Sunday, May 31, 2009

လက်တစ်စုံ

7 comment

ပျားပန်းခတ်တမျှ စည်ကားနေတဲ့ ဘူတာရုံလေးထဲ သူအပြေးအလွှား ရောက်ရှိခဲ့ပါသည်။လှေခါးဖက်က တံခါးပေါက်များ
လူကြပ်တတ်သည်ကို သူအတွေ့အကြုံအရ သိပြီးဖြစ်၍ လူနည်းပါးရာ နေရာကို အပြင်းအထန် မျက်စိကစားလိုက်သည်။
လက်ထဲတွင် အိတ်တစ်လုံးနှင့် သူအတွက် ချောင်ချိချိနေရာက ပို၍သင့်တော်ပေမည်။

ရထားလာပါပြီ။ ဖွင့်လျှင်ဖွင့်ခြင်း လူတစ်ကိုယ်စာ နေရာလေးရရန် စောင့်ဆိုင်းနေသည့် လူအုပ်က အယောက် ၁၅ ယောက်လောက်ရှိမည်ထင်သည်။ အိမ်အပြန်ခရီးကို စိတ်စောနေသည့် လူတစ်ချို့ အဆင်းလူကိုပင် ဦးစားပေးလိုဟန်မတူ။ ငြူစူစူ အကြည့်တချို့ လက်ခံရရှိ အပြီးသူ ခြေချစရာနေရာ တစ်နေရာရရှိသွားပါပြီ။ နေရာရလာပြန်တော့ ခိုင်မြဲစွာ ရပ်တည်နိုင်ဖို့ ကြိုးစားရလိုက်ဦးမည်။


ရထားလူးသည့် ဒဏ်ကြောင့် သူနဖူးတ၀ိုက် ချွေးသီးနေပြီ။ လူးလွင့်သည် ဒဏ်ကြား အခြေမပျက်ရပ်တည်ဖို့ သူအတွေ့အကြုံမရင့်ကျက်သေးပေ။ ဒီအတွက် ကြိုးစားသင်ယူရမည့် သဘောတရားများကား များများစားစားမရှိပေ။

သူရထားနှစ်တွဲ အစပ်နေရာသို့သွားရန် စိတ်ကူးလိုက်ပါသည်။ ထိုနေရာတွင် စုံတွဲတစ်တွဲနှင့် အမျိုးသား၃ဦး အမျိုးသမီးကြီး ၁ဦးလည်းရှိနေပေသေးသည်။ တစ်ဘူတာနှင့် တစ်ဘူတာ ခရီးသည်များလည်း ဆင်းလိုက်တက်လိုက်နှင့် တဖြည်းဖြည်း လျော့နည်းလာပါသည်။ သူရပ်နေသောနေရာကား ဦးစားပေးထိုင်ခုံရှေ့တည့်တည့်။ စပီကာမှ ရောက်ရှိမည့် ဘူတာနာမည်ကို ကြေညာစဉ် ရထားသည်လည်း အရှိန်တဖြည်းဖြည်းနှေးကွေးလာပါသည်။

သူနောက်မှ ခရီးသည်က ဆင်းရန်ပြင်လိုက်သောအခါ သူရှေ့တည့်တည့်မှ အမျိုးသမီးမှ ထိုနေရာသို့ ထိုင်ရန် ကမ်းလှမ်းလျက် သူဆီသို့လှမ်းလာ နေပါပြီ။ အမျိုးသမီးသူ့နဘေးသို့အ၀င် နေရာပေးရန် ခြေကြွလိုက်စဉ် မထင်မှတ်ဘဲ ရထားဘရိတ်အုပ်လိုက်သောအခါ ဟန်ချက်ပျက်လျက် ဘေးသို့လဲကျသွားသည်။ လက်ထဲတွင်လည်း အလေးအပင်နှင့် ကိုင်တွယ်ဖမ်းဆုပ်စရာလည်း မရှိ။ ထိုသို့ပြိုလဲသွားစဉ် သူ့ကိုယ်ကို ဖမ်းထိန်းပေးလိုက်သည့် လက်တစ်စုံကို မြင်လိုက်ရသောအခါ ရင်၌ လှိုက်လှဲစွာ ကျေးဇူးတင်ခြင်းများ ဖြစ်ပေါ်မိသည်။

သူထူပူနေ၍ ကျေးဇူးတင်စကားပင် သူတို့ကိုမပြောမိပေ။ သို့သော် သူတို့အဖို့ကား ကျေးဇူးတင်ခံလိုသောကြောင့် ဟုတ်ဟန်မတူ။ စေတနာသက်သက်ပင် ဖြစ်ပါသည်။ သူတစ်သက် ထိုဖေးမပေးသည့် လက်တစ်စုံကို ဘယ်တော့မှ မေ့လို့ရလိမ့်မည်မဟုတ်ပေ။

သူ့လက်တစ်စုံကို ပြန်ကြည့်မိစဉ် ယိုင်လဲသူတွေကို ဤလက်ဖြင့် ဘယ်နှစ်ကြိမ်မျှဖေးမခဲ့ဖူးပါသနည်း။ အကူအညီကမ်းသည့် လက်တွေကို ဘယ်နှစ်ကြိမ်မျှ ပုတ်ချခဲ့ဖူးပါသနည်း။လက်ခြင်းတူပါလျက် ထိုဖေးမပေးသည့်လက်တစ်စုံကို သူဘာကြောင့် မေ့မရခဲ့ပါသနည်း။

Friday, May 29, 2009

စင်ကာပူတွင် H1N1 FLU Cases တွေ့ရှိ

3 comment
ကြာသာပတေးနေ့က စင်ကာပူတွင် Influenza A (H1N1) သုံးဦးကူးစက်ခံရကြောင်း အတိပြုပြောကြားပြီးနောက် တိုင်းပြည်တွင် ကူစက်ခံရသူလေးဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

အင်္ဂါနေ့က နယူးယောက်မှပြန်လာသူ အသက် ၂၂ နှစ်ရှိ Singapore Management University(SMU)မှ ကျောင်းသူတစ်ဦးအား ရောဂါကူးစက်ခံရကြောင်း ပထမဆုံး တွေ့ရှိခဲ့ပါသည်။

ဒုတိယတွေ့ရှိမှုအနေဖြင့် ကြာသာပတေးနေ့ ညနေ ၅.၅၀တွင် Manila မှတဆင့် San Francisco မှ Singapore သို့ပြန်လာသော ၄၃နှစ် အရွယ်ရှိ စင်ကာပူနိုင်ငံသားတစ်ဦးတွင် တွေ့ရှိခဲ့ပါသည်။ Singapore Airlines Flight SQ 917 ခုံနံပါတ် 33H တွင်စီးနှင်းလိုက်ပါခဲ့စဉ် နေထိုင်မကောင်းဖြစ်ခဲ့ပါသည်။

မေလ ၂၆ရက် ကြာသာပတေးနေ့တွင် တိုကျိုမှတဆင့် Honolulu မှ Singapore သို့ United Airelines Flight UA 803၊ ခုံနံပါတ် 33C တွင် လိုက်ပါလာသော အသက် ၂၈ နှစ်ရှိ အမေရိကန်အမျိုးသမီးတစ်ဦးတွင် တတိယဖြစ်စဉ် အနေဖြင့် အတိပြုခဲ့ပါသည်။

စတုတ္ထဖြစ်စဉ်ကို Chicago မှပြန်လာသူ ၂၈နှစ်ရှိ စင်ကာပူအမျိုးသားထံတွင်တွေ့ရှိခဲ့ပါသည်။ သူသည် မေလ၂၅ မှစတင်ကာ နေထိုင်မကောင်းဖြစ်ပွားခဲ့ပါသည်။

ရောဂါကူးစက်ခဲ့ရသူများကို Tan Tock Seng Hospital(TTSH) Communicable Disease Centre တွင်ကုသပေးလျက်ရှိပါသည်။ ယခုအခါ စိုးရိမ်စရာ အခြေအနေမရှိကြောင်း ကျန်မာရေးဌာန မှကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ၎င်းတို့နှင့်အတူစီးနှင်းလိုက်ပါလာကြသော ခရီးသည်များအားလည်း လေ့လာစောင့်ကြည်လျက်ရှိပါသည်။

ရောဂါကူးစက်ခံရသူများနှင့် ရှေ့သုံးတန်း၊နောက်သုံးတန်းမှခရီးသည်များ Ministry of Health (MOH)နှင့်မဆက်သွယ်ရသေးလျင် ဤနံပါတ်သို့ ဆက်သွယ်ပေးပါရန် 1800-333-9999. ခုံနံပါတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ SQ 917 အနေဖြင့် 30—36 နှင့် UA 803 အတွက် 30—36၊ UA 895 ကတော့ 52—58.ဖြစ်ပါသည်။

၇ရက်အတွင်း ရောဂါကူးစက်ခဲ့ရသောတိုင်းပြည်များသို့ ခရီးသွားလာခဲ့ကြသူများအနေဖြင့် ဆေးစစ်မှုများပြုလုပ်သင့်ပြီး ရောဂါလက္ခာဏာများ ဖြစ်ပေါ်လာပါက ၉၉၃ သို့အမြန်ဆုံးခေါ်ယူပါရန် ကျန်းမာရေးဌာနမှအသိပေးပြောကြားခဲ့ပါသည်။
ဤသို့ဖြင့် ရောဂါကူးစက်မှုကို လျော့ချနိုင်မှာဖြစ်ပါသည်။

SINGAPORE: Singapore on Thursday confirmed three more cases of Influenza A (H1N1), bringing the number of infected persons in the country to four.
ADVERTISEMENT

A day earlier, Singapore confirmed its first case of A(H1N1) flu, in a 22—year—old female Singapore Management University (SMU) student who recently returned to the city—state from New York.

The second confirmed case is a 43—year—old Singapore Permanent Resident who returned to Singapore from San Francisco via Manila on Tuesday (May 26) at 1750 hours.

She was on Singapore Airlines flight SQ 917 and was seated at 33H. She became unwell while on board.

The third confirmed case is a 28—year—old American woman working in Singapore. She returned to Singapore from Honolulu via Tokyo on Tuesday (May 26) at 2353 hours, on United Airlines flight UA 803. She was seated at 33C and became unwell on May 26.

The fourth confirmed case is a 28—year—old Singaporean man who returned to Singapore from Chicago via Hong Kong on May 25 at 0036 hours. He was on United Airlines flight UA 895 and was seated at 55H. He became unwell on May 25.

The patients are currently being treated at the Communicable Disease Centre at Tan Tock Seng Hospital (TTSH).

In a statement, the Health Ministry said their symptoms are relatively mild and all the patients are in stable condition.

Contact tracing of their close contacts, including passengers on the same flights, is ongoing. They will be quarantined and provided with antiviral prophylaxis.

The Ministry of Health (MOH) said that passengers within three rows in front and behind the cases who have not been contacted by the ministry yet should call the MOH hotline at 1800—333—9999.

The affected rows for SQ 917 are 30—36; for UA 803 are rows 30—36 and for UA 895 are rows 52—58.

The Health Ministry has reminded those who have travelled in the preceding 7 days to affected countries to seek immediate medical attention once they develop influenza—like symptoms, and call 993 for an ambulance. This, it said, will help minimise the risk of infecting those around them.

Meanwhile, the MOH has also reminded all medical practitioners and healthcare institutions to continue to be vigilant for suspect cases.

— CNA/ir

Thursday, May 28, 2009

တခါက မှတ်တိုင်

3 comment
ပျင်းပျင်းရှိတာနဲ့ ရေဒီယိုကသီချင်းတွေ၊ Web siteကသီချင်းတွေ လိုက်နားထောင်မိတယ်။ ခေတ်ပေါ်သီချင်းတွေကြီး နားထောင်ရတာပျင်းတာနဲ့ ခေတ်ဟောင်းသီချင်းတွေကို burmeseclassic မှာသွားနားထောင်ခဲ့တယ်။ (ဒေါ်)တင်တင်မြရဲ့ အကောင်းဆုံးသီချင်းများ ကိုရွှေးပြီး နားထောင်လိုက်တော့ တော်တော်အရသာရှိတယ်ဗျာ။

အဲဒီသံစဉ်တွေကြားရတော့ စိတ်က ဟိုးလွန်ခဲ့တဲ့ ငါးတန်းကျောင်းသားဘ၀ နယ်မြို့လေးဆီကို လွင့်သွားခဲ့တယ်။ နေ့လည် ထမင်းစားကျောင်းဆင်းရင် နေပူပူထဲမှာ ရေဒီယိုက ထုတ်လွင့်လိုက်တဲ့ ခေတ်ဟောင်းသီချင်းဆွေးဆွေးမြေ့မြေ့တွေ အပူလှိုင်းနှင့်အပြိုင် လွင့်မျောလာတတ်ပါတယ်။ ကျနော်တို့မြို့လေးတွင် ရေဒီယိုကို ၇အိမ်ကြား ၈အိမ်ကြားဖွင့်တတ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းမ၀ယ်နိုင်သောကြောင့် ရှိတဲ့ အိမ်က အကျယ်ကြီးဖွင့်ပေးပါတယ်။

ကျနော်လမ်းထိပ်ကိုရောက်လျင် တီးလုံးသံလေးနှင့်အတူ “မြန်မာစံတော်ချိန် ၁၂ နာရီတိတိရှိပါပြီရှင်” ဆိုပြီးအမြဲကြား ရပါတယ်။ အိမ်ရောက်တာနဲ့ ခါးကပုဆိုးချွတ်ပြီး ခြေထောက်ပေါ်ရောက်တာနဲ့ ရောက်ချင်တဲ့နေရာရောက် ကန်ထည့်လိုက် ပါတော့တယ်။ ၅တန်းရောက်လျှင် အထက်တန်းကျောင်းမှာ ပုဆိုးဝတ်ရပါတယ်။ ကလေးသာသာရှိသေးတဲ့ကျနော် ပုဆိုး မ၀တ်ချင်ပါ။ အိမ်ရောက်ရင် ဘောင်းဘီတိုနှင့်သာနေတာများပါတယ်။ ထမင်းစားပြီးလို့ ကျောင်းပြန်သွားလျှင် ပုဆိုးပါမလာ ခဲ့တော့ပါ။ တစ်လမ်းလုံး ဆော့လိုက်ပြုလိုက်နှင့်သတိမထားမိ။ ကျောင်းရောက်မှသာလျှင် အမြဲသတိထားမိပါသည်။

အညာဒေသတွင် ကိုယ်ပိုင်အ၀ိစိတွင်းမရှိပါ။ ရေတွင်းများတွင် သွားရောက်သုံးစွဲရပါတယ်။ နေ့လည် အပူဒဏ်ကို ရေလဲပုဆိုး ခေါင်းမြီးခြုံ၊ သူများအိမ်ထရံအရိပ်ခိုရင်း ဗိုက်ဆာဆာနဲ့အိမ်အပြန်မှာ ကြားရတဲ့ ရေဒီယိုက ခေတ်ဟောင်းသီချင်းလေးတွေကို ခုခါပြန်လည်လွမ်းမိပါတယ်။ ယခုအခါ ထိုအလေ့အထများ ရှိမရှိ မသေချာတော့ပါ။ ရေဒီယိုလည်း သုံးကြတော့မည်မထင်ပါ။ VCD/DVD စက်များ ၀င်ရောက် နေရာယူနေကြမည်ထင်ပါသည်။

ကျောင်းအားရက်တွေ နေ့လည်ပူပြင်းပြင်းအချိန် ထမင်းစားပြီးလို့ သစ်ရိပ်ဝါးရိပ် အေးအေးလူလူ ထမင်းလုံးစီတဲ့အချိန်၊ ကျီးနှင့်ဖုတ်ဖုတ် ခြောက်ကပ်ကပ် အညာနွေအောက်မှာ ပုစဉ်းရင်ကွဲရဲ့ နားလိုက် အော်လိုက်အသံနှင့် မေးစဉ်းသွားတဲ့ မျက်လုံးတွေကို ဖွင့်ဖို့အင်အားမရှိတော့ အရသာ၊ လေရှုးလေပွေနှင့်အတူ တချက်ချက် မျောလွင့်လာတဲ့ ရေဒီယိုက လာတဲ့ ခေတ်ဟောင်းသီချင်းလေးတွေကို ကြားလိုက်မကြားလိုက်နဲ့ ငိုက်မြည်းခဲ့ရတဲ့ အရသာကို ပြန်တမ်းတတယ်။

ရေတမာ

(မှတ်ချက်။ ။ကျနော်ခေါင်းစဉ်တွေ စဉ်းစားတဲ့အခါ၊ ကျနော်ဖတ်ခဲ့ဖူးသော ခေါင်းစဉ်များကို အမှတ်ရတတ်ပါသည်။ စာပြောင်လေးတွေ ရေးတဲ့အခါ ကျနော်ပုံတူရိုးမှား ကူးချတတ်ပါသည်။ “နစ်တစ်စင်း”ကိုလည်း ကျနော်သံတူကြောင်းကွဲ ပြုလုပ်ထားခြင်းဖြစ်ပါသည်။ ယခုပိုစ့်ကို “တခါက” လို့ပေးမည်ကြံသောအခါ ဦးမြတ်ခိုင်၏ “တခါက မြတ်ခိုင်”ဆိုသည့် ခေါင်းစဉ်ကို စဉ်းစားမိ၍ ယခုကဲ့သို့ပေးလိုက်မိခြင်းဖြစ်ပါသည်။)

Wednesday, May 27, 2009

ပတ်ဝန်းကျင် ဟုဆိုကြရာဝယ်

5 comment
အူဝဲ......အူဝဲ.........
“ဟဲ့..ဘာလေးလဲ”
...လူလေးတော့...
ဩော်ယောက်ျားလေးလား..မိန်းကလေးလားလို့မေးတာ.....
“ယောက်ျားလေးတော့”
“ဟယ်နဂါး(နားကား)လေးတော့......ကြီးလာရင်ဥာဏ်ကောင်းမယ့်ခလေး”
အနှီသို့ လူလောကရောက်ခါစကပင် ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံရပါသည်။

ပတ်= ပတ်ပတ်လည်၊ ၀န်း = အ၀န်းအ၀ိုင်း၊ ကျင် =ကျင်လည်သည် ဆိုတော့ ပတ်ဝန်းကျင်= ကျင်လည်ရာ ပတ်ပတ်လည် အ၀န်းအ၀ိုင်းဟု အဓိပ္ပါယ်ဖွင့်ဆိုချင်ပါသည်။ နောက်ဆုံးစကားလုံးဖြစ်သည့် “ကျင်”ကို အမျိုးမျိုးစာလုံးပေါင်းကြပါသည်။ တချို့ကလည်း “ကျင်”ဖြင့် နာကျင်ကြသည်။ တစ်ချို့ကလည်း “ကြဉ်”ဖြင့် ရှောင်ကြည်ကြသည်။ တစ်ချို့တစ်လေ ကလည်း “ကြင်”ဖြင့် ကြင်နာကြသည်။

မည်သို့ဆိုစေခါမူ ကျောင်းသားဘ၀၊ လုပ်ငန်းခွင်ဘ၀ ၊ ဘ၀တွေ ဘ၀တွေတိုင်းမှာ ပတ်ဝန်းကျင်များနှင့် ထိတွေ့ဆက်ဆံ နေကြရမည်သာ။ သူတို့၏ မှတ်ချက်စကားများဖြင့်လည်း ပြည့်နှက်နေခဲ့ကြရပါသည်။ မိမိကိုယ်တိုင်လည်း ပတ်ဝန်းကျင် တစ်ခုအဖြစ်ရှိနေသေးသည်ကို မေ့မထားသင့်ပေ။ အကျိုးပြုသော ပတ်ဝန်းကျင်ရှိသလို၊ ဆန့်ကျင်ဘက်များလည်း ရှိတတ်ပေသည်။

“သင်ကောင်းလျှင်၊ ကျွန်ုပ်မဆိုးပါ”ဆိုသည့် ဆိုင်းဘုတ်များကို တွေ့မြင်ဖူးကြသည်။ ထိုစကားစုသည် သင်ပတ်ဝန်းကျင် ကိုမည်သို့တုံပြန်မည်ကို ဖော်ပြနေပါသည်။ ပတ်ဝန်းကျင်မှ မည်သို့ပြောဆိုမည်ကို အလွန်အကြူး ဂရုပြုနေသည့် လျော့နည်းတုံပြန်မှုများရှိသလို၊ “ဘယ်သူမှဂရုမစိုက်ဘူး”ဟူသောပိုကဲတုန့်ပြန်မှုများဖြင့်လည်း တုံပြန်တတ်လေသည်။

“သင်ကောင်းကောင်း၊မကောင်းကောင်း ကျွန်ုပ်ကောင်းမည်” ဆိုလျှင်မည်မျှ စိတ်ချမ်းသာလိမ့်ကြမည်နည်း။ မည်သည့် အရာမျှ အစိုးမရသော လောကကြီးတွင် ကြုံလာသမျှ ယောနိသော မနသိကာရ ကျင့်ကြံကြစေချင်ပါသည်။ မည်သို့မျှ ရှောင်လွှဲ၍မရဘဲ ထိပ်တိုက်တွေ့ဆုံရမည်ဆိုလျှင်လည်း အရှင်ဆန္ဒာဓိက၏ ဤစကားစုလေးကို သတိရစေချင်ပါသည်။

“သံသရာမှာ ဆွေမျိုးသွေးသား မတော်စပ်ခဲ့ဖူးသူရယ်လို့ တစ်ဦးတယောက်မှမရှိတဲ့အတွက် ကိုယ်နဲ့ ထိတွေ့ပက်သက်လာ သမျှ လူသားတိုင်းဟာ ကိုယ့်ရဲ့ ဆွေမျိုးသွေးသားချည်းပါပဲ။ အဲဒီဆွေမျိုးသွေးသားတွေက ကိုယ့်အပေါ် ဘ၀တစ်ခုခုမှာ ကျေးဇူးတစ်ခုခုတော့ အနည်းဆုံးပြုခဲ့ဖူးမှာဖြစ်လို့ မြင်မြင်သမျှ လူသားတိုင်းဟာ ကိုယ့်ရဲ့ ကျေးဇူးရှင်တွေချည်းလည်း ဖြစ်နေပြန်ပါတယ်။ သူတော်ကောင်းစိတ်ဓါတ် အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်ဟာ ဒီဘ၀ကျေးဇူးရှင်တွေကိုသာမက သံသရာဘ၀ အဆက်ဆက်က ကျေးဇူးရှင်တွေကိုပါ “ကျေးဇူးရှင်”လို့ သတ်မှတ်ပြီး ကျေးဇူးသိလေ့၊ ကျေးဇူးဆပ်လေ့ ရှိပါတယ်။”

လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည်
ရေတမာ

Tuesday, May 26, 2009

နစ်တစ်စင်း၏ ဖြစ်ခြင်းဖွဲ့ သံစဉ်

5 comment
ပညတ်သွားရာ ဓါတ်သက်ပါပြီထင်တယ်။ ဒီနေ့ရေးတဲ့ပိုစ့် နာမည်က “မေးမယ်၊ဖြေကွယ်”၊ နာမ်မည်လေးတွေ
အကြောင်းလည်း စဉ်းစားမိတယ်။ နေလည်ထမင်းစားပြီးလို့ အိပ်ချင်မူးတူးလေး ဘလော့ကိုဝင်လိုက်တော့။ “ပလုတ်တုတ်
ကိုယ်ကြိုးနည်း...တဂ်တဲ့ဟေ့........”တော်ပါသေးရဲ့...“ဒီနာမည်ရွေးဖြစ်ပုံလေး”ဆိုတော့မှ သက်ပြင်းချမိတယ်။ ပထမဆုံး
အတဂ်ခံရတာပါ။ပြောချင်ရက် လက်တို့လာသော (ကို)တလနွန်ကို ကျေးဇူးဥပသကာရ တင်ရှိပါကြောင်း။

ရှေးဦးစွာ ကျွဲရောင်းလာကြတဲ့ ဧည့်ပရိတ်သတ်အပေါင်းကို မင်္ဂလာအပေါင်းနှင့် ခါးညောင်းပါစေလို့ နှုတ်ခွန်းဆက်၊ဂါရ၀ပြု
ပါသည်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သောင်းမရှိတရှိမတိုင်မီ ပြီးခဲ့တဲ့ ခြောက်လလောက်က စိတ်ကူးပေါက်လို့ လုပ်ထားတဲ့
အကောင့်လေးကို ဥုမ်ခံ မံမွမ်းအသက်သွင်းရင်း “(ကို)စေတန်ဂေါ့”ရဲ့ “ဘလော့လုပ်နည်း”အခိပ်ကြီးကို ပလူးပလဲ
၊အလူးအလဲဖတ်ရင်း ခြေ၊လက်သရမ်းလိုက်တာ။ တွမ် ဆိုပြီး ကိုယ်ရောင်ကိုယ်ဝါ မှေးမှိန်စွာနှင့် ကမ္ဘာပေါ်မှာ
ဗြဟ္မာကြီးလေးဦးနှင့် အာဒမ်နဲ့ ဧ၀ မဖတ်ရသေးတဲ့ ဘလော့တစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ (မှန်တာပြော ချမ်းသာရပါစေရဲ့)

အဲ့တုန်းက ပျော်လိုက်တာ....ဟိုလူ့လိုက်ပြ။ဒီလူ့လိုက်ပြရနဲ့ ခြေကားယား လက်ကားယားကိုဖြစ်လို့။ အဲဒီမှာ စတွေ့တာ။
ကိုယ့်ထက် စီနီယာ ဒီနီယာ အီးနေယာ ကျတဲ့ စိတ်ဆပ်ပြီး အကြွေးမဆပ်တဲ့ ပေးဆပ်သူကြီးကို မေးရတာပေါ့။
(တကယ်တမ်း ဘာကြွေးမှမရှိပါဘူးး-)“ လုပ်ပါဦး ဘာလိုသေးလဲ” မေးရင်းကြွားတာပေါ့။ တစ်လုံးထဲပြောလိုက်တာ
လူကိုနင်သွားတာပဲ။ “စာ”တဲ့။ ဟုတ်တာပဲ။ကိုယ့်ဘလော့မှာ ဘာစာမှမရှိ။နတ္တိ။ နေပါဦး မင်းကဘာစာတွေရေးမှာတုန်း
လို့ကိုယ့်ကိုယ်ကို မေးကြည့်တော့။ အကျိုးပြုစာရေးမှာတဲ့။လာသေးတယ် (BNW နဲ့-(bus n walking)။ စာရေးမယ်
ဆိုတော့ ကလောင်လိုက်ရှာရပြီလေ။ ကံကောင်းလို့ ကုတင်ပေါ်ကပြန်တွေ့တယ်။

အဲဒီတော့ ပရိသတ်ရေ...တစ်ထောင့်တစ်ညပုံပြင်ကို လှန်ရရင်..စာမျက်ခွက် ၁၀၀၁နားလေးက အပိုဒ်မှာ ဘာပြောလဲ
ဆိုတော့ နံမည် ဆိုရင် နာခေါင်းပိတ်ထားပါတဲ့။ အဲဒီစာကြောင်းမတိုင်မီ လူဆိုသည်မှာ ကိုယ့်မွေးရပ်ဌာနေကို မြတ်နိုး
ကြသည်မဟုတ်ပါ့လား။ကိုယ့်ကလောင်လေးက နစ်လေးမှာလည်း ကိုယ့်ချစ်တဲ့ ရေမြေရနံလေး သင်းပျံ့စေချင်တယ်။
ကိုယ်နှစ်သက်တဲ့ ပုံသဏ္ဌာန်တွေ ထင်ဟပ်စေချင်တယ်။ အသင်ကြည့်လေ(မြင်လေ)။ စာရေးဆရာ၊ ဆရာမများ၏
နာမ်မည်များနောက်တွင် ကွင်းစကွင်းပိတ်လေးတွေမြင်ရမည်သာ။ ကိုယ်လည်းနှစ်သက်တာတွေ ကွင်းစကွင်းပိတ်ထဲ
မထည့်ပြစ်ပါဘူး။ အိုက်နေမှာစိုးလို့။

အောင်မလေး နာမ်မည်လေးပြောဖို့အရေး ပလ္လင်ခံနေတာပြီးမပြီးဘူးလို့ တော့အပြစ်တင်မစောလိုက်ပါနဲ့။ လူဆိုတာက
ကိုယ့်ဘက်ကိုယက်တဲ့ပေါက်တူးမျိုးမဟုတ်လား။ လွယ်လွယ်နဲ့ အဖြေပေးလိုက်ရင် တောင်းနဲ့တောင်လိုက်ကောက်
သွားရမှာပေါ့။ ကဲပါအပြောင်အပျက်လျော့လို့ အတည်ပြောရရင်..ကျနော်က အညာသားပါ။ (ညာ=လိမ်လည်တာနှင့်
ရောတတ်လွန်းလို့ ဒတ်ဖနေးရှင်းဖွင့်လိုက်ဦးမယ်...)
သစ်တစ်ပင်မှာ အထက်နဲ့အောက်နဲ့ ရှိတယ်။ အသီးသီးရင် အညှာက သီးတယ်။ကြွေရင် အောက်ကိုပြုတ်ကျတယ်။
(စောစောကသာ သိရင် နယူတန်ထက် နာမ်မည်ကြီးတယ်)။ အဲဒီတော့ အထက်အရပ်ကို အညှာလို့ခေါ်တယ်။
အောက်အရပ်ကို အကြေလို့ခေါ်တယ်။ နှစ်ပရိစ္ဆေဒကြာမြှင့်လာတဲ့အခါကြတော့ အညှာကနေ အညာဆိုပြီးဖြစ်သွားတယ်။

အညာဆိုတော့ ပူတာပေါ့ဗျာ။ အဲတော့ သဘာဝတရားကြီးက အပူသက်သာ အောင် တမာပင်တွေ၊ ထနောင်းပင်တွေ
ဖန်တီးပေးလေရဲ့။ အညာဒေသအမှတ်သညာ တမာဆိုလည်းမှားမည်မထင်ပါ။ တမာက တစ်ပင်လုံးအသုံးဝင်ပါတယ်။
အသီးဆိုရင် ဆီကြိတ်လို့ရပါတယ်။ အရွက်ဆိုရင် စားသောက်လို့ရတယ်။ ဆေးဖက် လည်းဝင်တယ်။
သူကိုယ်တိုင်တန်ဖိုးရှိလို့ ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုပါတယ်။ ကျနော်ကိုယ်တိုင်လည်း တမာပင်လို ဖြစ်ချင်တယ်။
သို့သော်ကျနော်သူ့လောက် မစွမ်းဆောင်နိုင်သေးပါ။

ဒါဆိုငါ ဘယ်လောက်စွမ်းဆောင်နိုင်မလဲဆိုပြီး စဉ်းစားလိုက်တော့ သူနှင့် နာမ်မည်တူတဲ့ “ရေတမာ”ပင်တွေ
သွားတွေ့တယ်။ ရေတမာပင်တွေက အညာတမာလောက် ပတ်ဝန်းကျင်ကို အကျိုးမပြုပေမယ့် လမ်းလယ်ကျွန်းတွေမှာ
အလှစိုက်ပျိုးပြီး သူ့ပတ်ဝန်းကျင်ကို အလှဆင်ပေးတယ်။ကျနော်သတိထားမိတယ် လမ်းလယ်မှာဖုံအလိမ်းလိမ်းနဲ့
စည်ပင်ကရေလာလောင်းမှပဲ တောက်တောက်ပြောင်ပြောင်ရှိတယ်။ အရင်ကျနော့်ဘလော့ နဖူးစီးမှာ“ကိုယ်တွင်ညစ်နွမ်း
ဖုံနှင့်လွှမ်းလည်း တူရှုထင်းလင်း ၊ လမ်းလယ်ကျွန်းကို အလှဆင်မည်” လို့ရေးထားဖူးပါတယ်။ မီဒီယာ ပလက်ဖောင်းတစ်ခု
ဖြစ်တဲ့ဘလော့ဆိုတာ ပေါ်ပေါက်လာတော့ ကျနော်လည်း မာနတွေ အတ္တတွေမကင်းတဲ့ ရေတမာရဲ့စေတနာစာလေးတွေနဲ့
အလှဆင်ရင် ကောင်းမယ်လို့ စိတ်ကူးရင်း ဒီနာမ်မည်ရွှေးဖြစ်သွားတာပါ။

အောင်မလေးမောလိုက်တာ။ မပြီးသေးဘူး အဆွေ။ ကျနော် သိပ်ကြိုက်တဲ့ စာရေးဆရာ(ဦး)မင်းလူရဲ့ “ရေတမာ”၀တ္တုကို
အသင်ဖတ်ဖူးပါ၏လော။ ဤ၀တ္တုထဲမှ ရေတမာလို့ အခေါ်ခံရတဲ့ ရုပ်ဆိုးတဲ့ ကိုနောင်စိုးကိုအားကျတယ်။လူဆိုတာလည်း
ခက်သားလား ကိုယ့်ဘာသာ မင်းသားလို့ ထင်နေတတ်တာမျိုး။ အဲဒါနဲ့ပဲ ဒီအမည်နာမကို ကန့်ကွက်မဲ မရှိနဲ့အတည်ပြု
လိုက်မိတော့သည်တမုံ။

ကျနော်ရေတမာပင် ဖြစ်တည်ဖို့ လိုအပ်သော အေးမြတဲ့ ရေကြည်၊နွေးထွေးတဲ့ နေခြည်နှင့်တူသည့် သူငယ်ချင်းအပေါင်း
မရှိလျင်မဖြစ်ပါခင်မျာ။ ရေတမာပင်က စာဖတ်အားနည်းသည့်၊ အတွေ့အကြုံနည်းပါးသည့် အရေးမှား၊အပြောမှား
သစ်ရွက်ခြောက်အမှိုက်လေးများ ကျခဲ့လျှင် ကြိုတင်တောင်းပန်အပ်ပါသည်။

အော.........ပြောရဦးမယ်....ကျနော်ကို ခင်မင်တယ်ဆိုရင်တော့ ရေတမာလို့သုံးနှုံးရင် လုံလောက်ပါတယ်ခင်ဗျာ။

တလနွန်ရေ ကျေနပ်ပါစေနော်.....

ဒီတခါ အနော် တက် မှာက Acacia နှင့် သူမ၏ မျက်ဖြေအလင်္ကာ အမည်နာမ များမည်သို့ပေးဖြစ်ပုံ ၊(၁၀၀မှတ်)


ဗလာမဲ (Lucky Draw များတွင် ဗလာမဲ ဆိုလျှင် မည်သို့တွေ့ရမည်နည်း?)
ရေတမာ

Monday, May 25, 2009

မေးမယ်၊ဖြေကွယ်

7 comment
အတန်းထဲမှာ အတွက်ပုစ္စာတွေဆိုရင် ကျနော်တစ်ယောက် ခေါင်းမီးတောက်နေပါပြီ။ တော်တော်စဉ်းစားယူရပါတယ်။ ကိုယ့်ဘာသာ ဥာဏ်ကောင်းတယ် ထင်နေတာ။ ဘယ်ကလာ။ မှတ်ဥာဏ်လေးနည်းနည်းကောင်းတာဗျ။ ဥာဏ်ကောင်း တယ်မကောင်းဘူး ဆိုတာဥာဏ်စမ်းပုစ္စာတွေ မေးလာရင်သိသာပါတယ်။ ဖြတ်ထိုးဥာဏ်လည်းရှိတယ်၊ ဥာဏ်လည်း ကောင်းတယ်ဆိုရင် အဖြေကို မကြာမီအချိန်အတွင်းမှာဖြေဆိုနိုင်ပါတယ်။ (ကိုနိုင်မေးတဲ့ ပုစ္စာဆိုရင် တစ်ရက်လောက် ကြာအောင်စဉ်းစားယူရတယ်။းP)

ပြီးတော့ ငယ်ငယ်ထဲက ဦးနှောက်ကို မစဉ်းစားခိုင်းတာလည်းပါတယ်။ ကြာလာတော့ စဉ်းစားခိုင်းရင် စက်အိုကြီးများလို ပူပြီး မီးခိုးတွေအူလာပြီ။ သူငယ်တန်းကနေ တက္ကသိုလ်အထိ စာကို “၏။သည်” မရွေးကျက်လာတော့အကျင့်က ပါနေပြီ။ စဉ်းစားတာနည်းတော့ စဉ်းစားရမှာပျင်းလာတယ်။ ပျင်းတော့ မစဉ်းစားတော့ဘူး။ ဒီလိုနဲ့ ဥာဏ်ထိုင်းလာတယ်။ မတိုးတက်ဘူး။ သူများအောက်ကျတယ်။ တကယ်လည်း စားဝတ်နေရေးအတွက် လုပ်ငန်းခွင်လည်း ၀င်ရော ကာယလုပ်သား အဖြစ်နဲ့ပဲ လုပ်ကိုင်နေကြရပါတယ်။(“ဥာဏ်” ဆိုတဲ့ “ဘောင်” အတွင်းက ကျနော့်အမြင်ပါ)။ စက်ရုပ်များ လိုနိစ္စဒူဝ ဒီအလုပ်ပဲလုပ်ကိုင်နေတာ့ ဦးနှောက်တွေလည်း ခမ်းခြောက်လာပါပြီ။ တီတွင်ဖန်တီး၊ စွန်းစားရမှာတောင် ကြောက်နေပါပြီ။ စိမ်ခေါ်မှုကို မျက်နှာလွဲထား၊အောင်မြင်မှုဆိုတာ ကိုယ်နှင့်မဆိုင်သလို နေတတ်နေခဲ့ပါပြီ။ လူအောက်ကျို့ လို့လူမပိပေမယ့်၊ လူဖိလို့ ပြားနေတဲ့မြန်မာတွေ ထပ်လိုက်ရင်တောင် မိုးမျှော်တိမ်ကြီးလောက်ဖြစ်နေပါပြီ။

ဦးနှောက်ထက်မြက်နေရင် လူလည်းနုပျိုလာမယ်။ တီတွင်ဖန်တီး၊တွေးခေါ်မှုတွေ တက်တက်ကြွကြွနဲ့ လုပ်ကိုင်နေတော့ စိတ်ပျော်ရွင်နေမယ်။ စိတ်ပျော်ရွင်ရင် စိတ်ဓါတ်ခွန်အားတွေ တိုးပွားလို့ ကိုယ်ခံအားတွေလည်းကောင်းလာမယ်။ လေးလံ ထိုင်းမှိုင်းနေရင်တော့ ရောဂါဘယတွေကလည်း ၀င်လာမှာပဲ။ ဦးနှောက်လေးကို အလုပ်ပေးလိုက်ရအောင်လား.....













အောက်မှာ အဖြေလေးတွေတိုက်ကြည့်ပါနော်.....






















နံပါတ်တစ်၏အဖြေ


နံပါတ်နှစ်၏ အဖြေ

နံပါတ်သုံး၏ အဖြေ


နံပါတ်လေး၏ အဖြေ



ပျော်ရွင်ချမ်းမြေ့ပါစေ
ရေတမာ

Sunday, May 24, 2009

အဖိုးတန် Cards လေးများ

4 comment

ဝေါ.....................နေလည်ထမင်းစားချိန်ရောက်ပြီ ဖြစ်ကြောင်း ဥသြောဆွဲသံကျယ်လောင်စွာ ကြားရသော အခါ လုပ်လက်စအလုပ်တွေ လက်စသတ်ပြီး ၀တ္တရားတစ်ခုအနေဖြင့် ထမ်းဆောင်ရန်ရှိသော တာဝန်တစ်ခုကို ထမ်းဆောင်ရန် သွားသူပမာထမင်းစားဖို့ ကင်တန်းကို ဦးတည်ခဲ့ပါသည်။ သူလိုချေးများသူ အနေဖြင့် စားစရာ မည်မည်ရရမရှိပါ။ ဒီတိုင်းပြည်သည် ကျွန်းဖြစ်ပါလျက် ဆားမရှိဘူးရော့ထင်။စားသမျှ အစာတွေက ပေါ့ရွှတ်ရွှတ်နှင့် အရသာမတွေ့။ ယခုတလော ထမင်းစားမကောင်းသည်မှာ ရက်သတ္တပတ် ၂ပတ်မျှရှိပြီ။ ထုံးစံအတိုင်း စားကောင်းမည်ထင်သည့် ဟင်းအမယ်များကိုရွေးရင်း တစ်ယောက်တည်း မျိုမကျမည့် အတူ အပေါင်းအဖော်များနှင့်ဆိုလျင် အနည်းငယ်မျှ စားဝင်မည်ထင်၍ လုပ်ဖော်ကိုင်ဖက်များ ရှိရာစားပွဲသို့ လျောက်လှမ်းခဲ့ပါသည်။ ကိုယ့်ဟင်း သူ့ထဲတည့်၊ သူဟင်းကိုယ် ထဲထည်ကြရင်း ပန်းကန်ထဲတွင် အမျိုးပေါင်းတော်တော်စုံသွားသည်။

စားသောက်ပြီးစီးလျှင် တစ်ယောက်က ပိုက်ဆံစု၍ အအေးသွားဝယ်ရပါသည်။ ခေါင်းကိုက်နေ၍ ခေါင်းကြည်စေရန်လီမွန်တီးမှာမည်လို့ ကြံစည်ကာ ကိုယ်ကြိုက်တာကိုယ်မှာကြရင်း ကျနော်လည်း ပိုက်ဆံထုတ်ပေးလိုက်ပါသည်။ လုပ်ဖော်ကိုင်ဖက်ကကျနော်ပိုက်ဆံအိတ်ကို မြင်၍ အတင်းလုရင်း အိတ်ထဲရှိသမျှမွေပါတော့သည်။ ကျနော်လည်း "ပြန်ပေးပါကွာ။ ဒီပိုက်ဆံအိတ်က ငါ့ရဲ့ ဘ၀၊ ဒါမရှိရင် ငါ့ဘ၀ဘာမှ အဓိပ္ပါယ်ရှိတော့မှာမဟုတ်ဘူး""ဘာဆိုင်လို့လည်း၊ ဘာတွေများပါလို့လည်း မင်းပိုက်ဆံအိတ်ထဲမှာ" ဆိုပြီး တစ်ခုခြင်းစစ်ပါတော့သည်။ ကျနော်ပိုက်ဆံအိတ်ထဲက ကဒ်ငါးကဒ်ထွက်လာတယ်။

ပထမက အလုပ်လုပ်ခွင့် ပါမစ်ကဒ်။ ဒါမရှိရင် ကျနော်ဒီမှာ အလုပ်လုပ်လို့မရတော့ပါဘူး။ သူနဲ့စပ်နွယ်ပြီး ကျန်တဲ့ ကဒ်လေးခုဖြစ်တည် လာရပါသည်။ ဒုတိယက ကျနော်လစာတွေ အလွယ်တကူ ထုတ်ယူသုးံစွဲနိုင်တဲ့ ATM ကဒ်။ သူကတဆင့် ပေါက်ဖွားလာတဲ့ Debit Card။ အဲဒီနောက် ကျနော်ရဲ့ခြေထောက် EZ LINK ကားကဒ်။ ပြီးတော့ ကျောင်းသားကဒ်။ ထိုအရာများသည် ကျနော့်ဘ၀ပင်ဖြစ်သည်။ "ဒါတွေက ငါ့ဘ၀ပေါ့။ ဒါတွေမရှိရင်ဘာမှလုပ်လို့ မရတော့ဘူး" လို့ရှင်းပြ တော့ သူလက်မခံပါဘူး။ "ဒါတွေက မင်းဘ၀မဟုတ်ပါဘူး" လို့သူစောဒက တက်တယ်။ "ငါဒါတွေကိုယူလိုက်ရင် မင်းဘ၀ပျက်မှမသွားဘဲ"တဲ့။

"ကျနော်ပြောတာ ဒီကဒ်တွေကို ပြောတာမဟုတ်ဘူး။ ဒီကဒ်တွေရဲ့ ကျနော့်အပေါ်ဘယ်လောက်အကျိုးပြူသလဲ ဆိုတာပဲ၊ ဒီကဒ်တွေမရှိရင်၊ ပျောက်သွားရင် နောက်Company ရဲ့ကဒ်တွေလုပ်လို့ရတယ်။ ဒါပေမယ့် သူတို့ မရှိလို့တော့မဖြစ်ဘူး။ ကားကဒ်ဆိုပါတော့ သူများတွေလည်း သုံးလို့ရတယ်။ သူသွားစရာမရှိရင် သူ့အတွက်ဘာမှအသုံးဝင်မှာမဟုတ်ဘူး။ ကျနော်ကအမြဲသွားနေရတာလေ။ တခြားသောကဒ်တွေလည်း
သူများတွေအတွက် ဘာမှမဟုတ်ပေမယ့်၊ ကျနော်အတွက် ဘ၀တစ်ခုပါပဲ။"

သူဘာမှမပြောဘဲ ကဒ်တွေကို ပိုက်ဆံအိတ်ထဲထည့်ပြီး ပြန်ပေးတယ်။ အအေးသောက်ပြီး နေ့လည်လုပ်ငန်းခွင်ဝင်ဖို့ ကင်တန်းကပြန်လာ ခဲ့ကြတယ်။ လမ်းတလျောက်လုံး ကျနော်ခေါင်းထဲအတွေးတစ်ခု ၀င်လာတယ်။ ကဒ်လေးတွေ နေရာမှာ ကျနော်ရဲ့ သူငယ်ချင်း၊မိတ်ဆွေတွေ၊ အွန်လိုင်း သူငယ်ချင်းတွေ၊ ဘလော့ကို လာလည်တဲ့ သူငယ်ချင်းတွေကို ပြေးမြင်မိတယ်။ဒီသူငယ်ချင်းကဒ်လေးတွေကလည်းငါ့ဘ၀အတွက် မရှိမဖြစ်ပါ့လားလို့တွေးမိတယ်။ သူများတွေ အတွက်ဘယ်လိုရှိမယ်မသိပေမယ့် ကျနော်အတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။ ကဒ်လေးတွေလို ပျောက်သွားလည်း နောက်ထပ်သူငယ်ချင်းလေးတွေပြန်ရနိုင်တယ်။ ဒါပေမယ့် သူငယ်ချင်းလေးတွေ မရှိလို့ မဖြစ်ဘူး။ သူတို့ကို တန်ဖိုးထား ရမယ်။ သူတို့ကို မပျောက်ပျက်အောင် ထိမ်းသိန်းရမယ်။ သူတို့ကို ပျော်ရွင်အောင်ဖန်တီးပေးရမယ်။ အားငယ်တဲ့အခါ နှစ်သိမ့်ပေးမယ်။ ပြောချင်တဲ့အခါ နားတစ်စုံဖြစ်အောင် ကြိုးစားပေးမယ်။ အဲဒီအခါ ကမ္ဘာကြီးဘယ်လောက် သာယာလှပ နေလိမ့်မလဲ။ အတွေးနဲ့တင် ကျနော် တော်တော်ပျော်နေပြီဗျာ။

သူငယ်ချင်းအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ။
ရေတမာ

Friday, May 22, 2009

တစ်တီတူး

4 comment
ညကကျနော် ခြေနှစ်ချောင်းကို မိုးပေါ်ထောင်ထားတဲ့ ထူးထူးဆန်းဆန်း သတ္တ၀ါလေးတစ်ကောင်နဲ့ တွေ့ခဲ့တယ်။
“ဟ ဟတ်ကောင် မင်းဘာကောင်လဲ၊ဘာလို့ အဲလိုအိပ်နေတုန်း၊ သူများတွေ ရိုးရိုးတန်းတန်းအိပ်တာပါ” ကျနော် လျှာရှည်ပြီးမေးလိုက်မိသည်။သူကကျနော်ကိုတချက်ကြည့်ပြီး“မိုးပြိုမှာစိုးလို့”တဲ့ကျနော်လည်းဟတ်ဟတ်ပတ်ပတ် ရီလိုက်တယ်။“မရီပါနဲ့ဗျာ၊ သူသူကိုယ်ကိုယ် အကြောက်တရားတစ်မျိုးစီတော့ ရှိကြတာပဲ။ တချို့က သရဲကြောက်တယ်၊တစ်ချို့ ကအရုပ်ကြောက်တယ်၊ တိရိစ္ဆာန်ကြောက်တယ်၊ ခများလည်းတစ်ခုခုတော့ကြောက် မှာပဲ”ပြောတော့ကျနော်လည်းသနားသွားပြီး “မိုးမပြိုပါဘူးကွာ၊ မင်းကိုဘယ်သူပြောလဲ ၊စိတ်ချလက်ချအိပ်၊ ဘာမှပူပန်မနေနဲ့”လို့နှစ်သိမ့်လိုက် တော့ မျက်နှာငယ်လေးနဲ့ “ပြိုမှာဗျ”လို့ရေ ရွတ်နေလေရဲ့။ သူ့ပူပန်မှုကိုယုတ္တိ မရှိဘူးမပြောရက်ပါဘူး။ သူတကယ် ခံစားရလို့နေမှာပါ။ ပြိုင်ပြောမနေချင်တာနဲ့ လှည့်ထွက်မယ်လုပ်ပြီးမှ လှမ်းမေးလိုက်တယ်။“ဒါနဲ့ မင်းနာမည်ဘယ်သူလဲ”
“တစ်တီတူး”။

ကျနော်လည်း ခေါင်းတခါခါနဲ့ သူ့အနားကထွက်လာခဲ့တယ်။ ခပ်လှမ်းလှမ်းရောက်တော့ မိုးကောင်းကင်ကြီးကို မော့ကြည့် နေတဲ့ သူနဲ့တူတဲ့သူကိုသွားတွေ့တယ်။“ဟရောင် မင်းရော မင်းကောင်တွေလို ခြေထောက်နှစ်ချောင်း ထောင်မအိပ် ဘူးလား”။ကျနော်ကို ခေါင်းခါပြတယ်။ “မကြောက်ဘူးလား”လို့မေးလိုက်တယ်။ သူက ခပ်ဆိပ် ဆိပ်ပဲ။ ကျနော်လည်း သူ့ဘေးနားဝင်ထိုင်ရင်း “မင်းတို့နှစ်ယောက်အကြောင်း ပြောပြပါ့လား”လို့မေးလိုက်တယ်။ သူကသက်ပြင်းချရင်း ပြောပြတယ်။
“သူနဲ့ကျနော်နဲ့က ဘာမှမဆိုင်ပါဘူးဗျာ။ ဒါပေမယ့် သူရှိနေရင် ကျနော်ပျော်တယ်။ ကျနော်သူ့အကြောင်း သိတယ်ဗျ။ သူ့တကယ်ပြိုမှာဗျ။ ကျနော်ကိုသနားလို့ သူအလိုက်အထိုက်ဆက်ဆံနေတာ။ သူ့ရာသီဥတုကို ခင်ဗျားတို့လူတွေ ထက်ကျနော်ပိုသိတာပေါ့ဗျာ။”
အဲဒါကျနော့်ရဲ့ ပူပန်မှုပဲ။”
“မင်းဘာမှ ပြင်ဆင်မထားဘူးလား” ကျနော်ကြားဖြတ်မေးလိုက်တော့
“ဘာကိုပြင်ဆင်ထားရမှာလဲ၊ သူပြိုလာရင်ပြုံးနိုင်အောင်ကျနော်ပြင်ဆင်ထားပြီးပြီ”။
“ဟိုကောင်တွေလို ခြေထောက်နှစ်ချောင်းထောင်မအိပ်ဘူးလား”
“သူပြိုလာရင် မတော်တဆထိခိုက်မိမှာစိုးတယ်၊ ဒါနဲ့ ခင်ဗျား မိုးကောင်းကင် အပိုင်းအစလေးများတွေ့ရင် ကျနော်ကို ပြန်ပေးပါဗျာ။ ကျနော်အမှတ်တရသိမ်းထားချင်လို့”
ကျနော်လည်းခေါင်းညိတ်ပြရင်း ပြန်လာခဲ့တယ်။ မိုးကောင်ကင်ကြီးကို မော့ကြည့်လိုက်တော့ တိမ်တွေက နီးနီးလေးဗျာ။

ပူပင်မှုကင်းဝေးကြပါစေ။
ရေတမာ

Thursday, May 21, 2009

ဆွိ

3 comment

၃ဒေါ်လာတန်အောင် စိတ်ကူးတွေယဉ်ပလိုက်တယ်။ ဗမာငွေနဲ့ပြန်တွက်ကြည့် လောက်ပါ့လောက်ပါ့မလားလို့ စိတ်ပူရတာလည်းအမောပဲ။ ကုန်ဈေးနှုန်းတွေကလည်း ကြီးမြင့်သကိုး။ အမျိုးတွေအတွက်လည်းခွဲတမ်းချရ သေးတယ်။ အိမ်ကကောင်က ထီထိုးရင်းဘေးက Maid ငှားတဲ့ဆိုင်ကို မျက်စောင်းထိုးထိုးနေတာ။ ပေါက်ရင် အွန်စောထက် မညံ့တဲ့ Maid လေးတစ်ယောက်လောက် ငှားပေးပါတဲ့။ လာလာချည်သေး။ နေစရာဖြင့်ကျောတခင်းစာပဲရှိတယ်။၂ယောက်အိပ် ကုတင်ကို တယောက်တခြမ်းအိပ်ရတာလေ။ ဘယ်နေရာ သွားထားမှာလဲဆိုတော့ ကုတင်ခြေရင်းဖျာခင်းပေးမယ်တဲ့။ အဲလိုပညာရှိများသေရင်ဘယ်လောက် ပုပ်စော်နံလိုက်မလည်းမသိဘူး။ သမံသလင်းမှာဖျာခင်းပေးလို့ မနက်ကျစန့်နေမှ အမှုပတ်နေဦးမယ်။ ဒါနဲ့ပဲ အဲ့အစီအစဉ် ပယ်လိုက်တယ်။ နေစရာဆိုလို့ ဆွိသာမပေါက်တယ် စလုံးမှာအနော်တို့ နှစ်ယောက်လောက် ကံထူးတဲ့သူရှိဘူးဗျ။ Master badroom ကို S$ ၉၀ နဲ့နေတာပါကြည့်တော့။ ဗျာ ငှားချင်လို့လား။ ပေါက်ဈေးရရင် Dinning Room ထဲထွက်အိပ်ပေးမယ်းP ။လိပ်စာသိချင်ရင်တော့ သံရုံးက ခပ်ချောချောအမကြီးကို သွားမေး။ အခွန်ဆောင်တိုင်း လျော့ပေးဖို့ မျက်ရည်ခံထိုးတဲ့ကောင်လေးလို့မေး။

ငွေနောက်လိုက်ရတာလည်း မောချင်သလိုလိုဖြစ်လာပြီ။ ဇောကြောင့်သာ မသိသာတာပါ။ ဘ၀၊ ဘ၀ ဘကုံးနဲ့ ၀ လို့သာပဲ။ ဗ နဲ့သာ ဗရင် ထွက်ပေါက်တောင်ရှိမှာမဟုတ်ဘူး။ အိမ်ကလည်းကြွေးပူသတဲ့။ အဲလိုများ ပြောလို့ရှိရင်ရှိတဲ့မျက်ခွက်ဘယ်နားသွားထားရမှန်းမသိဘူး။ (အမျိုးသမီးအိမ်သာထဲ ထည့်ထားလို့တော့ မပြောနဲ့ နော်-လူဇိုး) ။ ကြွေးပူလေးမြန်မြန်ဆပ်နိုင်အောင် မျှော်လင့်ချက်ကလည်းဒါပဲရှိတာပဲကိုး။ တစ်လုံးလွှဲ နှစ်လုံးလွှဲ ဂတုံးလည်း မွဲတာပဲ။ (အလကားပြောတာပါ။ ၀င်ငွေရဲ့ ၁၀% ပဲထိုးတယ်) ။ ပိုက်ဆံများရှိလို့ကတော့လေ ကတ်တီးယား စိန်တိုက်က စိန်တွေဝယ်ပြီး တိုက်ကြီးက သံပရာသီးနဲ့သာဖျော်သောက်လိုက်ချင်တယ်။

စီးပွားရေးသာကျတယ်ပြောတာ ညနေဆို 4Dဆိုင်မှာလူပြည့်နေပြီ။ လာဦးမယ် နောက်နှစ် Casino။ ဘဘလီ ကတော့ပြောပါတယ်။ ငါရှိသရွှေ Casino မရှိစေရဘူးတဲ့။ သူ့သားက လုပ်ချလိုက်ပြီလေ။ စလုံးတွေများ လောင်းကစားဝါသနာ ပါချက်ကတော့ တပတ်လုံး မပြတ်ဘူးဗျို့။ တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာဆို 4D၊ ကြာသာပတေး၊တနင်္လာဆို Toto၊ စနေ၊တနင်္ဂနွေဆို ဘောလုံး၊ မြင်းပွဲကပါလိုက်သေးတယ်။ ဒီကြားထဲ မလေးတို့ တရုတ်တို့သွားပြီး Casino ကလည်းကစားသေး။ (အဲဒါကြောင့် အိမ်က အမျိုးသမီးမခေါ်ချင်တာ) ဟီးဟီးလူကြားရင် အဟုတ်မှတ်နေဦးမယ်။ “အိမ်က အမျိုးသမီး”ရာဇ၀င်က ဒီလိုဗျ။ သူငယ်ချင်းတစ်ကောင်ပေါ့ ကြည်ကြည်နှုးနှုးအတွဲ လေးများမြင်ရင် စုပ်သပ်ပြီး ညီးတယ်။ “အိမ်က အမျိုးသမီးပြန်ခေါ်ရင်ကောင်းမယ်” တဲ့။ မပြုံးပဲဝါးလုံးကွဲ ရီလိုက်ရတာ IC ၁၅ နှစ်ပြည့်ခွေထဲက မျိုးကြီးအသံနဲ့။ လူကဖြင့် မွဲပြာကျနေတာ။ ရည်းစားဖြင့် မူးလို့ရှုစရာတောင်မရှိဘဲနဲ့။(မှတ်ချက် -ရည်းစားသည် ရှုဆေးမဟုတ်ပါ)။ထားပါ။ ဒါနဲ့အကြောင်းညီညွတ်ရင် အဲ့စကားကပါပါလာတယ်။

အဲဒီတော့ စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်းဆိုသလို နိုင်ငံ့ငွေတွေ သူများဆီမရောက်အောင် ဘဘလီလည်း မချစ်သော်လည်းအောင့်ကာနမ်းလို့ Casinoဖွင့်ဖို့သဘောတူရတာပေါ့။ ဘာပဲဖြစ်ဖြစ် အလုပ်လေး ရလို့ရငြား စနည်းနာကြည့်ရဦးမှာပဲ။ ကံလည်းစမ်းရင်ပေါ့။ ကန် ကောင်းအောင် ဘိလပ်မြေများများ စားရမလားလို့ ကြံစည်မိရဲ့။(ငိုမဲ့သူမရှိတာနဲ့ ပယ်လိုက်တယ် :P) မိတ်ဆွေလည်းကံစမ်းကြည့်ပါ။ လှန်ထားတာ မြင်ရတယ်တဲ့။ ကာထားတာကိုမမြင်ရဘူးလို့ ဆိုရိုးစကားရှိတယ်မဟုတ်လား။ မှားလို့ လှံထမ်းလာတာ မြင်ရတယ် ကံထမ်းလာတာ မမြင်ရဘူးမဟုတ်လား။ ကျုပ်လည်း အဲဒီမမြင်ရတဲ့ ကံကိုစမ်းတ၀ါးဝါးလိုက်စမ်းမိလေရဲ့။

ကျနော့်ဂဏန်းလေးများပေါက်ခဲ့ရင် အကြောင်းကြားပေးပါဗျာ။ ပထမဆုပေါက်ခဲ့ရင် လာလည်တဲ့သူအားလုံးကို စိန်နဲ့ သံပရာတိုက်ပါ့မယ်။ တကယ်။ ကျေးဇူးတင်လွန်းလို့။

ရီသောသူများအသက်ရှည်ကြပါစေ။
ရေတမာ

Wednesday, May 20, 2009

ဖိနပ်ပါး

1 comment

စာမရေးနိုင်တာလည်း တော်တော်ကြာနေပါပြီ။ ရေးတတ်လို့တော့မဟုတ်ပါဘူး။ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့
ရေးနေတာပါ။ ဒီနေ့ နေသိပ်မကောင်းပေမယ့် နောက်ဆုံးသင်ခန်းစာပြေးတက်ရင်း အဲကွန်းဒဏ်မခံနိုင်လို့ break
time တင်ပြန်ပြေးလာခဲ့ပါတယ်။ နေမကောင်းတော့ ထုံစံအတိုင်း အရာရာကို စိတ်ပျက်တဲ့ ရောဂါဝင်လာရင်း
အိမ်ပြန်လမ်းတလျောက် ခေါင်းသာတွင်တွင်ခါရမ်းလာမိပါတော့တယ်။ အိမ်ရှေ့မှတ်တိုင်ရောက်တော့ ဗိုက်ထဲမှာ
ဟာလာတာနဲ့ စားစရာ၊ဆေးတွေ ၀ယ်ရင်းကိုယ့်ဘာသာကိုယ် စောင့်ရှောက်ရတော့တာပေါ့။ မမိုးချိုသင်းစကားငှား
သုံးရရင် “ကိုယ့်ဘာသာကိုယ်စောင့်ရှောက်ခြင်းသည် သူတစ်ပါးကိုလည်းစောင့်ရှောက်ခြင်းမည်သည်” တဲ့။

စားသောက်ပြီး အချိန်ရှိသေးတာနဲ့ လွတ်သွားတဲ့သင်ခန်းစာတွေ ပြန်ကြည့်ရင်း စာရေးချင်စိတ်ပေါက်လာတယ်။
အရင်ကတော့ ကွန်ပြုတာရှေ့မှာ ခေါင်းထဲပေါ်လာသမျှ ချရေးတာပါ။ သူငယ်ချင်းတစ်ယောက်က လက်ရေးစာမူ
ကြည့်ချင်တယ်လို့ အရင်ပြောဖူးတာ သတိရပြီး စာရွက်ပေါ်ချရေးမိတယ်။ ဘာရေးရမလဲလို့ စဉ်းစားနေတုန်း
သူငယ်ချင်းဖွင့်တဲ့သီချင်းသံကြားရတယ်။ ကိုအငဲရဲ့သီချင်း “ရုပ်ဝတ္တုတို့ဆီ လိုက်ရင်းပြေးရင်း ~~~~
ဖိနပ်လည်းပါးတော့မယ့်”ဆိုတဲ့သံစဉ်ကို တော်တော်သဘောကျသွားတယ်။ ဒါနဲ့ပို့စ်လေးကို
ခေါင်းစဉ်ပေးလိုက်တယ်။ “ဖိနပ်ပါး”လို့။

ဒီသံစဉ်ကြားတိုင်းကိုယ့်မှာရှိတဲ့ တစ်ရံတည်းသော၊ အမြီးပါးနေသော all star လေးကိုပဲ ပြေးမြင်မိတယ်။
ရုပ်ဝတ္တုတွေနောက် စလိုက်ရင်း ၂ နှစ်အကြာမှာ ၀ယ်ခဲ့တဲ့ ဖိနပ်လေးပေါ့။ ကိုယ်ပိုင်ဝင်ငွေနဲ့ ၀ယ်ထားပြန်၊
ကိုယ်ကြိုက်တဲ့ တံဆိပ်လေးလည်း ဖြစ်တော့ တရိုတသေစီးရင်း နှစ်အတော်ကြာညောင်းလာပါပြီ။ ဖိနပ်အသစ်ဝယ်ဖို့
စိတ်ကူးရှိပေမယ့် တခြားကုန်ပေါက်တွေ ပေါ်ပေါ်လာတာနဲ့ သူ့ကိုပဲ အသုံးတော်ခံစေခဲ့ပါတယ်။
အကောင်းကြိုက်ပေမယ့် ရတဲ့ဝင်ငွေနဲ့ ချင့်ချိန်ပြီး မျက်စပစ်ထားတဲ့ ဖိနပ်တွေလည်းမနည်းတော့ပါဘူး။

ကျနော်ဖိနပ်ရှပ်တိုက်စီးတာကို မုန်းတီးပါတယ်။ ကျနော်ကိုယ်တိုင် သတိထားပြီးစီးတာတောင်
ဖိနပ်အမြီးပါးလာတယ်။ အဖော်ကောင်းလို့ club သွားမယ် ဆိုလည်းသူပဲ။ စိတ်ညစ်လို့
အရက်သွားသောက်မယ်ဆိုလည်းသူပဲ။ အဖော်အပေါင်းနဲ့ ပျော်ပွဲရွင်ပွဲသွားမယ်ဆိုလည်း သူနဲ့ပဲသွားတယ်။
(ကလပ်သွားတာ၊ အရက်သောက်တာ ဟိုးအရင်တုန်းကပါ။တော်ကြာ ကိုနိုင်တို့က အခုပါလုပ်နေတယ်
ထင်မှာစိုးလို့။ ဝေရာမဏိထားတာကြာပါပြီ။ ဤကားစကားချပ်) ဘ၀တက်လမ်းဖြစ်တဲ့ ကျောင်းကိုသွားတော့လည်း
သူ့ကိုပဲ အသုံးပြုပါများတော့ မပါးပဲနေပါဦးမလား။ ဘုန်းကြီးကျောင်းသွားလည်း သူပါပါတယ်။

တခြားဖိနပ်တွေသာရှိရင် တလှည့်စီ စီးနေတာနဲ့ ဖိနပ်ပါးတာကို သတိပြုမိမှာ မဟုတ်ပါဘူး။ တစ်ရံတည်းဆိုတော့
ပါးလာတာကို မြန်မြန်သိလာပါတယ်။ သိတိုင်းလည်း “ငါရုပ်ဝတ္တုတွေနောက် တော်တော်လိုက်နေပါ့လား”လို့
စဉ်းစားမိပါတယ်။ဒီလိုပဲစဉ်းစားရင်း၊ ဒီဖိနပ်ပဲစီးရင်း၊ လျစ်လျူရှုရင်း မပြည့်ဝနိုင်တဲ့ အတောမသတ်နိုင်တဲ့
ရုပ်ဝတ္တုတွေ၊ စိတ်ခံစားမှုတွေဆီ တိုးဝင်မိလေရဲ့။ဒီလိုစီးမျောရင်း လိုချင်တဲ့ စည်းစိမ်ဥစ္စာ၊ အတတ်ပညာရပြီလား
ဆိုတော့လည်း ထင်သလောက်မရသေးပါဘူး။ ပိုက်ဆံရှာရင်း မစုဆောင်းမိခင် ဒီဖိနပ်လေးပြတ်သွားရင်
ဘယ်လိုစခမ်းသွားရပါ့။ ဒါတွေတွေးမိတိုင်း လူမှုကိစ္စမှာသုံးတဲ့ ဖိနပ်လေးချွတ်လို့ ဘုန်းကြီးကျောင်းဝင်းထဲဝင်
တရားဓမ္မနာယူ။ မသွားမဖြစ်တဲ့ လူမှုကိစ္စတွေမှာ ဒီဖိနပ်လေးပဲစီးရင်း သတိတရားလေးနဲ့ နေမယ်လို့ ဆုံးဖြတ်မိပါရဲ့။
ဝိရိယအားနည်း၊ တဏှာအားကြီးလေတော့ စိတ်ထားကမခိုင် ယိုင်နဲ့နဲ့ နှင့် ဘုရားဦးချ ဖိနပ်လေးအသာလျိုလို့
ဘုန်းကြီးကျောင်းကပြန်လာခဲ့သည်။

ကျနော်တို့ ဘ၀မှာရော အချိန်ဆိုတဲ့ ဖိနပ်ကိုစီးရင်း ပစ္စည်းဥစ္စာတွေ၊ ဂုဏ်သိမ်စည်းစိမ်တွေ၊ လောကဓါတ်ပညာတွေ
နောက် တကောက်ကောက်လိုက်ရင်း ဘယ်ချိန်ပြတ်မယ်မှန်းမသိတဲ့ ဖိနပ်ကို တမေ့တမောစီးရင်း ဘုရားမေ့၊
တရားမေ့၊ ကိုယ်ရည်ကိုယ်သွေးထက်မြက်မယ့် ဘ၀အရည်အသွေးတွေ မေ့ရင်း ငွေကြေးဥစ္စာ၊
အတောမသတ်နိုင်တဲ့ လောဘတဏှာတွေနောက်လိုက်နေကြတယ်။ ကိုယ့်အချိန်ဖိနပ်လည်း ပါးလာတာ
တ၀က်နီးပါးတောင်ရှိလာပါပြီကော။ ဖိနပ်ပါးလာတာနဲ့အမျှ ခရီးရောက်စေဖို့ သွားတဲ့ခဏ သတိပဌာန်တရားလေး
မှတ်လို့၊သီလခြုံရင်း ၊ပါရမီကျင့်ကြံ၊ပွားမေတ္တာ၊ထားမေတ္တာတွေနဲ့ ၀ိပဿနာမှတ်ကာ အထပ်ထပ်သတိပြု
နေရမယ်လို့ မှီသမျှဥာဏ်လေးနဲ့ စဉ်စားမိပါတယ်။

လေးစားလျက်
ရေတမာ

Sunday, May 10, 2009

မေမေသို့

1 comment

မေမေ့ကို သားအရမ်းချစ်တယ်
သားကို မွေးဖွားပေးပြီး လူလားမြှောက်အောင် ပြုစုပျိုးထောင်ပေးတဲ့ မေမေ့ကို ကျေးဇူးတင်ပါတယ်။



အမေများအားလုံး နှင့်မိခင်လောင်းများအာလုံး ကိုယ်ကျမ်းမာ၊စိတ်ချမ်းသာပါစေ

Friday, May 08, 2009

စိတ်အားဖြည့် ဓမ္မကြာပွင့်များ

0 comment
ခန္ဓာမယိုင်လဲဖို့ ခံတာခိုင်မြဲနေပါတယ်

ရထားတဲ့ ခန္ဓာလေး တည်မြဲနေအောင်
ရထားတဲ့ ဘ၀လေး ရှင်သန်နေအောင်
ပုံစံအမျိုးမျိုးးနဲ့ ပြုပြင်ဖန်တီးပေးနေရတာဟာ
ကိုယ့်ကံကြွေးကြောင့် ကိုယ်ရလာတဲ့ ဘ၀ခန္ဓာအတွက်
ကိုယ်ကိုယ်တိုင် ပေးဆပ်နေရတာပါပဲ။
ကိုယ့်ကံက သူတစ်ပါးကိုထိခိုက်ပျက်စီးအောင် လုပ်ခဲ့တဲ့
အကုသိုလ်ကံဆိုရင်တော့ သာမာန်ပေးဆပ်နေရသူတွေထက်
အဆပေါင်းများစွာ အပင်ပန်း အဆင်းရဲခံပြီး ပေးဆပ်ရမှာပေါ့။

ရှေးအထူးမြင်ကြည့်ရင် ကျေးဇူးရှင်တွေချည်းပါပဲ

သံသရာမှာ ဆွေမျိုးသွေးသား မတော်စပ်ခဲ့ဖူးတဲ့သူရယ်လို့
တစ်ဦးတစ်ယောက်မှ မရှိတဲ့အတွက် ကိုယ်နဲ့ ထိတွေ့ပက်သက်လာသမျှ
လူသားတိုင်းဟာ ကိုယ့်ရဲ့ဆွေမျိုးသွေးသားတွေချည်းပါပဲ။
အဲဒီဆွေမျိုးသွေးသားတွေက ကိုယ့်အပေါ်ဘ၀တစ်ခုခုမှာ
ကျေးဇူးတစ်ခုခုတော့ ပြုခဲ့ကြဖူးမှာဖြစ်လို့ မြင်မြင်သမျှလူသားတိုင်းဟာ
ကိုယ့်ရဲ့ ကျေးဇူးရှင်တွေချည်းလည်းဖြစ်နေပြန်ပါတယ်။
သူတော်ကောင်းစိတ်ဓါတ် အဆင့်မြင့်တဲ့ပုဂ္ဂိုလ်ဟာ
ဒီဘ၀ကျေးဇူးရှင်တွေကိုသာမက သံသရာဘ၀အဆက်ဆက်က
ကျေးဇူးရှင်တွေကိုပါ “ကျေးဇူးရှင်” လို့ သတ်မှတ်ပြီး
ကျေးဇူးသိလေ့၊ ကျေးဇူးဆပ်လေ့ ရှိပါတယ်။
ဒီဘ၀ ကိုယ့်အပေါ်တိုက်ရိုက်ကျေးဇူးပြုသူတွေရဲ့ အကျိုးစီးပွားကို
ဆောင်ရွက်ပေးတဲ့အပြင် ကိုယ့်နဲ့ကျေးဇူးခံ ကျေးဇူးစား
လုံးဝမပက်သက်တဲ့သူတွေရဲ့ အကျိုးစီးပွားကိုလည်း
ဆောင်ရွက်ပေးပါတယ်။

အဆီပြည့်နက်တဲ့ ဒီနေ့တစ်ရက်ဖြစ်ပါစေ

ငါ့အတွက်ဒီနေ့တစ်ရက်ပဲ အသက်ရှင်သန်ခွင့်ရှိတယ်လို့
စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ထင်မြင်နေပြီဆိုရင်
ဒီတစ်ရက်ကလေးကို မကောင်းမှု အကုသိုလ်အလုပ်တွေနဲ့
အချိန်ဖြုန်းမှာ မဟုတ်တော့ပါဘူး။ လောကီအာရုံကာမဂုဏ်တွေနဲ့ချည်းလည်း
အချိန်ဖြုန်းမှာမဟုတ်တော့ပါဘူး။ ကောင်းမှုကုသိုလ်အလုပ်တွေကိုပဲ
စက္ကန့်တိုင်း မိနစ်တိုင်းလုပ်ဖြစ်အောင် ကြိုးစားတော့မှာ သေချာပါတယ်။
မလွှဲမရှောင်သာလို့ လောကီကိစ္စလူမှုအလုပ်တွေ လုပ်ရတာဆိုရင်လည်းပဲ
တရားအသိလေးနဲ့၊ အမှတ်သတိလေးနဲ့ပဲ လုပ်ဖြစ်တော့မှာပါနော်။
လောကီမှာနေရင်တော့ လောကီအလုပ်တွေက မလုပ်လို့မဖြစ်ဘူး။

တွက်ခြေလှမှ မျက်ရည်ကျပါ

မိမိကျလိုက်တဲ့ မျက်ရည်ကြောင့် အကုသိုလ်တရားတွေ တိုးပွားလာတယ်
ကုသိုလ်တရားတွေ ဆုတ်ယုတ်သွားတယ်ဆိုရင် အဲဒီမျက်ရည်မျိုးဟာ
မမှီဝဲထိုက်တဲ့မျက်ရည်၊ မကျထိုက်တဲ့မျက်ရည်၊တန်ဖိုးမရှိတဲ့မျက်ရည်ပါပဲ။
မျက်ရည်ကျပြီးတဲ့နောက် ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးဖြစ်မယ်ဆိုရင်
မကျတာပဲကောင်းပါတယ်။

ငါ့မျက်ရည်တွေနဲ့ငါရေချိုးနေရတာပါလား

ရေခွက်နဲ့ခပ်ပြီး ရေကိုလောင်းချိုးလိုက်တိုင်း၊ လောင်းချိုးလိုက်တိုင်း
သြော်.....သံသရာတစ်လျှောက် ငါကျခဲ့ရတဲ့မျက်ရည်တွေကို
ငါရေချိုးနေရပါလား။ အဲဒီလို ဆင်ခြင်ကြရမယ်။
အဲဒီလိုများ ဆင်ခြင်နှလုံးသွင်းနိုင်ခဲ့မယ်ဆိုရင် ခန္ဓာကိုယ်
မွေးညင်းပေါက်ကလေးတွေထဲက စိမ့်ဝင်သွားတဲ့ရေတွေနဲ့အတူ
သံဝေဂစွမ်းအင်တွေလည်း စိမ့်ဝင်ပြီးတော့သွားကြမှာပါပဲ။

သူ့အကြောင်းကြည့်မှ မိတ်ဆွေကောင်း

“အရူးမမို့ အဖက်မလုပ်ဘူး” “အရူးမမို့ အဖက်မလုပ်နဲ့”ဆိုတဲ့
သူတော်ကောင်းစိတ်မရှိသူတွေနဲ့ချည်းသာ တွေဆုံရမယ်ဆိုရင်တော့
ပဋာစာရာရဲ့ဘသ အခုလို လှပလာတော့မှာ မဟုတ်ပါဘူး။
လူအများစုရဲ့သဘောက ကိုယ်ကသာ မိတ်ကောင်းဆွေကောင်းလိုချင်တယ်။
ကိုယ်ကတော့ သူတစ်ပါးရဲ့မိတ်ကောင်းဆွေကောင်းဖြစ်ဖို့
မကြိုးစားချင်ကြပါဘူး။ သူတစ်ပါးအပေါ် နေရာတကာ အပြစ်မြင်၊
အပြစ်တင်တဲ့စိတ်နဲ့ အဆင့်အတန်းခွဲခြားပြီး ဆက်ဆံချင်ကြပါတယ်။
ကိုယ့်အတွက်ရပေါက်ရှိမှ ပေါင်းချင်ကြပြီး ရပေါက်မရှိရင်
မပေါင်းချင်ကြပါဘူး။ ဒါကိုပဲ “လူမှုဆက်ဆံရေးတော်တယ်“လို့
တလွဲဂုဏ်ယူတတ်ကြပြန်ပါသေးတယ်။ အမှန်ကတော့
တစ်ကိုယ်ကောင်းဆန်တာပါ။ မေတ္တာတရားခေါင်းပါးတာပါ။

ဒေါသဖျက်ရင် မနောအလှပျက်မယ်

ဒေါသကြောင့် စိတ်ပျက်စီးပုံကတော့ နဂိုက စိတ်သဘောထား
ဘယ်လောက်ကောင်းကောင်း ဒေါသ၀င်လာရင် စိတ်သဘောထား
ဆိုးသွားပါတယ်။ နဂိုကစိတ်နေ ဘယ်လောက်နူးညံ့နူးညံ့၊
ဒေါသ၀င်လာရင် စိတ်နေကြမ်းတမ်းသွားပါတယ်။
နဂိုက စိတ်ဓါတ်ဘယ်လောက်မြင့်မြတ်မြင့်မြတ်
ဒေါသ၀င်လာရင် စိတ်ဓါတ်ယုတ်ညံ့သွားပါတယ်။
စိတ်ဓါတ်အောက်တန်းကျသွားပါတယ်။

မေတ္တာစပ်မှဆွေမျိုး ချစ်သဒ္ဒါဟပ်မှအသရေတိုး

သွေးစပ်တိုင်း ဆွေမျိုးမဖြစ်ပါဘူး။မေတ္တာစပ်မှ ဆွေမျိုးဖြစ်ပါတယ်။
သွေးစပ်စပ် မစပ်စပ်၊မေတ္တာစပ်ရင် သူစိမ်း(တစိမ်း)ပါ။
သွေးစပ်ဆွေမျိုးရှိရုံနဲ့ ကိုယ့်ဘ၀ ဘာမှ အကျိုးမထူးနိုင်ပါဘူး။
မေတ္တာစပ်ဆွေမျိုးရှိမှ ကိုယ့်ဘ၀ အကျိုးထူးနိုင်တာပါ။
သွေးသာစပ်ပြီး၊ မေတ္တာမစပ်တဲ့ ဆွေမျိုးကို တန်ဖိုးထားနေစရာမလိုပါဘူး။
သွေးမစပ်ပေမယ့်။ မေတ္တာစပ်တဲ့ ဆွေမျိုးကိုတော့ အမြတ်တနိုး တန်းဖိုးထားရပါမယ်။
မေတ္တာစပ်တဲ့ ဆွေမျိုးသည်သာ အကောင်းဆုံး အမြတ်ဆုံးဆွေမျိုး၊အနှိုင်းမဲ့ဆွေမျိုးဖြစ်ပါတယ်။

ပစ္စုပ္ပန် အတွေးသန်မှ အနှစ်အဟုတ်ကျန် အေးချမ်းမယ်

လူတွေစိတ်ဆင်းရဲကြတယ်ဆိုတာ အများအားဖြင့်ဖြစ်ခဲ့ပြီးသား
အဆင်မပြေမှုတွေကို “ပိုတွေး”လို့၊ဒါမှမဟုတ် ဖြစ်မလာသေးတဲ့
အဆင်မပြေမှုတွေကို “ကြိုတွေး”လို့ပါ။ “ပိုတွေး”နဲ့“ကြိုတွေး”ကို
အဖော်လုပ်ပြီး စိတ်နစ်မွန်းနေတဲ့ လူတစ်ယောက်ဟာ
လက်ရှိအခြေအနေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့
“လိုတွေး” မတွေးနိုင်တော့တဲ့အတွက် စိတ်ဆောက်တည်ရာမရဖြစ်ပြီး
စိတ်ဆင်းရဲရပါတယ်။ “ပိုတွေး”နဲ့“ကြိုတွေး”ကို သံယောဇဉ်ဖြတ်ပြီး
“လိုတွေး”ကိုသာ စနစ်တကျဖော်ထုတ် ကျင့်သုံးနိုင်ခဲ့မယ်ဆိုရင်
စိတ်ဆင်းရဲရတဲ့ အဖြစ်မျိုးက လွတ်မြောက်နိုင်ပါတယ်။
ကိုယ်ကိုယ်တိုင် “လိုတွေး”ကို မဖော်ထုတ်နိုင်ရင်လည်း
ဖော်ထုတ်နိုင်တဲ့သူဆီ အမြန်ဆုံးချဉ်းကပ်ဖို့ အရေးကြီးပါတယ်။

ဆရာတော်အရှင်ဆန္ဒာဓိက၏ စိတ်အားဖြည့်ဓမ္မကြာပွင့်မှကူးယူဖော်ပြပါသည်။