Friday, February 12, 2010

တယောက်တည်း မဟုတ်တဲ့အခါ







"အိုးးးးးး" ကောင်းကင်မှာ ပိုးစုန်းကြူးလေးတွေ။ လင်းတလှည့် မှိတ်တလှည့်။ လိုက်ရေတွက် ကြည့်စမ်း တစ်ကောင် နှစ်ကောင် သုံးကောင်း ဟားး အများကြီးပဲ။ ပျော်ရွင်မှုတွေ ဘယ်က ရောက်လာပါလိမ်?။ တစ်ယောက်ယောက် ငါ့ကိုကြည့်နေပါတယ်။ ရေအိုင်နောက်က ပန်းပွင့်လေးတွေက သူ့ကိုတွေ့သွားလို့ ရှက်ပြီး မြက်ပင်လေးနောက် ပုန်းသွားတယ်။ အားငယ်တတ်တဲ့သူတစ်ယောက် သိမ်ငယ်မှုမျိုးနဲ့ ရှက်သွားတာဗျ။ သူနေရတာက လမ်းဘေးလေးမှာလေ။ လူသွားလမ်းလေးဘေးမှာ။
"မင်္ဂလာညချမ်းပါ ပန်းလေးရေ"

ပန်းပွင့်လေးကို နှုတ်ဆက်နေရင်း အပြုံးတွေ အံ့အားသင့်လောက်အောင် ခမ်းနားတဲ့ တောင်ကြားကလေးထဲ ရောက်သွားတယ်။ ရန်သူတွေများ ထွက်လာမလား စိုးရိမ်မိသေးရဲ့။ သေချာတာတခုကတော့ သူလေထဲမှာ လမ်းလျှောက်နေမိတယ် ထင်တယ်။ တောင်ကြားလေးကအထွက် "ဟေးးးး" ဆိုတဲ့အော်သံကြားလို့ လိုက်ရှာကြည့်မိတော့ သူနဲ့ ရင်းနှီးတဲ့ မြက်ခင်းလေးက အော်ခေါ်နေတာကိုး။
"နောက်ဆုံးတော့ ငါမင်းဆီကို ရောက်လာပြီနော်"လို့ ပြောလိုက်တော့ ကိုမြက်ခင်းက ခေါင်းတငြိမ့်ငြိမ့်နဲ့ ဟက်ဟက်ပက်ပက်ရီတော့တာပဲ။
"မျှော်နေတာကြာပေါ့"တဲ့။
"နင်းသွားဟေ့ရောင် ပြေးပြီးတော့ နင်းသွားလိုက်စမ်း ရှေ့မှာ မင်းအတွက် ပျော်ရွင်ခြင်းတွေ ရှိတယ်"

လေပြေပေါက်စလေးတွေကလည်း ပြေးတမ်းလိုက်တမ်း ကစားသူတွေလို ကျောနောက်မှာ လာပုန်းနေတယ်။
"နေပါ့ဦးကွယ် ငါလမ်းလျှောက်ပါရစေဦး"
"အိုးဟိုးဟိုး" ကိုလေပြေက မတွေ့တာကြာတဲ့သူလို သူ့ကို လာဖက်တာ လူကို လဲတော့မလို့ပဲ။
"တော်တော်ဆိုးတဲ့လူဗျာ"

ကိုလေပြေလက်က အသာဖယ်ပြီး ပြေးအထွက် ဝိုးးး များပြားလိုက်တဲ့ လူတွေ။
"ဟေးးးး ကြိုဆိုပါတယ် သူငယ်ချင်းရေ" ဆိုတဲ့ အသံကြားလိုက်လို့ အပေါ်ကို မော့ကြည့်လိုက်တော့ ကိုလေတံခွန်က နှုတ်ဆက်နေတာဗျားးး။
"ပင်ပန်းနေပြီလား" သူပြုံးနေတယ်။
"ငါပျော်ပါတယ်ကွ" လေတံခွန်အဝေးကို ပြေးထွက်ရင်း အော်သွားတယ်။ ပြေးလိုက်တာ အတော်လေး မောသွားတယ်ဗျာ။ ရေဆာလာတာနဲ့ ရေအိုးစင်လိုက်ရှာမိသေးတယ်။ အမိုးလေးတဆောင်အောက် ဝင်လိုက်တယ်ဆိုရင်ပဲ သူ့အပေါ်ကနေ အုပ်မိုးထားတဲ့ အသံတစ်သံရောက်လာတယ်။
"ဘယ်လိုလဲ လွတ်လပ်မှုရဲ့ အခြားတဖက်မှာ လုံခြုံနွေးထွေးမှုဆိုတာ လိုအပ်တယ် မဟုတ်လား"
"ဟုတ်တယ်ဗျ ခုနက လွတ်လပ်မှုနဲ့မတူတဲ့ လုံခြုံနွေးထွေးမှုတွေ ခင်ဗျားဆီက ရလိုက်တယ် ကျေးဇူးပါဗျာ"

"ဟေ့ရောင် ငါ့ကို ရှာနေတာလား" စတီးရောင် အလိုလျောက် ရေပန်းထွက်တဲ့ ရေအိုးစင်လေးက လှမ်းပြောတယ်။
"ဟား ကိုရေအိုးစင် ပုံစံတွေ ပြောင်းလို့ပါလား"
သူ့အတွက်တော့ အရာရာဟာ တွေ့လိုက်ရရင် အံ့အားသင့်စရာတွေပဲ ဖြစ်နေတယ်ဗျာ။
"ရောမ ရောက်တော့လည်း ရောမလို ကျင့်ရတာပေါ့ကွာ၊ ခွက်ပျောက်မှာ မပူရတော့ဘူးပေါ့။ ကြိုးတန်းလန်းနဲ့လည်း ရုပ်မဆိုးတော့ဘူးလေ။" သူ့စကားကိုသူ သဘောကျစွာ ပြုံးပြီးပြောတယ်။
"အရင်ကလိုတော့ အားရအောင် သောက်လို့မရတော့ဘူးဗျာ"
"တန်ဖိုးကတော့ အတူတူပါပဲ"
"စကားနိုင်မလုတော့ပါဘူး"

ရေသောက်ပြီး အစွန်ဆုံးဖက်ဆီ လမ်းလျှောက်လာတော့ တဟေ့ဟေ့နဲ့ စိတ်ပူတဲ့အသံကို ကိုမြက်ခင်းဆီက ကြားနေရတယ်။ တတောက်တောက်ပြေးနေတဲ့ ကလေးလေးကို သူစိတ်မချဖြစ်နေတာ။ နောက်က သူ့အမေကတော့ အပြေးတပိုင်းလိုက်နေရတယ်။ ချစ်သူစုံတွဲတစ်တွဲ လေတံခွန်လွတ်ဖို့ ပြင်ဆင်ရင်း ပျော်မြူးနေကြတယ်။ ဆယ်ကျော်သက်ကလေးတွေ သစ်လွင်တောက်ပတဲ့ အပြုံးတွေနဲ့ တရင်းတနှီး ကစားနေကြတယ်။ ချစ်သူတွေချစ်တင်းနှောလို့။ သူငယ်ချင်းတစု ၀ိုင်းဖွဲ့ပြီး သီချင်းဆို။ လူငယ်လေး သူ့လေတံခွန် အမြင့်ဆုံးရောက်နေလို့ ပိတီဖြစ်နေတယ်။ အရာအားလုံးဟာ လှပနေတယ်ဗျာ။ ပြီးတော့ ငြိမ်းချမ်းနေတယ်။ ဟိုးတဖက်ကမ်းဆီက မြို့ပြရဲ့ မွန်းကျပ်မှုတွေကို သူတို့မေ့နေကြတယ်။

ကိုခုံတန်းက "မောနေပြီလား ဟေ့ရောင် ဒီမှာ လာထိုင်" လို့ဖိတ်မန္တက ပြုတာနဲ့ ဘေးမှာဝင်ထိုင်လိုက်တယ်။ သူကတော့ ဟိုးအဝေးကြီးကို ငေးမောနေလေရဲ့။
"နေကောင်းလားဗျ" သူမဖြေဘူး။
"အေးတယ်ကွ လက်ရှည် အကျီမပါဘူးလား ဝတ်ထားဦး" ဆိုပြီး ပြောတယ်။
"ရပါတယ် ကျနော် သိပ်မအေးပါဘူး" လက်ပိုက်ရင်း ဖြေလိုက်တော့ သူပြုံးသွားတယ်။
"ဟိုမှာ ကြည့်စမ်း မောင်Flyer တို့ကောင်မလေးကို လွမ်းနေတယ်ထင်တယ်၊ ပျင်းတိပျင်းရွဲနဲ့"
"ဟင် သူ့ကောင်မလေးက ဘယ်မှာလဲဗျ"
"LONDON မှာလေ LONDON EYE လေ ဟားဟားဟား"
"ကိုမြစ် အိပ်သွားပြီထင်တယ် ငြိမ်ချက်သားကောင်းတယ်နော်" Flyer အောက်မှာ စီးဆင်းနေတဲ့ မြစ်ကလေးကို မှတ်ချက်ပေးမိတယ်။ ကိုခုံတန်းက ဘာမှ ပြန်မပြောဘူး။

သူနှင့် ပလက်ဖောင်း ခုံလေး စကားတွေ အများကြီးပြောဖြစ်ကြတယ်။ ခဏလေးအတွင်းမှာ သူနဲ့ကျနော် တသားတည်းဖြစ်သွားတယ်။ ခင်များ နားလည်မလားမသိဘူး။ ထင်မှတ်မထားတဲ့ ဆုံတွေ့မှုလေးဗျာ။ တောင်းတနေတာလေး မျှော်လင့်မထားတဲ့ အချိန်မှာ ရလိုက်တဲ့ ခံစားမှုမျိုးဗျာ။ ခုံလေး ရီနေတာ တသိမ့်သိမ့်ပဲ။ မြို့ပြရဲ့ မွန်းကျပ်မှုတွေအကြောင်း၊ ဖိနပ်ပြတ်တဲ့အကြောင်း၊ အိမ်က ကြောင်လေးအကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း အစီအစဉ်မကျ ကျနော်တို့ပြောကြတယ်။ ဒါပေမယ့် ကျနော်မျှော်လင့်ထားတဲ့ အချိန်ကို ရောက်လာပါတယ်။ စိတ်နောက်ကိုယ်မလိုက်နိုင်တဲ့အခါ ကျနော် လာရာလမ်းအတိုင်းလှည့်ပြန်ခဲ့တယ်။ အပြန်လမ်းမှာ အားလုံးတိတ်တိတ်ဆိတ်ဆိတ်ပဲ ကျနော့်ကို နှုတ်ဆက်ကြတယ်။ ပန်းပွင့်လေးဆီရောက်တော့ သူနှစ်နှစ်ချိုက်ချိုက် အိပ်မောကြနေလေရဲ့။


ပန်းပွင့်လေး..... အဖြစ်
တောင်ကြားလေး အဖြစ်......
မြက်ခင်း အဖြစ်..................
လေတံခွန် အဖြစ်......

ခေါင်မိုးလေး အဖြစ် ....


ပလက်ဖောင်း ခုံလေး အဖြစ်......

ခင်တဲ့
ရေတမာ
10း46 aM Fri
12-02-2010



8 comments:

Sein Lyan Tun said...

ထင်မှတ်မထားတဲ့ ဆုံမှတ်လေးတွေ...ပေါ့...

တစ်ယောက်တည်း နေတဲ့ အခါတုန်းက တစ်ယောက်တည်းပေါ့..

တစ်ယောက်တည်း မဟုတ်တဲ့ အခါကျတော့လည်း ဒီလိုပဲ အသားကျသွားတာပဲလေ..

လေတံခွန်တွေ၊ မြစ်တွေ၊ ပန်းပွင့်လေးတွေ၊ မြက်တွေ၊ ခုံတန်းလေးတွေ၊ ပလက်ဖောင်းတွေ.... အားလုံးကို အသက်ဝင်အောင်ရေးထားတယ်ပေါ့...

ခံစားမှု စာစုတွေ...


အနီးကလူတွေကို တန်ဖိုးထားတတ်ပါစေ
ပေါက်ပေါက်ရေ..

မိုးခါး said...

ဟင်
နေ့ခင်းဘတ်ကြီးပါလား
ငါတို့ရောက်တာ ညဘက်ကြီး
ငါတို့မသိဘဲ လစ်သွားတယ်ပေါ့
ဟုတ်လား
ဟမ် ...............................

အနီးကလူတွေကို တန်ဖိုးထားပါ :P

ကြယ်ပြာ said...

ရေတမာရေ .... ရေးထားပုံလေးကိုသဘောကျတယ် .. ဆွဲဆောင်မှုရှိတယ် .... ပုံမကြည့်ပဲနဲ့ကို စာက အသက်ဝင်တယ် .....

Ree Noe Mann said...

ဖတ်လို့ ကောင်းတယ်

kiki said...

စွန်လွှတ်ချင်တယ်....း)

မငုံ said...

ဖတ်ရတာ ကောင်းတယ်။ ရေးထားပုံလေး ကောင်းတယ်ဟ

Angel Shaper said...

ဒီပိုစ့်လေးပေါ့ ငါအရမ်းသဘောကျတာ။
တော်တယ်။ ကောင်းတယ်လို့တော့ မပြောတော့ပါဘူးဟာ။
Angel Shaper ကောင်းတယ်ပဲ ပြောတယ်ဆိုပြီး လာအော်နေဦးမယ်။
ထုံးစံအတိုင်း ဗလာမဲပဲပေါ့နော်။ ကဲ Try Again!

noblemoe said...

ရေတမာရေ စာလာဖတ်တာတော့ နောက်ကျနေပြီ
ရေတမာ တို့ တော်ချက်များ စာဖတ်နေတာတောင် မျက်စေ့ ထဲမြင်အောင်ရေးတတ်တယ် သူများသားသမီး
တွေ တော်ချက်
သာယာချမ်းမြေ့ပါစေနော်
ိုမိုး