Monday, January 25, 2010

ရေတစ်မှုတ်နှင့်ကျွန်တော်

များပြားလှသည့် ကုန်စည်များကို တင်ဆောင်လာသော ကုန်ကားကြီးမောင်းလာပုံမှာ အပျင်းထူလှသည့် လိပ်ကြီးနှင့်ပင် တူသေးသည်။ ပူပြင်းသည့် နေအရှိန်၊ စားထားသော ထမင်းဆိပ်နှင့်အတူ သူ့မျက်ခွံများလည်း လေးလံလာသည်။ အငိုက်ပြေစေရန် ကွမ်းတယာ ထပ်ဝါးလိုက်သည်။ ဗမာဆေးနံနှင့်အတူ အိပ်ချင်စိတ်များ လွင့်ပါးသွားသလို ပျော်ရွင်စရာအတွေးများလည်း ဦးနှောက်အတွင်းမှ နှိုးကြားလာကြသည်။ ကုန်စည်များ မြို့ရောက်လျှင် သူ့အတွက် လုပ်အားခရမည်။ ငွေကြေးရလျှင် သူစိတ်ကူးထားသမျှ လုပ်ဆောင်နိုင်ပေမည်။
ဗုန်း!!!!!!!!!!!!!!!!!
ဆိုသော အသံနှင့်အတူ အတွေးများလည်း လွင့်ပျောက်သွားလေသည်။ အင်ဂျင်ဖုံးကို ဖွင့်ကြည့်လိုက်တော့ တိုင်ကီ ရေဆူနေသည်ကို တွေ့ရသည်။ ရေလဲမှရမည်။ သူ့သောက်ရေထည့်တာတောင် တိုင်ကီက မပြည့်ချင်။ အနီးအနား ရွာတရွာတွင် ရေတောင်းရန် တိုင်ကီပုန်း ယူပြီး ထွက်လာခဲ့သည်။

ပတ်ဝန်းကျင်က ကျီးနှင့်ဖုတ်ဖုတ်။ ရှည်မျှောလှသည့် ကားလမ်း။ လေပွေများ ဆော့ကစားနေသော လှည်းလမ်း။ အညာဆူးပင်များနှင့် ထန်းပင် တပင်စ နှစ်ပင်စမှ လွှဲ၍ ဘာမျှမရှိ။ သူ့အထင်မမှားလျှင် ရှေ့မှာ ကိုင်းရွာ ရှိရမည်။ ရေလည်းအတော်ငတ်လှပြီ။ ချွေးသီးချွေးပေါက်များကလည်း ရေချိုးထားသလို စိုရွှဲနေသည်။ ရေအမြန်သောက်ရမှ ဖြစ်မည်။ ကုန်းမို့မို့လေးအား လှမ်းအတက် မြင်လိုက်ရသော အမိုးလေးကြောင့် အားတက်သွားသည်။

တံလျပ်ရောင်ထနေသည့် ကားလမ်းမ၏နံဘေး စိမ်းညို့ညို့ ထနောင်းပင်ကြီးအောက်တွင် သွပ်ဆွေးသွပ်မြေ့ တ၀က်တပျက်၊ ကြမ်းခင်း အဆွေးအမြေ့နှင့် ဇရပ်ပျက်တဆောင်။ ဇရပ်ပျက်နံဘေးရှိ လှည်းလမ်းကြောင်းကို ကြည့်ခြင်းအားဖြင့် မလှမ်းမကမ်းရှိ ထန်းပင်အုပ်အုပ်သည် ရွာတရွာဖြစ်နိုင်သည်။ ဤဇရပ်ပျက်သည် ထိုရွာပိုင်ဖြစ်နိုင်ပြီး ကားမှတ်တိုင်လည်းဖြစ်နိုင်သည်။ ထိုသိုဆိုလျှင် ယခုဇရပ်ပျက်ကြီးအတွင်းတွင် သောက်ရေအိုးစင် ရှိနေနိုင်သည်မှာမလွဲ။ သူ့အထင်မှန်ပါသည်။ ဇရပ်အတွင်းတွင် စပါးပင်လေးများ ခင်း၍ လှူဒါန်းထားသော သောက်ရေအိုးစင်လေး အမှန်တကယ်ပင် ရှိနေခဲ့ပါသည်။

သောက်ရေအိုးစဉ်ဆီသို့ အပြေးတပိုင်းအသွား ဇရပ်ပျက်၏ အတွင်းဖက် ခပ်ကျကျတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ခတ္တမျှ ကြက်သေသေသွားသည်။ ဆံပင်များလည်း ထောင်ထသွားသလို ခံစားရသည်။ ကြာဆံများလို ဖြူဖွေးနေသည့် ဆံပင်များ။ ၀ါကျင်ကျင် မျက်လုံးတစုံ။ မည်းညစ်သည့် အသားအရည်။ အရောင်မပေါ်တော့သော အ၀တ်နှင့် ခေါင်းသုံးလုံး။ တခါတရံတောက်ပလာသော မီးတောက်တစ်တောက်။ ကျောထဲမှ စိမ့်တက်သွားသည်။ နေပူထဲမှ လာသောကြောင့် ပြာနေသော မျက်လုံးကို ခတ္တမျှပိတ်၍ အနားပေးကာ ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်သည်။

စောစောက တွေ့ခဲ့ရသော ပုံသဏ္ဍာန်သည် ထင်ရှား၍ လာလေသည်။ ခေါင်းသုံးလုံးမဟုတ်။ ဒူးထောင်ထားခြင်းဖြစ်သည်။ သူရူးကြီးတယောက် (သို့) သူဖုန်းစားအိုကြီးတယောက် ဆေးလိပ် သောက်နေခြင်းဖြစ်သည်။ ဧကန်န ဤဇရပ်၏ အရှင်သခင် ဖြစ်ဟန်တူသည်။ စူးစမ်းနေသော မျက်လုံးအား မချိပြုံး ပြုံးပြရင်း ရေအိုးစင်သို့ လှမ်းလိုက်သည်။ ရေအိုးစင်ကား မြင်ယုံဖြင့် အေးမြလှသည်။ စိမ်းစိုလှသည့် စပါးပင်လေးများပေါ်တွင် စိုမြနေသော မြေအိုးလေးအား သံပန်းကန်ပြားတချပ်ဖြင့် ဖုံးအုပ်ထားသည်။ ထိုပန်းကန်ပြားပေါ်တွင် အုန်းမုတ်ခွက် ရိုးတံရှည်လေး ရှိလေသည်။

ခြောက်ကပ်နေသည့် အာခေါင်၏ အာရုံကြောများက ဦးနှောက်သို့ သတင်းပို့လိုက်သောအခါ အလျှင်အမြန် ရေတခွက်ခပ်လိုက်သည်။ ရေသောက်ရန် ဟန်ပြင်လိုက်စဉ် သူရူးကြီးနှင့် အကြည့်ခြင်း တချက်ဆုံလိုက်မိသည်။ မည်းညစ်သော သွားများကို ရှိသလောက် ပေါ်အောင် ပြုံးပြလိုက်သော သူ၏ အပြုံးကြောင့် တွေဝေသွားသည်။ သူရူးကြီးသည် ဤဇရပ်ပိုင်ရှင်ဆိုလျှင် ယခုသောက်ရေအိုးစင်သည်လည်း သူပိုင်ဖြစ်လိမ့်မည်။ သူပိုင်မဟုတ်သည့်တိုင် ဘေးဘီရှိ စားကြွင်းစားကျန်များကို ကြည့်ခြင်းအားဖြင့် သူလည်း စားသောက်ပြီး ရေအိုးစဉ်မှ ရေသောက်ပေလိမ့်မည်။

သူရူးကြီးတယောက်၏ နှုတ်ခမ်းနှင့် ထိထားသော ရေမှုတ်ကို မသတီနိုင်တော့။ ညာသန်ဖြစ်သဖြင့် ညာလက်ဖြင့် ကိုင်ထားသော ရေမှုတ်ကို ဘယ်လက်ဖြင့် ပြောင်းကိုင်လိုက်သည်။ ရေမှုတ်တခုနှင့် အလုပ်ရှုပ်နေသော သူအား သူရူးကြီးမှ ကျိတ်၍ ရီနေသေးသည်။ သူရူးကြီးက ဘယ်သန်ဆိုလျှင်ရော မည်သို့လုပ်မည်နည်း။ သူဦးနှောက်လည်း အလုပ်ရှုပ်ကာ သွားသည်။ လင်းလက်သွားသော အသိတရားတခုနှင့်အတူ အကြံတခုရလိုက်သည်။ ရေမှုတ်အလယ်တည့်တည့်မှ သောက်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ့ဆုံးဖြတ်ချက်ကို သဘောကျစွာ ရေများပင် ဖိတ်လျှံအောင် အားပါးတရ သောက်ချလိုက်လေသည်။ မတင်းတိမ်သေးသည့် အာသာကို ဖြေဖျောက်ရန် နောက်တခွက် ထပ်မံခပ်၍ သောက်လိုက်ပြန်သည်။ ၀မ်းဗိုက်အတော်တင်းမှ ရေသောက်ခြင်းအမှုကို ရပ်နားကာ ဇရပ်ဘောင်ပေါ်သို့ ထိုင်ကာ အမောဖြေရလေသည်။

သူ့ဖြစ်အင်ကို ကြည့်နေသော သူရူးကြီးမှာ လက်ခုပ်လက်မောင်းတီး၍ တံတွေးများ သီးအောင်ပင် အော်ဟစ်ရီမော နေလေသည်။ ကြောင်တောင်တောင်ဖြင့် သူရူးကြီးအား ငေးမောကြည့်နေမိသည်။ မိမိ၏ အပြုအမူတခုကို တစုံတယောက်က ပြက်ရယ်ပြုသည့်အခါ ကိုယ်ဘာမှားသလဲ ဝေခွဲမရသည့် ခံစားမှုမျိုးဖြစ်သည်။ သူ၏ အပြုအမူများကို ဥပေက္ခာပြုရင်း ကြားလိုက်ရသော စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားလေတော့သည်။

“ဟားဟားဟား လူတွေကလည်း ငါရေသောက်သလို လိုက်သောက်ကြပါလား ဟား ဟား ဟား ဟား”

ခင်တဲ့
ရေတမာ
4း44 pm mon
25/01/2010

p.s ၁၀တန်းတုန်းက ဆရာပြောတဲ့ အကြောင်းအရာကို ခံစားမိသလိုရေးဖွဲ့ထားခြင်းဖြစ်ပါသည်။

22 comments:

Sein Lyan Tun said...

တစ်ကြည့်တယ်...


တစ်မလားလို့ 


တစ်ပါတယ်


အားရပါးရပဲ

Anonymous said...

တို့များက နှစ်ပါတော်


ပြာ သလဲလဲ ပြာပြာ

Sein Lyan Tun said...

သားသားတို့ က ရေသောက်ရင် ခွက်နဲ့ မထိအောင်သောက်တယ်..

ဒါနဲ့ မရှင်းလို့ မေး ပါရစေ

ကျီးနှင့် ဖုတ်ဖုတ် ဆိုတာ ဘာတုန်း


နားမရှင်းဘူး

ရှင်းပါအုံး

နွေးနေခြည် said...

ဇတ်လမ်းထက် အရေးအသား အဖွဲ့အနွဲ့ကို ကြိုက်တယ်။
ငါလည်း အလယ်က သောက်တား(

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ..

အရေးအဖွဲ့ အနွဲ့အလှည့် လေးတွေ အရမ်းကို အားရစရာ ဖတ်ရလို့ ကျေးဇူးပါနော်။
ရေအိုးကို အရူးကြီးက ရေဖြည့်ထားတာ လို့များ ရေးမလားလို့ ဖတ်လာလိုက်တာ နောက်ဆုံးကြမှ ငါသောက်သလို လိုက်သောက်ကြပါလား လို့ ဖတ်လိုက်ရတာ ပိုပြီး ပြည့်စုံ သွားစေတယ်။

ခင်မင်စွာဖြင့်
ကိုမျိုး

ဆောင်းချမ်းမိုး said...

တော်တယ်
ကြိုက်တယ်ကွ

ပိုးဟပ်လေး said...

ရာတမေ နင်ရော....
ရေဂို ဘယ်ရိုတောက်ရဲ
ဟီဟိနာဒါရှိုရင် အိုးလိုက်မော့တောက်မှာ...

Anonymous said...

အရေးအသားကလဲ ကောင်းပါ့။ စကားမစပ် လူတွေက တခါတလေ အဲ့လိုပဲ ဇီဇာကြောင်တယ် ပြောမယ်ထင်တာပဲ စိတ်က သူများကို မသန့်ဖူးထင်ပေမဲ့ ကိုယ်တိုင် ညစ်နေတာတွေတော့ မတွေ့တတ်ဘူးရယ် အပြင်ပန်းထက် အတွင်းက စိတ်ထားလေးတွေ လှဖို့ အရေးကြီးပါတယ်


လေးစားလျက်
တောင်ပေါ်သား

kiki said...

ဟားဟားဟားဟား
ရာတမေရယ် ...
တူတယ် တူတယ် တူတယ်
တခွက်ထဲ တနေရာထဲ တူတူပဲ ။
အဲ့ဒီတရွာလုံးက လူတိုင်း ဒီလိုပဲသောက်နေကြတာ သိဘူးလား တော် ... အံ့ပါရဲ့  .. ဟိဟိ

Moe Tain Nyo said...

ဟားဟား တင်ပြပုံလေး အရမ်းကောင်းပါတယ်။ အရင်က ကြားတော့ ကြားဖူးတယ်။

ပွင့်မြူးဇင် said...

ဖတ်ရင်းပြုံး.. ပြုံးရင်းဖတ်သွားပါတယ်..

Anonymous said...

good post. I also drink like this. :(

kaungkinpyar said...

ရေဆို ကြုံသလို သောက်မိတယ်...

Mogok Thar said...

အင်း

ကိုယ်တွေကျ မရွံတတ်တော့...

ရေသပ်ဆာနေချိန်...ရေချမ်းစင်လေးမှာ ရေသောက်ခွင့်ရခဲ့၇င်ကို...

ရေလှူတဲ့သူတွေကို မေတ္တာပို့ ဆုတောင်းပြီး သောက်မိမှာ.. အသေအချာ....

ချစ်ခင်တဲ့

မိုးခါး said...

အင်းးးးးးးးး
ငါရောပဲ
ခွက်ဆို အလည် လက်ကိုင်ဘက်က သောက်တယ်
ငါလည်း ရူးနေလားမတိဝူးနော် .. :D

ကြယ်ပြာ said...

ေ၇းထားပုံလေးသဘောကျမိတယ် ... ဟိုတလောက မေးလ်ထဲမှာ ဒီလိုဆန်ဆန်လေးဖတ်လိုက်ရတယ် ... ဒါပေမယ့် ရေတမာ ရဲ့ စကားပြေအဖွဲ့က ပိုဆွဲဆောင်မှုရှိတယ် ... စကားမစပ် ရေသောက်ရင် ခွက်ကိုပါးစပ်နဲ့မထိပဲသောက်လေ့ရှိလို့လွတ်တယ် ...း)

သုခုမလေဒီ said...

ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်ကိုတိုင်တောင် ဘာမဟုတ်တာလေးကို ဇီဇာကြောင်မိတယ်။

မေဇင် said...

ငါ ကြားဖူးတာက အနူ သောက်တာ..အရူးမဟုတ်ဘူး... အနူကကျတော့...သူ့ကို သူများ ရွံမှာစိုးလို့...သူများ သောက်သလို မသောက်ပဲ အလယ်ကသောက်တာတဲ့..။ သူ ရေခွက်ကို ဘယ်လို ကိုင်လဲတော့ မသိဘူး.. ဟိဟိ..။ ရေးထားတဲ့ အဖွှဲ့အနွဲ့လေးတွေကြိုက်တယ် နေပူတာတို့ ၊ ခံစားချက်လေးတို့...ကောင်းတယ်...း)

မြရေလျဉ် said...

အဲဒါပေါ့
စိုးရိမ်စိတ်ပိုတာက စိုးရိမ်သလိုပဲနောက်ဆုံးဖြစ်တတ်တာ

တွေးစရာ ရသွားပါတယ် ရာတမေရယ်

မငုံ said...

:)) ဖတ်ပြီး ရီသွားတယ်။

rose of sharon said...

ရီရတယ်.... လူတွေဟာ တခုမဟုတ်တခုတော့ အရူးနဲ့တူနေကြတာပါဘဲ....

Angel Shaper said...

ဟဟားးးးးးးးးးးးဒါ လူ့သဘာဝပါဟာာာာာာ
ကိုယ့်ကိုယ်ကို ရူးလို့ရူးမှန်းတောင် မသိတဲ့ကောင်တွေ လောကကြီးမှာ တပုံကြီး (ဥပမာ...နင့်လိုကောင်ပေါ့) ခစ်ခစ်....
တစ်ချို့လူတွေဆို ပိုပြီးသနားစရာကောင်းတယ်ဟ။
ကိုယ်တိုင်အဆိပ်သောက်မိပြီး သေမဲ့လူကို ထိုင်စောင့်နေတတ်ကြတဲ့သူတောင် ရှိပါတယ်ဟာ။ ဟဟားးးးးးးးးးးး
ဖြစ်တတ်ပါတယ်။ ဖြစ်တတ်ပါတယ်။