Friday, December 24, 2010

13 comment



Thursday, September 23, 2010

moments like this

7 comment
သေသေချာချာပဲ မသေချာတာတွေ လုပ်ရင်း
ရေရေရာရာပဲ မရေရာတဲ့ လမ်းတွေမှာ..

ပြေပြေလည်လည်ပဲ မပြေလည်မှုတွေ ကြုံရတဲ့အခါ
သက်သက်သာသာပဲ မသက်မသာနဲပေါ့

ပျော်ပျော်ရွင်ရွင်ပဲ မပျော်ရွင်ခြင်းတွေ ရပြန်တော့
ပီပီပြင်ပြင်ပဲ မပီမပြင် ပြုံးခဲ့ရတယ်။

ပွင့်ပွင့်လင်းလင်းပဲ မပွင့်လင်းခဲ့ဘူးဆိုတာ
ရိုးရိုးသားသားပဲ မရိုးသားခဲ့ကြောင်း ဝန်ခံပါတယ်

ရှုပ်ရှုပ်ထွေးထွေးပဲ မရှုပ်ထွေးဖို့ ကြိုးစားရင်း
ပြတ်ပြတ်သားသားပဲ မပြတ်သားနိုင်ခဲ့ပြန်ဘူး။

ချစ်ချစ်ခင်ခင်ပဲ မချစ်ခင်မှတော့
လွမ်းလွမ်းဆွေးဆွေးပဲ မလွမ်းဆွေးဖို့ ကြိုးစားပါဦးမယ်။

လွတ်လွတ်လပ်လပ်ပဲ မလွတ်လပ်တော့ဘူးဆိုရင်



ရေတမာ
23-09-10

Wednesday, August 18, 2010

ရွာ

6 comment
အိမ်မှာ ကက်ဆက်တလုံးရှိခဲ့ဘူးတယ်။ ဇာတ်လမ်းကက်ဆက်ခွေတွေ စတီဒီယိုတေးသီချင်းခွေတွေ ငှားခဲ့ဖူးတယ်။ အခုများ မောက်(စ်)တချက်နှိပ်ယုံနဲ့ လက်လှမ်းမီသမျှ သီချင်းတွေ နားဆင်နိုင်ပြီ။ ကောင်းလှေ့တေး။ ကောင်းလှေ့တေး။ တေးသီချင်းထုတ်လုပ်သူတွေ၊ တေးသံရှင်တွေတောင် ငြိုငြင်ကုန်ကြပြီ။ ဟိုတလောက အဆိုတော်ကြီးတောင် ကောင်းချီးပေးသွားသေးတယ်။ ဒေါင်းလုပ်လုပ်ကြလို့တဲ့။ ဗမာပြည်နဲ့မျက်ခြေမပြတ်အောင် အသစ်ထွက်သမျှ တေးစီးရီး အသစ်တွေ လိုက်လံရှာဖွေပါတယ်။ အားပေးကြတဲ့ website တွေလည်း တော်တော်များများရှိလာကြပြီ။ ပျော်ပါတယ် ပိုက်ဆံမှ မကုန်တာ။

ခေတ်ရဲ့တောင်းဆိုမှုလား၊ အသည်းကွဲတဲ့သူတွေများလာသလား၊ စတိုင်တခုလေပဲလားတော့မသိဘူး နားထောင်လိုက်တိုင်း အသည်းကွဲသီချင်းက ခပ်များများ။ ပေါက်ကွဲတဲ့သီချင်းတွေ။ စိတ်အချဉ်ပေါက်သီချင်းတွေက နားထောင်ရတာများတယ်။ ခပ်မြူးမြူးသီချင်းတွေ၊ ပျော်စရာသီချင်းတွေ လိုက်ရှာဖြစ်တယ်။

ဒီခွေက ကော်ပီခွေပဲ။ ကြာပြီ ၉ တန်း ၁၀ တန်းလောက်က ထွက်တာ။ ဒီသီချင်းကလည်း ကော်ပီဖြစ်ချင်ဖြစ်မယ်။ ဘိလပ်သီချင်းတွေ သိပ်နားထောင်ဖြစ်တာမှမဟုတ်တာ။ လက်ရှိအနေအထားနဲ့ စာသားတွေနဲ့ကိုက်ညီလို့ နားထောင်တဲ့ စာရင်းထဲတော့ ထည့်ထားတယ်။ မြူးသလို၊ ဆွေးသလိုပဲ၊ ကန်ထရီးကြိုက်တော့ အဆင်ပြေပါတယ်။ စိတ်ကူးယဉ်တာ အန်တာတိတ်မန့်(သည်းခံပါခင်ဗျာ စာလုံးမပေါင်းတတ်လို့) တခုအနေနဲ့ ခံစားတတ်တဲ့ ဖသက အတွက် ခံစားကြည့်စေချင်ပါတယ်။


Tuesday, August 17, 2010

ရွှေဖိုးခေါင်

9 comment
အမက မင်္ဂလာဆောင်အတွက် မိတ်ကပ်အစမ်းလိမ်းမယ်ဆိုတော့ အန်တီက မြေနီကုန်းက ဆိုင်တဆိုင်လိုက်ပို့တယ်။ ဒုတ်ထိုးစားချင်လို့ လိုက်သွားတာ။ ဟိုရောက်တော့ အတူတူသွားစားမယ်ဆိုလို့ ထိုင်စောင့်ပေးနေတုန်း ဒီသီချင်းကြားလိုက်ရတာ။ ကက်ဆက်ဖွင့်သလိုကို နားထောင်လို့ကောင်းတယ်။ ဆိုကြမယ်ပျော်ကြမယ်မှာဆိုရင် ပထမဆုရမှာ ကြိမ်းသေပဲ။ ဟိုးအရင်က နေ့လည်ထမင်းစားကျောင်း ပြန်ရင် ရေဒီယိုက တခါတခါ ကြားဖူးတဲ့သီချင်း။ ၂၀၀၇ ခုနှစ်မှာတောင် သားကို ဒီလို သီချင်းနဲ့ ချော့သိပ်တယ်။ ကြည်နှုးဖို့ကောင်းသလို နားထောင်လို့လည်းကောင်းတယ်။ ကိုယ်တောင် ဒီလိုသီချင်းမျိုးနဲ့ မအိပ်ခဲ့ရဘူး။ ရှာမယ်ဆိုပြီး တေးထားတာကြာပေါ့။

အရင်ကဆို ညနေအမေတို့ အဖွားတို့ဆီက ဖြစ်ဖြစ် ဆန်ပြာတုန်း ထမင်းချက်တုန်း သနပ်ခါးလိမ်းတုန်း ငြီးတဲ့သီချင်းသံလေးတွေကို လွမ်းမိသေး။ ပီပီသသကြီးလည်းမဟုတ်ဘူး။ မရတဲ့နေရာဆို ငြီးသံလေးပဲ ထွက်ထွက်လာတတ်တယ်။ ဒီသီချင်းသံတွေ ကြားရတော့လည်း သတိရပါ့။

အကိုက အဲဒီသီချင်းသိတယ်ဆိုပြီး ရှာပေးမယ်တဲ့။ ရှာတော့ မတွေ့တော့ဘူး။ အဲဒါ ဂူဂယ်မှာ အတင်းပြုးပြဲရှာတော့ တွေ့ပါတယ်။ ဒေါင်းတော့ ဒေါင်းလို့မရဘူး။ upgrade လုပ်ရမယ်တဲ့။ ကမထ အကူအညီနဲ့ မေးလ်ထဲရောက်လာတယ်။

၂နှစ်လောက်ကြာတော့ နားထောင်လို့ ရခဲ့ပါပြီ။ မျက်လုံးထဲမှာ အဲဒီအမကြီးရယ် သူ့သားလေးရယ် မြင်မိတယ်။ အမြဲအမှတ်ရနေမယ့် သီချင်းတပုဒ်ပါပဲ။ သားသမီးတွေအတွက် စိတ်ကူးနေတဲ့ ကဖစ နဲ့ ဖသက ဒီသီချင်းတော့ မိတ်ဆက်ပေးချင်တယ်ဗျာ။


Sunday, July 11, 2010

ခေတ်သစ်မဲဇာ

12 comment

နှင်းရည်စက်လက် ခင်းမြက်ရွှေရည်

မြူခိုးဝေ့သီ နံက်ခင်းသည်

ရွှေပြည်ကြီးကို လွမ်းမိပြီ။

ရာသီအုံမှိုင်း လေအေးသုန်သုန်

ချမ်းလို့တုန် သင်္ကြန်ရက်လား ထင်မှတ်မှားသည်

ရွှေပြည်ကြီးကို လွမ်းမိပြီ။

ဥသြောတွန်ကြူး ပွင့်ဖူးပိတောက်

စိမ်းလဲ့ကြည်ကြည် ဝန်းကျင်သည်

ရွှေပြည်ကြီးကို လွမ်းမိပြီ။

ပူပြင်းနေရောင် တောက်လို့လောင်

လေပွေဆော့ကစား သစ်ရွက်များသည်

ရွှေပြည်ကြီးကို လွမ်းမိပြီ။

ကြင်ဖော်နှင့်ဝေး ငှက်ကျေးတမာ

ခိုနားစရာ ဓါတ်ကြိုးရှာသည်

သြော်….. ရွှေပြည်ကြီးကို လွမ်းမိပြီ။

ရေတမာ

8း08am Sun

11-07-10

Friday, July 09, 2010

2010 ကမ္ဘာ့ဖလား REVIEW နှင့် ဗိုလ်လုပွဲခန့်မှန်းချက်

11 comment
2010 ကမ္ဘာ့ဖလား REVIEW
ငြိမ်းချမ်းရေး ဗိသုကာကြီး နယ်ဆင် မန်ဒဲလားရဲ့မြေမှာ ကျင်းပပြုလုပ်တဲ့ 2010 ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ ဆိုရင်ဖြင့် အောင်မြင်စွာ ပြီးစီးတော့မှာဖြစ်ပါတယ်။ ယခုလို ကြီးကျယ်တဲ့ ပြိုင်ပွဲကြီးကို အောင်မြင်အောင် စွမ်းဆောင်နိုင်တဲ့ အိမ်ရှင် တောင်အာဖရိကနိုင်ငံရဲ့ အားထုတ်မှုကို ချီးကျူးလေးစားမိပါတယ်။ ပြိုင်ပွဲမစခင်က တည်ဆောက်ဆဲဘောလုံးကွင်းများ၊ လမ်းပန်းဆက်သွယ်ရေးများနှင့် ပက်သက်ပြီး ဝေဖန်မှုတွေရှိနေပေမယ့် ပြိုင်ပွဲကျင်းပတဲ့အခါမှာ အေးအေးချမ်းချမ်းဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးပြိုင်ပွဲကြီးကို ကိုယ်ချစ်တဲ့ နိုင်ငံမှာ ကျင်းပပြုလုပ်ချင်တဲ့ ဆန္ဒဟာ ဘောလုံးချစ်သူတိုင်း ဖြစ်ပေါ်ဖူးကြမှာပါ။ ဒီပြင် ပြိုင်ပွဲနဲ့ပက်သက်ပြီး လမ်းပန်းဆက်သွယ်ရေး တိုးတက်မှု အလုပ်အကိုင် အခွင့်အလမ်းပေါ်ပေါက်မှု၊ စီးပွားရေးတိုးတက်ကောင်းမွန်မှုတွေ တွေ့မြင်ရတဲ့အခါ အားကျမိပါတယ်။ ကိုယ်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ လူနေမှုအဆင့်အတန်းတွေ၊ သဘာဝအလှတရားတွေကို ကမ္ဘာကိုပြသနိုင်ခဲ့တာလည်း မမှားပါဘူး။

ပြိုင်ပွဲနဲ့ပက်သက်ပြီး ရရှိခဲ့တဲ့ လူတန်းစားမညီမျှမှုပြဿနာ၊ မထိန်းချုပ်နိုင်တဲ့ လက်မှတ်မှောင်ခိုကိစ္စ၊ တရားမဝင် စီးပွားရေးထိုးဖောက်မှုတွေဟာ နောက်ထပ် လက်ခံကျင်းပမယ့် နိုင်ငံများအနေနဲ့ သတိချပ်သင့်ပါတယ်။ ကမ္ဘာ့ဖလားနဲ့ ပက်သက်ပြီး ကမ္ဘာ့အဝှမ်းမှာ စိတ်မချမ်းသာစရာ သတင်းဆိုးတွေလည်း ကြားသိခဲ့ရပါတယ်။ ဘောလုံးပွဲကြည့်လို့ အစွန်းရောက်သမားများ သတ်ဖြတ်ခြင်းခံရတဲ့ ဘောလုံးချစ်သူများ၊ ဘောလုံးပွဲကြောင့် အိပ်ဆေးခပ်ခံရတဲ့ ကလေးငယ်၊ အရိုက်အနှက်ခံရတဲ့ ကလေးငယ်၊ ဆေးရုံတက်ခဲ့ရတဲ့ ဖခင်၊ မီးလောင်သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေ၊ ပြစ်ပယ်ခံရတဲ့ အိမ်ထောင်ရှင်မတွေဟာ အဖြစ်သင့်တဲ့ အဖြစ်တွေပဲ မဟုတ်ပါလား။

အစိုးရပါ ဝင်ရောက်ဖြေရှင်းရတဲ့ ပြင်သစ်အသင်းရဲ့ အဖြစ်ဟာလည်း ဘောလုံးလောကအတွက် အရှက်ရဖွယ်ဖြစ်ပါတယ်။ ပြည်တွင်းပြိုင်ပွဲတွေမှာ ပြည်တွင်းကစားသမားတွေ အသုံးပြုနည်းခဲ့လို့ အောင်မြင်မှု မရခဲ့တဲ့ အီတလီ၊ အင်္ဂလန်အသင်းတွေဟာ နောက်လာမယ့် ပြိုင်ပွဲတွေအတွက် ပြင်ဆင်သင့်ပါပြီ။ ကစားသမားတွေဟာ နိုင်ငံချစ်စိတ်နည်းပါးကြပေမယ့် ပရိသတ်တွေကတော့ မျိုးချစ်စိတ်ပြင်းပြကြတာ ဒီပွဲမှာ တွေ့ရပါတယ်။ အရှုံးကြောင့်ကျတဲ့ မျက်ရည်၊ အနိုင်ကြောင့် ရတဲ့ ပျော်ရွင်မှုတွေဟာလည်း ပြိုင်ပွဲကို ပုံဖော်ပေးလျှက်ရှိပါတယ်။


ဗိုလ်လုပွဲခန့်မှန်းချက်
ချဲထွက်ပြီးမှ ခွင်ပြတယ်တော့ မထင်စေချင်ပါဘူး။ မှတ်မိသလောက် 98ကမ္ဘာ့ဖလားကတည်းက ထူးချွန်ပြီး ဆံပင်နည်း(သို့)ကတုံး(သို့)ထိပ်ပြောင်တဲ့ သူတွေ ရယူပေးတာ တွေ့ရပါတယ်။ 98မှာ ပြင်သစ်က ဇီဒန်းရဲ့ မှော်ဆန်တဲ့ ဂိုးတွေနဲ့အတူ ဖလားရယူပြီး 2002 မှာဘုတ်စုလေးနဲ့ ရော်နယ်ဒိုရဲ့ ရွှေဖိနပ်ကလည်း ဘရာဇီးကို မှတ်တမ်းသစ်တွေ ရေးထိုးစေခဲ့ပါတယ်။ 2006 မှာ အီတလီရဲ့ ကတုံးကေ ကင်နာဗာရိုး ထိပ်ပြောင် ဇီဒန်းတို့ကြတွေ့ပေမယ့် နောက်ထပ်ကတုံးကေ မာတာရာဇီကို မယှဉ်နိုင်လို့ အရှုံးပေးခဲ့ကြရတာ မှတ်မိကြဦးမှာပါ။

2010 မှာတော့ ထူးချွန်ပြီး ဆံပင်နည်း(သို့)ကတုံး(သို့)ထိပ်ပြောင်တဲ့ သူတွေတွေ့ရပါတယ်။ အုပ်စုပွဲတွေထဲမှာ ကြည့်ရင် အင်္ဂလန်က ထိပ်ပြောင် ရွန်နီ အမေရိကက ဒိုနိုဗန်နဲ့ ကတုံး တင်ဟောင်းဝပ်ကို မနိုင်ခဲ့ပါဘူး။ မက်ဆီကိုက ကတုံးကေလေး ဟာနန်ဒက် ပြင်သစ်ကို အဘိုးပုံစံအတိုင်း လုပ်ပြနိုင်ခဲ့ပါတယ်။ ပိုဒေါ့စကီး အောဇီကို ပေးခဲ့တဲ့အိပ်မက်ဆိုးတွေ။ စပိန်ကိုယောက်ယက်ခပ်စေခဲ့တဲ့ ဆွစ်က ဖာနန်ဒက်။ နာမည်ကြီး အီတလီကို အုပ်စုက လှည့်ပြန်သွားစေခဲ့ ဆလိုဗက်ကီးယားက ဗီတက် တို့ဟာ ဆံပင်မသန်တဲ့ သူတွေပဲဖြစ်ပါတယ်။

အာဂျင်တီးနားရဲ့ မအောင်မြင်ရခြင်း အားနည်းချက်ကတော့ ဆံပင်ရှည်ကစားသမားတွေ များလွန်းခြင်းပါပဲ။ ဒါတင်မက နည်းပြပါ ဆံပင်ရှည်ခြင်းကြောင့် အောင်မြင်မှုမရဘူးလို့ ထင်မြင်မိပါတယ်။ ရှေ့တန်းက မက်ဆီနဲ့ တိဗက် ဆံပင်ရှည်တာ နောက်တန်း ၂ ယောက်ဆံပင်ရှည်တာတွေဟာ ထူးချွန်တဲ့ ထိပ်ပြောင် အသင်းခေါင်းဆောင်မာရှေရေနိုလည်း ဘာမှမတတ်နိုင်ပါဘူး။ အာဂျင်တီးနား အောင်မြင်ချင်ရင်တော့ ကမ္ဘာ့ဖလားပုံစံကို အခုလို ပုံစံမလုပ်ပဲ ဆံပင်ရှည်လေး လုပ်ပေးမှ ရမယ်ထင်ပါတယ်။

ဂျာမနီရဲ့ အောင်မြင်မှုကို မိတ်ဆွေ ထောက်ပြချင်နေပြီထင်တယ်။ ဟုတ်ပါတယ် ဂျာမနီမှာ ဘိုအာတန် တယောက်ကလွဲလို့ ကျန်တဲ့သူတွေမှာ ထိပ်ပြောင်တယောက်မှ မပါဘဲနဲ့ ဆီမီးထိ အောင်မြင်မှုရတာဟာ ထိပ်ပြောင်လေး ရေဘဝဲကြောင့်လို့ ပြောရင် သင်ငြင်းနိုင်မလား။ ငါတို့အသင်းနိုင်မယ်ဆိုတဲ့ စိတ်ဓါတ်ခွန်အားတွေရရှိခဲ့သလို။ ရှုံးမယ်ဆိုတဲ့ အသိလည်းရရော အသင်းကစားပုံဟာ သိသိသာသာပဲ ပျက်ပြားသွားခဲ့ပါတယ်။ ထူးချွန်တဲ့ လူငယ်ကစားသမားလေး မူလာပွဲပယ်ပြစ်ဒဏ်ကြောင့် ရေဘဝဲလေး စပိန်ကို ရွှေးလိုက်သလားဆိုတာတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ဘရာဇီးရဲ့ ကတုံးကေလေးတွေဖြစ်တဲ့ ရော်ဘင်ဟို၊ ဖေဘီရာနိုတို့ အစွမ်းပြပေမယ့် ရှနိုက်ဒါနဲ့ ရော်ဘင်တို့က ပိုပြီးထိပ်ပြောင်တဲ့အကြောင်း ကွာတားဖိုင်နယ်မှာ သိရှိသွားခဲ့ကြပါပြီ။ ရှုံးထွက်အဆင့်၊ ကွာတား အထိတက်လာကြတဲ့ ပါရာဂွေး၊ ဥရုဂွေး၊ ဂျပန်၊ ဆလိုဗက်ကီးယား၊ ချီလီ၊ မက်ဆီကို၊ ဂါနာ၊ အမေရိကန်၊ ပေါ်တူဂီ အသင်းတွေဟာ ကြိုးစားအားထုတ်မှု၊ အသင်းလိုက် စုစည်းမှုတွေ ရှိကြပေမယ့် ဖလားရယူပေးနိုင်တဲ့ ဟော်လန်က ရှနိုက်ဒါနဲ့ ရော်ဘင်တို့လို စပိန်က အင်နေရေစတာတို့လို ထိပ်ပြောင်လေးတွေ မရှိကြပါဘူး။ သူတို့ဟာ ပွဲစဉ်တလျှောက် အကောင်းဆုံးစွမ်းဆောင်ကြပေမယ့် ကျန်တဲ့ အသင်းဖော်တွေကလည်း သူတို့ကို မမှီခိုဘဲ အားလုံး စုစုစည်းစည်းနဲ့ ကစားကြတဲ့အတွက်ကြောင့် ထိုက်တန်တဲ့ ဗိုလ်လုပွဲကို တက်ရောက်လာကြတာဖြစ်ပါတယ်။


ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် တကြိမ်မှ မဆုံဘူးသေးတဲ့ စပိန်နဲ့ ဟော်လန်တို့ပွဲဟာ ၁၂နှစ် အတွင်းမှာ ထူးခြားတဲ့ ချန်ပီယံသစ် ရွှေးပွဲပဲဖြစ်ပါတယ်။ ဂျာမနီကြောင့် အင်္ဂလန်ကြောင့် ကုန်ခဲ့တဲ့ သူငယ်ချင်းများအတွက် ကျနော့်ရဲ့ အထက်ပါ ပြောင်မြောက်တဲ့ ခန့်မှန်းချက်တွေကြောင့် စပိန်ထက် ပိုပြောင်တဲ့ ဟော်လန်ဟာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့်ရနိုင်ကြောင်း အစီရင်ခံလိုက်ရပါတယ်။
ရေတမာ
4း03pm fri
9-7-10

Tuesday, June 15, 2010

တချိန်က သူတို့

10 comment
မိသားစုနဲ့အတူ ခရီးသွားချင်တဲ့ စိတ်ကူး ကူးနေတုန်း(ဘယ်လိုကူးလဲတော့ မသိဘူး) ငယ်ငယ်က ဆွေမျိုးတွေ အုပ်လိုက်ကြီး (ဖတ်မိကြရင်တော့ စိတ်နာလောက်တယ်) ခရီးသွားခဲ့တာတွေ ပြန်ပြီး အမှတ်ရမိပါတယ်။ ရှိလှ ၁၀နှစ် ၁၁ နှစ်ပေါ့။ နှစ်တိုင်းလိုလို ဘုရားဖူးထွက်ဖြစ်တယ်။ ထိန်းမနိုင်သိမ်းမရတွေမို့ နောက်မသွားတော့ဘူး မခေါ်တော့ဘူး အဆူခံထိတာလည်း မနည်းလှဘူး။ ပုဂံဘုရားလေးဆူ တမနက်တည်းဖူးကြတယ်။ နေမကောင်းနေတဲ့ အမေတောင် ပုပ္ပါးတောင်ပေါ်ထိရောက်အောင် သွားတယ်။ ဒေါင်းသေချောင်းကြီး ရေတွေကျတော့ ကားတွေကူးမရ။ ထွန်စက်တွေ ဆွဲတာစောင့်ရတာတွေ။ ပုပ္ပါးရောက်တော့ အနွေးထည်မပါလို့ ခိုက်ခိုက်တုံအောင် ချမ်းတာတွေ ပြန်တွေးမိတော့လည်း မနေ့တနေကလိုပဲ။

အဘွားနဲ့အဒေါ်က နတ်ကို တော်တော်လေး ယုံကြည်ကိုးကွယ်ကြတယ်။ အိမ်မှာ အုန်းဆွဲတယ်။ ကြွက်မြီးဆိုတာကို အဲဒီမှာ စသိတာ။ ဈေးကနေ အုန်းသီးကို ကြွက်မြီးမကျိုးအောင် ကိုင်လာရတာကိုး။ မနက်ဆို အညှာမချိုးထားတဲ့ ကွမ်းဝယ်ပေးရတယ်။ ညဆို လိုက်ကာအနီလေးပိတ်ပေးရတယ်။ အဘနဲ့ ဦးလေးက ဝါသနာပါမပါတော့ မသေချာဘူး။ မလွန်ဆန်နိုင်လို့လား ရိုးရာမို့လို့လားတော့မသိဘူး သိပ်ပြီး ကန့်ကွက်တယ် မရှိလှပါဘူး။ ဦးလေးဆို သူကိုယ်တိုင်တောင် လိုက်ပို့သေးတာပဲ။ နတ်ဟောရင် ခေါင်းတညိတ်ညိတ်နဲ့။ အဘကတော့ သိပ်ပြီး ဟက်ဟက်ပက်ပက်မရှိလှပါဘူး။ ဘုရားသမား။ အဘွားနဲ့အဒေါ်က လင်ပန်းကြီးနဲ့ ဆွမ်းတော်ကပ်တော့ ရိုးရာဆိုပြီး လွဲချလိုက်တာလည်း ဖြစ်ကောင်းပါတယ်။

အဘွားတို့က ပခန်းကိုကြီးကျော်ကိုးကွယ်တယ်။ မြင်းဖြူရှင်တွေ ဘာတွေလည်းတက်တယ်။ တောင်ပြုံး ရတနာ့ဂူလည်းရောက်တာပဲ။နတ်ပွဲတွေသွားတဲ့ ခရီးစဉ်တွေကတော့ အပျော်ဆုံးပေါ့။ စားစရာတွေ ပေါများသလို ပိုက်ဆံလည်း တွက်ခြေကိုက်။ အထူးအဆန်းတွေလည်း တွေ့ရသကိုး။ သူတို့နတ်မေးမေးနေတဲ့ ဆရာလေးတယောက်ရှိတယ်။ နတ်ရာသီဆို ဝါသနာပါရာ အပေါင်းအသင်းတွေအကုန်စုပြီး သွားကြတော့တာပဲ။ အမျိုးသမီးတွေဆိုတော့ ခရီးသွားရင် စားစရာကိုအိမ်ကလုပ်သွားကြတာ။ အဲဒီအချိန်မှာ အိမ်ချက်ဆိုပေမယ့် စားရတဲ့အရသာက တမျိုးလေးနဲ့တော်တော်ကောင်းတယ်။ တခုတော့ရှိတာပေါ့ ဝက်သားငတ်တယ်းP။

အဘွားက နတ်ကိုးကွယ်မှု ၁ကျပ်ဖိုးလောက်ရှိတော့ အမေက နတ်ကိုးကွယ်မှု ငါးမူးဖိုးလောက်တော့ ရှိမယ်ထင်တယ်။ အိမ်မှာ အဒေါ်တင်တဲ့ အုန်းဆွဲမဖြုတ်ပေမယ့် ဘုရားခန်းသီးသန့်ထားထားပေးတယ်။ အိမ်ခွဲနေတဲ့ အကိုနဲ့အမက မကိုးကွယ်တာ သေချာတယ်။ အမကြီးကတော့ မိဘအိမ်မှာ နေနေရတာဆိုတော့ မကိုးကွယ်ပေမယ့် မိန်းမသားသဘာဝအရ လက်တော့ လက်ခံဦးမယ့် သဘောမှာရှိတယ်။

အခုဆိုရင် နိုင်ငံခြားမှာ ရွှေပြောင်းအလုပ်လုပ်၊ နေထိုင်တဲ့ သူတွေများလာပါပြီ။ မြန်မာအိမ်တွေလည်း အတော်သင့်အတန်သင့်များလာပြီ။ အုန်းဆွဲတာ မတွေ့ရတော့သလို၊ ဘုရားစင်နဲ့ ရုပ်ပွားတော်လည်း သေးသေးသွားတာ သတိထားမိတယ်။ ကျနော်တို့ မျိုးဆက်ကစပြီး နတ်ယုံကြည်မှု လျော့နည်းတာတွေ တွေ့လာရတယ်။ ၁၀နှစ်အရွယ် ကလေးကတောင် နတ်ဝင်သည်ကို အပ်နဲ့ ထိုးပြီး ဝင်မဝင် စမ်းသပ်ကြည့်ချင်နေပြီ။ ကျနော်အထင် နောက်ဆိုရင် နတ်ကိုးကွယ်တွေ ပ,ပျောက်သွားမလားမသိဘူး။ ဒါပေသိ နတ်ပွဲတွေကတော့ စည်ကားမြဲ စည်ကားနေတုန်းပဲထင်တယ်။

မနက်ဖက်အိပ်ကောင်းတဲ့အချိန် အဘွားနဲ့အဒေါ်တို့ရဲ့ နတ်တိုင်တည်သံ၊ နှင်းဆီပန်းလေးတွေ ထည့်ပေးရတဲ့ မနှဲလေး စဥ့်အရုပ်အိုးလေး၊ ဘဲဥ၊ ဖိနပ်သေးသေး၊လက်ကောက်သေးသေး နဲ့ အမေကြမ်းရဲ့ ဆဲဆိုသံ ကိုကြီးကျော်ရဲ့ ကြက်ကြော်နဲ့ အရက်ပုလင်းကို မြင်ရောင်ရင်း..................။

ရေတမာ
2း28pm tue
16/06/10

Monday, June 14, 2010

စိတ်ကူးတခု

9 comment
သူ တံခါးနှစ်ပေါက်နှင့် အမိုးဖွင့် ပြိုင်ကားအမျိုးအစားကို ငယ်ငယ်ထဲက ကြိုက်နှစ်သက်ခဲ့သည်။ ထိုကဲ့သို့ ကားမျိုး တွေ့ရင် ဝေးဝေးရောက်သွားသည်အထိ ငေးမောနေတတ်၏။ ဒီပြင် လူများများဆန့်တဲ့ တောင်းအေ့လို ကားမျိုးတွေတွေ့ရင် ထိုင်ခုံတွေ ဘယ်နှစ်ခုံပါသလဲ လိုက်ရေတွက်နေမိတတ်ပြီး တနေ့နေ့ အချိန်ချိန်မှာ လူများများဆန့်တဲ့ ကားတစ်စီးလောက် ၀ယ်နိုင်လိမ့်မယ်လို့ စိတ်ကူးတွေ ခဏခဏယဉ်ကြည့်ဖူး၏။

လောင်စာဆီဈေးနှုန်း ကြီးမြင့်ခြင်း၊ ကားဈေးကွက်မကောင်းခြင်း၊ ငွေယားမရှိခြင်းတို့ကြောင့် သူ့အိမ်မှာကားမရှိတော့ပြီ။ စီးနှင်းလိုက်ပါမည့် လူလည်းများများစားစား မရှိတော့ပါ။ ဆိုင်ကယ်တစ်စင်း ရှိလျှင် ခရီးအတော် တွင်နေပေပြီ။ သူ၏ စိတ်ကူးယဉ်ထားသည့် ထိုင်ခုံများများနှင့် ကားလေးလည်း ဘယ်ဆီဘယ်ဝယ် ရောက်နေသည်ကိုပင် မခန့်မှန်းနိုင်တော့။

ယခုဆို ကားလေးတွင် တပ်ဆင်ရန် ထိုင်ခုံ ၇ ခုံရှိနေလေပြီ။ များမကြာမှီ ခုံသေးသေးလည်း တပ်ဆင်ရန် လိုအပ်လေသည်။ သို့သော် သူ့တွင် ပူပန်မှုရှိနေလေသည်။ ထိုင်ခုံတွေ တပ်ဆင်ဖို့ အံဝင်ခွင်ကျ ရှိမရှိ သံသယဖြစ်နေမိသည်။ ကားလေးတွင် အသားကျနေသည့် ရှေ့ဆုံးမှထိုင်ခုံနှင့် နောက်မှ တပ်ဆင်ရမည့် အဝေးမှ ရောက်လာသည့် ထိုင်ခုံလေးများ လိုက်လျောညီထွေသည့် အရောင်အသွေးရှိပါ့မလား။ သေချာတာတော့ ကားကြီးကို နိုင်ငံခြားသယ်ပြီး တပ်ဆင်ဖို့ မဖြစ်နိုင်။ မြန်မာပြည်တွင် တပ်ဆင်သည်က အကောင်းဆုံးဖြစ်သည်။

လိုက်ပါစီးနှင်းမည့်သူတွေကရော စိတ်ဆန္ဒပြင်းပြမှု ရှိရဲ့လား မသိ။ မြန်မာပြည်အနှံ ကားလေးကို ရောက်စေချင်သည်။ ကားလေး မောင်းနေရင်း ရယ်မောသံတွေ ကြားချင်သည်။ အမြဲတမ်းမဟုတ်တောင် ခဏတဖြုတ်ဖြစ်ဖြစ် သွားကြည့်ချင်သည်။ ခရီးစဉ်တလျှောက် ညီအကို မောင်နှမတွေ တလှည့်ဆီ မောင်းကြမည်။ အဖေကြီးကိုတော့ အနားပေးထားမည်။ လမ်းဘေးတလျှောက် ဖရဲခင်းတွေ စပျစ်သီးခင်းတွေ နာနတ်သီးခင်းတွေမှာ ဈေးဝယ်မည်။ အရိပ်ကောင်းသည့် အပင်အောက်တွင် စားသောက်ကြမည်။ ငယ်ငယ်တုန်းကလို လိုက်ထိန်းပြီး အဆူခံထိမည်တော့ မထင်။ ပင်လယ်ကြီးတွေဆီသွားမည်။ တောင်တန်းတွေဆီသွားမည်။ လွင်ပြင်တွေဆီသွားမည်။ ဖြစ်နိုင်လျှင် မိုးကုတ်စက်ဝိုင်းတွေ အထိပင်သွားလိုက်ချင်သည်။

Sunday, May 09, 2010

မေမေ့ပါးပြင်

18 comment
ဟိုယခင် ငယ်စဉ်က ပြည့်ဖြိုးခဲ့ မေမေ့ပါးပြင်

မိသားစုအတွက်ပေးဆပ် ယခုအခါ
အမေ့ပါးထက်မှာ အသားမကပ်တော့ဘူး။
သူမပါးပြင်မှာ အသားမရှိတော့ပေမယ့်
သားတွေအတွက်ဆိုရင် အားပင်ရှိနေသေးတယ်။

သားတို့အလှည့်ရောက်တော့
ဝမ်းမဝရုံအပြင် ခါးလှအောင်လည်း မဆင်နိုင်ဘူး
ဒီလူအ, ရင်မှာလေ ဆို့နင့်လို့ ရူး.............

ရေတမာ
1;32AM
09/05 SUN

Thursday, April 22, 2010

MY ISLAND HOME

9 comment
PANDORA BOX ပွင့်သွားပြီးတဲ့နောက်ပိုင်း မကောင်းတဲ့ လောဘ၊ ဒေါသ၊ မောဟစိတ်တွေ လူတွေဆီရောက်ကုန်ကြတယ်။ သေတ္တာလေးထဲမှာ “မျှော်လင့်ခြင်း”ဆိုတဲ့အရာ တခုပဲကျန်ခဲ့တယ်။ ဒါကြောင့် လူတွေက “မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေကြတယ်” ဆိုပြီး ပြောဆိုနေကြတယ်။ နားလည်မိသလောက် ချရေးလိုက်တဲ့ ဒီပုံအရ အဲဒီအယူအဆကို သဘောကျမိတယ်။ မျှော်လင့်ခြင်းသက်သက်ပဲဆိုရင် ရူးမိုက်ရာကျနေမှာပါ။ တဖက်မှာလည်း ရည်မှန်းချက်ဆိုတဲ့ အရာနဲ့တွဲပြီး မျှော်လင့်နေမှ အသက်ရှင်နေရတာ အဓိပ္ပါယ်ရှိမယ် မဟုတ်လား။ အဲဒီရည်မှန်းချက်တွေ ပြည့်မြောက်အောင်လည်း ဇွဲ၊လုံလ၊ဝီရိယတွေနဲ့ အခါမလပ် ဖြည့်တင်းနေမှ ပြည့်ဝမယ်ဆိုတာလည်း အားလုံးသိပြီးသားပါ။

အပြင်လောကမှာ ဝါသနာတူ စရိုက်တူ သူငယ်ချင်းမိတ်ဆွေနဲ့ တွေ့ဆုံကြတဲ့အခါ သံယောဇဉ်ဆိုတာတွေ ဖြစ်လာရတယ်။ အဲဒီထဲကမှ မိတ်ဆွေကောင်း ဆိုတာတွေနဲ့ ကုသိုလ်ကံကောင်းမှ တွေ့ဆုံကြရတယ်။ “မိတ်ဆွေကောင်းရှိခြင်းဟာ အလုံးစုံပြီးပြည့်စုံစေတယ်”ဆိုပြီး ရှင်တော်ဘုရား ဟောကြားခဲ့တယ်။ ကိုယ့်ဘေးနားမှာ ရှိတဲ့ မိတ်ဆွေကောင်းတွေကို တန်ဖိုးထားပြီး ကိုယ်တိုင်လည်း မိတ်ဆွေကောင်းဖြစ်အောင် ပြုမှုသင့်တယ်။ ကိုယ်ကူညီဖူးတာတွေ ဖယ်ထားပြီး သူကူညီပေးဖူးတာတွေကို အမြဲတမ်းအောက်မေ့ သတိရနေရမယ်။

မိသားစုနဲ့ဝေးနေတဲ့ ဘဝတွေက မခက်ခဲပေမယ့် သိပ်ပြီးတော့ မလွယ်ကူဘူး။ အပြင်လောကမှာ ကိုယ့်သွေးသားရင်းလောက် ကိုယ့်အပေါ် ကောင်းမယ့်သူဆိုတာ အခုဆိုရင်ခပ်ရှားရှားပါ။ အရာရာတိုင်းမှာ ခြွင်းချက်တွေ ရှိပါတယ်။ ခြွင်းချက်တွေတော့ မပါဘူးလေ။ မိသားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ အိမ်ဟာ လောကမှာ အနွေးထွေး အလုံခြုံဆုံးဖြစ်နေတတ်တာမျိုး။ လူဆိုတာ တယောက်တည်း နေတတ်တဲ့ သတ္တဝါ မဟုတ်တော့ ဘယ်နေရာပဲရောက်နေနေ အိမ်ဆိုတဲ့ အရာကို ဖန်တီးယူကြရတယ်။ တချို့လည်း ဆူဆူပူပူ၊ တချို့လည်း ငြူငြူဆူဆူ။ တကယ့်အေးချမ်းတဲ့ အိမ်ဆိုတာ နားလည်မှုနဲ့ ဖန်တီးယူမှရတတ်တာမျိုးလေ။

မိတ်ဆွေကောင်းတွေ၊ ဥာဏ်ပညာကြီးမားသူတွေ၊ ကြင်နာတတ်တဲ့ နှလုံးသားရှိသူတွေ ရှိနေတဲ့ အိမ်ကလေး ဖြစ်နေစေချင်တာ ပန်ဒိုရာ ဘောက်စ်ထဲက မျှော်လင့်ခြင်းလိုပါပဲ။ မိတ်ဆွေ သေတ္တာလေးကို မဖွင့်လိုက်ပါနဲ့နော်။




This is my home
She's everything to me
Grace and beauty
In all that you see

My island home
Wherever I may be
I never will forget her
Nor will she forget me

Chorus ^
And I will sing
A song of home
A land of peace
Where dreams are born everyday
My home
Wherever I may be
I believe
You will always be a part of me ^

My island home
Home of my family
This is my future
Where I want to be
(This is my future
This is my home)

Repeat Chorus x 2

My home
Wherever I may be
I believe
You will always be a part of me
A part of me

Thursday, April 15, 2010

ကြေငြာ

17 comment

နှစ်သစ်မှာ ဆုတောင်းပေးကြသော ၊ ရေခဲရေနဲ့လာလောင်းကြသော အိုးမဲ လာသုတ်ကြသော ဦးဦးဒေါ်ဒေါ်ကိုကိုမမညီညီမ များလည်း ကျန်းမာရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်။


နှစ်သစ်ကူးအချိန်အခါ သမယမှာ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာအတိုင်း ကုသိုလ်ကောင်းမှုများ လုပ်ဖို့ရန် ကျနော်များ ဘလော့ကို နှစ်ဆန်း ၁ ရက်တိုင် နှစ်ဆန်း ၅ ရက်နေ့အထိ ပိတ်မှာ ဖြစ်တဲ့အကြောင်း အသိပေးအပ်ပါတယ်။

နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ




အလည်လာရောက်သူအပေါင်း စတုဒိသာ မုန့်လုံးရေပေါ်များ သုံးဆောင်သွားကြပါ့ဦး

Tuesday, February 23, 2010

We Are The World

5 comment
တနေ့က တီဗီ အစီအစဉ်တွေ ကြည့်ရင်း Commercial Break မှာ ဒီ သီချင်းလေး ဖွင့်ပေးတယ်။ သီချင်းလေးပဲ နားဆင်ချင်ရင်ဖြစ်ဖြစ်၊ ကမ္ဘာကျော် အဆိုတော်တွေ ကြည့်ချင်ရင် အောက်က Play ခလုတ်သာ နှိပ်လိုက်ပါ။ သီချင်းလေး နားထောင်ပြီး အဖြစ်ဆိုးကို စာနာမိလို့ လှူချင်ရင် http://www.world25.org/ မှာလှူလို့ရတယ်နော်။



သီချင်းနားထောင်ပြီး အသစ်တွေ အဟောင်းဖြစ်ကုန်ပြီထင်ပါတယ်။ ဆိုလိုတာက ဗာရှင်းသစ်ပေမယ့် ခံစားရတာတော့ အဟောင်းအတိုင်းပါပဲ။ သူတို့အတွက် ကျနော်ဘာကူညီပေးနိုင်မလဲ။ တတ်နိုင်သလောက် အလှူငွေထည့်မယ်။ လှုံဆော်ပေးမယ်။ ဒီခံစားမှုတွေ မဆုံးခင်မှာပဲ ခံစားမှုအသစ်တခုဖြစ်မိတယ်။ လူတွေသိနေတဲ့ ဟေတီကလူတွေထက် လူတွေမသိတဲ့ ပြည်တွင်းက ရောဂါသည်တွေ အတွက်လည်း စိတ်မလှုံသလိုဖြစ်မိတယ်။ အနိဋ္ဌာရုံတွေ ကျနော် ဖော်ပြမနေချင်တော့ပါဘူး။ အခုတလောလည်း ဖော့ဝပ် မေးလ်တွေထဲမှာ ဖတ်ကြရမှာပါ။ http://www.leprosyhelp.org/ ဒီအဖွဲ့အစည်းပါပဲ။ စာနာမှုနဲ့ဖေးကူကြဖို့ တိုက်တွန်းလိုက်ပါတယ်။ လှူဒါန်းနိုင်မယ့် လိပ်စာတွေကတော့



ဦးဇော်လွင်ဝင်း၊
အယ်ဒီတာချူပ် (Mutdfan.com)
Rm- 403, Excel Tower,
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း 01 558489

ပြည်တွင်းမှ လှူဒါန်းလိုသူများအတွက် မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်တွင် Saving Account ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါသည်။ကမ္ဘောဇဘဏ် သို့ သွားပြီး

Saving Account
Account No. 0071210157107 (ရွှေဂုံတိုင်ကမ္ဘောဇဘဏ်)
Account Name. U ZAW LWIN WIN

သို့ ငွေလွဲထည့်ပေးပါဟု ပြောပြပြီး ကမ္ဘောဇဘဏ် ရှိရာ မည်သည့်မြို့မှ ဖြစ်စေ လှူဒါန်းနိုင်ပါသည်။
ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်

မ၀တ်ရည်တင်ဦး (Ma Wuityi Tin Oo)
Bank Acoount - 768-1110393-0 1
Mizuho IC Cash Card
みずほICキャッシュカードカード
ph
တောင်ကိုရီးယား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။

ထူးကိုကို (ကိုဂျာရက်)
ဘဏ်အကောင့် - ၁၀၀၂-၀၃၇-၈၃၇၀၃၂
Woori Bank
ဖုန်းနံပါတ် ..010 -3434-6184
လိပ်စာ-
1360-8 , Jung Wang -Dong,
Siheung-City , Kyungki-Do , Korea
( 2 Ra - 509, Sihwa Industrial Complex )

စင်္ကာပူ နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ

ကိုသန့်ဇင်ဝင်း
အယ်ဒီတာ (Mutdfan.com)
(potatothant@gmail.com)
ဖုန်း - ၉၀၉၄၀၂၈၁...၆၂၂၁၉၇၈၉(အိမ်ဖုန်း)
POSB Bank Account No. 402- 11900-4
win htut aung (Bank Account Holder Name )၉၀၉၄၀၂၈၁ (သို့)၆၂၂၁၉၇၈၉(အိမ်ဖုန်း)

စင်္ကာပူ နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ

ကိုဘိုမြင့်ထွေး (bomyinthtwe@gmail)
City Bank Account No. 059-877801-9
ph - +6590855717

ကိုအောင်သူရိန်ထွန်း (atrt.ndw@gmail)
+6590574689

မခင်မျိုးဝင်း (tsuyuko.mm@gmail)
POSB Bank Account No. 068-90572-9
ph +6581546163

မလေးရှား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။

ဥုးစရိယ
( ရတနာရာမကျောင်း )
N0, 30 SS2/72 Petaling Jaya,47300, Malaysia.
Ph- 0166264642
Tel/fax 03-77271193
PUBLIC BANK ACCOUNT-4898556105

ရုရှား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ

ကိုသန့်စင် (MSU)
အယ်ဒီတာ (Mutdfan.com)
kothant.ndw@gmail
+79268464225

ကိုသက်ထွန်းဦး (MPEI)
အယ်ဒီတာ (Mutdfan.com)
+79037894871
mincansi@gmail.com

ကိုအောင်ဇော်လတ် (MIIT)
အယ်ဒီတာ (Mutdfan.com)
saisyant@gmail.com



We are not asking for your MONEY. We are asking for your HEART. (Jet Li)

Sunday, February 21, 2010

နက္ခတ်လွဲသောကြိမ်စာ

23 comment
အခန်း(၁)

သူခိုးဗျို့ သူခိုး!!!!!!!!!!!!!
စူးဝါးသည့်အော်သံများကြောင့် ရင်ဘတ်မှ တဖျပ်ဖျပ်ခုန်၍ လန့်ဖြန့်သွားသည်။ ခေါင်းထောင်ကြည့်လိုက်ချိန်တွင် လက်နက်ကိုယ်စီနှင့် အဘနှင့် ဦးလေးတို့က အိမ်ပေါက်ဝတွင် စောင့်နေသည်ကိုတွေ့ရသည်။ မယောင်မလည်နှင့် အိမ်တံခါးမှ ချောင်းကြည့်ရာ လမ်းမပေါ်တွင် ၁၄- ၅ ယောက်ထက်မနည်းသော လူအုပ်ကြီး လက်နက်မျိုးစုံဖြင့် ပြေးလွှားနေသည်ကို တွေ့လိုက်ရသည်။ အသံတွေ တိတ်ဆိတ်၍ ပုံမှန်အတိုင်းဖြစ်မှ မြင်ကွင်းမှ အကြည့်ခွာကာ အိပ်ယာသို့ ပြန်ဝင်လာကြသည်။ နာရီပြန် ၂ ချက်တီးနေလေပြီ။

“ဆယ်အိမ်မှူးအိမ် ၀င်ခိုးသွားတာတဲ့”
“ဟိုဖက် ရပ်ကွက်တွေမှာလည်း အခိုးခံရတာခဏခဏ ကြားနေရတယ်”
“တောက် မိလို့ကတော့ကွာ အသေပဲ”
တိုးလိုက်ကျယ်လိုက်ဖြင့် နားထဲသို့တိုးဝင်လာသော အသံများက အိပ်မက်ယောင်ယောင်။ သိစိတ်က ဦးနှောက်သို့ တိုးဝင်လာသောအခါ ခေါင်းရင်းဖက်မှ လာသော အသံဖြစ်မှန်းသိလိုက်သည်။ မနက်မလင်းသေး မနေ့ညက အကြောင်းအရင်းနှင့် စပ်လျဉ်း၍ ယခုတလော သူခိုးအတော် ပူကြောင်းလူကြီးများ ပြောဆိုနေကြသည်။ သူလည်း မနေ့ညကအကြောင်း ပြန်စဉ်းစားလိုက်တိုင်း ရင်တုန် မပြယ်ချင်။ အိပ်မက်ကောင်းနေစဉ် လန့်နိုးသွားခြင်းဖြင့်၍ ယခုမှ စိတ်ဆိုးချင်သလိုလို ဖြစ်လာ၏။ ဘေးနားက ညီအကိုတွေကဖြင့် အိပ်နေကြသည်မှာ သိုးနေသည်။ အိပ်ရာမှ မထသေးပဲ ခြင်ထောင်အမိုးကို ကြည့်၍ တောင်တွေးမြောက်တွေး တွေးတောနေမိ၏။ ဘယ်နှစ်နာရီထိုးပြီလည်းဟု ကြည့်ရန်ထလိုက်စဉ် အမေ့အသံစူးစူးကို ကြားလိုက်ရသည်။
"ဟဲ့ ခလေးတွေ အိပ်ရာမထကြသေးဘူးလား ကျောင်းနောက်ကျမယ်"
"ထပြီ အမေ" ဟုပြောရင်း ခြုံစောင်ကိုသပ်သပ်ရပ်ရပ် ဖြစ်သလို ခေါက်ကာ ခေါင်းအုံးပေါ် တင်လိုက်သည်။ ခြင်ထောင်ကြိုးများ ဖြုတ်၍ အိပ်နေသော အကို့ပေါ်သို့ လုံးထွေးပစ်တင်ခဲ့လိုက်သည်။ မျက်နှာသစ်နေစဉ် ထောပနာပြုသံ သဲ့သဲ့ကြားလိုက်ရသည်။

အခန်း(၂)

သူတို့အိမ်ချင်းကပ် အိမ်နီးနားချင်း ဒေါ်ပြားသည် သားသမီးမရှိသည့် အလွန် ပစိပစပ်များသော၊ လောဘကြီးသော မုဆိုးမအဘွားအို တဦးဖြစ်သည်။ ၀င်းထရံခပ်ကြစဉ် သူတို့နှင့် စကားတခါများဖူးသည်။ ညီအကိုတတွေ အိမ်အပေါ်ထပ်၌ ဆော့နေကြရာ အကိုတယောက် အဘွားကြီးဝင်းထဲ ပြုတ်ကျစဉ် ခွေး ဟုဆိုကာ လိုက်ရိုက်ကတည်းက ပို၍ မျက်မုန်းကျိုးနေကြသည်။ သို့သော် အမှတ် မထား။ အမယ်ကြီးခြံထဲက မာလကာသီးများ ခိုး၍ ခူးကြသည်။ မိသည်အခါ မိ၊ မမိသည့်အခါမမိ။ မိလျှင် အိမ်လာတိုင်သည်။ အမေတို့နှင့်တွေ့လျှင် ကိစ္စမရှိသော်လည်း အဘနှင့်တိုင်မိလျှင် အရိုက်ခံရတတ်၏။

သူမသည် အိမ်စုတ်ကလေးနှင့် နေသော်လည်း ပိုက်ဆံအသင့်အတင့်ရှိသည်။ ကျယ်ဝန်းသည့် ခြံကြီးအားပိုင်း၍ ရောင်းထားသဖြင့် ယခုလို သူခိုးပူသော ရာသီတွင် သူမလည်း ကြောက်အားပိုခဲ့သည်။ ဒေါ်ပြား၏ ခြံတ၀က်ကို ဦးစောမောင်က ၀ယ်ထားခြင်းဖြစ်သည်။ သူတို့၏ သားသမီးများဖြစ်သည့် အထွန်းတို့နှင့် အလိုလျောက် ကစားဖော်များ ဖြစ်လာသည်။ အထွန်းတို့အိမ်နှင့် သူတို့အိမ်ကြားရှိ ဒေါ်ပြား၏ ခြံမှာ ကျွဲနှစ်ကောင်ကြားမှ မြေဇာပင်ဖြစ်မှန်းမသိဖြစ်နေလေ၏။

အခန်း(၃)

ညနေပိုင်း သူတို့ညီအကိုတတွေ မကစားဖြစ်ကြ။ ကျောင်းမှ ပြန်လာကတည်းက လွယ်အိတ်များ ကုတင်ပေါ်ပစ်တင်ပြီး ထမင်းခပ်မြန်မြန်စားကာ စုရပ်ဖြစ်သော မယ်ဇလီပင်ကြီးအောက်သို့ တိတ်တဆိတ် စုဝေး၍ သူခိုးဖမ်းရန် တိုင်ပင်ကြသည်။ ယခုကဲ့သို့ အကြံအစည်များ ပေါ်ပေါက်လာရန် အားပေးအားမြှောက် လုပ်ဆောင်နေသည်မှာ အခကြေးငွေဖြင့် ပြသသော နိုင်ငံခြား အက်ရှင် ဇာတ်လမ်းများပင် ဖြစ်သည်။ ယခင်ကဆိုလျှင် ရောမအင်ပါယာကြီးလို၊ မာဖီးယားဂိုဏ်းကြီးလို၊ FBI၊ CIDကဲ့သို့ အဖွဲ့အစည်းများဖွဲ့ကာ အပျော်တမ်းကစားကြသည်။ တကယ့်ပြင်ပလောကတွင် ပေါ်ပေါက်နေသော ပြဿနာရပ်ကို သူတို့အစွမ်းအစဖြင့် ဖြေရှင်းရန်၊ သူတို့တွေလည်း အားကိုးရကြောင်း လူကြီးများ သိစေချင်ကြသည်။ သူသည် အစည်းအဝေးကို စိတ်မ၀င်စား။ မယ်ဇလီပင်ကြီးပေါ်တွင် ထိုးထားသော လင့်စင်ပေါ်မှ အစည်းအဝေးပြီးလျှင် စားသောက်ရန် လူကြီးများ မသိအောင်ယူလာသော အထွန်းတို့အိမ်က ဖားခြေထောက်ကြွပ်ကြွပ်ကြော်များ။ အကြော်နိုင်းချင်း လက်ဖက်သုပ် နှင့် ရေနွေးကြမ်း စသည့် အစားအသောက်များသာ ဘယ်အချိန်စားရမလဲ စောင့်နေ၏။

အစည်းအဝေးရလာဒ်မှာ အထွန်းတို့က သူတို့အိမ်ဖက်က ကင်းစောင့်၊ သူတို့က အိမ်အပေါ်ထပ်က ညမအိပ်ဘဲ ကင်းစောင့်ကြမည်။ လူချင်းမမျှ၍ လက်ရဖမ်းဆီးဖို့ စိတ်ကူးမရှိသေး။ ကာကွယ်ရေးကို ပိုပြီး ဦးစားပေးကြသည်။ လက်စွဲတော် ကျွဲကော်လောက်လေးခွများသည် မီးရောင်အောက်တွင် ပို၍တောက်ပနေသည်။ အနီးကပ်တိုက်ခိုက်ရန် ရုပ်ရှင်တွေထဲကလို ဘေ့စ်ဘောတုတ်တံများကားမရှိ။ တသက်နှင့်တကိုယ် ရုပ်ရှင်တွေထဲမှာပင် မြင်ဖူးသည်။ ထို့ကြောင့် သူတို့ ပတ်ဝန်းကျင်နှင့် အလွမ်းသင့်သည့် နှစ်တစ်တုတ်များ အသုံးပြုရန် ရွေးချယ်ထားသည်။ သူ့တာဝန်မှာ လောက်စာလုံးအတွက် ကျောင်းနောက်ဖက် ရေအိုင်မှ ရွှံ့စေးများကို ကျောင်းကအပြန် ယူလာရန်ဖြစ်သည်။ အစည်းအ၀း ပြီးဆုံးကြောင်းပင် မကြေငြာရသေး သူဖားပေါင်တချောင်းသာ ရရှိခဲ့သည်။

အခန်း(၄)

ကျောင်းဆင်းအချက်ပေး ခေါင်းလောင်းသံ ကြားမိလျှင် စာအုပ်တွေကို အကိုနှင့်ထည့်ပေးလိုက်ပြီး ကျောင်းနောက်ဖက် ရေအိုင်သို့ သွားရောက်ကာ ရွှံ့စေးများ သွားသယ်ရသည်။ လွယ်အိတ်တလုံးစာရမှ ပြန်လာခဲ့သည်။ ညကျလျှင် လောက်စာလုံး ထိုင်လုံးကြမည်။ ခွဲတမ်းကျဝေပြီး ကိုယ့်ဘာသာ အခြောက်ခံရမည်။ ရိုက်နှက်စရာတုတ်များလည်း ခွဲတမ်းချကြမည်။ အကိုကလည်း အရင်က အမေအသိမ်းခံထိထားသော ဓါးမြှောင်လေး ပြန်ယူလာပြီး ဟန်ရေးတပြပြဖြစ်နေသည်။ အိမ်အသီးသီးမှ ထမင်းစားပင့်သံကြားမှ သူတို့တွေ လမ်းခွဲခဲ့ကြသည်။ အိမ်ရောက်လျှင်ရောက်ချင်း အဖွားထမင်းခြောက်လှမ်းသော စကောကို ယူကာ လောက်စာလုံးများ ညီညီညာညာထည့်ရင်း အိမ်နောက်ဖေးခေါင်မိုးပေါ်တင်ကာ အခြောက်ခံထားခဲ့သည်။

အခန်း(၅)

“အငယ်လေး အဖွား စကောယူဆော့သေးလား” ကျောင်းမှ ပြန်လာချင်း အဖွားထံမှ မေးသံကြားလိုက်ရသည်။
“မဆော့ဘူးအဖွား၊ မနေ့ကတောင် တွေ့သေးတယ်၊ သားရှာပေးမယ်” လွယ်အိတ်ကိုမှောက်ကာ စာအုပ်များကို ကုတင်ပေါ်သွန်ပြစ်ရင်း နောက်ဖေးသို့ အပြေးတပိုင်းသွားကာ လောက်စာလုံးများကို လွယ်အိတ်ထဲ ထည့်လိုက်သည်။
“အဖွားရေတွေ့ပြီ၊ ချောင်ထဲမှာ ကျနေတာ အဖွားရဲ့”
“အေးကွယ် အဖွားက မျက်စိမကောင်းတော့ သိပ်မမြင်ဘူး” ဟုမယုံချင်ယုံချင်ဖြင့် စကောပြန်ယူသွားသည်။ သူ့မြေးအကြောင်းတော့ သူကောင်းကောင်းသိပါသည်။

လောက်စာလုံးများကို လုံလုံခြုံခြုံသိမ်းဆည်းကာ ရေချိုးဖို့ရေကန်သို့ အမြန်ပြေးရသည်။ နောက်ကျသွားလျှင် တုံကင်ငင်နေရမည်။ ရေကန်အရောက် အဒေါ်နှင့်တိုးလေသည်။ ကြေးတွန်းခဲနှင့် နေရာလပ်မကျန် တိုက်ချွတ်ပေးတတ်သည့် အဒေါ်ကိုတော့ ကြောက်ရသည်။ ရေချိုးပြီး ထမင်းစားကာ အိမ်စာအမြန်လုပ်၍ စာကျက်ချင်ယောင်ဆောင်ကြသည်။ ညအတွက်လည်း ကြိုပြီး ရင်ခုန်နေကြသည်။ အိပ်ချိန်ကျ၍ စာအုပ်ပိတ်၊ သွားတိုက်၊ ခြေထောက်ဆေး လက်ဆေး နောက်ဖေးသွားအပြီး ခြင်ထောင် ထောင်ကြသည်။

အိပ်ရာထဲမှနေ၍ လူကြီးများ အခြေအနေကို နားစွင့်နေကြရသည်။ အိမ်တံခါးမကြီးမှသောခတ်သံ ကြားပြီးမကြာမီ အသံများမှာ တိတ်ဆိတ်နေသည်။ နာရီသံတချက်ချက်နှင့် တခါတရံမှ ပေါ်လာတတ်သော ချောင်းဆိုးသံ၊ ဟောက်သံများသာ ကြားရတတ်သည်။ အကိုများကို လက်ကုတ်ပြီး လက်နက်ကိုယ်စီယူကာ သတ်မှတ်ထားသော နေရာသို့သွားလိုက်ကြသည်။ သူနှင့်အကိုက အိမ်အရှေ့ဖက် မျက်နှာစာ ကျန်အကိုက အိမ်အနောက်ဖက်မျက်နှာစာတွင် နေရာယူထားသည်။ အိမ်အပေါ်ထပ်မှ နေ၍ အထွန်းတို့အိမ်ဖက်နှင့် လမ်းဖက်ကို လရောင်အောက်တွင် ကောင်းကောင်းမြင်ရသည်။ ချိုးကူသံတချက်ပေးလိုက်ရာ အထွန်းတို့အိမ်ဖက်မှ ချိုးကူသံတဖက်ပြန်ပေါ်လာပြန်သည်။ သူတို့လည်း ကင်းစောင့်နေကြောင်း သိရ၍ အားတက်သွားသည်။

လမ်းဖက်ရှိ ကုက္ကိုကိုင်းများကလည်း လေအဝှေ့တွင် မကောင်းဆိုးဝါးတကောင် လက်ယပ်ခေါ်နေသည်နှင့်ပင် တူနေသေးသည်။ ထရံကြားမှာ တိုးဝင်လာသော လေအေးများနှင့်အတူ ကျောထဲတွင် စိမ့်တက်သွားသည်။ အကို့လက်မောင်းကိုင်လိုက်စဉ် တချက်တွန့်သွားသည်။ သူလည်း ကြက်သီးထနေကြောင်းသိလိုက်ရသည်။ ညည့်က တဖြည်းဖြည်းနက်လာသည်။ ကောင်းကင်ယံတွင် ခုနှစ်စဉ်ကြယ်ပင် အမြီးထောင်နေပြီ။

တစ်နာရီနီးပါး စောင့်နေသော်လည်း အခြေအနေမှာ ထူးခြားမှုမရှိလှချေ။ ထိုစဉ် တရွီးရွီးနှင့် လေတိုက်သံများ ပြင်းထန်လာသည်။ အပင်များမှာ ကခုန်နေသည့်နှယ် ယိမ်းယိုင်နေကြသည်။ ဒေါ်ပြားခြံထဲရှိ မာလကာပင်ပေါ်သို့ မည်းမည်းသဏ္ဍာန်အရိပ်တစ်ခု လွင့်မျောသွားသည်။ ထိုမှတဖန် မြေပြင်ပေါ်သို့ ဆင်းသက်လာပြန်သည်။ ကြောက်စိတ်များ တဖွားဖွားပေါ်လာသည်။ ဒေါ်ပြား အိမ်ဘေးမှ နောက်ထပ်အရိပ်မည်းတခု မြင်လျှင်မြင်ခြင်း တိုင်ပင်ထားသည့်အလား ထိုနေရာသို့ လောက်စာလုံးများ စုပြုံကျရောက်သွားလေတော့သည်။ ထိုစဉ် သူ၏ပုခုံးပေါ်သို့ လက်အေး တစုံကျရောက်လာမှန်း ခံစားသိရှိရသောအခါ "အား"ဆိုသော အသံမှာ ဆဲဆိုနေသော ဒေါ်ပြားအသံကို ဖုံးလွှမ်းရင်း သူမေ့မျောသွားလေတော့သည်။

အခန်း(၆)

ပရုပ်ဆီအနံ့ စူးစူးက သြကာသ လောကကြီးကို ကြိုဆိုနေ၏။ အိပ်ရေးပျက်သဖြင့် ခေါင်းက ငြီးစိစိ။ ပထမဆုံး အမြင်အာရုံမှာ လာထင်သည်က ယပ်တောင်တဖျပ်ဖျပ်နှင့် မွေးသမိခင်။ အားလူးသီးများနှင့် ဒေါ်ပြား။ ဒေါ်ပြားကို ကန်တော့နေသော အကိုနှစ်ယောက်။ အဖြစ်မှန်မှာ ညက လေပြင်းတိုက်၍​ အဝတ်ရုတ်ရန်သွားသော ဒေါ်ပြားကို ညီအကိုတတွေမှ ကြောက်ကြောက်ဖြင့် သူခိုးမှတ်၍ လက်တည့်စမ်းလိုက်ကြခြင်း ဖြစ်သည်။ သူတို့နောက်ရောက်နေသော အမေက လှမ်းကိုင်လိုက်သဖြင့် သူရဲကောင်းကြီး “အား” ခနဲအော်ကာ မေ့မျောသွား၏။ ဒေါ်ပြားပြန်သွားလျှင် အကြီးကောင် နှစ်ကောင် ကျောကော့ပေတော့မည်။ အမေ့ကို သူစိတ်ထဲမှ ကြိတ်၍ ကျေးဇူးတင်နေမိသည်။ ယခုလိုမေ့လဲမသွားလျှင် အကိုနှစ်ယောက်လို ကြိမ်လုံးစာမိမှာ မလွဲ။ အဆူခံရရုံနှင့် ဆေးဖိုးလျှော်လိုက်ရသဖြင့် မုန့်ဖိုး အဖြတ်ခံရ သည်မှလွဲ၍ သွေဖယ်သွားသော ကြိမ်စာအား နောက်ထပ်တစ်ခါ အကဲစမ်းရန် တေးမှတ်ထားလိုက်သည်။
ပြီးပါပြီ။


ခင်တဲ့
ရေတမာ
33း7 pm SUN
21-02-10

မှတ်ချက်။ ။ပထမဆုံးရေးမိတဲ့ ဝတ္တုကို ဆုံးအောင် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝေဖန်မှုများကို ကြိုဆိုပါတယ် ခင်ဗျာ။

Saturday, February 13, 2010

Alarm မြည်သံ

13 comment
ဒီကနေ့ ငါ့ဖုန်းကအော်တယ်
"နောင်ဘဝ ဒါမျိုးမဖြစ်ပါစေနဲ့တဲ့"
ကြည့်လိုက်တော့ ၁၃
ဖြစ်တုန်းကတော့ ဖြစ်ပြီးပေါ့။

Martin Luther King ကိုအားကျတယ်။
Ho Chi Minh ကိုအားကျတယ်။
Elizabeth II ကို အားကျတယ်။
Queen Victoria ကို အားကျတယ်။

ချစ်ခင်သူတွေအတွက် ထားတဲ့ဒီ Alarm
တခါတခါ မြည်တာ ကြမ်းလွန်းတယ်။
တိုးတိုးလေး မမြည်ဘဲနဲ့တောင် သိတယ်
ဒို့သားစဉ်မြေးဆက် ထိအောင်လေ။

ရေတမာ
10း57 am SAT
13-02-10

သူတို့တွေ့က ဒီလို ဂုဏ်ပြုကြတယ်
မမေဓါဝီ ရဲ့ ရှင်သန်နေဆဲ ကိုးဆယ့်ငါး
အမ မိုးချိုသင်းရဲ့ မြက်ရိုင်းထဲက ကြေးရုပ်
ဦးရှင်ကြီး
knowledge
မိုးလှိုင်ညရဲ့ အမြဲတမ်းဗိုလ်ချုပ်
မကိရဲ့ တို့ဗိုလ်ချုပ်
မငယ်နိုင်ရဲ့ ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
ကိုတောင်ပေါ်ရဲ့ သမိုင်း

Friday, February 12, 2010

တယောက်တည်း မဟုတ်တဲ့အခါ

8 comment






"အိုးးးးးး" ကောင်းကင်မှာ ပိုးစုန်းကြူးလေးတွေ။ လင်းတလှည့် မှိတ်တလှည့်။ လိုက်ရေတွက် ကြည့်စမ်း တစ်ကောင် နှစ်ကောင် သုံးကောင်း ဟားး အများကြီးပဲ။ ပျော်ရွင်မှုတွေ ဘယ်က ရောက်လာပါလိမ်?။ တစ်ယောက်ယောက် ငါ့ကိုကြည့်နေပါတယ်။ ရေအိုင်နောက်က ပန်းပွင့်လေးတွေက သူ့ကိုတွေ့သွားလို့ ရှက်ပြီး မြက်ပင်လေးနောက် ပုန်းသွားတယ်။ အားငယ်တတ်တဲ့သူတစ်ယောက် သိမ်ငယ်မှုမျိုးနဲ့ ရှက်သွားတာဗျ။ သူနေရတာက လမ်းဘေးလေးမှာလေ။ လူသွားလမ်းလေးဘေးမှာ။
"မင်္ဂလာညချမ်းပါ ပန်းလေးရေ"

ပန်းပွင့်လေးကို နှုတ်ဆက်နေရင်း အပြုံးတွေ အံ့အားသင့်လောက်အောင် ခမ်းနားတဲ့ တောင်ကြားကလေးထဲ ရောက်သွားတယ်။ ရန်သူတွေများ ထွက်လာမလား စိုးရိမ်မိသေးရဲ့။ သေချာတာတခုကတော့ သူလေထဲမှာ လမ်းလျှောက်နေမိတယ် ထင်တယ်။ တောင်ကြားလေးကအထွက် "ဟေးးးး" ဆိုတဲ့အော်သံကြားလို့ လိုက်ရှာကြည့်မိတော့ သူနဲ့ ရင်းနှီးတဲ့ မြက်ခင်းလေးက အော်ခေါ်နေတာကိုး။
"နောက်ဆုံးတော့ ငါမင်းဆီကို ရောက်လာပြီနော်"လို့ ပြောလိုက်တော့ ကိုမြက်ခင်းက ခေါင်းတငြိမ့်ငြိမ့်နဲ့ ဟက်ဟက်ပက်ပက်ရီတော့တာပဲ။
"မျှော်နေတာကြာပေါ့"တဲ့။
"နင်းသွားဟေ့ရောင် ပြေးပြီးတော့ နင်းသွားလိုက်စမ်း ရှေ့မှာ မင်းအတွက် ပျော်ရွင်ခြင်းတွေ ရှိတယ်"

လေပြေပေါက်စလေးတွေကလည်း ပြေးတမ်းလိုက်တမ်း ကစားသူတွေလို ကျောနောက်မှာ လာပုန်းနေတယ်။
"နေပါ့ဦးကွယ် ငါလမ်းလျှောက်ပါရစေဦး"
"အိုးဟိုးဟိုး" ကိုလေပြေက မတွေ့တာကြာတဲ့သူလို သူ့ကို လာဖက်တာ လူကို လဲတော့မလို့ပဲ။
"တော်တော်ဆိုးတဲ့လူဗျာ"

ကိုလေပြေလက်က အသာဖယ်ပြီး ပြေးအထွက် ဝိုးးး များပြားလိုက်တဲ့ လူတွေ။
"ဟေးးးး ကြိုဆိုပါတယ် သူငယ်ချင်းရေ" ဆိုတဲ့ အသံကြားလိုက်လို့ အပေါ်ကို မော့ကြည့်လိုက်တော့ ကိုလေတံခွန်က နှုတ်ဆက်နေတာဗျားးး။
"ပင်ပန်းနေပြီလား" သူပြုံးနေတယ်။
"ငါပျော်ပါတယ်ကွ" လေတံခွန်အဝေးကို ပြေးထွက်ရင်း အော်သွားတယ်။ ပြေးလိုက်တာ အတော်လေး မောသွားတယ်ဗျာ။ ရေဆာလာတာနဲ့ ရေအိုးစင်လိုက်ရှာမိသေးတယ်။ အမိုးလေးတဆောင်အောက် ဝင်လိုက်တယ်ဆိုရင်ပဲ သူ့အပေါ်ကနေ အုပ်မိုးထားတဲ့ အသံတစ်သံရောက်လာတယ်။
"ဘယ်လိုလဲ လွတ်လပ်မှုရဲ့ အခြားတဖက်မှာ လုံခြုံနွေးထွေးမှုဆိုတာ လိုအပ်တယ် မဟုတ်လား"
"ဟုတ်တယ်ဗျ ခုနက လွတ်လပ်မှုနဲ့မတူတဲ့ လုံခြုံနွေးထွေးမှုတွေ ခင်ဗျားဆီက ရလိုက်တယ် ကျေးဇူးပါဗျာ"

"ဟေ့ရောင် ငါ့ကို ရှာနေတာလား" စတီးရောင် အလိုလျောက် ရေပန်းထွက်တဲ့ ရေအိုးစင်လေးက လှမ်းပြောတယ်။
"ဟား ကိုရေအိုးစင် ပုံစံတွေ ပြောင်းလို့ပါလား"
သူ့အတွက်တော့ အရာရာဟာ တွေ့လိုက်ရရင် အံ့အားသင့်စရာတွေပဲ ဖြစ်နေတယ်ဗျာ။
"ရောမ ရောက်တော့လည်း ရောမလို ကျင့်ရတာပေါ့ကွာ၊ ခွက်ပျောက်မှာ မပူရတော့ဘူးပေါ့။ ကြိုးတန်းလန်းနဲ့လည်း ရုပ်မဆိုးတော့ဘူးလေ။" သူ့စကားကိုသူ သဘောကျစွာ ပြုံးပြီးပြောတယ်။
"အရင်ကလိုတော့ အားရအောင် သောက်လို့မရတော့ဘူးဗျာ"
"တန်ဖိုးကတော့ အတူတူပါပဲ"
"စကားနိုင်မလုတော့ပါဘူး"

ရေသောက်ပြီး အစွန်ဆုံးဖက်ဆီ လမ်းလျှောက်လာတော့ တဟေ့ဟေ့နဲ့ စိတ်ပူတဲ့အသံကို ကိုမြက်ခင်းဆီက ကြားနေရတယ်။ တတောက်တောက်ပြေးနေတဲ့ ကလေးလေးကို သူစိတ်မချဖြစ်နေတာ။ နောက်က သူ့အမေကတော့ အပြေးတပိုင်းလိုက်နေရတယ်။ ချစ်သူစုံတွဲတစ်တွဲ လေတံခွန်လွတ်ဖို့ ပြင်ဆင်ရင်း ပျော်မြူးနေကြတယ်။ ဆယ်ကျော်သက်ကလေးတွေ သစ်လွင်တောက်ပတဲ့ အပြုံးတွေနဲ့ တရင်းတနှီး ကစားနေကြတယ်။ ချစ်သူတွေချစ်တင်းနှောလို့။ သူငယ်ချင်းတစု ၀ိုင်းဖွဲ့ပြီး သီချင်းဆို။ လူငယ်လေး သူ့လေတံခွန် အမြင့်ဆုံးရောက်နေလို့ ပိတီဖြစ်နေတယ်။ အရာအားလုံးဟာ လှပနေတယ်ဗျာ။ ပြီးတော့ ငြိမ်းချမ်းနေတယ်။ ဟိုးတဖက်ကမ်းဆီက မြို့ပြရဲ့ မွန်းကျပ်မှုတွေကို သူတို့မေ့နေကြတယ်။

ကိုခုံတန်းက "မောနေပြီလား ဟေ့ရောင် ဒီမှာ လာထိုင်" လို့ဖိတ်မန္တက ပြုတာနဲ့ ဘေးမှာဝင်ထိုင်လိုက်တယ်။ သူကတော့ ဟိုးအဝေးကြီးကို ငေးမောနေလေရဲ့။
"နေကောင်းလားဗျ" သူမဖြေဘူး။
"အေးတယ်ကွ လက်ရှည် အကျီမပါဘူးလား ဝတ်ထားဦး" ဆိုပြီး ပြောတယ်။
"ရပါတယ် ကျနော် သိပ်မအေးပါဘူး" လက်ပိုက်ရင်း ဖြေလိုက်တော့ သူပြုံးသွားတယ်။
"ဟိုမှာ ကြည့်စမ်း မောင်Flyer တို့ကောင်မလေးကို လွမ်းနေတယ်ထင်တယ်၊ ပျင်းတိပျင်းရွဲနဲ့"
"ဟင် သူ့ကောင်မလေးက ဘယ်မှာလဲဗျ"
"LONDON မှာလေ LONDON EYE လေ ဟားဟားဟား"
"ကိုမြစ် အိပ်သွားပြီထင်တယ် ငြိမ်ချက်သားကောင်းတယ်နော်" Flyer အောက်မှာ စီးဆင်းနေတဲ့ မြစ်ကလေးကို မှတ်ချက်ပေးမိတယ်။ ကိုခုံတန်းက ဘာမှ ပြန်မပြောဘူး။

သူနှင့် ပလက်ဖောင်း ခုံလေး စကားတွေ အများကြီးပြောဖြစ်ကြတယ်။ ခဏလေးအတွင်းမှာ သူနဲ့ကျနော် တသားတည်းဖြစ်သွားတယ်။ ခင်များ နားလည်မလားမသိဘူး။ ထင်မှတ်မထားတဲ့ ဆုံတွေ့မှုလေးဗျာ။ တောင်းတနေတာလေး မျှော်လင့်မထားတဲ့ အချိန်မှာ ရလိုက်တဲ့ ခံစားမှုမျိုးဗျာ။ ခုံလေး ရီနေတာ တသိမ့်သိမ့်ပဲ။ မြို့ပြရဲ့ မွန်းကျပ်မှုတွေအကြောင်း၊ ဖိနပ်ပြတ်တဲ့အကြောင်း၊ အိမ်က ကြောင်လေးအကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း အစီအစဉ်မကျ ကျနော်တို့ပြောကြတယ်။ ဒါပေမယ့် ကျနော်မျှော်လင့်ထားတဲ့ အချိန်ကို ရောက်လာပါတယ်။ စိတ်နောက်ကိုယ်မလိုက်နိုင်တဲ့အခါ ကျနော် လာရာလမ်းအတိုင်းလှည့်ပြန်ခဲ့တယ်။ အပြန်လမ်းမှာ အားလုံးတိတ်တိတ်ဆိတ်ဆိတ်ပဲ ကျနော့်ကို နှုတ်ဆက်ကြတယ်။ ပန်းပွင့်လေးဆီရောက်တော့ သူနှစ်နှစ်ချိုက်ချိုက် အိပ်မောကြနေလေရဲ့။


ပန်းပွင့်လေး..... အဖြစ်
တောင်ကြားလေး အဖြစ်......
မြက်ခင်း အဖြစ်..................
လေတံခွန် အဖြစ်......

ခေါင်မိုးလေး အဖြစ် ....


ပလက်ဖောင်း ခုံလေး အဖြစ်......

ခင်တဲ့
ရေတမာ
10း46 aM Fri
12-02-2010



Monday, January 25, 2010

ရေတစ်မှုတ်နှင့်ကျွန်တော်

22 comment
များပြားလှသည့် ကုန်စည်များကို တင်ဆောင်လာသော ကုန်ကားကြီးမောင်းလာပုံမှာ အပျင်းထူလှသည့် လိပ်ကြီးနှင့်ပင် တူသေးသည်။ ပူပြင်းသည့် နေအရှိန်၊ စားထားသော ထမင်းဆိပ်နှင့်အတူ သူ့မျက်ခွံများလည်း လေးလံလာသည်။ အငိုက်ပြေစေရန် ကွမ်းတယာ ထပ်ဝါးလိုက်သည်။ ဗမာဆေးနံနှင့်အတူ အိပ်ချင်စိတ်များ လွင့်ပါးသွားသလို ပျော်ရွင်စရာအတွေးများလည်း ဦးနှောက်အတွင်းမှ နှိုးကြားလာကြသည်။ ကုန်စည်များ မြို့ရောက်လျှင် သူ့အတွက် လုပ်အားခရမည်။ ငွေကြေးရလျှင် သူစိတ်ကူးထားသမျှ လုပ်ဆောင်နိုင်ပေမည်။
ဗုန်း!!!!!!!!!!!!!!!!!
ဆိုသော အသံနှင့်အတူ အတွေးများလည်း လွင့်ပျောက်သွားလေသည်။ အင်ဂျင်ဖုံးကို ဖွင့်ကြည့်လိုက်တော့ တိုင်ကီ ရေဆူနေသည်ကို တွေ့ရသည်။ ရေလဲမှရမည်။ သူ့သောက်ရေထည့်တာတောင် တိုင်ကီက မပြည့်ချင်။ အနီးအနား ရွာတရွာတွင် ရေတောင်းရန် တိုင်ကီပုန်း ယူပြီး ထွက်လာခဲ့သည်။

ပတ်ဝန်းကျင်က ကျီးနှင့်ဖုတ်ဖုတ်။ ရှည်မျှောလှသည့် ကားလမ်း။ လေပွေများ ဆော့ကစားနေသော လှည်းလမ်း။ အညာဆူးပင်များနှင့် ထန်းပင် တပင်စ နှစ်ပင်စမှ လွှဲ၍ ဘာမျှမရှိ။ သူ့အထင်မမှားလျှင် ရှေ့မှာ ကိုင်းရွာ ရှိရမည်။ ရေလည်းအတော်ငတ်လှပြီ။ ချွေးသီးချွေးပေါက်များကလည်း ရေချိုးထားသလို စိုရွှဲနေသည်။ ရေအမြန်သောက်ရမှ ဖြစ်မည်။ ကုန်းမို့မို့လေးအား လှမ်းအတက် မြင်လိုက်ရသော အမိုးလေးကြောင့် အားတက်သွားသည်။

တံလျပ်ရောင်ထနေသည့် ကားလမ်းမ၏နံဘေး စိမ်းညို့ညို့ ထနောင်းပင်ကြီးအောက်တွင် သွပ်ဆွေးသွပ်မြေ့ တ၀က်တပျက်၊ ကြမ်းခင်း အဆွေးအမြေ့နှင့် ဇရပ်ပျက်တဆောင်။ ဇရပ်ပျက်နံဘေးရှိ လှည်းလမ်းကြောင်းကို ကြည့်ခြင်းအားဖြင့် မလှမ်းမကမ်းရှိ ထန်းပင်အုပ်အုပ်သည် ရွာတရွာဖြစ်နိုင်သည်။ ဤဇရပ်ပျက်သည် ထိုရွာပိုင်ဖြစ်နိုင်ပြီး ကားမှတ်တိုင်လည်းဖြစ်နိုင်သည်။ ထိုသိုဆိုလျှင် ယခုဇရပ်ပျက်ကြီးအတွင်းတွင် သောက်ရေအိုးစင် ရှိနေနိုင်သည်မှာမလွဲ။ သူ့အထင်မှန်ပါသည်။ ဇရပ်အတွင်းတွင် စပါးပင်လေးများ ခင်း၍ လှူဒါန်းထားသော သောက်ရေအိုးစင်လေး အမှန်တကယ်ပင် ရှိနေခဲ့ပါသည်။

သောက်ရေအိုးစဉ်ဆီသို့ အပြေးတပိုင်းအသွား ဇရပ်ပျက်၏ အတွင်းဖက် ခပ်ကျကျတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ခတ္တမျှ ကြက်သေသေသွားသည်။ ဆံပင်များလည်း ထောင်ထသွားသလို ခံစားရသည်။ ကြာဆံများလို ဖြူဖွေးနေသည့် ဆံပင်များ။ ၀ါကျင်ကျင် မျက်လုံးတစုံ။ မည်းညစ်သည့် အသားအရည်။ အရောင်မပေါ်တော့သော အ၀တ်နှင့် ခေါင်းသုံးလုံး။ တခါတရံတောက်ပလာသော မီးတောက်တစ်တောက်။ ကျောထဲမှ စိမ့်တက်သွားသည်။ နေပူထဲမှ လာသောကြောင့် ပြာနေသော မျက်လုံးကို ခတ္တမျှပိတ်၍ အနားပေးကာ ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်သည်။

စောစောက တွေ့ခဲ့ရသော ပုံသဏ္ဍာန်သည် ထင်ရှား၍ လာလေသည်။ ခေါင်းသုံးလုံးမဟုတ်။ ဒူးထောင်ထားခြင်းဖြစ်သည်။ သူရူးကြီးတယောက် (သို့) သူဖုန်းစားအိုကြီးတယောက် ဆေးလိပ် သောက်နေခြင်းဖြစ်သည်။ ဧကန်န ဤဇရပ်၏ အရှင်သခင် ဖြစ်ဟန်တူသည်။ စူးစမ်းနေသော မျက်လုံးအား မချိပြုံး ပြုံးပြရင်း ရေအိုးစင်သို့ လှမ်းလိုက်သည်။ ရေအိုးစင်ကား မြင်ယုံဖြင့် အေးမြလှသည်။ စိမ်းစိုလှသည့် စပါးပင်လေးများပေါ်တွင် စိုမြနေသော မြေအိုးလေးအား သံပန်းကန်ပြားတချပ်ဖြင့် ဖုံးအုပ်ထားသည်။ ထိုပန်းကန်ပြားပေါ်တွင် အုန်းမုတ်ခွက် ရိုးတံရှည်လေး ရှိလေသည်။

ခြောက်ကပ်နေသည့် အာခေါင်၏ အာရုံကြောများက ဦးနှောက်သို့ သတင်းပို့လိုက်သောအခါ အလျှင်အမြန် ရေတခွက်ခပ်လိုက်သည်။ ရေသောက်ရန် ဟန်ပြင်လိုက်စဉ် သူရူးကြီးနှင့် အကြည့်ခြင်း တချက်ဆုံလိုက်မိသည်။ မည်းညစ်သော သွားများကို ရှိသလောက် ပေါ်အောင် ပြုံးပြလိုက်သော သူ၏ အပြုံးကြောင့် တွေဝေသွားသည်။ သူရူးကြီးသည် ဤဇရပ်ပိုင်ရှင်ဆိုလျှင် ယခုသောက်ရေအိုးစင်သည်လည်း သူပိုင်ဖြစ်လိမ့်မည်။ သူပိုင်မဟုတ်သည့်တိုင် ဘေးဘီရှိ စားကြွင်းစားကျန်များကို ကြည့်ခြင်းအားဖြင့် သူလည်း စားသောက်ပြီး ရေအိုးစဉ်မှ ရေသောက်ပေလိမ့်မည်။

သူရူးကြီးတယောက်၏ နှုတ်ခမ်းနှင့် ထိထားသော ရေမှုတ်ကို မသတီနိုင်တော့။ ညာသန်ဖြစ်သဖြင့် ညာလက်ဖြင့် ကိုင်ထားသော ရေမှုတ်ကို ဘယ်လက်ဖြင့် ပြောင်းကိုင်လိုက်သည်။ ရေမှုတ်တခုနှင့် အလုပ်ရှုပ်နေသော သူအား သူရူးကြီးမှ ကျိတ်၍ ရီနေသေးသည်။ သူရူးကြီးက ဘယ်သန်ဆိုလျှင်ရော မည်သို့လုပ်မည်နည်း။ သူဦးနှောက်လည်း အလုပ်ရှုပ်ကာ သွားသည်။ လင်းလက်သွားသော အသိတရားတခုနှင့်အတူ အကြံတခုရလိုက်သည်။ ရေမှုတ်အလယ်တည့်တည့်မှ သောက်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ့ဆုံးဖြတ်ချက်ကို သဘောကျစွာ ရေများပင် ဖိတ်လျှံအောင် အားပါးတရ သောက်ချလိုက်လေသည်။ မတင်းတိမ်သေးသည့် အာသာကို ဖြေဖျောက်ရန် နောက်တခွက် ထပ်မံခပ်၍ သောက်လိုက်ပြန်သည်။ ၀မ်းဗိုက်အတော်တင်းမှ ရေသောက်ခြင်းအမှုကို ရပ်နားကာ ဇရပ်ဘောင်ပေါ်သို့ ထိုင်ကာ အမောဖြေရလေသည်။

သူ့ဖြစ်အင်ကို ကြည့်နေသော သူရူးကြီးမှာ လက်ခုပ်လက်မောင်းတီး၍ တံတွေးများ သီးအောင်ပင် အော်ဟစ်ရီမော နေလေသည်။ ကြောင်တောင်တောင်ဖြင့် သူရူးကြီးအား ငေးမောကြည့်နေမိသည်။ မိမိ၏ အပြုအမူတခုကို တစုံတယောက်က ပြက်ရယ်ပြုသည့်အခါ ကိုယ်ဘာမှားသလဲ ဝေခွဲမရသည့် ခံစားမှုမျိုးဖြစ်သည်။ သူ၏ အပြုအမူများကို ဥပေက္ခာပြုရင်း ကြားလိုက်ရသော စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားလေတော့သည်။

“ဟားဟားဟား လူတွေကလည်း ငါရေသောက်သလို လိုက်သောက်ကြပါလား ဟား ဟား ဟား ဟား”

ခင်တဲ့
ရေတမာ
4း44 pm mon
25/01/2010

p.s ၁၀တန်းတုန်းက ဆရာပြောတဲ့ အကြောင်းအရာကို ခံစားမိသလိုရေးဖွဲ့ထားခြင်းဖြစ်ပါသည်။

Wednesday, January 06, 2010

ဗိုလ်ပဲ၊ မတ်ပဲ၊ ကုလားပဲလေးများ

15 comment
ပေါ်ပေါ်ကခလေးဘ၀အကြောင်း တက်ဂ်ထားတဲ့ အကြွေးကို မသိချင်ဟန်ဆောင်နေတာ ကြာပြီ။ ရေးစရာမရှိတုန်း ညီအကိုတွေ ပြန်လွမ်းသွားလို့ မှတ်မိသလောက်ချရေးကြည့်ဦးမယ်။

ကျနော်တို့ဆီမှာ ဘုရားပွဲကို ယာမြေတွေသိမ်းတဲ့ ပွင့်လင်းရာသီမှသာ တနှစ်တခါ ပြုလုပ်လေ့ရှိတယ်။ အဲဒီအချိန်မှာ ရွာနီးချုပ်စပ်ကလည်း လာရောက်ပြီး ပျော်ပါးကြတယ်။ လှည်းတွေနဲ့ လာကြ၊ တည်းကြတယ်။ ဘုရားပွဲမှာပဲ အိမ်အတွက်လိုအပ်တဲ့ အသုံးအဆောင်တွေ ဖြစ်တဲ့ ဖျာ၊အိုး၊ အ၀တ်အထည် စတာတွေအပြင် လယ်ယာမြေအတွက်လိုအပ်တဲ့ သံထည်ပစ္စည်းတွေ ၀ယ်ခြမ်းကြရတယ်။ ခလေးတွေအတွက် ကစားစရာ အိုးပုတ်၊ချိုးရုပ်လေးတွေလည်း ရောင်းကြသေးတယ်။

ကျနော့်အမတွေ ညီမတွေ ကစားဖို့ ကျနော်တို့ ညီအကိုတွေက ခိုးပေးကြတယ်။ ဘုရားပွဲက နည်းနည်းလှမ်းတော့ အကို့စက်ဘီးလေးနဲ့သွားရတယ်။ သူ့ဘီးက ခလေးစီးတဲ့ ယောက်ျားစီဘီး၊ ဘောင်ပါတယ်။ အဲဒီဘီးသေးသေးလေးကို ငါးယောက်စီးပြီးသွားကြတယ်။

ဟိုရောက်ရင် အကိုအကြီးဆုံးက ပုဆိုးကားကားဝတ်ပြီး ရှေ့ဆုံးမှာရှိတဲ့ အိုးပုပ်တွေကို ပုဆိုးနဲ့ ဖုံးအောင်အုပ်ပြီး ဆောင့်ကြောင့်ထိုင်လိုက်တယ်။ ပြီးရင် နောက်ဆုံးတန်းမှာ ရှိတဲ့ အိုးပုပ်ကိုဈေး ဘယ်လောက်လည်းမေး။ နောက်ညီအကိုတွေကလည်း တဖက်ကနေ ဈေးမေးရင်း ဆိုင်ရှင်ကို အလုပ်ရှုပ်အောင်လုပ်လိုက်တယ်။ အဲဒီအချိန်မှာ အကိုအကြီး ပုဆိုးအောက်က အိုးပုပ်တွေကို ကျန်တဲ့သူတွေက ရသလောက်ယူကြတယ်။ အများကြီးမယူပါဘူး နည်းနည်းပါ။ တပါတ်လောက်ယူလိုက်ရင် ညီမတွေလည်း ဆော့လို့ရရော။ မဟုတ်ရင် ကျနော်တို့ ကစားတဲ့ ၀ိုင်းထဲ ၀င်ဝင်ပါလွန်းလို့။

သူတို့ဘာသာသူတို့ တွေ့ကရာအရွက်ခူး ကြော်လို့ကြော် ချက်လို့ချက်လုပ်ရင်း သူတို့ဘာသာသူတို့ကျက်ပြီဆိုရင် ကျနော်တို့ ယောက်ျားလေးတွေ ကစားတဲ့ဝိုင်းထဲ လာရောင်းတတ်တယ်။ ကျနော်တို့ကလည်း တွေ့ကရာခူးထားတဲ့ အရွက်တွေကို ပိုက်ဆံဆိုပြီး သူတို့ကိုပေးလိုက်ရင် ပျော်သွားရော။ အဲဒါကြောင့်လားမသိဘူး တယောက်မှ ဟင်းကောင်းကောင်း မချက်တတ်ကြဘူး။

တခါတလေ အိမ်ရှေ့ကွပ်ပစ်မှာ ၀င်းထရံပေါ်ကို စောင်ဖြန့်ပြီး ဇာတ်ကတတ်ကြသေးတယ်။ အမေတို့ခေတ်တုန်းကတော့ ဇာတ်မင်းသားသိန်းဇော် အမြဲတမ်းကတယ်ပြောတယ်။ ငယ်ငယ်က ပွဲဈေးတန်းမှာ အော်လံလေးတွေရောင်းတယ် အဲဒါလေးတွေကို သုံးလေးခုဝယ်၊(တခါတလေခိုးပေါ့းP) အပ်ချည်ကြိုးနဲ့ချည်ပြီး တရုတ်စကားပင်ပေါ်တင်၊၊ မိုက်ကတော့ ကြုံရာ ခုံဖိနပ်ပေါ့။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟုတ်နေတာပဲ။ ငယ်ငယ်ကဆိုတဲ့ သီချင်းတွေက မှုန်ရွှေရည်နဲ့ နောက်သင်္ကြန်သီချင်းတွေပေါ့။

မိသားစုသုံးစုပေါင်းထားတော့ မောင်နှမတွေကလည်း ၁၁ ယောက် အုပ်စုတောင့်ကြတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ တော်ကြာ ဘယ်စာအုပ်ဆိုင်က စာအုပ်လာမအပ်လို့ လိုက်လာပြန်ပြီ။ ဘယ်လိုလုပ်အပ်မတုန်း နောက်ဖေးမှာ သမံတလင်းခင်းမယ့် သဲထဲကို စာအုပ်တွေထည့်ပြီး ဗီဒီယိုသွားကြည့်ကြတာ ပြန်လာတော့ ခင်းပြီးနေပြီ။ ကျောင်းက ဆရာမကကျောင်းပြေးလို့ လိုက်လာပြန်ပြီ။ လူနဲ့တကွပါလာတာပါ။ ဘယ်ကဖမ်းလာသလဲ ဆိုတော့ ကျောင်းနားက ဗီဒီယိုရုံကပါ။ အဲလိုလည်း တော်ကြပါတယ်။

ညဖက် အိမ်အပေါ်ထပ်မှာ ညီအကိုမောင်နှမတွေ စာကျက်လေ့ရှိကြတယ်။ အောက်မှာလူကြီးတွေပေါ့။ “စာကျက်သံမကြားရဘူး”လို့ အောက်ကအော်လိုက်ရင် ၅ ယောက်လောက် အသားကုန် ကုန်းအော်တော့တာပဲ။ ဆူညံပြီးနားမခံသာလို့ မိဘတွေက တိုးတိုးကျက်လို့ အော်လိုက်ရင် စာမကျက်ကြတော့ပါဘူး။

မနက်ဆိုရင် ကျောင်းသွားဖို့ မနက်စာကို ကိုယ့်ဘာသာ စီစဉ်ကြရတယ်။ ကြောင်အိမ်ကို သော့ခတ်ထားရတယ်။ ကြက်ဥတွေ ကြော်ကြော်စားကြလွန်းလို့။ ဘာလုပ်သလဲဆိုတော့ အဘွားရဲ့ စကွဲ(ဆန်အကြေ)တွေကို အကြော်နဲ့ လဲစားကြတယ်။ အကိုက ထမင်းကြော် စပယ်ရှယ်လစ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် မနက်စာကို ရှိတဲ့မုန့်ဖိုးလေး နဲ့စုပြီးဖြေရှင်းရတယ်။

ငွေယားလေးတွေကလည်း ရှိရသေးတယ်။ စွန်ရာသီ စွန်ဝယ်ရတယ်။ ဂျင်ရာသီ ဂျင်ဝယ်ရတယ်။ ဒါမှမဟုတ်ရင် ပိုက်ဆံကြေး ဂေါ်လီဝိုင်းမှာ ဘေးထိုင်နေရမယ်။ ၀င်ငွေရှာတာ ပြောရဦးမယ်။ စာမေးပွဲပြီးရင် စာအုပ်တွေ ပိဿချိန်နဲ့ ရောင်းစားကြတယ်။ သင်္ကြန်ရောက်ရင် အိမ်ရှေ့က ပိတောက်ပင်ကြီးက ၀င်ငွေရှာပေးသေးတယ်။ အကြီးတွေက လက်ဝါးကြီးအုပ်တာများပါတယ်။ ကိုယ်တွေက မုန့်စားရရင် ကျေနပ်နေတာပါ။

ငယ်ငယ်က ဘ၀တွေက ဆင်းရဲပါတယ်။ စောင်ကို ပခက်လုပ်။ စကော အစုပ်ထဲ ထားတားရတာ။ အခုတော့လည်း သူတို့ဘ၀တွေ တင့်တင့်တယ်တယ်ဖြစ်နေကြပါပြီ။ နောင်များလည်း ညီအကို မောင်နှမတွေ ဥမကွဲသိုက်မပျက် စုစုစည်းစည်း နေချင်ပါတယ်။ ကိုယ့်မိဘတွေဆီကနေ သင်ခန်းစားယူစရာရှိတာတွေယူ ကျနော်တို့မျိုးဆက်တွေမှာ ပိုမိုစည်းလုံးတဲ့ မိသားစုလေးဖြစ်အောင် ကြိုးပမ်းသွားစေချင်ပါတယ်။

ခင်တဲ့
ရေတမာ
5း58 WED
06-01-10


ပထမဆုံးအတွေ့အကြုံ

12 comment
ကျေးဇူးပြု၍ ယခု စာ အား အစမှ အဆုံးတိုင် မကျော် မခွ ဘဲ ဖတ် ပေးပါရန် .....


ယခုကိစ္စသည် သူမဘ၀တွင် တခါမျှ မပြုလုပ်ဖူး မတွေ့ကြုံဖူးသော ကိစ္စတစ်ခု ဖြစ်ပါသည်။ သူမသည် ကျောခင်းကာ လှဲအိပ်လိုက်ရင်း ကြွက်သားများကို တောင့်တင်းထားမိလေသည်။ သူမသည် သူ့ကို ငြင်းဆန်ရန် အကြောင်းပြချက်မျိုးစုံကို စဉ်းစားရင်း တတ်နိုင်သလောက် အချိန်ဆွဲနေမိ၏ ။ သို့ရာတွင် သူ ကတော့ လုံးဝ လက်လျှော့မည့်ဟန် မပြပဲ သူမ အနားသို့ တိုးကပ်လာလေသည်။"ကြောက်နေသလား "ဟု သူမကို သူမေးသောအခါတွင် သူမရဲဝံ့ပြတ်သားစွာ ခေါင်းခါပြမိပြန်သည်။

သူသည် ယခုလို ကိစ္စမျိုးတွင် အတွေ့အကြုံ ရင့်ကျက်သူတစ်ယောက် ဖြစ်ကြောင်း သိသာပါသည် ။ အဘယ့်ကြောင့် ဆိုသော် သူ၏ လက်ချောင်းများသည် နေရာမှန်ကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားသောကြောင့် ဖြစ်ပါသည်။ သူ အထဲထိ နက်နက် နှိုက်စမ်းလိုက်သောအခါ သူမတကိုယ်လုံး နာကျင်မှုဖြင့် တုန်ခါသွားပြီး အကြောအခြင်များ ပင် တောင့်တင်းသွားလေသည်။ သို့ရာတွင် သူသည် သူပြောထားသည့် အတိုင်း အညင်သာဆုံး ပြုလုပ်နေကြောင်း သူမ သိပါသည်။

သူသည် အားငယ်နေသော သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း စိတ်မပူရန်၊ သူ့အနေနှင့် ယခုကိစ္စတွင် အတွေ့အကြုံ အများကြီးရှိကြောင်း ထပ်ပြောပြန်သည်။

သူပြုံးပြလိုက်သောအခါ သူမ စိတ်ကိုလျော့လိုက်ပြီး သူ့အတွက် လွယ်ကူစေရန် ကျယ်ကျယ် ဟ ထားပေးလိုက်သည်။

သူမသည် သူ့ကို မြန်နိုင်သမျှ မြန်မြန်ကိစ္စပြီးအောင် ပြုလုပ်ရန် အကြိမ်ကြိမ် တောင်းပန် လောဆော်မိလေသည်။ သို့သော် သူသည် သူမ နာကျင်မှု သက်သာစေရန် အချိန်ယူ၍ ဖြည်းဖြည်းမှန်မှန်သာ ဆက်လုပ်ပါသည်။ သူနောက်တကြိမ် သူမ၏အနီးသို့ တိုးကပ်လာသောအခါတွင် အသားမျှင်များ စုတ်ပြဲသွားသကဲ့သို့ တကိုယ်လုံး နာကျင်မှု ဆိုတဲ့ အရသာကို သူမ ခံစားလိုက်ရသည်။ သွေး အနည်းငယ် ထွက်လာသည်ကိုလည်း သူမ သိရှိခံစားလိုက်ရသည်။

"အရမ်းနာသလား" ဟု သူက ထပ်မေးပြန်သည်။ သူမမျက်လုံးအိမ်တစ်ခုလုံး မျက်ရည်များဖြင့် ပြည့်လျှမ်းနေသော်လည်း မနာသယောင် ခေါင်းခါပြကာ ဆက်လုပ်ရန် သူ့ကို သူမခေါင်းငြိမ့်ပြမိသည်။ သူသည် ကျွမ်းကျွမ်းကျင်ကျင် ထည့်လိုက်ထုတ်လိုက် ဆက်လုပ်နေသော်လည်း သူဘာလုပ်နေမှန်း မသိနိုင်လောက်အောင် သူမ စိတ်လှုပ်ရှားကာ ထုံပေပေဖြစ်နေမိသည်။ အတန်ကြာသောအခါ သူမ အတွင်းထဲမှ အရည်တချို့ တာကျိုးသလို ပေါက်ထွက်လာသည်ကို ခံစားရပြီး သူသည်အရာတစ်ခုကို အပြင်သို့ ထုတ်လိုက်လေသည်။ သူမသည် သက်ပြင်းမောများ ရှိုက်ထုတ်နေရင်း ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို ၀မ်းသာပျော်ရွှင် နေမိလေသည်။

သူသည် သူမကို နွေးနွေးထွေးထွေး ပြုံးပြရင်း " တော်တော် ကိုင်ရ တွယ်ရခက်တဲ့ ကလေးမပဲ "ဟု ရေရွတ်လေသည်။ သူမကလဲ ပြန်ပြုံးပြရင်း

သွားဆရာဝန်အား ကျေးဇူးစကား ဆိုလေသည်။

အထက်ပါတို့သည် သူမဘ၀တွင် ပထမဆုံး သွားနှုတ်သည့်နေ့က တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များ ဖြစ်လေသည်။

အင်တာနက် ပေါ်က နေ ရရှိတဲ့ ဘာသာ ပြန် ဟာသလေးတခုပါ ။

သူငယ်ချင်းတွေကို မျှဝေချင် လို့ ဖြတ်ညှပ် ကပ် လုပ်လိုက် တာပါ ။ မျှဝေချင်တဲ့ အဓိက ရည်ရွယ်ချက် က တော့

ကျွန်တော်တို့ တတွေ အကြောင်း အရာတခု ကို သေချာမသိရ သေးခင် ဆုံးဖြတ်ချက် ချတာ စောလွန်းနေတတ်တဲ့ ကျွန်တော် တို့ စိတ် ကလေးတွေ ကို မြင်စေချင်လို့ပါ

မိတ်ဆွေတော့ မသိဘူး ... ကျွန်တော်ကတော့ .. အထက် က စာလေးတွေဖတ်ရင် ... ဆုံးဖြတ်ချက် ချတာတွေ မှား တာဆိုတာလေ.... ပြောချင်တော့ ဘူး...

ကဲ ... တခုခုကို ဂဃနဏ မသိရသေးခင်မှာ ဆုံးဖြတ်ချက်ချ တာ မစောဖို့ ... ဆုံးဖြတ်ချက် ချတာ မလောဖို့ပါ


နေစိုးနိုင်

မှတ်ချက်။ ။ကိုနိုင်ထံမှ မနေ့က ခွင့်ပြုချက်ရ၍ တင်လိုက်ပါသည်။ မေးလ်လက်ခံရရှိသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပါသည်။ တင်ရန်ခွင့်တောင်းခြင်းနှင့် တင်သင့်မတင်သင့်ပါ ပူးတွဲအကြံတောင်းခြင်း ဖြစ်ပါသည်။ ကျွန်ုပ်ရေးလျှင် ဤမျှ ကောင်းနိုင်မည်မထင်ပါ။ သူပြောသွားသည်များမှာလည်း အပိုအလိုမရှိ၍ မိတ်ဆွေများ အတွေးပွားနိုင်စေရန် မျှဝေလိုက်ရပါသည်။

အားနာလျက်
ရေတမာ

Tuesday, January 05, 2010

ထူးမှထူးတဲ့ အရွယ်

21 comment
မနေ့က မရောင်မလည်နဲ့ စာအုပ်တွေရောင်းတဲ့ဆိုင်ဖက် ရောက်သွားတယ်။ နာမည်တွေလိုက်ဖတ်ရင်း ၀တ္တုတန်းဖက်ရောက်သွားတော့ မင်းလူစာအုပ်သွားတွေ့တယ်။ အသစ်စက်စက်လုံးချင်းဝတ္တုတဲ့။ “အလွမ်းသစ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပထမဆုံးစာမျက်နှာလေး လှန်လိုက်တော့

“မိန်းကလေး တယောက်ကို ချစ်ရတာ
ခပ်ညံ့ညံ့ဘောလုံးအသင်းတသင်းကို အားပေးရသလိုပဲ၊
အားမလိုအားမရလည်းဖြစ်ရတယ်
အချိန်တန်ရင်လည်း မကြည့်ဘဲမနေနိုင်ဘူး” (မှတ်မိသလိုရေးပါသည်) ဆိုပြီးဖတ်လိုက်ရတော့ ၀ယ်ချင်လိုက်တာ။ ဈေးက ၇ကျပ်တဲ့။ သိပ်လည်းမထူတာနဲ့ ပြန်ချထားလိုက်တယ်။ ၃ကျပ်ခွဲတန် ၂ အုပ်ဝယ်လိုက်မယ်ဆိုပြီး စိတ်ကူးပလိုက်တယ်။ “ပန်းကျောင်း”ပြန်တွေ့တယ်။ ပျောက်သွားတဲ့ စာအုပ်လေး။ ဇာတ်လမ်းတွေမေ့ကုန်ပြီ။ သူငယ်ချင်းတွေကို ပြန်သတိရသွားတယ်။ ကျောင်းပုံပြင်ပေါ့။


ဆရာအောင်းသင်းရဲ့ အရွယ်

ကြပ်ကြပ်ကြီး သတိရနေစေဖို့ သင့်သည်ကတော့ အရွယ်ပင်ဖြစ်သည်။ အရွယ်ကတော့ ရပ်နေသည်မဟုတ်။ အသက်ကြီးလာဖို့ ကိစ္စကတော့ အားထုတ်နေဖို့ မလိုသကဲ့သို့ တားလို့ဆီးလို့လည်း ရသည်မဟုတ်။ သို့သော် အရွယ်ဆိုသည်မှာ အချိန်ပင် ဖြစ်သည်။ အချိန်ကို အသုံးချခြင်းသည်ပင်လျှင် အရွယ်ကို အသုံးချခြင်းဖြစ်သည်။ ပထမအရွယ်ကို အသုံးချဖို့ မေ့လျော့နေလျှင် အီးပေါသော ဒုတိယအရွယ်ကြီးကို လက်ခံရပေတော့မည်။ တတိယ အရွယ်ကိုတော့ ဖြစ်သလိုအိုပြီး ကြုံရာရောဂါနှင့် သေသွားရုံသာ ရှိသည်။ သဘောကျသည် စကားစုလေးများလည်း ပြန်လည် ဝေမျှချင်ပါသည်။

To know something of everything and everything of something.
(အရာရာတိုင်းတွင် တီးမိခေါက်မိရှိ၍ တစုံတရာကို ပြဲပြဲစင်အောင် သိရမည်)

You are not allowed to read another page of life
(ဘ၀မှာ စာမျက်နှာ ကျော်ဖတ်ခွင့်မရှိဘူး) အခု လက်ငင်းကြူံနေရတဲ့ အချိန်ကာလကို တန်းဖိုးရှိရှိ သုံးပါ။

စသည်ဖြင့် ရေးသားထားသော အရွယ် ဆောင်းပါး အပါအ၀င် ဆောင်းပါးကောင်း ၂၅ ပုဒ်ဖြင့် ထုတ်ဝေထားပါသည်။
တန်ဖိုး ၂၀၀၀ကျပ်။



အရှင်ဆန္ဒာဓိက၏ ထူးမှထူး


စိတ်ဝင်စားစရာ ခေါင်းစဉ်ပေါင်း ၃၁ခုနှင့်အတူ

သိမ်းပိုက်ဆုပ်ကိုင်သူတွေကြား
စွန့်လွတ်မျှဝေသူ....
မှားမိုက်ဆိုးတေသူတွေကြား
ထိန်းချုပ်စောင့်စည်းသူ
ပေါ့ပျက်ပူမြိုက်သူတွေကြား
ရင့်ကျက်အေးချမ်းသူ...
စွဲငြိဖွဲ့နှောင်သူတွေကြား
လွတ်လပ်ထုံးပြေသူဟာ
ထူးမှထူးတဲ့သူပါပဲ။ ။ စသည့်ဆုံးမစကားများဖြင့် ရေးသားထားပါသည်။ တန်းဖိုး ၁၀၀၀ ကျပ်။

စာအုပ်မည်းမည်းလေးနှစ်အုပ်နဲ့ အတူ အတွေးပွားမိတာလေးတွေလည်း ရှိသေးတယ်။ အင်တာနက်မှာ ဖတ်လို့ရပေမယ့် စာအုပ်ကို ကိုင်ဖတ်ရတဲ့ အရသာကို မမှီဘူး။ စာအုပ်တွေပျောက်သွားမှာ မဟုတ်ဘူး။

စာမရေးနိုင်ပေမယ့် ဘလော့တော့ရောက်ဖြစ်ပါတယ်။ မရောက်ဖြစ်လဲ။ counter report က တနင်္လာနေ့တိုင်း သတင်းပို့တယ်။ လာရောက်လာကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။

ခင်တဲ့ ရေတမာ