Tuesday, April 28, 2009

ဘဘလီ၏ခြင်္သေ့မြို့တော်အကြောင်းတစေ့တစောင်း

1 comment
စင်ကာပူအကြောင်း ပြောမယ်ဆိုရင် ဘဘလီအကြောင်းက စပြောရမယ် ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဘာမှမရှိတဲ့ နိုင်ငံလေး ကနေ လက်ရှိစင်ကာပူဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့လို့ပါပဲ။ ဘဘလီတို့ တာဝန်ယူစဉ်ကာလက နိုင်ငံတော် မှာသုံးစရာငွေမရှိတဲ့ အတွက်ကြောင့် နိုင်ငံပိုင်ကျွန်းတစ်ကျွန်းဖြစ်တဲ့ ခရစ်စမတ်ကျွန်းကိုသြစတြေးလျတို့ရောင်းချပြီး သုံးစ ရာငွေရှာခဲ့ရပါတယ်။ အဲဒီလို စွမ်းဆောင်မှုကောင်းတဲ့ ခေါင်းဆောင်ကောင်းဘဘလီကို ၁၉၂၃ စက်တင်ဘာ ၁၆ရက်နေမှာ မွေးဖွားခဲ့ပါတယ်။ ဘဘလီဟာ Raffles Institution and RafflesCollegeမှာပညာသင်ကြားခဲ့ပါတယ်။အဲဒီနောက်မှာCambridge University မှာဥပဒေပညာသင်ယူခဲ့ပါတယ်။

ပညာသင်ကြားရာမှာထူးချွန်ခဲ့သူဖြစ်ပါတယ်။ဘဘလီယခင်ကတရုတ်စကားမတတ်ပါဘူး။ မလေးစကားကိုတော့ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပါတယ်။ ဘဘလီရဲ့ အင်္ဂလိပ် နာမည်က Harry Lee လို့သိရပါတယ်။တရုတ်လူမျိုးဖြစ်လို့ ယခု LKYဆိုတဲ့နာမည် ကိုပြောင်းခဲ့တာဖြစ်ပါတယ်။ တရုတ်စာနဲ့ Hokkian စာကိုလည်း အချိန်တိုအတွင်းမှာသင်ယူတတ်မြောက်ခဲ့ပါတယ်။

ခေါင်းဆောင်ကောင်း၊ အနာဂါတ်စင်ကာပူရဲ့ဖခင်၊ ပထမဆုံး စင်ကာပူဝန်ကြီးချုပ်၊ senior Minister ၊Lee Kuan Yew (Kuan Yew ဆိုတာ အဝေးဆုံးနဲ့ အကျယ်ပြန့်ဆုံး တောက်ပတဲ့အလင်းရောင်လို့အဓိပ္ပာယ်ရပါတယ်)မည်သည့်အခြေအနေ မျိုးမှာမဆို အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတဲ့ သူရဲ့အတွေးအမြင်တွေဟာ ရာစုနှစ်ရဲ့ ဗိသုကာပညာရှင်လို့တင်စားမယ် ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ဘဘလီက အတိုက်အခံပါတီတွေကို ခေါင်းမထောင်နိုင်အောင်နိုပ်ကွပ်ခဲ့ပေမယ့် စင်ကာပူနိုင်ငံတိုးတက်ရေးကို အထူး အလေးထားခဲ့တဲ့ စံပြခေါင်း ဆောင်ကောင်းတစ်ယောက်ပါ။

စင်ကာပူနိုင်ငံသည် အာရှတွင် စည်းကမ်းအရှိဆုံး၊အသန့်ရှင်းဆုံးမြို့တစ်မြို့ဖြစ်ပါသည်။ Fine Cityလို့လည်းအမည် ပေးထားပါ သည်။ထို့ကြောင့် လမ်းပေါ်တွင်အမှိုက်ပစ်ခြင်း၊ တံတွေးထွေးခြင်း၊ ဆေးလိပ်တိုများစည်းကမ်းမဲ့ပစ်ခြင်းများကို ရှောင်ကြည်သင့် ပါသည်။ မျှတသည့်ရာသီဥတုနှင့်အတူ နေထိုင်၍ကောင်းပါသည်။မကြာခဏဆိုသလိုမိုးရွာတတ်ပါတတ်ပါသည်။ စရိတ်အနည်းငယ် ကြီးမြင့်ပါသည်။ အင်္ဂလိပ်၊မလေး၊တရုတ်၊ကုလား(tamil)စကားအသုံးပြုပါသည်။ လုံခြုံမှုရှိသော မြို့လည်းဖြစ်ပါသည်။

စင်ကာပူကို ပထမဆုံးအကြိမ်လာမည်ဆိုလျှင် ကြီးမားသော Changi လေဆိပ်ကြီးကိုဆိုက်ရောက်မှာဖြစ်ပါတယ်။ အာရှနိုင်ငံများမှ လေယာဉ်အများစုသည် Terminal I မှာသာအများဆုံးဆိုက်ရောက်ပါသည်။ သင်ဆိုက်ရောက်ရာ Gateမှအတော်အတန် ဝေး ကွာ သောနေရာတွင် လူဝင်မှုကြီးကြပ်ရေးရှိပါသည်။ သင်ရှာဖွေ၍မတွေ့ရှိခဲ့ပါကဥဒဟိုသွားလာနေသော လေယာဉ်မယ်များကို မေးမြန်းစုံစမ်းနိုင်ပါသည်။

ပထမဆုံးအကြိမ်စင်ကာပူကိုဝင်မည်ဆိုပါက လေယာဉ်ပေါ်တွင်ပေးသော white cardကိုဖြည့်ရမှာဖြစ်ပါတယ်။အကယ်၍ မဖြည့်ခဲ့ပါကလူဝင်မှုကြီးကြပ်ရေးနှင့်အနီးအနားတွင်လည်းဖြည့်၍ရပါသည်။ထို့နောက်မိမိပစ္စည်းရှိရာသို့သွားရောက်ယူဆောင်ရမှာ ဖြစ်ပါတယ်။ မိမိပစ္စည်းဟုတ်မဟုတ်ကိုသေချာစစ်ဆေးပြီးမှယူ ဆောင်သင့်ပါသည်။

မြိ့ထဲသို့သွားရောက်ရန် taxi stand ရှိပါသည်။ အကုန်အကျသက်သာလိုပါက MRT(Mass Rapid Transit) ခေါ်
မီးရထားဖြင့်လည်းသွားရောက်နိုင်ပါသည်။ Terminal IIIသို့သွားရောက်၍မီးရထားစီးရပါသည်။ မီးရထားစီးရန် ezlink
card ကိုS$ 10 ပေး၍၀ယ်ယူ ရမည်ဖြစ်ပါသည်။ တခါသုံးကတ်များလည်း ပိုက်ဆံဖြည့်သည့်စက်များတွင်ဝယ်ယူနိုင်ပါသည်။ ၎င်းကတ်များ မှာဘတ်စ်ကားများတွင်လည်းအသုံးပြု၍ ရပါသည်။

သွားလာရေးအတွက်မိမိသွားမည့်နေရာကိုခရီးစဉ်တစ်ကြောင်းထဲဖြင့် ရောက်နိုင်မည့်နည်းလမ်း ကိုသုံးစေချင်ပါသည်။ အကုန်အကျသက်သာစေရန်ရည်ရွယ်ပါသည်။ ည၁၁.၃၀သည်အထိရထား ၊ကားရှိပါ သည်။အစိုးရရုံးပိတ်ရက်များတွင် ထိုထက်ပို၍နောက်ကျသည်အထိဘူတာရုံများ ကားဂိတ်များကိုဖွင့်လှစ်ထားပါသည်။

အစားအသောက်အနေဖြင့် တရုတ်စာ၊မလေးစာ၊ အိန္ဒိယစာ၊များရောင်းချသောစားသောက်ဆိုင်များနေရာအနှံအပြားတွင်ရှိပါသည်။ တချို့ဆိုင်များတွင်အခြားလူမျိုး၏ ရိုးရာအစားအစာများလည်းရောင်းချပါသည်။ယခုအခါမြန်မာဆိုင်များလည်းတွေ့မြင်လာရပါသည်။ လူကြိုက်များသောအစားအစာမျာမှာChili Crab,Curry Fish Headတို့ဖြစ်ပါသည်။တချို့စား သောက်ဆိုင်များမှာ self service များဖြစ်ကြပြီး၊ မိမိတို့၏ စားပြီးသားပန်းကန်များကို Tray သို့ပို့ဆောင်ခဲ့ရမှာဖြစ်ပါတယ်။ ဆေးလိပ်နှင့်အရက်သောက် သုံးမှုလျော့ကျစေရန် ဈေးနှုန်းများကိုအတော်အသင့် မြှင့်တင်ထားပါသည်။ ဆေးလိပ်များကိုလည်း ဆေးလိပ်သောက်ရန် နေရာတွင်သာ သောက်သုံးရန်သတိပေးတားမြစ်ထားပါသည်။အကယ်၍ချိုးဖောက်မှုတွေ့ ရှိခဲ့ပါက ငွေဒဏ်ကျခံရမည်ဖြစ်ပါသည်။

စင်ကာပူတွင်သောက်ရေသန့်ဈေးနှုန်းအနည်းငယ်မြှင့်မားပါသည်။ သို့သော်ရေပေးဝေရေးမှပေးဝေသောရေသည်သောက်သုံးရန်အန္တ ရာယ်ကင်းရှင်းပါသည်။အပြင်သွားမည်ဆိုပါက ခေါက်ထီးတစ်လက်နှင့်ရေဘူးတစ်ဘူးဆောင်သွားသင့်ပါသည်။ (ဤကားစကားချပ်) စင်ကာပူမိုးနှင့်ရာသီဥတုမှာအစိုးမရသောကြောင့်ဖြစ်ပါသည်။

နေရေးအတွက်အခက်အခဲဖြစ်နေလျှင် မြန်မာတို့အခြေချရာပင်နီစူလားပလာဇာသို့သွားရောက်၍စုံစမ်းသင့်ပါသည်။ သပြေနုဆိုင်တွင် အိမ်ဌားချင်သူများ၊အိမ်ဌားလိုသူများ စာရင်းစာအုပ်တွင်ရှာဖွေသင့်ပါသည်။ မြန်မာဆိုင်များတွင် လည်းကြေညာများကပ်ထားတတ် ပါသည်။ သို့မဟုတ် ပွဲစားများဖြင့်လည်းဌားရမ်းနိုင်ပါသည်။ မျက်စိ၊နားကျယ်လျှင် ကျယ်သလို သတင်းအချက်အလက်များ များစွာ ရရှိနိုင်ပါသည်။ ကျနော်ကတော့ အရိုးသီချင်းထဲကလို နေ၀င်မီးမှိတ် ပုရွတ်ဆိတ်တစ်ကောင်ဖြစ်သဖြင့် သိသမျှမျှဝေလိုက်ပါတယ်။

လေးစားလျက်
ရေတမာ

Thursday, April 09, 2009

ကဗျာ

0 comment
ရယ်စရာမဂ္ဂဇင်း ဖတ်ရင်းဒီကဗျာလေးကိုတော်တော်သဘောကျတယ်။
ဆရာညလွမ်းအိမ်(လာရှိုး)ရဲ့ကဗျာအားဖော်ပြခွင့်ပြုပါရန် ခွင့်တောင်းအပ်ပါသည်။

တဖြည်းဖြည်း

ဒီညနေမှာ တိမ်လုံးတွေ ပိုပြေးနေသယောင်
မြေကြီးပေါ်လမ်းလျှောက်တာ ပိုဝေးနေသယောင်
လုပ်ရကိုင်ရတာ ၀ါးလုံးခေါင်းထဲ ဆင်ဝင်သလို
နေရထိုင်ရတာ ဘာမှန်းမသိသေးတဲ့
တောင်တွေပေါ်တက်နေရသလို
ရှာရဖွေရတာ အိတ်ပေါက်နဲ့ ဖားကောက်နေသလို
အိတ်သွန်ဖာမှောက်ငွေက မရိုးသားမှုမှာ သန္ဓေတည်ကြ
နေရာတစ်ဝပ်စာမျှ
အခြေတည်ဖို့ ရင်းရတဲ့အချိန်က မနည်းလှဘူး။
စိတ်ကိုစိတ်နဲ့ချဉ်းကပ်
အသိကိုအသိနဲ့ ဗဟိုပြု
ဟိုသည်ပြေးလွှား နေ့တစ်နေ့အစ
စက်ရုပ်လူသားဖြစ်တယ်ဆိုရင်တောင်
ခေါင်ထဲမှာ ရှင်းလင်းဖယ်ထုတ်တတ်လာမယ်။
ပေါ့ပေါ့ပါးပါးတွေးဖို့၊ ရေးဖို့
ထစ်ခနဲ့ တုန့်ပြန်ခြင်းကင်းရှင်းစေဖို့
အကြောင်းရင်း ပတ်သက်သမျှ
တန်ဖိုးထိရောက်အောင် အကောင်းမြင် စိတ်ဓါတ်မွေး
ရှင်သန်သမျှ မြဲမြံစွာ ဆုပ်ကိုင်
ကိုယ်ချင်းစာတရား
အခု........စိတ်တွေ ထိုင်နေတယ်။ ။
ညလွမ်းအိမ်(လားရှိုး)

နှစ်ကူးပိတောက်

2 comment
ကြွားရဦးမယ်ဗျာ။ ဒီနေ့ ပိတောက်ပန်းတွေပွင့်တယ်။ အရမ်းမွှေးတယ်ဗျာ။ အေးမျှမျှမနက်ခင်းလေးမှာ သင်းပျံပျံ ပိတောက်ရနံ့တွေက သိပ်ကိုကြည်နှုးဖို့ကောင်းတယ်ဗျာ။ လန်းလန်းဆန်းဆန်းနဲ့ အရာရာဟာတက်တက်ကြွကြွ သက်ဝင်လှုပ်ရှားနေတဲ့နံနက်ခင်းဟာ မင်္ဂလာတစ်ပါးပါပဲ။ ပိတောက်ပန်းလေးတွေက အဲဒီလောက်တောင် ပတ် ၀န်းကျင်ကို တုန့်ပြန်မှုပေးတယ်နော်။ ပြီးတော့ဒီနှစ်ပိတောက်တွေကို ချီးကျူးတယ်။ သူတို့သစ္စာရှိကြတယ်လေ။
အရင်နှစ်တွေကဆို မေလောက်မှပွင့်ကြတာ။ ဒီနှစ်တော့သူတို့ကပိုပြီးချစ်စရာကောင်းတယ်။ ဒီတပတ်ထဲ သင်္ကြန် ပွဲလုပ်မှာကို သူတို့များသိနေကြလားမသိဘူး။မနက်ခင်းအေးမျှမျှလေးမှာတင်မွှေးတာမဟုတ်ဘူးဗျ။ နေ့လည်ပူ
စပ်စပ်အချိန်မှာလည်း သင်းသင်းလေးမွှေးတုန်းပဲ။ ညနေလည်း ပွှင့်ဖတ်ဝါ၀ါလေးတွေတ၀ဲဝဲနဲ့ မွှေးနေဦးမှာပဲ ထင်တယ်။ အလှတရားနဲ့သစ္စာပေါင်းလိုက်တော့ ဒီလိုပန်းမျိုးလူပြည့်မှာတောင် မတန်ဘူးထင်တယ်။ပိတောက် ပန်းနံ့ရတာနဲ့ အကြိုနေ့ကိုရောက်သွားသလိုပဲ။ မနက်စောစောလှူဖွယ်ပစ္စည်းတွေပြင်ကြဆင်ကြ၊ စတုဒီသာအ တွက်ပြင်ကြဆင်ကြပုံတွေမျက်လုံးထဲပြေးမြင်မိတယ်။ ကုသိုလ်ရေးလုပ်သူများကလည်းကုသိုလ်ရေးမို့ စိတ်အား ထက်သန်သန်၊ပျော်စရာရှာသူများကလည်း ရွှင်ရွှင်လန်းလန်းနဲ့တကယ့်ကိုကြည်နှုးစရာနှစ်သစ်ကူးအချိန်အခါပါ ပဲ။

ပိတောက်နံ့နဲ့အတူပါလာတာကတော့ သင်္ကြန်ရနံ့ပေါ့။မြန်မာလူမျိုးတိုင်းသိပ်ချစ်ကြတယ်လေ။ သင်္ကြန်ရနံ့ဆိုမှ တော့ ရင်ခုန်သံတွေ၊ ပျော်စရာတွေပါပါလာပြီပေါ့။ရေးနေရင်းအခန်းလေးထဲထိမွှေးနေတာ မိတ်ဆွေကိုလာကြည့် စေချင်တယ်ဗျာ။ ပိတောက်ပန်းတွေသစ္စာရှိရင်ပိုပြီးလှတယ်၊မွှေးတယ်။ မေလ လောက်မှပွင့်တဲ့ပိတောက်တွေကြ တော့ လှပါတယ်၊မွှေးပါတယ် ဆိုတာတောင်ဘယ်သူမှအရေးမလုပ်ချင်ကြတော့ဘူး။ သူတို့လည်းလူတွေနဲ့အနေ နီးလို့လားမသိဘူး၊တစ်ခါတစ်ခါ သစ္စာဖောက်တတ်တယ်။ သဘာဝတောင်လူတွေလုပ်ရင်သစ္စာပျက်တယ်နော်။ ထားပါ။ ပြောလို့လည်းမောရုံပဲရှိမယ်။ သဘာဝတွေသစ္စာမပျက်အောင် ကိုယ်နိုင်သလောက်ပတ်ဝန်းကျင်ထိန်း သိမ်းမယ်။ သစ်ပင်စိုက်မယ်။ ပလတ်စတစ်အိတ်တွေစည်းကမ်းမဲ့မပစ်ဘူး။ နိုင်သလောက်တော့လုပ်ရမှာပေါ့။ ရေ မီးတတ်နိုင်သလောက်ချွှေတာမယ်။ (မီတာခတွေဈေးကြီးလို့) ။မိတ်ဆွေလည်းတတ်နိုင်သလောက်ပိတောက်ပန်း တွေသစ္စာရှိအောင်လုပ်ပေးလိုက်ပါဦးနော်။

နှစ်သစ်ကူးမှာပျော်မြူးနိုင်ကြပါစေ။
ရေတမာ

Thursday, April 02, 2009

သာသနာဖျက်များ

1 comment
မနက်မိုးသောက်အာရုံရောက်၍ လုပ်ငန်းခွင်မစခင် မိမိနေထိုင်ရမည့် နေရာကိုသန့်ရှင်းရေးလုပ်ရင်း မေတ္တာဘာဝနာ
ကိုဓမ္မတေးသီချင်းများဖြင့်ပွားများရင်း တစ်နေ့တာအလုပ်ကို စတင်လေ့ရှိပါသည်။ ထိုနောက်ကိုယ်နှစ်သက်ရာဓမ္မ
တေးသီချင်းများကို Internet ပေါ်တွင်ရှာရင်း နေ့တစ်နေ့၏အစကို ဓမ္မတေးသံဖြင့်လွှမ်းခြုံစေပါသည်။ သွားရောက်
နားထောင်ရာWebsite များကတော့ www.burmeseclassic.com မှာအများဆုံးဖြစ်ပါသည်။ “အဖြူရောင်သံစဉ်”
ရေဒီယိုထုတ်လွှင့်မှုအစီအစဉ်မှလည်း မနက်တိုင်းမင်္ဂလာရှိသောတေးများ၊ တရားဓမ္မများ အခါအားလျော်စွာထုတ်
လွှင့်တတ်ပါသည်။ ထိုမှစ၍ “အဖြူရောင်သံစဉ်”ရေဒီယိုသံစဉ်ထုတ်လွှင့်မှုအစီအစဉ်အား နှစ်ခြိုက်အားပေးသောပ
ရိသတ်တစ်ယောက်ဖြစ်နေပါပြီ။ အလုပ်လုပ်ရင်းဖြင့်လည်း ရေဒီယိုမှသီချင်းနားထောင်ခြင်းဖြင့်စိတ်အပန်းဖြေနေမိ
ပါသည်။

တစ်နေ့“အဖြူရောင်သံစဉ်”ရေဒီယိုမှ သီချင်းနားထောင်ရင်း ဆရာတော်တစ်ပါးတရားဟောသံကြားရပါသည်။ဆွဲဆွဲ
ငင်ငင်ဖြင့် ဇာတ်သံပေါက်နေသောဆရာတော်ဘုရား၏ တရားသံကိုကြားကြားခြင်းတစ်ခုခုတော့ မှားနေပြီဆိုတာစိတ်
ထဲမှသိလိုက်ပါသည်။ အချိန်ကြာသည်အထိ အဘယ်တရားကိုဟောနေမှန်းနားမလည်သေးပါ။ စကားလုံးတွေကို
တော့ရင်းရင်နှီးနှီးကြားဘူးနေပါသည်။စကားလုံးများမှာ “ကဲဘယ်လိုလဲ.ဘယ်လိုမှမလဲဘူးအဲဒီလိုပဲ..ပြောရင်းတောင်
မှဗိုက်ကလေးပိုဖောင်းခဲ့သလိုပဲ”စသည်ဖြင့် ရှိခဲ့ပါသည်။ ထိုစကားလုံးများမှာ ၁၀စက္ကန့်သီချင်းခွေထဲမှ ရဲလေး၊ဂျေမီ၊
ကြက်ဖ သုံးဦးပေါင်းဆိုထားသော “အရည်ထုတ်”ဆိုသည့်သီချင်းဖြစ်ပါသည်။ အိမ်မှသူငယ်ချင်းများလည်းခဏခဏ
ဖွင့်ကြသော၊ “ပေါက်သည်ဟုပြော၍ရသောသီချင်းတစ်ပုဒ်ဖြစ်ပါသည်။ သီချင်းတစ်ခုလုံးနီးပါး တရားဟောသလို
ပြုလုပ်ထားသောအသံဖိုင်ကိုကြားကြားခြင်းတော်တော်လေးဒေါသထွက်မိပါသည်။လုပ်ရက်လေခြင်းဟုလည်းယူကြုံး
မရဖြစ်ရပါသည်။ မည်သို့သောရည်ရွယ်ချက်ဖြင့်ထိုအပြုအမှုကိုပြုလုပ်သည်ကိုနားမလည်နိုင်အောင်ဖြစ်ရပါသည်။
သာသနာ့ဝန်ထမ်း ရဟန်းသံဃာများ၏ဂုဏ်သိက္ခာကိုမထိလေးစားစော်ကားရာရောက်ပါသည်။ ဘာသာခြားတို့အမြင်
တွင်သံဃာတော် များယခုကဲ့သို့ မဖွယ်မရာအပြောအဆို၊အပြုအမှုများပြုလုပ်ကြသည်ဟုအထင်မှားနိုင်ပါသည်။
အတုမြင်အတတ်သင် တတ်သော ကလေးများပါးစပ်ထဲ ရောက်ရှိသွားလျင် ပို၍ပင်အကျည်းတန်သွားမည်မှာမလွှဲပါ။

ထိုကဲ့သိုပြုလုပ်သူမှာဗုဒ္ဓဘာသာဝင်တစ်ယောက်များလား? ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုလျှင်မိရိုးဖလာ ဗုဒ္ဓဘာသာတစ်ယောက်ပင်ဖြစ်မည်ဟုထင်ပါသည်။ သင်၏အမိနှင့်အဖက ဗုဒ္ဓဘာသာဝင်ဖြစ်၍သင်၏ အမျိုးသားမှတ်ပုံတင်ကတ်ပြားမှာသာ ဗုဒ္ဓဘာသာဟုရေးသားထားသူမျှသာဖြစ်ပါလိမ့်မည်။ ဗုဒ္ဓဘာသာဝင်တို့အလေးအမြတ်ထားရာ ရတနာသုံးပါးတွင်သံဃာရတနာအပါအ၀င်ဖြစ်ပါသည်။ အသက်ထက်ဆုံးရတနာသုံးပါးကိုယုံကြည်၍သရဏဂုဏ်ဆောက်တည်ကာဗုဒ္ဓဘာသာအဖြစ်ခံယူ ရပါသည်။ထိုကြောင့်ရဟန်းသံဃာတော်များသည်အမြတ်ဆုံးပုဂ္ဂိုလ်များဖြစ်ကြပါသည်။

သီလအားဖြင့်လည်း၂၂၇သွယ်သောသိက္ခာပုဒ်ကိုစောင့်ထိန်းထားကြသူများဖြစ်ပါသည်။ အကျယ်အားဖြင့်ကုဋေပေါင်း၉၁၈၀ နှင့်အစွန်းထွက်၅၀၃၆၀၀၀သောသိက္ခာပုဒ်တို့ကိုစောင်းထိန်းရပါသည်။ လူဝတ်ကြောင်တွေအနေဖြင့် အများဆုံး(၁၀)ပါးသီလမျှသာ စောင့်ထိန်းနိုင်ကြပါသည်။ ရှင်သာမဏေမျှပင် ၁၂၀သောသီလသိက္ခာပုဒ်ကိုစောင့်ထိန်းရခြင်းကိုကြည့်ခြင်းအားဖြင့် သီလသိက္ခာပိုင်းမနိုင်းယှဉ်လောက် အောင်ကွာခြားသော ရဟန်းသံဃာတော်များကဲ့သို့ပြုမှုပြောဆိုကာရယ်သွမ်းကောင်းပါ၏လော။

ယခုအခါဗုဒ္ဓသာသနာထွန်းလင်းတောက်ပအောင်ဆောင်ရွက်ခဲ့သူများမှာ ဘုရားသားတော်ရဟန်း၊သာမဏေများပင်
မဟုတ်ပါလား။ ရဟန်း၊သာမဏေများသာ သာသနာတော်ကြီးတည်မြဲအောင်၊အရှည်တည်တံ့အောင်ဆောင်ရွက်နိုင်
ကြပါတယ်။ သီလ၊သမာဓိ၊ပညာ သိက္ခာသုံးပါးကိုသင်ကြားပို့ချပေးနိုင်ပါတယ်။လူဝတ်ကြောင်တို့မစွမ်းဆောင်နိုင်ကြ
ပါ။ပိဋိကတ်သုံးပုံကိုစောင့်ရှောက်နေကြတာ ရဟန်းသာမဏေများသာဖြစ်ပါတယ်။ ဗိုက်ကလေနာထအောင်၊လည်
ချောင်းတွေနာအောင်၊ဗိုက်အဆာခံပြီး ဘာသာကိုစောင့်ရှောက်နေကြပါတယ်။တစ်ခေတ်တစ်ချိန်က ကပ်ရောဂါတွေ
ဆိုက်ရောက်တော့ စားစရာမရှိလို့၊ဗိုက်ကပူလွန်းလို့၊ဗိုက်ပေါ်မှာရေဆွတ်ထားတဲ့ သဲအိပ်ကြီးတွေတင်၊ဗိုက်ကိုအေး
အောင်လုပ်ပြီးတော့ ပိဋိကတ်တော်တွေကိုနှုတ်ထက်ရွှရွှ မပျောက်ပျက်အောင်ဆောင်ရွက်ခဲ့ကြပါတယ်။ယခုခေတ်မှာ
လည်း စာသင်တိုက်တွေမှာရော၊ရိပ်သာတွေမှာပါ ရဟန်းသာမဏေတွေကပိဋိကတ်တော်တွေကို ကျက်မှတ်ဆောင်
ထား၊တဆင့်ဟောပြောပို့ချပြီးမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကို အသက်နှင့်လဲကာ မကွယ်ပျောက်ရလေအောင်
စောင့်ထိန်းနေကြပါတယ်။

ဘိက္ခုနီသာသနာမှာ ဂရုဓမ်ရှစ်ပါးလို့ခေါ်တဲ့ အလေးအနက်လိုက်နာကျင့်သုံးရမယ့်တရားရှစ်ပါးကို ဦးထိပ်ပန်ဆင်ပြီးတော့ရာသက်ပန်လိုက်နာကျင့်သုံးရပါသည်။ပထမဆုံးအချက်ကတော့...
“၀ါတစ်ရာ၊သိက္ခာတစ်ရာရှိနေတဲ့ ဘိက္ခုနီမဖြစ်စေကာမူ ဒီကနေ့မှာရဟန်းပြုလာတဲ့၊ ဒီကနေ့မှသိမ်ကထွက်လာတဲ့ရဟန်းအသစ်ကို၊ ပုထုဇဉ်ရဟန်းအသစ်ကို ရှိခိုးရပါမယ်၊ ခရီးဦးကြိုဆိုရမယ်၊ လက်အုပ်ချီရမယ်၊ အရိုအသေပြုရပါမယ်။ဒီအချက်ကိုလည်းရာသက်ပန်အသက်ထက်ဆုံး လိုက်နာကျင့် သုံးရပါမယ်”ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ရဟန္တာလည်းဖြစ်၊ဘိက္ခုနီလည်းဖြစ်တာတောင်မှ ပုထုဇဉ်အသစ်စက်စက်ရဟန်းကျပ်ချွှတ်လေးကိုရှိခိုးရတယ်ဆိုရင် လူဝတ်ကြောင်တွေအနေနှင့် ရဟန်းသံဃာများကိုမည်မျှလေးစားရမည်ကိုအထူးဂရုပြုစေချင်ပါသည်။

ထိုကဲ့သို့သီလသိက္ခာကြီးကျယ်မြင့်မြတ်လှသော၊ ရိုသေလေးစားထိုက်သော သာသနာ့ဝန်ထမ်း သံဃာတော်များကို
ယခုကဲ့သိုအထင်မှားအမြင်မှားဖြစ်အောင် သာသနာတော် ညစ်နွမ်းအောင်ဘာကြောင့်ပြုလုပ်ရပါသနည်း။
သီချင်းစာသားများကိုတရားဟောသလိုပြုလုပ်သောသူကို အပြစ်တင်ရှုံချပါသည်။

ထိုအသံဖိုင်ကိုသိမ်းဆည်းထားသူများကို အပြစ်တင်ရှုံချပါသည်။

ထိုအသံဖိုင်ကို ဖြန့်ဝေသူများကိုအပြစ်တင်ရှုံချပါသည်။

ကိုယ်ကိုယ်တိုင်သာသနာ့ဝန်မထမ်းနိုင်ဘဲနှင့် သာသနာတော်နှင့် သာသနာ့ဝန်ထမ်း သံဃာများ၏ဂုဏ်သိက္ခာ ညစ်နွမ်းအောင်မပြုလုပ်ကြပါရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။

လေးစားလျက်
ရေတမာ

ကိုးကား။ ။အရှင်ဆန္ဒာဓိက ၏ “ရဟန်းဘာကြောင့်ပြုရတယ်”တရားတော်