Wednesday, January 06, 2010

ဗိုလ်ပဲ၊ မတ်ပဲ၊ ကုလားပဲလေးများ

ပေါ်ပေါ်ကခလေးဘ၀အကြောင်း တက်ဂ်ထားတဲ့ အကြွေးကို မသိချင်ဟန်ဆောင်နေတာ ကြာပြီ။ ရေးစရာမရှိတုန်း ညီအကိုတွေ ပြန်လွမ်းသွားလို့ မှတ်မိသလောက်ချရေးကြည့်ဦးမယ်။

ကျနော်တို့ဆီမှာ ဘုရားပွဲကို ယာမြေတွေသိမ်းတဲ့ ပွင့်လင်းရာသီမှသာ တနှစ်တခါ ပြုလုပ်လေ့ရှိတယ်။ အဲဒီအချိန်မှာ ရွာနီးချုပ်စပ်ကလည်း လာရောက်ပြီး ပျော်ပါးကြတယ်။ လှည်းတွေနဲ့ လာကြ၊ တည်းကြတယ်။ ဘုရားပွဲမှာပဲ အိမ်အတွက်လိုအပ်တဲ့ အသုံးအဆောင်တွေ ဖြစ်တဲ့ ဖျာ၊အိုး၊ အ၀တ်အထည် စတာတွေအပြင် လယ်ယာမြေအတွက်လိုအပ်တဲ့ သံထည်ပစ္စည်းတွေ ၀ယ်ခြမ်းကြရတယ်။ ခလေးတွေအတွက် ကစားစရာ အိုးပုတ်၊ချိုးရုပ်လေးတွေလည်း ရောင်းကြသေးတယ်။

ကျနော့်အမတွေ ညီမတွေ ကစားဖို့ ကျနော်တို့ ညီအကိုတွေက ခိုးပေးကြတယ်။ ဘုရားပွဲက နည်းနည်းလှမ်းတော့ အကို့စက်ဘီးလေးနဲ့သွားရတယ်။ သူ့ဘီးက ခလေးစီးတဲ့ ယောက်ျားစီဘီး၊ ဘောင်ပါတယ်။ အဲဒီဘီးသေးသေးလေးကို ငါးယောက်စီးပြီးသွားကြတယ်။

ဟိုရောက်ရင် အကိုအကြီးဆုံးက ပုဆိုးကားကားဝတ်ပြီး ရှေ့ဆုံးမှာရှိတဲ့ အိုးပုပ်တွေကို ပုဆိုးနဲ့ ဖုံးအောင်အုပ်ပြီး ဆောင့်ကြောင့်ထိုင်လိုက်တယ်။ ပြီးရင် နောက်ဆုံးတန်းမှာ ရှိတဲ့ အိုးပုပ်ကိုဈေး ဘယ်လောက်လည်းမေး။ နောက်ညီအကိုတွေကလည်း တဖက်ကနေ ဈေးမေးရင်း ဆိုင်ရှင်ကို အလုပ်ရှုပ်အောင်လုပ်လိုက်တယ်။ အဲဒီအချိန်မှာ အကိုအကြီး ပုဆိုးအောက်က အိုးပုပ်တွေကို ကျန်တဲ့သူတွေက ရသလောက်ယူကြတယ်။ အများကြီးမယူပါဘူး နည်းနည်းပါ။ တပါတ်လောက်ယူလိုက်ရင် ညီမတွေလည်း ဆော့လို့ရရော။ မဟုတ်ရင် ကျနော်တို့ ကစားတဲ့ ၀ိုင်းထဲ ၀င်ဝင်ပါလွန်းလို့။

သူတို့ဘာသာသူတို့ တွေ့ကရာအရွက်ခူး ကြော်လို့ကြော် ချက်လို့ချက်လုပ်ရင်း သူတို့ဘာသာသူတို့ကျက်ပြီဆိုရင် ကျနော်တို့ ယောက်ျားလေးတွေ ကစားတဲ့ဝိုင်းထဲ လာရောင်းတတ်တယ်။ ကျနော်တို့ကလည်း တွေ့ကရာခူးထားတဲ့ အရွက်တွေကို ပိုက်ဆံဆိုပြီး သူတို့ကိုပေးလိုက်ရင် ပျော်သွားရော။ အဲဒါကြောင့်လားမသိဘူး တယောက်မှ ဟင်းကောင်းကောင်း မချက်တတ်ကြဘူး။

တခါတလေ အိမ်ရှေ့ကွပ်ပစ်မှာ ၀င်းထရံပေါ်ကို စောင်ဖြန့်ပြီး ဇာတ်ကတတ်ကြသေးတယ်။ အမေတို့ခေတ်တုန်းကတော့ ဇာတ်မင်းသားသိန်းဇော် အမြဲတမ်းကတယ်ပြောတယ်။ ငယ်ငယ်က ပွဲဈေးတန်းမှာ အော်လံလေးတွေရောင်းတယ် အဲဒါလေးတွေကို သုံးလေးခုဝယ်၊(တခါတလေခိုးပေါ့းP) အပ်ချည်ကြိုးနဲ့ချည်ပြီး တရုတ်စကားပင်ပေါ်တင်၊၊ မိုက်ကတော့ ကြုံရာ ခုံဖိနပ်ပေါ့။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟုတ်နေတာပဲ။ ငယ်ငယ်ကဆိုတဲ့ သီချင်းတွေက မှုန်ရွှေရည်နဲ့ နောက်သင်္ကြန်သီချင်းတွေပေါ့။

မိသားစုသုံးစုပေါင်းထားတော့ မောင်နှမတွေကလည်း ၁၁ ယောက် အုပ်စုတောင့်ကြတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ တော်ကြာ ဘယ်စာအုပ်ဆိုင်က စာအုပ်လာမအပ်လို့ လိုက်လာပြန်ပြီ။ ဘယ်လိုလုပ်အပ်မတုန်း နောက်ဖေးမှာ သမံတလင်းခင်းမယ့် သဲထဲကို စာအုပ်တွေထည့်ပြီး ဗီဒီယိုသွားကြည့်ကြတာ ပြန်လာတော့ ခင်းပြီးနေပြီ။ ကျောင်းက ဆရာမကကျောင်းပြေးလို့ လိုက်လာပြန်ပြီ။ လူနဲ့တကွပါလာတာပါ။ ဘယ်ကဖမ်းလာသလဲ ဆိုတော့ ကျောင်းနားက ဗီဒီယိုရုံကပါ။ အဲလိုလည်း တော်ကြပါတယ်။

ညဖက် အိမ်အပေါ်ထပ်မှာ ညီအကိုမောင်နှမတွေ စာကျက်လေ့ရှိကြတယ်။ အောက်မှာလူကြီးတွေပေါ့။ “စာကျက်သံမကြားရဘူး”လို့ အောက်ကအော်လိုက်ရင် ၅ ယောက်လောက် အသားကုန် ကုန်းအော်တော့တာပဲ။ ဆူညံပြီးနားမခံသာလို့ မိဘတွေက တိုးတိုးကျက်လို့ အော်လိုက်ရင် စာမကျက်ကြတော့ပါဘူး။

မနက်ဆိုရင် ကျောင်းသွားဖို့ မနက်စာကို ကိုယ့်ဘာသာ စီစဉ်ကြရတယ်။ ကြောင်အိမ်ကို သော့ခတ်ထားရတယ်။ ကြက်ဥတွေ ကြော်ကြော်စားကြလွန်းလို့။ ဘာလုပ်သလဲဆိုတော့ အဘွားရဲ့ စကွဲ(ဆန်အကြေ)တွေကို အကြော်နဲ့ လဲစားကြတယ်။ အကိုက ထမင်းကြော် စပယ်ရှယ်လစ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် မနက်စာကို ရှိတဲ့မုန့်ဖိုးလေး နဲ့စုပြီးဖြေရှင်းရတယ်။

ငွေယားလေးတွေကလည်း ရှိရသေးတယ်။ စွန်ရာသီ စွန်ဝယ်ရတယ်။ ဂျင်ရာသီ ဂျင်ဝယ်ရတယ်။ ဒါမှမဟုတ်ရင် ပိုက်ဆံကြေး ဂေါ်လီဝိုင်းမှာ ဘေးထိုင်နေရမယ်။ ၀င်ငွေရှာတာ ပြောရဦးမယ်။ စာမေးပွဲပြီးရင် စာအုပ်တွေ ပိဿချိန်နဲ့ ရောင်းစားကြတယ်။ သင်္ကြန်ရောက်ရင် အိမ်ရှေ့က ပိတောက်ပင်ကြီးက ၀င်ငွေရှာပေးသေးတယ်။ အကြီးတွေက လက်ဝါးကြီးအုပ်တာများပါတယ်။ ကိုယ်တွေက မုန့်စားရရင် ကျေနပ်နေတာပါ။

ငယ်ငယ်က ဘ၀တွေက ဆင်းရဲပါတယ်။ စောင်ကို ပခက်လုပ်။ စကော အစုပ်ထဲ ထားတားရတာ။ အခုတော့လည်း သူတို့ဘ၀တွေ တင့်တင့်တယ်တယ်ဖြစ်နေကြပါပြီ။ နောင်များလည်း ညီအကို မောင်နှမတွေ ဥမကွဲသိုက်မပျက် စုစုစည်းစည်း နေချင်ပါတယ်။ ကိုယ့်မိဘတွေဆီကနေ သင်ခန်းစားယူစရာရှိတာတွေယူ ကျနော်တို့မျိုးဆက်တွေမှာ ပိုမိုစည်းလုံးတဲ့ မိသားစုလေးဖြစ်အောင် ကြိုးပမ်းသွားစေချင်ပါတယ်။

ခင်တဲ့
ရေတမာ
5း58 WED
06-01-10


15 comments:

moekhar said...

ငယ်ငယ်တည်းက ဗရုတ်ကျတာကိုး
ခု သောင်းကျန်းတာတော့ စကားထဲ ထည့်မပြောတော့ဘူး :P
နောက်မျိုးဆက်တွေ ပိုမိုစည်းလုံးအောင် ဆောင်ရွက်နိုင်ပါစေ ..

တောင်ပေါ်သား said...

ရေတမာရေ တက်ဂ် ရတာ တန်တယ်ဝေးး
ကျနော်လဲ အဲ့လိုလေးတွေ ဖတ်ချင်တား) ညီအကိုမောင်နှမတွေ များတော့ တယောက်တပေါက်နဲ့ ပျော်ရွှင်စရာပါပဲး) ကူပြီးလွမ်းသွားတယ်ဗျာ


လေးစားလျက်
တောင်ပေါ်သား

Ree Noe Mann said...

ငါ့ညီက ခုလည်း ကလေးပဲ ရှိပါသေးတယ်။
ပေါ်ပေါ်က ပြောတာပဲ ဘာ မြစ် ဆိုလားပဲတဲ့။

သုခုမလေဒီ said...

ရေတမာရေ..ဖတ်သွားတယ်နော် ပဲတွေအကြောင်း။း))

Sein Lyan Tun said...

အင်းး

အိုးပုတ်တွေကို အကိုအကြီးဆုံးက လုံချည်နဲ့ အုပ်ပေးတယ်တဲ့...

နောက်က ညီတွေက လုံချည်ထဲနှိုက်ယူရတယ်တဲ့လေ...

မြင်ယောင်မိတယ်..

အဲတုန်းက အကိုအကြီးဆုံးက လုံချည်ပဲဝတ်ပြီး အတွင်းခံမဝတ်ထားရင်တော့ နှိုက်ရတဲ့ ညီတွေ က မှား နှိုက်မိနေမှဖြင့်

စဉ်းစားရင်း ကြက်သီးဖျန်းခနဲ ထသွားတယ်...

သန်ရာ သန်ရာ တွေးတယ်မထင်လိုက်ပါနဲ့...

ဖတ်လိုက်ကတည်းက မျက်စိထဲတန်းကနဲ ပေါ်လာလို့ပါ..

ဒါမှ မဟုတ် အကိုကြီးက ညီလေး ရေတမာများ ဖြစ်နေရင်တော့... ဟီးးးးး


ချစ်ခင်တဲ့

ကဖိုးစိန်

မြစ်ကျိုးအင်း said...

ညီအကိုတွေအဲဒီလောက်စုစုစည်းစည်း ရှိနေတာ ပျော်ဖို့သိပ်ကောင်းမှာပဲ ။
ကလေးဘဝတွေပြန်တွေးမိတယ် ကြည်ကြည် နူးနူး ပြုံးမိပြီး အဲဒီလိုဘဝတွေ ပြန်မရနိင်တာ ကိုပါ ထပ်တွေးမိတော့ ပြန်ဟာ သွားရတယ်။

ကလေးဘဝကတော့ အဲဒီလိုပဲ ဈေးဆိုင်ကို အမေနဲ့ လိုက်သွားလည်း ခရမ်းချဉ်သီး တလုံး လောက်တော့ နှိက်လိုက်ချင်တာ ဘာအကျင့်လဲ မသိပါဘူး

မေဓာဝီ said...

ဆိုးပေလေးတွေပေါ့။ စာအုပ်တွေက သမံတလင်း ခင်းတဲ့အောက် ရောက်သွားတာလား။ အင်္ဂတေကိုင်တဲ့လူက မသိဘူးလားဟင်။ ခုလောက်ဆို ကျောက်ဖြစ်နေပြီပေါ့နော်။ :D
ငယ်ဘ၀လေးက ချစ်စရာ ပျော်စရာ ... ခုပြန်တွေးတော့ လွမ်းစရာပဲ။

kaungkinpyar said...

စိန် ပြောသလိုများဖြစ်နေမလားပဲ...
ပျော်စရာကြီး ပြန်တွေးရင် နော်..

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ငယ်ဘ၀တုန်းက အဖြစ်အပျက်လေးတွေကတော့ တကယ့်ကို စံပါဘဲ။ ညီအစ်ကို မောင်နှမ များတော့ ပျော်စရာတော့ အကောင်းသားနော်။

ခင်မင်စွာဖြင့်
ကိုမျိုး

မေလေး said...

အကျင့်ကခုထိ မပျောက်သေးဘူးးးးး

ငချမ်းကောင် said...

ကြုံဖူးပေါင် ဂုဏ်ထူးဆောင် တွေပဲဗျို့။ မောင်နှမတွေ စည်းစည်းလုံးလုံးနဲ့ အရမ်းပျော်ဖို့ ကောင်းမှာပဲ။ ဒို့ညီအကိုတွေကတော့ တွေ့တာနဲ့ ဦးအောင်ဆော်ကြတာ။ ဒီလို။ ချစ်ကြတာ။ ဒါပေမယ့် တခြားကောင်နဲ့ဖြစ်နေရင်တော့ ညာညှိစရာမလိုဘူး။ ကူဆော်ပေးတယ်။ ခုတော့လည်း တစ်ရောက်တစ်နေရာစီဆိုတော့.........

မြရေလျဉ် said...

ငါမြင်ယောင်တယ်
ဆရာမ က နင့် ဂုတ်ကိုဆွဲပြီးဗီဒီယိုရုံထဲက ခေါ်လာတဲ့ပုံစံ ကို


ဇ ကတော့ ကလေးဘ၀ထဲကပဲနော်..

(ချစ်ခင်စွာ လာမန့်သည်)

ပုံ့မေ said...

ခု ဒီပုံ ဒီလို ဖြစ်နေတာ ငယ်ထဲက အကျင့်ကိုးးး.... ပြုတ်မနူး ရေတမာ.......

ခွိ

ဆောင်းချမ်းမိုး said...

TAG တဲ့လူကလည်း အကြောင်းအရာကောင်းတယ်
ရေးတဲ့လူကလည်း ဆွဲဆောင်မှုကောင်းအောင်ရေးနိုင်တယ်..။
စာအရေးအသားကောင်းတယ်
ငါ့ညီ ပိုပြီးတော့ ရေးနိုင်ပါစေ..

Angel Shaper said...

နင်ဟာလေ.... ဗရုတ်ကောင်... ခု...အဲဒီအကျင့်တွေပျေုာက်ပြီလားးးးးးးးးးးးးးးးးးးးးးး
မိဘဆီကနေ သင်ခန်းစာယူစရာတွေယူပြီး ကျနော်တို့မျိုးဆက်တွေမှာ ပိုစည်းလုံးတဲ့ မိသားစုလေးးဖြစ်အောင် ကြိုးပမ်းသွားစေချင်တယ်။ တဲ့
အတွေးကတော့ မဆိုးဘူး။ တော်တော် ဂွတ်။
လက်တွေ့လေးနဲ့ ပေါင်းစပ်နော် ပုပ်ကြီး။