Thursday, March 19, 2009

စိတ်အားဖြည့်ဓမ္မပဒ (အုပ်စု(၁))

0 comment

အုပ်စု(၁)
အစုံလိုက်အုပ်စု
စိတ်ကောင်းထားရင်၊ချမ်းသာမယ်၊စိတ်ကောင်းမထားရင်၊ဆင်းရဲမယ်...................
ယမက၀ဂ်လို့ခေါ်တဲ့ အစုံလိုက်အုပ်စုမှာ အစုံလိုက်အစုံလိုက် အတွဲလိုက်အတွဲလိုက် အကြောင်းအရာ တွေကို မြတ်စွာဘုရား ဟောကြားဆုံးမထားပါတယ်။ စိတ်ကောင်းနဲ့စိတ်ဆိုး ဆင်းရဲနဲ့ချမ်းသာ ကောင်းမှုနဲ့မကောင်းမှု ကောင်းကျိုးနဲ့မကောင်းကျိုး ပြီးတော့....................

ဘ၀ဆင်းရဲတာစိတ်မကောင်းလို့
တရားအားလုံးရဲ့ ရှေ့သွားခေါင်းဆောင်ဟာ စိတ်ပါ။ တရားအားလုံးရဲ့ အကြီးအမှူးဟာ စိတ်ပါ။ တရားအားလုံး ဟာစိတ်ကြောင့်ပဲ ပြီးစီးရပါတယ်။ ပျက်စီးတဲ့စိတ်၊ မကောင်းတဲ့စိတ်နဲ့ ပြုမယ်၊ပြောမယ်၊ ကြံစည်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့နောက်ကို ဆင်းရဲဒုက္ခတွေပဲ အစဉ်တစိုက် လိုက်ကြပါလိမ့်မယ်။ ဘာနဲ့ဥပမာတူသလဲဆိုရင် လှည်းတပ်ထားတဲ့ဝန်ဆောင်နွားရဲ့ ခြေထောက်ကို လှည်းဘီးက အစဉ်တစိုက်လိုက်ပြီး နှိပ်စက်နေသလိုပါပဲ။

ဘ၀ချမ်းသာတာစိတ်ကောင်းလို့
တရားအားလုံးရဲ့ ရှေ့သွားခေါင်းဆောင်ဟာ စိတ်ပါ။ တရားအားလုံးရဲ့ အကြီးအမှူးဟာ စိတ်ပါ။ တရားအားလုံး ဟာစိတ်ကြောင့်ပဲ ပြီးစီးရပါတယ်။ကြည်လင်တဲ့စိတ်၊ကောင်းတဲ့စိတ်နဲ့ ပြုမယ်၊ပြောမယ်၊ကြံစည်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့နောက်ကိုချမ်းသာသုခတွေပဲ အစဉ်တစိုက် လိုက်ကြပါလိမ့်မယ်။ ဘာနဲ့ဥပမာတူသလဲဆိုရင် အရိပ်ဟာ......အရိပ်ပိုင်ရှင်၊ အရိပ်ထွက်ပစ္စည်းရဲ့နောက်ကို အစဉ်တစိုက် မခွဲမခွာ လိုက်နေသလိုပါပဲ။

အငြိုးဖွဲ့လျှင်ရန်မငြိမ်း
“ငါ့ကို သူ ဆဲဖူးတယ်၊ ကဲ့ရဲ့ဖူးတယ်၊ အပြစ်ပြောဖူးတယ်၊ ငါ့ကို သူချဖူးတယ်၊ ထိုးဖူးတယ်၊ ရိုက်ဖူးတယ်၊ ငါ့ကို သူမတရား အနိုင်ယူဖူးတယ်” လို့ထပ်တလဲလဲ တွေးတောပြီး ရန်ငြိုးဖွဲ့နေမယ်ဆိုရင် တစ်ကြိမ်တစ်ခါ ဖြစ်ခဲ့ဖူးတဲ့ ရန်ကနှစ်ဦးနှစ်ဖက်လုံးအတွက် ဘယ်တော့မှ မငြိမ်းအေးနိုင်တော့ပါဘူး။

အငြိုးမဖွဲ့မှရန်ငြိမ်း
“ငါ့ကို သူ ဆဲဖူးတယ်၊ ကဲ့ရဲ့ဖူးတယ်၊ အပြစ်ပြောဖူးတယ်၊ ငါ့ကို သူချဖူးတယ်၊ ထိုးဖူးတယ်၊ ရိုက်ဖူးတယ်၊ ငါ့ကို သူမတရား အနိုင်ယူဖူးတယ်” လို့ထပ်တလဲလဲ တွေးတောပြီး ရန်ငြိုးဖွဲ့နေတာမျိုး လုံးဝမပြုလုပ်ဘူးဆိုရင် တစ်ကြိမ် တစ်ခါ ဖြစ်ခဲ့ဖူးတဲ့ရန်ကနှစ်ဦးနှစ်ဖက်လုံးအတွက် အစဉ်ထာဝရ ငြိမ်းအေးသွားနိုင်ပါတယ်။

ရန်တုံ့မမူမှရန်ငြိမ်းမယ်
ရန်တုန့်မူခြင်းဖြင့် ဘယ်တော့မှရန်မငြိမ်းနိုင်ပါဘူး။ ရန်တုံ့မမူမှသာ ရန်ငြိမ်းနိုင်ပါတယ်။ ဒါဟာ....သူတော်ကောင်း တို့ရဲ့ အစဉ်အလာ သွားရိုးလမ်းကြောင်းပါပဲ။

သေမှာသိမှရန်ငြိမ်းမာ်
ခိုက်ရန်ပြုတတ်တဲ့သူတွေက “ငါတို့ဟာ သေမင်းဆီကို အမြဲမပြတ် သွားနေကြရတဲ့သူတွေပါလား”လို့ မသိကြပါ
ဘူး။ အဲဒီလိုမသိကြတဲ့အတွက် ခိုက်ရန်တွေဟာ တိုးပွားလာရပါတယ်။ ပညာရှိသူတော်ကောင်းတွေကတော့
“ငါတို့ဟာ သေမင်းဆီကို အမြဲမပြတ်သွားနေကြတဲ့သူတွေပါလား”လို့ သိကြပါတယ်။ အဲဒီလိုသိတဲ့အတွက် ခိုက်
ရန်တွေဟာ ငြိမ်းအေးသွားကြပါတယ်။

ကမ်းပါးသစ်ပင်လိုလူ
ဝိတက်ဆိုးတွေရဲ့ အလိုကို လိုက်ပြီး ပျင်းရိ တွန့်ဆုတ်နေတဲ့ သူကို ကိလေသမာရ်(စိတ်ကောင်းတွေကို သေအောင် သတ်တတ်တဲ့ ကိလေသာ)ကလွှမ်းမိုး နှိပ်စက်နိုင်ပါတယ်။ ဘာနဲ့ ဥပမာတူသလဲဆိုရင် ချောက်ကမ်းပါးပြတ်မှာ ပေါက်နေတဲ့အာချည့်အားနဲ့ သစ်ပင်ကို အင်အားကြီးမှားတဲ့ လေပြင်းလေထန်က လွှမ်းမိုးချိုးဖျက်ပစ်နိုင်သလိုပါပဲ။

ကျောက်တောင်လိုလူ
ကြုံလာသမျှ အာရုံတိုင်းကို တင့်တယ်တယ်၊ ကောင်းတယ်လို့ အဖန်ဖန်ရှုမြင်တဲ့သူ၊ မျက်စိ၊နား၊နှာ၊လျှာ၊ ကိုယ်၊စိတ် ဣနြေ္ဒခြောက်ပါးကို စောင့်စည်းတဲ့သူ၊ အစားအသောက်နဲ့တကွ ပစ္စည်းဝတ္တုတွေရဲ့ အပေါ်မှာ အတိုင်းအရှည်သိတဲ့သူ၊ ဘုရားတရားသံဃာနဲ့ ကံ၊ ကံရဲ့အကျိုးကို မတုန်မလှုပ် ယုံကြည်တဲ့သူ၊ ကြိုးစားအားထုတ်မှု ၀ီရိယရှိတဲ့သူကို ကိလေသမာရ်(စိတကောင်းတွေကို သေအောင်သတ်တတ် တဲ့ကိလေသာ)ကမလွှမ်းမိုး မနှိပ်စက်နိုင်ပါဘူး၊ ဘာနဲ့ဥပမာတူသလဲဆိုရင် ကျောက်သားအတိပြီးတဲ့ ကျောက်တောင်ကြီးကို အင်အားပျော့တဲ့လေက မလွှမ်းမိုး မဖျက်ဆီးနိုင်သလိုပါပဲ။

ဖန်ရည်စွန်းသူ ဖန်ရည်ဝတ်မ၀တ်ရ
စိတ်အစဉ်မှာ ရာဂ၊ ဒေါသစတဲ့ ကိလေသာဖန်ရည်စွန်းထင်းနေတဲ့သူ၊ မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ် ဣနြေ္ဒခြောက်ပါးကို ယဉ်ကျေးအောင်မဆုံးမတဲ့သူ၊ စကားကို မှန်မှန်ကန်ကန် မပြောဆိုတဲ့သူဟာ ဖန်ရည်စွန်းတဲ့ အ၀တ်(သင်္ကန်း)ကို လုံဝမ၀တ်ရုံ မသုံးစွဲထိုက်ပါဘူး။


ဖန်ရည်ဝတ်နဲ့ ထိုက်တန်သူ
ရာဂ၊ ဒေါသစတဲ့ ကိလေသာဖန်ရည် အားလုံးကို ထွေးအံစွန့်ပစ်ပြီးတဲ့သူ စိတ်အစဉ်မှာ ကိလေသာဖန်ရည် မစွန်း ထင်းတဲ့သူ၊ သီလသိက္ခာ ကောင်းစွာတည်တဲ့သူ သီလရှိတဲ့သူ၊ မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ် ဣနြေ္ဒခြောက်ပါး ကို ယဉ်ကျေးအောင်ဆုံးမတဲ့သူ၊ စကားကိုမှန်မှန်ကန်ကန်ပြောဆိုတဲ့သူဟာ ဖန်ရည်စွန်းတဲ့အ၀တ်(သင်္ကန်း)နဲ့ တကယ့်ကို ထိုက်တန်ပါတယ်။

အနှစ်မကျန်တာ အကြံမှားလို့
အနှစ်မဟုတ်တဲ့ အကာကိုတော့ အနှစ်လို့ မှတ်ထင်၊ အကာမဟုတ်တဲ့ အနှစ်ကိုတော့ အကာလို့သိမြင်နေတဲ့သူ တွေဟာအတွေးမှား၊ အကြံမှား အယူအဆမှားတွေမှာပဲ စိတ်ကျက်စားနေကြတဲ့အတွက် တကယ့်အနှစ်စစ် အနှစ် မှန်ကိုဘယ်တော့မှ မရနိုင်ကြတော့ပါဘူး။

အနှစ်သိမှ အနှစ်ရှိမယ်
အနှစ်ကို အနှစ်လို့ သိပြီး အကာကို အကာလို့မြင်တဲ့သူတွေဟာ အတွေးမှန်၊ အကြံမှန် အယူအဆမှန်တွေမှာပဲ စိတ်ကျက်စားနေကြတဲ့အတွက် တကယ့်အနှစ်စစ် အနှစ်မှန်ကို အပြည့်အ၀ ရရှိနိုင်ကြပါတယ်။

အမိုးကျဲရင် မိုးရွှဲမယ်
ကောင်းကောင်းမိုးမထားတဲ့အိမ်၊ အမိုးကျဲနေတဲ့အိမ်ကို မိုးရေမိုးပေါက်တွေ ထိုးဖောက် ၀င်ရောက်နိုင်သလို သမထဘာဝနာ၊ ၀ိပဿနာဘာဝနာတွေနဲ့ ထုံမွမ်းမထားတဲ့ စိတ်ကိုလည်း ရာဂ၊ဒေါသစတဲ့ ကိလေသာတွေ ထိုးဖောက်ဝင်ရောက် နှိပ်စက်နိုင်ပါတယ်။

အမိုးလုံမှ ချမ်းသာမယ်
ကောင်းကောင်းမိုးထားတဲ့အိမ်၊ အမိုးစပ်နေတဲ့အိမ်ကို မိုးရေမိုးပေါက်တွေ မထိုးဖောက် မ၀င်ရောက်နိုင်သလို သမထဘာဝနာ၊ ၀ိပဿနာဘာဝနာတွေနဲ့ ထုံမွမ်းထားတဲ့ စိတ်ကိုလည်း ရာဂ၊ဒေါသစတဲ့ ကိလေသာတွေ မထိုးဖောက်မ၀င်ရောက် မနှိပ်စက်နိုင်တော့ပါတယ်။

ခုလည်းစိတ်ညစ်နောင်လည်းစိတ်ညစ်
မကောင်းမှုပြုတဲ့သူဟာ ဒီဘ၀မှာလည်း ကိုယ့်မကောင်းကံကို ကိုယ်တွေးပြီး ၀မ်းနည်းစိတ်ညစ်ရသလို နောင်ဘ ၀မှာလည်း ကိုယ့်မကောင်းကံရဲ့ အကျိုးဆင်းရဲဒုက္ခ အမျိုးမျိုးကို ကိုယ်ခံစားပြီး ၀မ်းနည်းစိတ်ညစ်ရပါတယ်။ ပစ္စုပ္ပန်ဘ၀မှာရော တမလွန်ဘ၀မှာပါ ၀မ်းနည်းစိတ်ညစ်ရတာပါ။ မကောင်းမှုပြုတဲ့သူဟာ ကိုယ့်ပြုထားတဲ့ မကောင်းမှုရဲ့ ညစ်နွမ်းမည်းပေမှုကို မြင်ရတိုင်း ၀မ်းနည်းပူဆွေးရ၊ စိတ်ပင်ပန်းဆင်းရဲရပါတယ်။

ခုလည်းပျော်ရွင်နောင်လည်းပျော်ရွင်
ကောင်းမှုပြုတဲ့သူဟာ ဒီဘ၀မှာလည်း ကိုယ့်ကောင်းကံကို ကိုယ်တွေးပြီး ၀မ်းမြောက်ပျော်ရွင်ရသလို နောင်ဘ၀ မှာလည်း ကိုယ့်ကောင်းကံရဲ့ အကျိုးချမ်းသာသုခ အမျိုးမျိုးကို ကိုယ်ခံစားပြီး ၀မ်းမြောက်ပျော်ရွှင်ရပါတယ်။ ပစ္စု ပ္ပန်ဘ၀မှာရော တမလွန်ဘ၀မှာပါ ၀မ်းမြောက်ပျော်ရွှင်ရတာပါ။ ကောင်းမှုပြုတဲ့သူဟာ ကိုယ်ပြုထားတဲ့ ကောင်း မှုရဲ့ သန့်စင်ဖြူဖွေးမှုကို မြင်ရတိုင် ၀မ်းမြောက်ပျော်ရွင်ရ ၊ ကြည်နူးကျေနပ်ရပါတယ်။

အလုပ်မှားက စိတ်ပူရ
မကောင်းတဲ့အလုပ် လုပ်တဲ့သူဟာ ဒီဘ၀မှာလည်း စိတ်ပူလောင်ရ၊နောင်ဘ၀မှာလည်း စိတ်ပူလောင်ရပါတယ်။ ပစ္စုပ္ပန် ၊ တမလွန်နှစ်ခုလုံးမှာ စိတ်ပူလောင်ရတာပါ။ ပစ္စုပ္ပန်ဘ၀မှာ “ငါမကောင်းတဲ့ အလုပ် လုပ်မိလေးခြင်း” လို့ တွေးပြီး စိတ်ပူလောင်ရသလို တမလွန်ဘ၀ အပါယ်လေးပါးတစ်ပါးပါး မကောင်းရာဒုဂ္ဂတိ ရောက်တဲ့အခါ ဆင်းရဲ ဒုက္ခတွေကို နာကျင်သည်းထန်စွာ ခံစားပြီး အကြီးအကျယ် စိတ်ပူလောင်ရပါတယ်။

အလုပ်မှန်က စိတ်အေးရ
ကောင်းတဲ့အလုပ် လုပ်တဲ့သူဟာ ဒီဘ၀မှာလည်း နှစ်သက်ရ၊ စိတ်ချမ်းသာရ၊ နောင်ဘ၀မှာလည်း နှစ်သက်ရ စိတ်ချမ်းသာရပါတယ်။ ပစ္စုပ္ပန် တမလွန် နှစ်ခုလုံးမှာ နှစ်သက်ရ စိတ်ချမ်းသာရတာပါ။ ပစ္စုပ္ပန်ဘ၀မှာ “ငါကောင်းတဲ့အလုပ် လုပ်ထားတယ်၊ ငါကောင်းတဲ့အလုပ် လုပ်ပြီးပြီး”လို့ တွေးပြီး နှစ်သက်ရ၊ စိတ်ချမ်းသာရသ လို တမလွန်ဘ၀ လူ့ပြည်၊နတ်ပြည် ကောင်းရာသုဂတိ ရောက်တဲ့အခါ ချမ်းသာသုခတွေကို ပြည့်စုံကြွယ်ဝစွာ ခံစားပြီး အကြီးအကျယ် နှစ်သက်ရ၊ စိတ်ချမ်းသာရပါတယ်။

သိပြီးမကျင့်ရင် နွားကျောင်းသား
အကျိုးစီးပွားကောင်းတွေ ဖြစ်ထွန်းစေနိုင်တဲ့ ပိဋကတ်သုံးဖော် ဘုရားတရားတော်တွေကို အများကြီး သင်ယူပို့ချ ဟောပြနေပေမယ့် အဲဒီတရားတော်တွေအတိုင်း လိုက်နာပြုကျင့်မှုမရှိဘဲ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေမယ်ဆိုရင် မဂ်ဖိုလ်ဝေစုရတဲ့သူ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့သူ လုံးဝမဖြစ်နိုင်ပါဘူး။ ဘာနဲ့ဥပမာတူသလဲဆိုရင် နွားပိုင်ရှင် သူတစ်ပါးတို့ရဲ့ နွားတွေကို ရေတွက်ထိန်းကျောင်းရတဲ့ အခစား နွားကျောင်းသားဟာ နွားထွက်ပစ္စည်း အရသာငါးမျိုး (နို့ရည်၊ နို့ဓမ်း ၊ ထောပတ်၊ ရက်တက်၊ ဆီဦး)ရဲ့ ဝေစုရတဲ့သူ နို့နဲ့ နို့ထွက်ပစ္စည်းတွေ သုံးဆောင်ခံစားခွင့်ရတဲ့ သူလုံးဝ မဖြစ်နိုင်သလိုပါပဲ။

သိပြီးကျင့်ရင် နွားပိုင်ရှင်
အကျိုးစီးပွားကောင်းတွေ ဖြစ်ထွန်းစေနိုင်တဲ့ ပိဋကတ်သုံးဖော် ဘုရားတရားတော်တွေကို အနည်းငယ်မျှသာ သင်ယူပို့ချ ဟောပြနေပေမယ့် မဂ်ဖိုလ်နိဗ္ဗာန်နဲ့ လိုက်လျောညီထွေတဲ့ အကျင့်ကောင်းအကျင့်မြတ်တွေကို (ကိုယ် သင်ယူလို့ သိထားတဲ့ တရားတော်တွေအတိုင်း) ကျင့်ကြံကြိုးကုတ် အားထုတ်မယ်ဆိုရင် ရာဂ၊ ဒေါသ မောဟတွေ ကိုလည်း ပယ်စွန့်နိုင်၊ သိသင့်သိထိုက်တဲ့ သစ္စာလေးပါး အမှန်တရားတွေကိုလည်း ကောင်းကောင်းပိုင်ပိုင်သိ၊ စိတ်ကလည်း ကိလေသာအနှောင်အဖွဲ့ကနေ ရှင်းရှင်းကြီးလွတ်ပြီး ပစ္စုပ္ပန်ရုပ်နာမ်ခန္ဓာ အပေါ်မှာရော၊ တမလွန် ရုပ်နာမ်ခန္ဓာအပေါ်မှာရော၊ အတွင်း အဇ္ဈတ္တ ရုပ်နာမ်ခန္ဓာအပေါ်မှာရော၊ အပြင်ဗဟိဒ္ဓ ရုပ်နာမ်ခန္ဓာအပေါ်မှာပါ တဏှာဒိဋ္ဌိနဲ့ မစွဲလမ်းတော့တဲ့ ရဟန္တာပုဂ္ဂိုလ် ဖြစ်နိုင်ပါတယ်။ နွားပိုင်ရှင်ဟာ နို့နဲ့ နို့ထွက်ပစ္စည်းတွေရဲ့ အရသာ ဝေစုကိုရသလို နည်းနည်းသိပြီး များများကျင့်တဲ့ ပုဂ္ဂိုလ်ဟာလည်း မဂ်ဖိုလ်ဝေစုရတဲ့သူ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့သူ ဖြစ်နိုင်ပါတယ်။


အရှင်ဆန္ဒာဓိက ၏ စိတ်အားဖြည့်ဓမ္မပဒ စာအုပ်မှ ထုတ်နုတ်တင်ပြပါသည်။

Wednesday, March 11, 2009

စကားပြောသောမြို့များ

2 comment
အေးစက်နေတဲ့ အိမ်ထဲ၊ အထီးကျန်နေတဲ့အမေ
သောကနဲ့အိမ်ပြန်လာမဲ့ သားသမီးတွေကို
အပြုံးနဲ့ကြိုရင်း၊ မဖြစ်ချင်တဲ့ဘ၀မှာ
အမေနေတတ်နေပြီလား။
ငွေကြေးရဲ့ဖြားယောင်းမှုနောက်၊ ဘ၀ကိုရောင်းစားနေတဲ့
မျှော်လင့်ချက်ကုန်စရာ သားတွေအတွက်
အမေ့ မေတ္တာတွေနဲ့ထိုက်တန်လို့လား။
အမေလျှောက်ခဲ့တဲ့လမ်း၊ အမေဖေါက်ခဲ့တဲ့လမ်း
အခုတော့လမ်းဆုံးခဲ့ပြီလား။
၎၊၅ နှစ်ကျွှန်ခံ၊ အိမ်တောင်ငွေပြန်မပို့နိုင်တဲ့သား
“မင်းတို့ရှာတဲ့ငွေတော့ ငါကပျင်းတောင်ပျင်းသေး”နဲ့
အမေ့စကား၊ မျက်နှာတောင်ထားစရာမရှိတော့ပါ့လား။
ဒီဘ၀ဒီအခြေအနေ ပခုံးနဲ့ထမ်းပို့ခဲ့တယ်။
လိုလေသေးမရှိဖြည့်ဆည်းခဲ့တယ်။
ဒီအရိပ်ဒီအခြေကြိုတွေးလို့ ရင်လေးခဲ့တယ်။

အမေ့အတွေး အေးရအောင်ဖြည့်ခဲ့တဲ့အဖေ။
မိသားစုတာဝန်ထမ်းရတာ အသက်အရွှယ်နဲ့မမျှ
ရိုးရိုးအေးအေး နေတတ်သလိုနေခဲ့တယ်
အရေးကြုံရင် မားမားမတ်မတ်ရပ်တည်
အမေ့ဘေးက ပခုံးတစ်စုံအဖြစ်ရှိပေးခဲ့တယ်။
ကျေးဇူးပါဖေဖေ။

တက်ချိန်ပြီးရင်ကျချိန်ဆိုတာလည်းရှိမှာပဲ
ဒီလောက်တော့မကျသင့်ပါဘူးလေ။
ဆုံဆည်းမှုဆိုတာရှိရင်တော့ခွဲခွာမှုဆိုတာရှိမှာပဲ
ဒီလောက်မြန်မြန်ကြီး မခွဲခွာသင့်ပါဘူးလေ။
၁၃နှစ်ဆိုတဲ့အတိုင်းအတာ
မင်းရင်ခွင်မှာ ပျော်ရွင်ဖူးရဲ့၊ ကြည်နှုးဖူးရဲ့
လောကဓံတရားတွေ ကြုံခဲ့ဘူးရဲ့
ပညာနို့ရည်သောက်ခဲ့ဘူးရဲ့
လိုချင်တက်မက်ခဲ့တဲ့ ငွေအသပြာတွေ
ပေးလိုက်ရတဲ့ ရင်းနှီးမှုတွေ
စိတ်ဓါတ်တွေတောင် ပျက်စီးလို့
မင်းကိုငါတို့မြတ်နိုးတယ်၊
တနေ့မင်းဆီပြန်လာခဲ့မယ်။ ။


သစ်ခက်(၁၁-၀၃-၀၉)

Saturday, March 07, 2009

ကျန်းမာရေးကိုကိုးကွယ်ပါ

1 comment
ခောတ်ပြိုင်ဂျာနယ်မှာဖတ်လိုက်ရတယ်။ ဆရာအောင်သင်း ရဲ့အဝေးရောက်လူငယ်များအပေါ်အကြုံပြုချက်တွေ။အဲဒီထဲက ကျန်းမာရေးကိုကိုးကွယ်ပါတဲ့။ ကျနော်တို့တတွေ ငယ်ရွှယ်တဲ့အချိန်၊ စိတ်ဓါတ်တွေတက်ကြွှနေတဲ့အချိန်ဆိုတော့ ကျန်းမာရေးကတော့ဒေါင်ဒေါင်မြည်ပဲဆိုပြီး တော်တန်ရုံဂရုမထားကြပါဘူး။ ခုလိုအချိန်တော့ကျန်းမာရေးတန်ဖိုးမသိချင်ယောင်ဆောင်နေကြပါတယ်။ တကယ်ဖြစ်တော့မှ မရှုနိုင်မကယ်နိုင်ဖြစ်တော့တာပါပဲ။ ကိုယ့်အိမ်နဲ့အဝေးတနေရာစောင့်ရှောက်မယ့်သူရှိရင် တမျိုးပေါ့။ မရှိရင် အားငယ်ဖို့ကောင်းပါတယ်။ ဒါတွေမသိဘူး မဟုတ်ပါဘူး။ ဒါပေမယ့်ပေါ့ပေါ့တန်တန်ပဲ သဘောထားကြပါတယ်။ ကိုယ့်ကိုယ်ခံအားကို ကိုသိကြပါတယ်။ မဖြစ်မနေလုပ်ရမဲ့ကိစ္စမှအပ ကိုယ်ခံအားကိုချွှေတာသင့်ပါတယ်။ တချို့လူတွေ အအိပ်အနေနည်းပါးတယ်။ညည့်နက်မှအိပ်နိုင်ကြပါတယ်။ ကျနော်တို့လာတာ အလုပ်(သို့)ကျောင်း အတွက်မဟုတ်လား။ မနက်ကျရင်ကိုယ်စီ သက်ဆိုင်ရာကိုသွားတဲ့အခါ ကြည်ကြည်လင်လင်နဲ့သွားရရင်မကောင်းဘူးလား။ အိမ်မှာအခန်းဖော်တစ်ယောက်ရှိတယ်။ ညည့်နက်မှအိပ်ပါတယ်။ မနက်ဆိုရင် တော်တော်နိုးယူရပါတယ်။ အကျိုးရှိတဲ့အလုပ်လုပ်နေတာလားဆိုတော့လည်း မဟုတ်ပါဘူး။ TV ကြည့်နေပါတယ်။ကျနော်ခေါင်းကိုက်တတ်ပါတယ်။အိပ်ယာထနောက်ကျလို့ ခေါင်းကိုက်ပြီဆို ဘာကိုမှစိတ်ဝင်တစားမလုပ်နိုင်တော့ပါဘူး။ ဘာကိုမှစိတ်မ၀င်စားတဲ့နေ့ဟာအဓိပ္ပါယ်မရှိတဲ့နေ့ပါပဲ။ အသောက်အစားရှိတဲ့သူငယ်ချင်းတွေ နည်းနည်းလျှော့ကြပါ။ တချို.ရှိတယ် သောက်မှ။ကျနော်သူငယ်ချင်းတစ်ယောက် ခါးနာတဲ့ရောဂါရှိတယ်။ မမူးတဲ့နေဆိုရင် အစောကြီးနိုးပြီး မအိပ်နိုင်လောက်အောင်ခါးနာပါတယ်။ ဒီလိုမျိုးဆိုတော့လည်း ကျန်းမာရေးကိုဂရုစိုက်ပေးရတာပေါ့။တချို.သတ်သတ်လွတ်စားကြတယ်။ဘာရည်ရွယ်ချက်နဲ့ပဲစားစား အဟာရဖြစ်အောင်တော့စားစေချင်ပါတယ်။ ကိုယ့်ရဲ့ BMI လည်းစစ်ဆေးပြီး လိုအပ်တာတွေလုပ်ဆောင်စေချင်ပါတယ်။ BMI ကိုသိချင်ရင်တော့http://www.nhlbisupport.com/bmi/bmi-m.htm မှာစစ်ဆေးနိုင်ပါတယ်။ဒါကတော့ ကိုယ်ကျန်းမာရေးပေါ့။ စိတ်ကျန်းမာရေးကတော့ တရားစာများများဖတ်။ မနိုင်းနိုင်းတို့လို စိတ်အဟာရဖြစ်စေမယ့် ဘလော့တွေများများဖတ်သင့်ပါတယ်။ သူငယ်ချင်းတို့ကျန်းမာရေးကို ပေါ့ပေါ့တန်တန်များ သဘောထားခဲ့သည်ရှိသော် နည်းနည်းလေးဂရုစိုက်စေချင်တဲ့ဆန္ဒနဲ့ပါ။ ကိုယ်ကျန်းမာ၊စိတ်ချမ်းသာနဲ့ လိုရာပန်းတိုင်ကိုလျှောက်လှမ်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလျှက်......

Wednesday, March 04, 2009

အေးရိပ်

0 comment
အေးရိပ်လေး တွေ့ထားပါတယ်။ စိတ်ပင်ပန်းမှုများလည်း အထိုက်အလျှောက် ပြေလျှော့စေမယ်လို့မျှော်လင့်ပါတယ်။
မသွားဖြစ်သေးဘူးဆိုရင်တော့တစ်ခေါက်လောက်ဖြစ်ဖြစ်သွားကြည့်လိုက်ပါ။
လိပ်စာကတော့ ရွှေပါရမီ (www.shweparami.net)ပါ။

လေးစားလျှက်

လေးစားပါတယ်(၁)

2 comment

မနက်ပိုင်း အေးချမ်းနေတုန်း၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိတုန်း အခုတလော ခဏခဏ စဉ်စားမိနေတဲ့ အကြောင်းအရာလေး တစ်ခုကို ပြောမယ်။အခုတလော စဉ်းစားနေတာဆိုလို့ အခုမှ စဉ်းစားတာမဟုတ်ဘူး။ ဒီအကြောင်းအရာကို စဉ်းစားတာ တော်တော်ကြာပြီ။ နှစ်ပေါင်းကို တော်တော်ကြာပြီ။ ငယ်ငယ်ကတည်းကစပြီး စဉ်းစားတာပဲ။ ငယ်ငယ်လေး ကတည်းက စပြီးတော့စဉ်းစားခဲ့လို့လည်း တဖြည်းဖြည်းနဲ့ ဒီအကြောင်းအရာနဲ့
ပက်သက်ပြီးတော့ ပိုပြီးသဘောပေါက်လာတာ။ ငယ်ငယ်ကတည်းက နည်းနည်း သဘောပေါက်ခဲ့လို့ ဘ၀ရဲ့ဦးတည်ချက်တွေ သဘောထားတွေမှန်ခဲ့တာ။ အသက်ကြီးလာလေ ပိုပြီး နက်နက်နဲနဲ သဘောပေါက်လာလေဖြစ်လာတယ်။ ပိုပြီးသဘောပေါက်လာတယ်ဆိုတော့ အကုန်လုံး သဘောပေါက် သွားပြီလို့တော့ ပြောလို့မရဘူး။ဒီလို အကြောင်းအရာတွေကို ယ်ငယ်ကတည်းက သဘောပေါက်နိုင်ရင် ကိုယ့်ဘ၀ဟာ ပိုပြီးတော့ လေးနက်မယ်၊ တန်ဖိုးရှိမယ်။ ဦးတည်ချက်မှန်မယ်။အင်မတန် အဖိုးတန်တဲ့ဘ၀၊ ကိုယ်ရဲ့ စိတ်ဓါတ် အင်အားတွေ၊ခန္ဓာကိုယ် အင်အားတွေဟာ ဘာမှအရေးမကြီးတဲ့ ကိစ္စတွေဘက်ကို ရောက်ပြီးတော့အကျိုးမရှိဘဲ ကုန်သွားတာမျိုး မဖြစ်တော့ဘူး။မြင့်မြတ်တဲ့ဘက်ကို ဦးတည်ပြီး သွားနေရတာဟာ ပျော်စရာ အကောင်းဆုံး၊ ကျေနပ်စရာ အကောင်းဆုံးပါ။ ဒီပျော်နည်း၊ ဒီကျေနပ်နည်းကို သေသေချာချာ ခံစားလို့ ရသွားရင် တခြားပျော်နည်း၊ ကျေနပ်နည်းတွေကို တော်တော် အပေါ်ယံ ဆန်တယ်ပါလားဆိုတာ သိရတယ်။

တကယ်လိုချင်တာ ဘာလဲ။

ပြောမယ့်အကြောင်းအရာက အချက်အလက်တွေ တော်တော်များတယ်။ တစ်ခု နဲ့ တစ်ခု ဆက်စပ်မှုတွေလည်းများတယ်။ ဘယ်ကစ,ပြောရရင်ကောင်းမလဲဆိုတော့ လူတွေတကယ် လိုချင်တာ ဘာလဲဆိုတာကနေ စ,ပြောမယ်။
လူတွေတကယ်လိုချင်တာ ဘာလဲ။
စိတ်ချမ်းသာမှု။
ဟုတ်ပြီ ၊ စိတ်ချမ်းသာမှုကို လိုချင်တယ်။ ဘာပဲလုပ်လုပ် စိတ်ချမ်းသာမှုရမယ် ထင်လို့ လုပ်တာ။ ဥပမာ- ပိုက်ဆံရှာတယ်။ ဘာဖြစ်လို့ ပိုက်ဆံရှာသလဲဆိုတော့ ပိုက်ဆံရှိရင် စိတ်ချမ်းသာမယ်ထင်လို့ပဲ။ TV တွေ Video တွေကြည့်တယ်။ ဘာကြောင့် ကြည့်သလဲဆိုတော့ အဲဒီလို ကြည့်နေရင် စိတ်ချမ်းသာတယ်ထင်လို့ပဲ။ စိတ်ချမ်းသာမယ်ထင်လို့ တခြားလည်း အမျိုးမျိုးလုပ်တယ်။ တချို့စိတ်ဆင်းရဲမှုကို ဖုံးချင်လို့၊ မေ့ထားချင်လို့ လုပ်တယ်။လူတွေနေ့စဉ်လုပ်နေတဲ့ အလုပ်တွေကို အခြေခံကျကျကြည့်ရင် သူတို့လိုချင်တဲ့ စိတ်အခြေအနေလေး ဖြစ်အောင်ဖန်တီး ယူနေတာပဲဆိုတာ တွေ့ရတယ်။ Mood တစ်ခု ဖန်တီးယူနေတယ်။ mental state တစ်ခု ဖန်တီးယူနေတယ်။ အမှန်တော့ ကိုယ် တကယ်ပြန်ခံစားနေရတာ ကိုယ့်ရဲ့ စိတ်အခြေအနေ၊ကိုယ့်ရဲ့ mood ဖြစ်တယ်။ကြည်လင်အေးချမ်းတဲ့စိတ်ကို လိုချင်လို့၊ ကြည်လင်အေးချမ်းတဲ့စိတ်ကို ခံစားချင်လို့၊ ကြည်လင်အေးချမ်းသွားအောင် လုပ်တယ်။ ပျော်ရွှင်မြူးတူးတဲ့စိတ်ကိုလိုချင်လို့ ပျော်ရွှင်မြူးတူးစေမယ့် အကြောင်းအရာတွေကို လုပ်တယ်။ နောက်ဆုံး တကယ်လိုချင်တာ ဘာလဲလို့ ဆိုတော့ စိတ်အခြေအနေလေးပဲ။ တကယ်တော့ ကိုယ့်စိတ်ကို ကိုယ်ခံစားတာပါ၊ ကိုယ့်စိတ်ကို ကိုယ်အရသာခံတာပါ။ We enjoy our consciousness လို့ပြောရမယ်။တကယ်လေးနက်တဲ့ စိတ်ချမ်းသာမှုကို လိုချင်ရင် ကိုယ့်ကိုယ်ကို လေးစားတဲ့သူဖြစ်အောင် နေဖို့လိုတယ်။ ကိုယ့်ကိုယ်ကို လေးစားတဲ့စိတ်ဟာ ချမ်းသာတဲ့စိတ် ဖြစ်တယ်။ ကိုယ့်ကိုယ်ကို မလေးစားနိုင်တဲ့ သူဟာ စိတ်ချမ်းသာနိုင်မလား။ စစ်မှန်တဲ့စိတ်ချမ်းသာမှုမျိုးကို ဘယ်လိုမှမရနိုင်ဘူးနော်။ self-respect ဟာတော်တော် ကျေနပ်မှုရတယ်။
ကိုယ့်ကိုယ်ကို ဘာကြောင့် မလေးစားနိုင်တာလဲ။
မလုပ်သင့်တာတွေ လုပ်မိလို့။
မလုပ်သင့်တာတွေကို လုပ်မိတဲ့အခါမှာ "ငါ မှားသွားလေခြင်း" ဆိုတဲ့ နောင်တ ဖြစ်တယ်။ လူတွေမှာ အမှားအမှန်ကိုခွဲခြားနိုင်တဲ့ အသိဥာဏ် ရှိပါတယ်။ကလေးတွေတောင် တော်တော်သိတယ်။ ဒါကြောင့် မလုပ်သင့်တာ လုပ်မိတဲ့အခါ ရှက်တယ်။ guilt ဖြစ်တယ်။ ကိုယ့်ကိုယ်ကို အထင်သေးသွားတယ်။ ကိုယ့်ကိုသူများလည်း အထင်သေးတော့မှာပဲလို့ တွေးပြီးရှက်တယ်။ ကြောက်တယ်။ အဲဒါ တော်တော်ခံရခက်တယ်။ အဲဒါ စိတ်ဆင်းရဲမှုပဲ၊ ဒုက္ခပဲ။ ရှက်နေရတာ၊ ကြောက်နေရတာကိုယ့်ကိုယ်ကို မလေးစားတော့တာဟာ တော်တော်ကြီးတဲ့ စိတ်ဒုက္ခ ဖြစ်တယ်။ဒါကြောင့် အမှားနည်းအောင် နေဖို့လိုတယ်။ ရှက်နေရတာ၊ ကြောက်နေရတာ နည်းအောင် ကိုယ်လုပ်တာ၊ ကိုင်တာ၊ ပြောတာ၊ ဆိုတာတွေမှာ အမှားနည်းအောင် သတိနဲ့နေတဲ့ အလေ့အကျင့်ကို လေကျင့်ပြီး အမြဲ သတိကပ်ထားသင့်တယ်။မတော်တဆ နည်းနည်းပါးပါး မှားတာတော့ လူတိုင်းမကင်းပါဘူး။ တမင်တကာ စေတနာဆိုးနဲ့ လုပ်တာမျိုး မဖြစ်ဖို့ကိုပဲအထူးသတိထားပြီး ထိမ်းသိမ်းဖို့အရေးကြီးတယ်။ ကိုယ့်ကိုယ်ကိုလေးစားမှုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးမယ့် ကိစ္စမျိုးဟာကြောက်စရာ အကောင်းဆုံးဖြစ်တယ်။

စစ်မှန်တဲ့ စိတ်ချမ်းသာမှုကို လိုချင်ရင်

ဘယ်လိုကိစ္စမျိုးတွေ လုပ်မိတဲ့အခါမှာ guilt ဆိုတဲ့ နောင်တ ရတာမျိုး၊ shame ဆိုတဲ့ ရှက်တာမျိုးဖြစ်တတ်သလဲ။
သူများကို ထိခိုက်သွားတဲ့ ကိစ္စမျိုး။အဓိက က အဲဒါမျိုးဖြစ်တယ်နော်။ သူများပစ္စည်း ခိုးတာ၊ သူများအကျိုးစီးပွား ကြီးကြီးမားမား ထိခိုက်သွားအောင် လိမ်လိုက်တာ။ သူများရသင့်တာကို ကိုယ်က ကြားကရအောင်လှည့်ယူလိုက်တာ၊ သူများသားမယားကို ပြစ်မှား လွန်ကျူးတာ၊ သူများ ဂုဏ်သိက္ခာကျအောင် မဟုတ်မတရားပြောတာ၊ သူများ အသက်ကို သတ်တာ၊ သတ်ခိုင်းတာ၊ အဲဒါမျိုးတွေ လုပ်မိတဲ့အခါ ရှက်ရတယ်။ နောင်တရတယ်။ အကျဉ်းချုံးပြီးပြောရင် သီလပျက်တာနော်။ သီလပျက်ရင် ကိုယ့်ကိုယ်ကိုလေးစားမှုမရှိတော့ဘူး။ စေတနာဆိုးနဲ့ လုပ်တာတွေ အားလုံးဟာ ကိုယ့်စိတ်ထားကို အောက်တန်းကျသွားစေတယ်။ဒါကြောင့်(guilt) နောင်တပူပန်မှု ဖြစ်ရတာ၊ (shame)ရှက်ရတာမျိုး မဖြစ်အောင်ဆိုရင် စောင့်စည်းမှု ရှိရမယ်။ သီလကို စောင့်ထိန်းရမယ်။သူတပါးအသက်ကို မသတ်ဘူး။ သူတစ်ပါးပစ္စည်းကို မခိုးဘူး၊ လိမ်ညာလှည့်ဖြားပြီး မယူဘူး။ သူတစ်ပါး သားမယားကို မပြစ်မှားဘူး။ လိမ်ညာပြီး မပြောဘူး။ မဟုတ်မမှန်တဲ့ အယူအဆ အတွေးအခေါ်ကို မပြောဘူး။ အရက်တို့ ၊မူးယစ် ထိုင်းမှိုင်းစေတဲ့ ဆေးတွေကို မသုံးဘူး၊စောင့်စည်းတယ်၊ထိန်းသိမ်းတယ် ဆိုရင်(guilt) နောင်တ ပူပန်မှုဖြစ်ရတာ၊ (shame) ရှက်ရတာမျိုးမဖြစ်ဘူး။အရက်တို့၊ မူးယစ် ထုံထိုင်းဆေးတို့၊ စိတ်ကြွဆေးတို့ကို စွဲနေတဲ့သူတွေကို တွေ့ဖူးတယ်။ သူတို့ရဲ့ အမူအရာတွေဟာ ကြည့်လို့မကောင်းဘူး။ သူတို့မျက်နှာမှာကြည်လင်မှု၊အေးချမ်းမှု မရှိတာတွေ တွေ့ရတယ်။ ညှိုးနွမ်းနေတယ်။ ကျန်းမာရေးမကောင်းတဲ့ လက္ခဏာတွေ တွေ့ရတယ်။ သူတို့ကိုယ်ကို သူတို့ ယုံကြည်မှု၊ လေးစားမှုမရှိတော့ဘူး။ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကလည်း သူတို့ကို တကယ်မလေးစားဘူး။
သူတို့ကို ကြည့်ရတာ ပျော်တဲ့အမူအရာလည်းမရှိဘူး။ ကြုံလို့ တစ်ခါက သူတို့နေတဲ့နေရာကို ရောက်ဖူးတယ်။ သူတို့နေရာဟာညစ်ပတ် နံစော်နေတယ်။ သန့်ရှင်းမှု သပ်ယပ်မှု မရှိဘူး။ ရှုပ်နေတယ်။ အရက်မှုးပြီးတော့ ကိုယ့်ကိုယ်ကိုတောင် သန့်ရှင်းအောင် သပ်ယပ်အောင် မလုပ်နိုင်တဲ့သူ၊ ကိုယ့်အိမ် ကိုယ့်အခန်းကိုတောင်မှ သန့်ရှင်းအောင် မထားနိုင်တဲ့သူမှာ ကိုယ့်ကိုယ်ကို လေးစားမှု(self-respect)ဘယ်ရှိနိုင်မှာလဲ။ ဘယ်လိုမှမရှိနိုင်ဘူး။ကိုယ့်ကိုယ်ကို လေးစားမှု မရှိတဲ့သူ၊ သူများကလည်းကိုယ့်ကို မလေးစားဘူးလို့ခံစားရတဲ့သူဟာ၊ အဲဒါကိုခံရခက်လို့ ကိုယ့်ကို သူများကြောက်အောင် ဒေါသကြီးကြီးနဲ့ ပြောဆိုဆက်ဆံတတ်တယ်။ ကြောက်တာဟာ လေးစားမှု အတု တစ်မျိုးဖြစ်တယ်။ လေးစားမှု အစစ် မဟုတ်ဘူး။ သူဟာ အဲဒီလေးစားမှု အတုဖြစ်တဲ့ ကြောက်တာကိုပဲ ရအောင် လုပ်တော့တယ်။ အတုလောက်နဲ့ပဲ ကျေနပ်ရတော့တယ်။ အစစ်ကိုတော့ မရနိုင်ဘူး။ကိုယ့်ကိုယ်ကို လေးစားတဲ့သူ၊သူတစ်ပါးရဲ့လေးစားမှုကို လည်းထိုက်ထိုက်တန်တန်ရတဲ့သူဟာ စိတ်ချမ်းသာတယ်။ စိတ်အေးချမ်းတယ်။ ဒါကြောင့် အများနဲ့ဆက်ဆံတဲ့အခါမှာ နူးညံတယ်။ စိတ်ရှည်တယ်။ ကြောက်တာကို သူမလိုချင်ဘူး။အရက်တို့၊ မူးယစ် ထုံထိုင်းဆေးတို့ စွဲနေတဲ့သူဟာ အလုပ်ကိုလည်း မှန်မှန်ကန်ကန် မလုပ်နိုင်ဘူး။ တချို. မိသားစုရှိတယ်။ မိသားစုကို ကောင်းကောင်းမွန်မွန် ရှာမကျွှေးနိုင်ဘူး။ မထောက်ပံ့နိုင်ဘူး။ မနေသာတဲ့သူတွေက သူတို့ကိုပြန်ပြီး ထောက်ပံ့နေရသေးတယ်။ကိုယ့်တာဝန်ကို ကိုယ်မယူနိုင်တဲ့၊ ကိုယ့်မိသားစုကို ကိုယ်ရှာမကျွှေးနိုင်တဲ့သူဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလုပ်လေးစားမှု ရှိနိုင်မလဲ။ ရှက်နေမယ်၊ အားငယ်နေမယ်။ တချို. အဲဒီလို ရှက်နေတာ အားငယ်နေတာကို မေ့ထားနိုင်ဖို့ မူးအောင်သောက်ပြန်တယ်။မလုပ်သင့်တာတွေကို လုပ်နေတဲ့သူတွေဟာ သူတို့မှာ(guilt)အပြစ်ရှိတဲ့သူတစ်ယောက်ဖြစ်နေတဲ့အတွက် ပူလောင်တဲ့ခံစားမှု (shame) ရှက်တဲ့ခံစားမှုရှိတယ်။ဒါကြောင့် စစ်မှန်တဲ့ စိတ်ချမ်းသာမှုကို လိုချင်ရင် ပထမဦးဆုံး (self-respect)မိမိကိုယ်ကို တကယ်လေးစားမှုကို ရအောင် လုပ်ရမယ်။ သူများကိုယ့်ကိုမလေးစားတာက ကိုယ်မတတ်နိုင်တဲ့ ကိစ္စ ဖြစ်တယ်။ တချို.က ကောင်းတဲ့သူကိုတောင် မလေးစားတာ ရှိသေးတာပဲ။ ဒါသူတို့နဲ့ပဲ ဆိုင်တယ်လို့ ထားလိုက်လို့ ရသေးတယ်။ ဒါ သူ့သဘောပေါ့။ များသောအားဖြင့်တော့ ကောင်းကောင်းမွန်မွန် နေတဲ့လူကို လေးစားကြပါတယ်။ ကောင်းကောင်းမွန်မွန် နေတဲ့သူကို မလေးစားတဲ့သူဟာသူကိုယ်တိုင်က မကောင်းတဲ့သူ၊ ကိုယ့်ကိုယ်ကို မလေးစားနိုင်တဲ့သူ ဖြစ်နေလို့ပဲ။ကောင်းကောင်းနေတဲ့သူ၊ ကိုယ့်ကိုယ်ကို လေးစားတဲ့သူဟာ ကောင်းကောင်းနေတဲ့သူကို လေးစားနိုင်ပါတယ်။ အင်မတန်လေးစားပါတယ်။ စိတ်ကောင်းရှိတဲ့လူဟာ စိတ်ကောင်းရှိတဲ့သူကို သိပ်လေးစားပါတယ်။ အကျင့်စာရိတ္တ ကောင်းတဲ့သူဟာ အကျင့်စာရိတ္တ ကောင်းတဲ့သူကို လေးစားပါတယ်။စိတ်ကောင်းရှိတဲ့သူ၊ ကောင်းကောင်းမွန်မွန် နေတဲ့သူကို မလေးစားနိုင်တဲ့သူဟာ သူ့ကိုယ်သူ မလေးစားနိုင်လို့ ခံရခက်နေတာ၊ ရှက်နေတာကို reactလုပ်တာ၊ တုန့်ပြန်တာပဲ။ သူ့ကိုယ်တိုင်က မကောင်းတော့ ကောင်းတဲ့လူကို မြင်ရတဲ့အခါ သူမကောင်းတာပိုပြီးတော့ ထင်ရှားလာလို့ အဲဒီ ကောင်းတဲ့သူကိုပဲ မကျေမနပ်ဖြစ်တယ်။ တချို့တော့ ကိုယ်က ကောင်းကောင်းမနေပေမဲ့ ကောင်းကောင်းနေတဲ့လူကို လေးစားနိုင်တယ်။ အဲဒီလို လူဟာ တစ်နေ့မှာ လူကောင်းတစ်ယောက်ဖြစ်လာနိုင်သေးတယ်။ကောင်းတဲ့လူကို မလေးစားနိုင်တဲ့ လူဟာ သူကိုယ်တိုင် ကောင်းတဲ့လူဖြစ်မလာနိုင်ဘူး။
သူများရဲ့ ကောင်းတဲ့ ဂုဏ်(quality)ကိုမလေးစားရင် ကိုယ့်မှာ အဲဒီကောင်းတဲ့ ဂုဏ်(quality)မျိုး မဖြစ်ပေါ်နိုင်ဘူး။ ဒါကြောင့် သူများမှာ ကောင်းတဲ့ ဂုဏ်တစ်ခုခုရှိရင် အဲဒါကို လှိုက်လှိုက်လှဲလှဲ လေးစားနိုင်တဲ့သူ ဖြစ်ရမယ်။ ဒါမှ အဲဒီဂုဏ်(quality)မျိုးကို ကိုယ်လည်းရလာမယ်။ သူများရဲ့ ကောင်းတဲ့ ဂုဏ်ကို မလေးစား
နိုင်ရင် ကိုယ့်မှာ အဲဒီဂုဏ်မျိုး မရနိုင်အောင် မဖြစ်နိုင်အောင် လမ်းပိတ်လိုက်သလို ဖြစ်သွားတယ်။

စိတ်သန့်ရှင်းရမယ်။

လုပ်သင့်တာကို မလုပ်တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကို လေးစားမှု(self-respect)နည်းသွားတယ်။ အဲဒါ သူများတော့မသိဘူး။ ကိုယ်ပဲသိတယ်။ဟုတ်တယ်၊လုပ်သင့်တာကို လုပ်နိုင်ပါလျက်နဲ့၊ သိပါလျက်နဲ့ မလုပ်ဘဲနေရင်လည်း ကိုယ့်ကိုယ်ကို လေးစားမှု နည်းသွားတယ်။ ဒါကြောင့်လုပ်သင့်တာကိုလည်း လုပ်ရမယ်။ မလုပ်သင့်တာကိုလည်း မလုပ်မိအောင် ထိန်းသိမ်း စောင့်စည်းရမယ်။ ဒါမှသာ မိမိကိုယ်ကို လေးစားနိုင်မယ်။မလုပ်သင့်တာ လုပ်မိလို့ ရှက်နေတယ်။ နောင်တဖြစ်နေ တယ်ဆိုရင် စိတ်မှာကြည်လင်အေးချမ်းမှု မရှိဘူး။ စိတ်မချမ်းသာဘူး။ ကိုယ့်အမှားကို ကိုယ်ထပ်ခါထပ်ခါ တွေးနေမယ်။ သို့မဟုတ်ရင် မေ့ဖို့ ကြိုးစားတဲ့အနေနဲ့ တစ်ခြားကို စိတ်လမ်းလွှဲနေရင် သူ့စိတ်ဟာ လွတ်လပ်မှုမရှိဘူး။ သူ့စိတ်က မလွတ်လပ်တော့လို့ တခြားတန်ဖိုးရှိတဲ့ ကိစ္စတွေကို လုပ်ဖို့ စိတ်မအားတော့ဘူး။ တန်ဖိုးရှိတဲ့၊ လေးနက်တဲ့၊ သိမ်မွေ့တဲ့ ကိစ္စတွေ လုပ်ဖို့ စိတ်မှာ အင်အားမရှိဘူး။ နောင်တနဲ့ ရှက်ရတဲ့အထဲမှာပဲသူ့စိတ်က ချောင်ပိတ်မိနေပြီ။
ကိုယ့်ကိုယ်ကို လေးစားမှု ရှိဖို့ဆိုတာ အကျင့်သီလနဲ့ ပက်သက်ပြီးတော့ စင်ကြယ်မှု ရှိရမယ်။ စင်ကြယ်မှုလို့ ဆိုကတည်းက သန့်ရှင်းမှုဆိုတဲ့ အဓိပ္ပါယ်နော်။ကိုယ်အမှု၊နှုတ်အမှုတွေမှာ အပြစ်ကင်းတယ်။ သန့်ရှင်းတယ်ဆိုရင်ပဲ ကိုယ့်ကိုယ်ကို လေးစားနိုင်ပါတယ်။ ဒီထက်တစ်ဆင့် မြှင့်ရရင် စိတ်သန့်ရှင်းဖို့လည်း လိုတယ်။
စိတ်ထဲမှာ ဖြစ်နေတဲ့အတွေးတွေက မကောင်းတာတွေ မတွေးသင့်တာတွေဖြစ်နေရင်၊ အဲဒီလို အတွေးမျိုးတွေ တွေးနေလို့ကိုပဲ “ငါ မတွေးသင့်တာတွေတွေးနေပါလား“ ဆိုပြီး (guilt) ပူပန်မှုဖြစ်တယ်။ “ငါ့စိတ်က မသန့်ရှင်းဘူး“ ဆိုပြီးရှက်တယ်။ဒါကြောင့် စိတ်ကို သန့်ရှင်းအောင်ထားတတ်ဖို့လိုတယ်။ ကိုယ့်စိတ်ထဲမှာ ဘာတွေတွေးနေသလဲဆိုတာနည်းနည်း သတိထားထားပြီးကြည့်ကြည့်တဲ့ အလေ့အကျင့်လေးရှိရမယ်။ စိတ်ကိုသိနေရင်၊ အတွေးတွေကို သိနေရင် မသန့်ရှင်းမှုဟာ တဖြည်းဖြည်း၊နည်းသွားနိုင်တယ်။ဖြစ်ကြောမရှည်တော့ဘူး။ သန့်ရှင်းပြီးကြည်လင်အေးချမ်းနေတဲ့စိတ်ဖြစ်တာများလာမယ်။








ဆက်လက်ဖော်ပြပါမည်။