Friday, November 20, 2009

စလုံး ဆလိမ် ရွာသူ ရွာသားများ

စလုံးဆလိမ်ရွာရှိ ကျေးလက်ဆေးပေးခန်းထဲတွင် မြို့မှ ပြောင်းလာသော သူနာပြုဆရာမလေး ရှင်ဂွမ်းကိတယောက် ပျားတကောင်အလား ဗျာများနေလေသည်။ ပျာယာခတ်တာကြီး မပြောနှင့်လေ ဒီရွာလေးမှာ ဒီလို ဆေးခန်းကို လူနာ ဒီလောက်များများ လာတာ ဒီတခါပဲရှိသေးသည်။ ထိပ်ပေါက်၊ ခေါင်းကွဲ၊ လက်ကျိုး သွားကျွတ်၊ မျက်နှာဖူးယောင်နှင့် လူနာများကလည်း ဆေးခန်းပြင်ပတွင် တယောက်တပေါက် ဆူညံလျက်ရှိသည်။ အရင်လို ရှင်ဂွမ်းကိ တယောက် စာပို့သမား ယူလာပေးသည့် ဂျာနယ် အဟောင်းများဖြင့် ဆေးခန်းမှာ ကမ္ဘာပတ်ပြီး ငြိမ့်မနေနိုင်တော့။ တတ်သည့်ပညာ မနေသာဆိုသလို ဟိုပြေးဒီလွှားနှင့် ခဏချင်းအတွင်းပင် ဆေးခန်းလေးတွင် ပတ်တီးရောင်လွှမ်းသွားလေသည်။ အားလုံးပြီးစီးသည့် သဘောအလား မာသာထရီဇာ မျက်နှာပေးနှင့် ရှင်ဂွမ်းကိ လက်နှစ်ဖက်ကို ဖုတ်ဖက်ခါကာ နှဖူးမှ ချွေးစတို့ကို သုတ်လိုက်လေသည်။

ကျေးရွာဘောလုံးကွင်း
အမျိုးသမီး ဂိုးတိုင်အလယ်မှာ မားမားမတ်မတ် ရပ်နေသူကတော့ မိနွေးလေး။ ရွာလယ်က လက်ဝှေ့သမားဆီက ငှားထားသော အံကပ်ကြီးလည်း တပ်ထားသည်။ သူ၏ အသက်တမျှချစ်ရသော ရှေ့သွားလေး နှစ်ခေါင်းကို ကာကွယ်ထားဟန်တူသည်။ လူရွှေးချယ်မှုတော်သည်ဟု ပြောရမည်။ မိနွေးလေး အရပ်ကိုလည်း ကြည့်ဦးလေ။ တော်ရုံကာလသားများပင် သူမ အရပ်ကို မမှီပေ။နောက်တန်းကိုလည်း မြင်စေ့ချင်သည်။ ပါဝင်ကစားကြသူများကား။ ဟဲဗီးဝိတ်တန်း အဆင့်ရှိ မကြယ်ပြာ။ မလေးမေ။ မခင်စိုး။ သုံးယောက်တန်းစီချထားလျှင် စည်းပြည့်သွားလေပြီ။ ထိုကဲ့သို့ နောက်တန်းကို တော်ရုံ ကစားသမားတောင် မကျော်နိုင်။ အလယ်တန်းမှလည်း မခေ။ နှံနှံစပ်စပ်ရှိသည့် မိပြာလေးခေါင်းဆောင်။ ခါးမှာလည်း သော့တွေ ချိတ်ထားသေးသည်။ သူ့ကိုယ်သူ့ key player မှန်းသူသိစေချင်၍ထင်သည်။ ရှေ့တန်းက မမြ၀င်း နှင့် မိမုန်းသူ။ အငယ်မ မိမုန်းသူ က ဥာဏ်ကောင်းသည်။ အငယ်မထက် ဥာဏ်ကောင်းတာက မလေးမေ။ အငယ်မ အင်တိုက် အားတိုက် ထိုးဖောက်နိုင်ရန် အမျိုးသား ဂိုးတိုင်ထိပ်တွင် မုန့်ဖက်ထုပ် တထုပ်ချည်ထားလေသည်။ သို့ပေမယ့် ဂိုးသမ မိနွေးလေးက တက်တက်လာသဖြင့် ကိုယ့်လူကို ပြန်ကာကွယ်နေရလေသည်။

အမျိုးသားအသင်းဖက်မှာတော့ ဇိုးသမား အဲ ဂိုးသမား ကိုရင်စိုင်း ခမောက်ကြီးဆောင်းထားသည်။ ဘာဖြစ်လို့လဲ မေးကြတော့ ဗွီဒီယိုထဲက ဂိုးသမားတွေကလည်း ဦးထုပ်ဆောင်းကြလို့တဲ့ သူလည်း ရှိတာဆောင်းထားဟန်တူသည်။ တကယ်တန်းတော့ သူ၏ ဆံပင်ဖြူတွေကို လူမတွေ့စေချင်၍ဖြစ်သည်။ ကိုရင်စိုင်းလည်း တတ်သလောက်မှတ်သလောက် တရုတ်ဘုရားရော ဗမာဘုရားပါ ဂိုးမ၀င်စေရန် ကန်တော့နေလေသည်။ ရှေ့တန်းမှာ ကိုရင်ပေါ်လေးနှင့် ကိုရင်ဆောင်းချမ်း။ ကိုရင်ပေါ်လေးကလည်း ကွမ်းတောင် ပန်းတောင်ကိုင် မိမိုးလေး ရှေ့မှာ အစွမ်းကုန် ကြိုးစားမည့်ဟန်။ မိမိုးလေး ကလည်း မကြည့်ရဲ။ အဘယ်မျှ ကြည့်ရဲမည်နည်း။ ကိုရင်ပေါ်လေးက ခါးတောင်းကို မြှောင်အောင် ကြိုက်ထားလေသည်။ သို့သော် အောက်မှာ ဧရာထွန်း ဘောင်းဘီ ပါလို့တော်သေးသည်။ ကိုရင်သီဟကတော့ ကွင်းလယ်မှ ခေါင်းဆောင်။ ကိုရင်ဖိုးသင်္ကြန်တို့နဲ့ တွဲဖက်ပြီးတော့ ကစားစေသည်။

မိုးကလည်း ဘောလုံးသမားတွေ အကြိုက် တဖွဲဖွဲရွာလေပြီ။ မမြ၀င်းက မှော်ဘီမှ ယူလာသော ဘောလုံးကို ကန်သန်းရိုးပေါ်မှာ တည်ကာ ဒိုင်ခရာမှုတ်မည့် အချိန်ကို စောင့်ဆိုင်းနေလေသည်။ ခရာမမှုတ်တော့ မမြ၀င်းက ဒိုင်ကို စောဒက တက်လေသည်။ ဒိုင်လူကြီးက “ဘယ်လိုမှုတ်မလဲ နင့်လူက ဟိုဖက်မှာ”လို့ ပြောတော့ မိပြာလေး တယောက် ငိုက်စိုက် ငိုက်စိုက်နှင့် အမျိုးသား ကွင်းဖက်မှာ။ ကိုရင်သီဟက “ဟဲ့ မိပြာ ဘာလုပ်နေတာလဲ” ဆိုတော့ “ကွမ်းထုပ် ကျပျောက်သွားလို့”တဲ့။ “ဟာ အရေးထဲမှ သွားသွား ဖိုးသင်္ကြန်ဆီက တယာလောက် ငုံထားလိုက်” ဆိုပြီး အတင်း ပြန်ခိုင်းရတယ်။ မိပြာလေး နေရာကျပြီဆိုရင်ပဲ။ ဘောလုံးပွဲ စပါပြီ။ အမျိုးသမီး အသင်းကလည်း အချိပ်အဆက် မိမိနှင့် ထိုးဖောက်လာသည်။ ဂိုးသမားပဲ ကောင်းသလား။ မူးမူးနှင့် ကံစွတ်ကောင်းနေသလားမသိ။ ကန်သွင်းသမျှ ဂိုးတွေကို ကိုရင်စိုင်း ကာကွယ်နိုင်လေသည်။ ဒီတကြိမ်တွင် ကိုရင်ပေါ်လေး ဘောလုံးရကာ အမျိုးသမီး နောက်တန်းကို ကျော်ဖြတ်ရင် ပြင်လိုက်စဉ်ခတ္တခဏ မိုးမှောင်ကျသွားသည်။ သူထက်မြင့်သည် မလေးမေက ရှေ့မှ ထုတ်စီးတိုးသလို ကာထားသဖြင့် ကျော်ဖြတ်ရန် အခွင့်မသာချေ။ မလေးမေမှ “ကိုရင်ပေါ်လေး ညနေကျ တော် ကြိုက်တဲ့ ငပိရည်ကျိုရယ် အတို့အမြုပ်ကျုပ်လုပ်ပေးမလို့”ဟု စကားဟ လိုက်တော့ ကိုပေါ်လေး တချက်ငိုင်သွားသည်။ မလေးမေကလည်း အခွင့်အရေးလက်လွတ်မခံ။ ပေါင်ကြားကို ကန်ထည့်လိုက်သည်။ ပေါင်ကြားမှ ဘောလုံးလည်း ဇောင်းမှ ထွက်သည့် မြင်းအလား အရှိန်နှင့် လွင့်ထွက်သွားလေသည်။ မလေးမေက အောင်မြင်သော အမှုအရာဖြင့် “နောက်တာ”ဟု ကိုပေါ်လေးအား တိုးတိုးလေး ပြောသွားလေသည်။

ရှေ့တန်းမှ အငယ်မလည်း လျှာထွက်နေပြီ။ ဘောလုံးကန်၍ကားမဟုတ် မမှီသည့် မုန့်ဖက်ထုပ်ကို ခုန်ပြီးယူနေရ၍ဖြစ်သည်။ ကိုရင်စိုင်းလည်း ဘောလုံးကြည့်ရတာ တဖက် မိမုန်းသူ ကြည့်ရတာ တဖက်နှင့် နောက်ဆုံး အငယ်မကို လွတ်ထားလိုက်ရလေသည်။ ဘောလုံးပွဲကလည်း တဖက်နှင့် တဖက် အကြိတ်အနှယ်ရှိလှသည်။ ကွင်းလယ်တနေရာ၌ ကိုရင်ဖိုးသင်္ကြန်နှင့် မမြ၀င်း အတွေ့ “ဟဲ ဟဲ မကြောက်ပါနဲ မမြ၀င်း၊ ကိုဖိုးသင်္ကြန် ခြင်ထောင်ထောင်တာ ခလေးသိပ်မလို့ပါ”ဟု ခနဲ့တဲ့တဲ့ လေသံဖြင့်ပြောလေရာ မမြ၀င်းလည်း ယမ်းပုံမီးကျပြီး ကိုရင်ဖိုးသင်္ကြန်ခေါင်းကို ခေါက်လိုက်လေသည်။ “တွီ” အမျိုးသား အသင်းဖက်မှ ပြစ်ဒဏ်ဘောရလေသည်။ မမြ၀င်းလည်း သတိပေးခံရလေသည်။ ကိုရင်ဖိုးသင်္ကြန်မှ ပြစ်ဒဏ်ဘောကန်တင်ပေးလိုက်ရာ ရှေ့တန်မှ ကိုရင်ဆောင်းချမ်းဆီ ရောက်သွားလေသည်။ ကိုရင်ဆောင်းချမ်းလည်း အားတက်သရော လိမ်ခေါက်၍ သယ်သွားစဉ် နောက်တန်းမှ မခင်စိုးနှင့် တိုက်မိ၍ ၂ ပေခန့် လွင့်သွားလေသည်။ တွီ ခရာမှုတ်ပြန်လေသည်။ အမျိုးသမီးအသင်းမှ စောဒက တက်ကြသည်။ ဒိုင်လူကြီးမှ ပြေးလမ်းပိတ်လို့ ပြစ်ဒဏ်ဘောပေးရခြင်းဖြစ်ကြောင်း ရှင်းပြသည်။ မခင်စိုးက မကျေနပ်။ မပိတ်လည်း ပြေးမှ မရတာဟု တဖျစ်တောက်တောက် ပြောနေသေးသည်။

မိုးကလည်း ဖွဲရုံမက တခါတရံ သည်းများပင် သည်းလိုက်သေးသည်။ တဖက်နှင့်တဖက်ကလည်း အနိုင်မခံအရှုံးမပေး အကြိပ်အနှယ် ကန်နေကြသည်။ ကြာလာတော့ မိမုန်းသူ စိတ်မရှည်နိုင်တော့။ အမျိုးသမီးဖက်ပြန်သွားကာ မမြ၀င်းကို တီးတိုးဆိုလေသည်။ မမြ၀င်းလည်း ခေါင်းတချက်ငြိမ့်ပြီး အချင်းချင်း အချက်ပြကြသည်။ အမျိုးသမီးအသင်း အမျိုးသား အသင်းဖက်ကို ထိုးဖောက်လာပါပြီ ခင်ဗျာ။ တယောက်ကိုလိမ်တယ်။ နှစ်ယောက်ကို လိမ်တယ်။ အငယ်ဆုံး ကိုရင်ဖြိုးကို ခေါက်ပြီး ဂိုးဧရိယာအတွင်းသို့ပင် ချဉ်းနှင်းဝင်ရောက်လာလေပြီ။ မမြ၀င်းလည်း မျက်စိဆုန်မှိတ်ပြီး ဂိုးသမား ဘယ်ဘယ်ဒေါင့်ကို ခြေပူးထိုး ကန်ထည့်လိုက်လေသည်။ မိုးစက်မိုးပွားများနှင့်အတူ အမျိုးသမီးအသင်း ပရိတ်သတ်များ သောသောညံသွားလေသည်။ “ဂိုးးးးးးးးးးးးးးးးး” “ဟာဗျာ ကိုရင်စိုင်း ဘယ်လို လုပ်လိုက်တာလဲ၊ ဘာလို့ လွတ်ပေးလိုက်တာလဲ” အသင်းသားများ စောဒကတက်တော့ ကိုရင်စိုင်းမျက်နှာငယ်လေးနှင့် “အဲဒီ ဘယ်ဘက်မှာ အငယ်မ မိမုန်းသူ ရူးရူးပေါက်သွားတယ်ကွ” မျက်နှာငယ်လေးဖြင့် ပြန်ပြောရှာသည်။ အမျိုးသားအသင်းသားများ တောက်တခေါက်ခေါက်နှင့် မကျေမနပ်ဖြစ်နေကြသည်။

အမျိုးသမီး အသင်းမှာလည်း ပျော်လွန်း၍ ကခုန်ကြသည်။ မမြ၀င်းလည်း အမေရိကန် အမျိုးသမီးဘောလုံးသမား မီယာဟမ်းလို အကျီချွတ်တော့မည့်ဟန် ပြင်သဖြင့် အသင်းဖော်များ မနည်းဆွဲထားရသည်။ မိနွေးလေးလည်း မေ့ပြီး အံကပ်ကို ဘယ်နားချွတ်လိုက်သည်မသိ။ ခဏကြာတော့ သူမတွင် အံကပ်မရှိတော့။ သူမလည်း သတိမထားမိ။ အမျိုးသားများကလည်း ဒေါသတကြီး တိုက်စစ်ဆင်ရင်း အမျိုးသမီးအသင်းဖက်သို့ ထောင့်ကန်ဘောကန်ရလေသည်။ အားလုံး ရင်တမမ၊ အသည်းတယားယားရှိလှသည်။ ကိုရင်ပေါ်လေးလည်း ဘောလုံးကို ၀တ်ထားသော စွတ်ကျယ်ဖြင့် အသေအချာသုတ်ရင်း ထောင့်ကန်ဘောစည်း အတွင်းတည် လိုက်သည်။ အသက်ကို ၀အောင်ရှုကာ အမြှောက်ဘော လှလှပပ တင်ပေးလိုက်လေသည်။ မြက်များ မြေကျစ်များ ဖွားကနဲ လွင့်စင်ကာ ဘောလုံးမှာ မိုးရေစက်များ အကြား ၀င့်ဝင့်ကြွားကြွား မျောလွင့်လာလေသည်။ အားလုံးကလည်း စိတ်ဝင်တစား ဘောလုံးကို စောင့်ကြည့်နေကြသည်။ ရှည်လျားလှသော လက်တစုံက အားလုံး၏ခေါင်းပေါ်မှ ကျော်ကာ လေထဲရှိ ဘောလုံးကို ဖမ်းယူလိုက်လေသည်။ တော်လိုက်သည့် မိနွေးလေး ပါပေ။ လက်ခုပ်သံမစဲခင် မိနွေးလေး လေထဲမှ ပြန်အကျ ဂိုးသွင်းရန်တက်လာသော ဂိုးသမား ကိုရင်စိုင်း၏ ခေါင်းနှင့် မေးစေ့စောင့်မိပြီး သူမ၏ ချစ်လှစွာသော ရှေ့သွားလေး နှစ်ချောင်း ဘောလုံးနှင့် အတူ ဂိုးစည်းနောက်ဖက်ကို ၀င်သွားလေသည်။ ဘောလုံးမှာ ဂိုးစည်းအတွင်းသို့ လုံးလုံးလျားလျား ၀င်သွားခြင်းမဟုတ်။ ဂိုးစည်းနောက်သို့ ယောင်ယောင်လေး ရောက်သွားခြင်းဖြစ်သည်။ နှစ်ဖက်စလုံး ဂိုးသည်၊ မဂိုးဘူး ငြင်းခုန်ကြလေတော့သည်။ ပထမတော့ စကားလုံးများနှင့် ငြင်းကြခြင်းဖြစ်ပြီး နောက်ပိုင်း ကာယကံမြောက် ကျူးလွန်ကြတော့သည်။

နိဂုံး
စလုံး ဆလိမ်ရွာလမ်းမ တလျောက်တွင် ဖုန်လုံးကြီး တလုံးလိမ့် လာလေသည်။ ရုတ်တရက်ကြည့်လျှင် ကမ္ဘာပျက်သည့်အလား။ ဖုန်လုံးထဲတွင်မတော့ တ၀ူးဝူး တ၀ါးဝါးနှင့် ပါးစပ်မဟနိုင်သော မိနွေးလေး။ သူနာပြုဆရာမလေး ရှင်ဂွမ်းကိမှ သွားနှစ်ချောင်းကို ဆင်ကော်နှင့် ပြန်ကပ်ပေးလိုက်ခြင်းဖြစ်သည်။ ကျောက်ပတ်တီးနှင့် ကိုရင်ဆောင်းချမ်း။ မခင်စိုးနှင့် ပိ၍ ဘယ်ဖက်လက်ကျိုးသွားသော်လည်း စေတနာရှင်လေးမှ ညာဖက်ကို ကျပ်စည်းပေးလိုက်သည်။ မျက်လုံးနှစ်ဖက်ကို ပတ်တီးအစီးခံထား ရသော ကိုရင်ပေါ်လေး။ ဘောလုံးကိုတက်နင်းမိပြီး ချော်အလဲ နောက်စိနှင့် ဂိုးတိုင်စောင့်မိကာ ခေါင်းပေါက်သွားသည်ကို မျက်လုံးကိုပိတ်၍ ပတ်တီးစည်းပေးလိုက်ခြင်းဖြစ်သည်။ အသီးသီး အသာကာလ လူနာများ ရှေ့မတွင်တော့ ခမောက်ဖြူဖြူလေးနှင့် အဆင်အရမ်းမိတဲ့ ရှင်ဂွမ်းကိ “ကျု မိ ငှားးးးးးးးး” ဟုအော်ကာ ဖနောင့်နှင့် တင်ပါး တသားတည်း ကျအောင် ပြေးနေလေတော့သည်။

တချက်ပြုံး၍ တရက် အသက်ပိုရှည်ကြပါစေ။
ရေတမာ

20 comments:

စိုင်းစိုင်းလားရှိုး said...

အဟေဟေး ငါဂိုးဖမ်းတာကွ။ သူတို့နဲ့ ကန်တာပဲ ရှုံးပါလေ့စေ။

မေဇင် said...

ဟဟဟ နွေး သွားလေး ပြန်လျှော်ပေး.... ကိုရင်ခါးတမာ က ဘယ်ရောက်နေလဲ......။ ဘာပဲဖြစ်ဖြစ်ပါ.... အမျိုးသမီးအသင်း ဂိုးရသွားတာပဲ... တရားဝင်.... အမျိုးသား အသင်းဘတ်က ဂိုး က မတင်မကျ နဲ့...ရှုံးသွားတယ်....။ ဒါပေမယ့် နွေး သွား လေး အတွက်တော့ စိတ်မကောင်းပါဘူး...ဒီဘတ် ဂိုး ထိရောက်အောင် ဟိုဘတ်က ဂိုသမား ကိုရင်စိုင်း ကဘာကြောင့် တတ်လာတာလဲ...နားမလည်ပါဘူး....

kiki said...

ဟေ .... ဘာဒုံးဟ .“ကျု မိ ငှား“

ပတ်တီးရှား ရတဲ့ ကြားထဲ ..
မင်းကြောင့် .. မင်းကြောင့် ပါကွယ် ...
နောက်တခါဆို ဆင်ကော် နဲ့တောင် မရ ဘူးမှတ်
ရာတမေ ရေ ... သဒိကြပ်ကြပ်ထားး..

ဆောင်းချမ်းမိုး said...

ဟေ့ရောင်..ယောကျာင်္းကပဲ နိုင်တာကွ..
မရဘူး..စိတ်ကြီးတယ်.. စီးတီးဟော ဘောလုံးကွင်းမှာ ချိန်းမယ်..။ ကန်မယ်..။

တောင်ပေါ်သား said...

:) ငါကွာ မလေးမေရဲ့ ကျော့ကွင်းထဲ ၀င်သွားလို့ပေါ့ သို့မဟုတ်ရင် ဂိုးကတော့ ၃ လုံးလောက်တော့ အေးဆေး ခုတော့ ငါပေါင်ကြားထဲက အလုံး (ဘောလုံး) ကိုကန်ခံလိုက်ရတယ်း( တွေ့ကြသေးတာပေါ့ မိန်းကလေးများ အသင်းရယ် .. ဇာတ်သိမ်းလေးကို သေချာရေးပါရန် ဒါပဲ

ကိုစိုင်းကလဲ ဘာဖြစ်ဖြစ် ဒိုင်ပစ်ပြီး ဖမ်းသင့်ပါတယ်ကွာ ခုတော့ ဟွန်းးးးးးးး ဒါ မိန်းကလေးတွေ တမင်လူလည်ကြတာ မခံဘူး ဆောင်းဆောင်းကို နောက်တခါ ဂိုးလုပ်ခိုင်းမယ်

လေးစားလျက်
တောင်ပေါ်သား

တောင်ပေါ်သား said...
This comment has been removed by the author.
တောင်ပေါ်သား said...
This comment has been removed by the author.
တောင်ပေါ်သား said...

၂ ခါဖြစ်လို့ ပြန်ဖျက်တယ်ဝေးးးး

တောင်ပေါ်သား said...

၃ ခါဟ ထပ်ဖျက်တယ်ကွာ ရှုံးလို့မဟုတ်ဘူးကွ သရေဟေ့ သရေ

Beauty Studio USA Branded Store said...

ကျေးလက်ဘောပွဲလေးအကြောင်း လာပြုံးသွားတယ်ဗျာ။ တလက်စာထဲ လောင်းကြေးက ဘယ်လောက်ပေါက်သတုံး ကိုရင်ရ။ :P
တစ်နိုင်ငံလုံး တစ်လုံး နှစ်လုံး ဖြစ်နေလို့ဗျာ။ဟီးးးး စိတ်မဆိုးရဘူးနော်။

မိုးခါး said...

ဟားဟားဟားဟားးးးးးးးးးး
ရီလိုက်ရတာဟာာာာာာာာာာာာာာ
ဂယ်ပဲ
ဒါမှ ဒို့အမျိုးသမီး ဘောလုံး အသင်းကွ
အားကောင်းမောင်းသန်တွေ ဒီလောက်သုံးထားတာ ဘယ်သူထိုးဖောက်နိုင်မတုန်းး

ဒါတောင် အသင်းခေါင်းဆောင် မမရောင်က အသင်းက ခဏ အနားယူထားလို့ပေါ့ကွာ
မဟုတ်လို့ကတော့ .................. :D

ကောင်းကင်ပြာ said...

အဲ့ မိပြာလေး ကလဲ ဘောလုံးပွဲ စခါနီးတောင် ကွမ်းစားသတဲ့လားဟယ်.. မကောင်းချက်..အဲ့ ကွမ်းထုတ်ကို စာရေးသူများ ဖွက်ထားလားမှ မသိတာဟ..
ပေါ်ပေါ်လေးနဲ့ မလေးမေ ပြောတဲ့ အခန်းတွေ မိုက်စ်...ဘာတဲ့ ..မလေးမေ က နောက်တာ တဲ့...ဟိဟိ..ဂွတ်..ရီလိုက်ရတာ...း)

ကြယ်ပြာ said...

အဟီး .... မိုက်တယ်ဟ ... ဖတ်လို့ကောင်းတယ် ....

ယောက်ျားလေးအသင်းရှုံးသွားတယ် ဘယ်နှစ်ဂိုးလဲ ... ဒါတောင် ကြယ်ပြာတို့အစွမ်းသိပ်မပြလိုက်ရဘူး ဟဲ ဟဲ ...

မြစ်ကျိုးအင်း said...

ဖတ်ရတာပေါ့ပေါ့ပါးပါးရှိတယ်ကောင်းတယ်
သွားကျွတ်တဲ့အထိတော့ မလုပ်သင့်ပါဘူးး)

ကျနော်လည်း ဘလော့ဂါ ဘောပွဲရေးမလို့
အကြံတူ နေတယ်း)

မြရေလျဉ် said...

ဦးစိုင်းတို့ ဦးဆောင်ပြီး ပေါ်လေး။ဆောင်းချမ်း။ကိုသီဟ.။ဖိုးသက်ြန်တို့ ပါတဲ့ယောင်္ကျားလေးအဖွဲ့မျိုးနဲ့ ကန်ရတဲ့ မခင်စိုး၊မလေးမေ၊မိမိုးလေး၊မမြ၀င်းတို့လိုအချောအလှတွေပါတဲ့ မိန်းကလေးအဖွဲ့နဲ့ ကန်မှတော့ သရေကျပြီပေါ့တော်...။


(မှတ်ချက်။ သွားရည်က အမျိုးသားများဖက်မှ ကျသည်)

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..
ဟေး... ဂိုး... ကွ.. ဂိုး...
ငါတို့က ပွဲကြည့်ပရိတ်သတ်ကွ..ဟိ..ဟိ..
ဖတ်ရတာ တကယ် ကန်နေသလိုပဲ။ ဒေါင့်ကန်ဘော ကန်နေတာများ စလိုးမိုးရှင်း ပြနေသလိုပဲ။

ခင်မင်စွာဖြင့်
ကိုမျိုး

Anonymous said...

ဟားဟား ရီရတယ် ရေတမာရေ ဆက်ရန်လေး လုပ်ဦး . . .

Waing said...

ဟားးးးးဟားးးးးးဟားးးးးးးး
ရယ်ရတယ်ကွာ
ဂိုးသွင်းပုံ သွင်းနည်းတွေ ရေးထားတာ ကြိုက်လွန်းလို့ ပုံဖော်တွေးပြီး ရယ်လိုက်ရတာ :D အမျိုးသမီးအသင်းအတွက် ဂုဏ်ယူပါတယ်
အမျိုးသားအသင်းကလည်း ဆက်လက်ကြိုးစားကြပါး))

သီဟသစ် said...

ဟာဟ
လူနောက်

ဒီအပုဒ်ကို ခုမှဖတ်မိတယ်

:P

နွေးနေခြည် said...

ဟဲဗီးဝိတ်တန်းက မမသုံးယောက်ကို ဂိုးပေါက်ရှေ့နေရာချလိုက်ရင် မိနွေးလေးခမျှာ ဒီလိုဖြစ်စရာအကြောင်းမရှိပါဘူး....

ဒါနဲ့ စာရေးသူက မြန်မာ့အသံက ဘောလုံးပွဲကြေငြာသူလား ဟင်...