"သား ဦးဦးတို့ဆီသွားမယ် လိုက်မလား" ကျနော် ပျော်သွားသည်။ ဆိုက်ကားတစီးငှားကာ သားအဖနှစ်ယောက် အတန်ငယ်ဝေးသော ဦးဦးတို့ စားသောက်ဆိုင်သို့ ရောက်ရှိခဲ့သည်။ စားသောက်ဆိုင်၏ဘေးခန်းရှိ ဘားကောင်တာတွင် အဖေအရက် သောက်လေသည်။ အဒေါ်ရောက်လာကာ အဖေနှင့်စကားပြောကြသည်။ အဆင်မပြေသည့် အိမ်ထောင်ရေးအကြောင်း အဒေါ်အား ရင်ဖွင့်နေဟန်ရှိသည်။ သားသမီးသုံးယောက်နှင့် ယောက္ခမအိမ်တွင် နေထိုင်ရသော သားမက်တယောက်၏ ပေါက်ကွဲမှုများကို အရက်နှင့်အတူ မျှောချနေသည်။
အဒေါ်ပေးသောမုန့်ကိုယူကာ ညီမလေးနှင့်အတူ တီဗွီမည်မျှကြာအောင် ကြည့်မိသည်မသိ။ အဖေအိမ်ပြန်ရန် လာခေါ်သဖြင့် လိုက်သွားသောအချိန်သည် ညည့်နက်နေလေပြီ။ အဖေလည်း ရေချိန်အတော်လွန်ကာ သိုင်းကွက်နင်းနေသဖြင့် ဆိုက်ကားသမားက မနည်းထိန်းကာ အိမ်သို့ အရောက်ပို့ပေးသည်။ အိမ်ရှေ့တွင် အော်ဟစ်နေသောအဖေ့ကို အမေတဖျစ်တောက်တောက် ရေရွတ်ရင်း တွဲခေါ်ချိန်တွင် အဖေခေါင်းဆိုက်နေလေပြီ။
ဝူးတူးဝါးတားအော်ဟစ်ရင်း အဖေအန်လေတော့သည်။ အမေသည် အဖေ့ကျောကို တဘုန်းဘုန်းထုရင်း ငိုယိုနေလေပြီ။ မိဘမကြည်ဖြူသော ယောက်ျား၊ ကလေးသုံးယောက်နှင့် မိဘအိမ်တွင် နေထိုင်ရသော အချိန်တွင် အဖေ့လုပ်ရပ်များက အမေ့အတွက် မျက်ရည်များကိုသာ အဖော်ပြုရန် ရှိတော့သည်။ အဖေ့အန်ဖတ်များကို မျက်ရည်စက်လက်ဖြင့် သန့်ရှင်းရေးလုပ်နေသော အမေ။ တွေ့ကရာခေါင်းထိုးအန်နေသော အဖေ။ မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြည့်နေသာ အဘိုးနှင့် အဘွား။ ကျနော့ ပါးတွင်လည်း မျက်ရည်များ အလိုလိုကျဆင်းလာသည်။ အမေ မငိုပါနဲ့တော့ အမေရယ်။
***************************
မနက်က အကို့တို့ မင်္ဂလာဆွမ်းကျွေးပြီး၍ ညနေမိသားစုနှင့်အတူ ဟော့ပေါ့သွားစားကြသည်။ အမအကြီးဆုံးမှ လွဲ၍ မိသားစုဝင်တယောက်တိုးသော မိသားစုစုံညီသော စားပွဲလည်းဖြစ်သည်။ အကိုက ထုံးစံအတိုင်း ဘီယာသောက်လေသည်။ ဖန်ခွက်သုံးခွက် မှာပြီး ကျနော်အပါအ၀င် သားအဖသုံးယောက် သောက်ကြသည်။ အမေ့မျက်နှာမကောင်း။ အဖေနှင့်အကို သောက်တတ်တာသိပေမယ့် ကျနော့် သောက်တာ အမေမသိသေး။ အမေ့ခံစားချက်ကို မစာနာစွာ ကျနော့်တို့ သောက်သုံးခဲ့ကြသည်။ အိမ်ပြန်လာတော့ အမေ့မျက်နှာမကောင်း။ ဘယ်သူ့ကိုမျှ စကားမပြောဘဲ အမေအိပ်ယာဝင်သွားသည်။ အမေရယ် တောင်းပန်ပါတယ်။ အမေ့ရှေ့မှာ ကျနော်ဘယ်တော့မှ အရက်မသောက်တော့ပါဘူး။ ဘယ်တော့မှ မမြင်စေရတော့ပါဘူးအမေရယ်။

