသော သားမက်တယောက်၏ ပေါက်ကွဲမှုများကို အရက်နှင့်အတူ မျှောချနေသည်။
အဒေါ်ပေးသောမုန့်ကိုယူကာ ညီမလေးနှင့်အတူ တီဗွီမည်မျှကြာအောင် ကြည့်မိသည်မသိ။ အဖေအိမ်ပြန်ရန် လာခေါ်သဖြင့် လိုက်သွားသောအချိန်သည် ညည့်နက်နေလေပြီ။ အဖေလည်း ရေချိန်အတော်လွန်ကာ သိုင်းကွက်နင်းနေသဖြင့် ဆိုက်ကားသမားက မနည်းထိန်းကာ အိမ်သို့ အရောက်ပို့ပေးသည်။ အိမ်ရှေ့တွင် အော်ဟစ်နေသောအဖေ့ကို အမေတဖျစ်တောက်တောက် ရေရွတ်ရင်း တွဲခေါ်ချိန်တွင် အဖေခေါင်းဆိုက်နေလေပြီ။
ဝူးတူးဝါးတားအော်ဟစ်ရင်း အဖေအန်လေတော့သည်။ အမေသည် အဖေ့ကျောကို တဘုန်းဘုန်းထုရင်း ငိုယိုနေလေပြီ။ မိဘမကြည်ဖြူသော ယောက်ျား၊ ကလေးသုံးယောက်နှင့် မိဘအိမ်တွင် နေထိုင်ရသော အချိန်တွင် အဖေ့လုပ်ရပ်များက အမေ့အတွက် မျက်ရည်များကိုသာ အဖော်ပြုရန် ရှိတော့သည်။ အဖေ့အန်ဖတ်များကို မျက်ရည်စက်လက်ဖြင့် သန့်ရှင်းရေးလုပ်နေသော အမေ။ တွေ့ကရာခေါင်းထိုးအန်နေသော အဖေ။ မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြည့်နေသာ အဘိုးနှင့် အဘွား။ ကျနော့ ပါးတွင်လည်း မျက်ရည်များ အလိုလိုကျဆင်းလာသည်။ အမေ မငိုပါနဲ့တော့ အမေရယ်။
***************************
မနက်က အကို့တို့ မင်္ဂလာဆွမ်းကျွေးပြီး၍ ညနေမိသားစုနှင့်အတူ ဟော့ပေါ့သွားစားကြသည်။ အမအကြီးဆုံးမှ လွဲ၍ မိသားစုဝင်တယောက်တိုးသော မိသားစုစုံညီသော စားပွဲလည်းဖြစ်သည်။ အကိုက ထုံးစံအတိုင်း ဘီယာသောက်လေသည်။ ဖန်ခွက်သုံးခွက် မှာပြီး ကျနော်အပါအ၀င် သားအဖသုံးယောက် သောက်ကြသည်။ အမေ့မျက်နှာမကောင်း။ အဖေနှင့်အကို သောက်တတ်တာသိပေမယ့် ကျနော့် သောက်တာ အမေမသိသေး။ အမေ့ခံစားချက်ကို မစာနာစွာ ကျနော့်တို့ သောက်သုံးခဲ့ကြသည်။ အိမ်ပြန်လာတော့ အမေ့မျက်နှာမကောင်း။ ဘယ်သူ့ကိုမျှ စကားမပြောဘဲ အမေအိပ်ယာဝင်သွားသည်။ အမေရယ် တောင်းပန်ပါတယ်။ အမေ့ရှေ့မှာ ကျနော်ဘယ်တော့မှ အရက်မသောက်တော့ပါဘူး။ ဘယ်တော့မှ မမြင်စေရတော့ပါဘူးအမေရယ်။

15 comments:

Sein Lyan Tun said...

လိမ်မာလိုက်တဲ့ကလေး

ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမျက်နှာကို ကြည်တတ်တဲ့ကလေး

ကြီးမှ မိုက်ပြီး မသောက်တတ်လဲ သောက်

သောက်တတ်လဲ နင်ကန်သောက်တဲ့ ကြီးမိုက်တွေထက် သာပါတယ် ညီလေးရာ...

ဒီပိုစ့်လေးကို ဖတ်ပြီး နည်းနည်းသောက် များများမူးတဲ့ သူမျက်နှာနဲ့

နည်းနည်းသောက် များများ အော်ဟစ်နေတဲ့ မျက်နှာ

ပြီးတော့ လက်ကားရား ခြေကားရာ ပန်းကန်ထဲ ထိုးအန်တဲ့ မျက်နှာတွေကို စိတ်ပျက်စွာ မြင်ယောင်မိတယ်

ညီလေးက ဒီပိုစ့်နဲ့ ဖဲ့ (အဲလေ) အသိပေးတာ ကျေးဇူးပါကွာ။။။

စိုက်ကြည့် အလိုက်သိပေါ့ ကြီးမိုက်တွေရာ။။ ဟုတ်ဖူးလား။။


အသိတရားအပြည့် ဖြင့် ဖတ်သွားပါတယ် ညီလေး


ချစ်စွာသော

အကိုကြီး

မျောက်မျောက်

kaungkinpyar said...

သားလိမ္မာ နေကျောက်ခဲ လေးရေ...ဟေ..ဟေ...ဟေ..

မငုံ said...

လိမ္မာတယ်။ မသောက်နဲ့။

တောင်ပေါ်သား said...

တော်ပီ တကယ်မသောက်တော့ဘူးးးးးးးးးးးးးးးးး(

လေးစားလျက်
တောင်ပေါ်သား

shwezinu said...

အမေ ကို သနားမိတယ် တယောက်တော့ သိတတ်သွားလို့ တော်ပါသေးတယ်

မေဓာဝီ said...

အမေတွေက သနားဖို့ အကောင်းဆုံးပါပဲ။
လင်ဆိုးမယား တဖားဖား၊ သားဆိုးအမေ တပေပေ .. တဲ့။
ဒီစာလေးဖတ်ပြီး အမေ့ကို သတိရမိတယ်။
မောင်လေးကိုလည်း ပေးဖတ်ချင်လိုက်တာ။

ဆောင်းချမ်းမိုး said...

ဂုဏ်ယူပါတယ်..ညီလေးရေ..
အကောင်းဆုံးက လုံးဝ မသောက်ပါနဲ့..
ညီလေးကို အကို လေးစားလျက်ပါ..

မေလေး said...

ပြောတော့လဲမင်းပါဘဲ မောင်ရာတမေရယ်းP

Mogok Thar said...

အင်းးးး

အရက်မူးတာ ငါးပါးသီလထဲက တစ်ပါး ကျိုးတာပဲပေါ့။

ကြီးမှ မိုက်တဲ့သူတွေက သန်းခေါင်ထက် ညဉ့်မနက်တော့ဘူးးးးး တဲ့ကွာ..
ဒီတော့..
နေခြည်လင်းလက်စ ပြုတဲ့ ညီလေး ညီမလေးတွေသာ...
လိမ်လိမ်မာမာ နေကြပေတော့။

ဂုဏ်ယူပါတယ် သားလိမ္မာလေးရေ...
မင်းအမေ “လုတရင်” မွေးရကျိုး နပ်ပါတယ်ကွာ....

Mogok Thar said...

အယ် အောက်ကို နောက်တစ်ခါ ဆက်ဖတ်မှ

“အမေ့ရှေ့မှာ ကျနော် ဘယ်တော့မှ အရက်မသောက်တော့ပါဘူး။”

ဆိုတော့ကာ......
အမေ့ကွယ်ရာမှာတော့ သောက်မယ်ပေါ့လေ.....
ချီးကျူးမိတာ စောသွားပြီ........

;-P

Mogok Thar said...

ဒီပို့စ်လေး ဖတ်ပြီးးး
အရက်နဲ့ မတည့်တဲ့ ခေါင်းကိုက်ရောဂါရှီသူများးး...
ဘယ်လောက်သောက်သောက် မမူးဘူးဆိုကာ လူရှေ့တွင် အိနြေ္ဒမပျက် လက်မထောင် နေနိုင်သော်လည်း ကွယ်ရာမှ အမူးဒဏ်ကို ကော့နေအောင် ခံစားကြရသူများးး...
ပြောတဲ့အတိုင်း အသိတရား ရကြပါစေသော်ဝ်။ ။

ခင်မင်စွာ ဖဲ့သည်...

:-P

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

အမေ့ရှေ့မှာမှ မဟုတ်ဘူး။ ဘယ်သူ့ရှေ့မှာမှ မသောက်နဲ့။ ကွယ်ရာလဲ မသောက်ပါနဲ့။ စေတနာ စကားမှန်ရင် နားဝင်ခါးတတ်ပါတယ်။ ဒါပေမယ့် ပြောပါရစေ။ ဘယ်တော့မှ မသောက်ဖြစ်အောင် နေပါ။ နောက်တစ်ခါ သောက်တယ်ကြားလို့ကတော့ သေခန်းပြတ်ပဲ။ :)..

ခင်မင်စွာဖြင့်
ကိုမျိုး

leomark said...

ဟားဟား..ယုံဘူးဆို..ယုံဘူးဆိုပဲ။ ဘီယာလောက်တော့ ရတယ်မို့လား။ အဟီး။
ဟေ့..စိတ်ညစ်မနေနဲ့..ငါတို့နဲ့ က မယ်လာခဲ့ ၊ တဲ့ ဂျေမီ ဆိုထားတယ်။ မန်းရောက်မှ တွေ့တာပေါ့ဂျာ။ ( နောက်တာနော် ။ အလွမ်းပြေရယ်ပါဗျာ )

Ree Noe Mann said...

အကြီးအကျယ်အော်သွားပါသည်။

အမည်မဖော်လို သူ ဦးသီဟသစ်

ဗီလိန်

ဖိုးသင်္ကြန်

ငချမ်းကောင်

တလနွန်
ရေတမာ

တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
မျိုးထက်ဇော်

သံလွင်ဟီးရိုး

မိုးကုတ်သား

ရီနိုမာန်

ဆောင်းချမ်းမိုး

ဖိုးစိန်

(ဖဲဝိုင်းမှ ထအော်ကြသည်)

Happy new year playing card game!!!!!

ငချမ်းကောင် said...

သူများ သားသမီးတွေများ လိမ္မာချက်ဟေ့..... ဒို့များတော့လည်း အိုဘာတဲ့.. သောက်တော်ဗူးရယ်နဲ့ အိုမကွာ အိုမကွာ... သောက်တော်ဗူးရယ်နဲ့ အိုမကွာ အိုမကွာ... ဒါမျိုး။ တကယ်တော့ ကျွန်တော်တို့ သောက်တယ်ဆိုတာက အနာဂါတ်အတွက်ပါ။ မျိုးဆက်သစ်လူငယ်တွေအတွက် သောက်စရာအရက် မကျန်ရလေအောင် ကိုယ်စွမ်းသလောက်ကလေးနဲ့ မကုန် ကုန်အောင် တနိုင်တပိုင် သောက်ပစ်နေတာပါ။