Monday, June 14, 2010

စိတ်ကူးတခု

သူ တံခါးနှစ်ပေါက်နှင့် အမိုးဖွင့် ပြိုင်ကားအမျိုးအစားကို ငယ်ငယ်ထဲက ကြိုက်နှစ်သက်ခဲ့သည်။ ထိုကဲ့သို့ ကားမျိုး တွေ့ရင် ဝေးဝေးရောက်သွားသည်အထိ ငေးမောနေတတ်၏။ ဒီပြင် လူများများဆန့်တဲ့ တောင်းအေ့လို ကားမျိုးတွေတွေ့ရင် ထိုင်ခုံတွေ ဘယ်နှစ်ခုံပါသလဲ လိုက်ရေတွက်နေမိတတ်ပြီး တနေ့နေ့ အချိန်ချိန်မှာ လူများများဆန့်တဲ့ ကားတစ်စီးလောက် ၀ယ်နိုင်လိမ့်မယ်လို့ စိတ်ကူးတွေ ခဏခဏယဉ်ကြည့်ဖူး၏။

လောင်စာဆီဈေးနှုန်း ကြီးမြင့်ခြင်း၊ ကားဈေးကွက်မကောင်းခြင်း၊ ငွေယားမရှိခြင်းတို့ကြောင့် သူ့အိမ်မှာကားမရှိတော့ပြီ။ စီးနှင်းလိုက်ပါမည့် လူလည်းများများစားစား မရှိတော့ပါ။ ဆိုင်ကယ်တစ်စင်း ရှိလျှင် ခရီးအတော် တွင်နေပေပြီ။ သူ၏ စိတ်ကူးယဉ်ထားသည့် ထိုင်ခုံများများနှင့် ကားလေးလည်း ဘယ်ဆီဘယ်ဝယ် ရောက်နေသည်ကိုပင် မခန့်မှန်းနိုင်တော့။

ယခုဆို ကားလေးတွင် တပ်ဆင်ရန် ထိုင်ခုံ ၇ ခုံရှိနေလေပြီ။ များမကြာမှီ ခုံသေးသေးလည်း တပ်ဆင်ရန် လိုအပ်လေသည်။ သို့သော် သူ့တွင် ပူပန်မှုရှိနေလေသည်။ ထိုင်ခုံတွေ တပ်ဆင်ဖို့ အံဝင်ခွင်ကျ ရှိမရှိ သံသယဖြစ်နေမိသည်။ ကားလေးတွင် အသားကျနေသည့် ရှေ့ဆုံးမှထိုင်ခုံနှင့် နောက်မှ တပ်ဆင်ရမည့် အဝေးမှ ရောက်လာသည့် ထိုင်ခုံလေးများ လိုက်လျောညီထွေသည့် အရောင်အသွေးရှိပါ့မလား။ သေချာတာတော့ ကားကြီးကို နိုင်ငံခြားသယ်ပြီး တပ်ဆင်ဖို့ မဖြစ်နိုင်။ မြန်မာပြည်တွင် တပ်ဆင်သည်က အကောင်းဆုံးဖြစ်သည်။

လိုက်ပါစီးနှင်းမည့်သူတွေကရော စိတ်ဆန္ဒပြင်းပြမှု ရှိရဲ့လား မသိ။ မြန်မာပြည်အနှံ ကားလေးကို ရောက်စေချင်သည်။ ကားလေး မောင်းနေရင်း ရယ်မောသံတွေ ကြားချင်သည်။ အမြဲတမ်းမဟုတ်တောင် ခဏတဖြုတ်ဖြစ်ဖြစ် သွားကြည့်ချင်သည်။ ခရီးစဉ်တလျှောက် ညီအကို မောင်နှမတွေ တလှည့်ဆီ မောင်းကြမည်။ အဖေကြီးကိုတော့ အနားပေးထားမည်။ လမ်းဘေးတလျှောက် ဖရဲခင်းတွေ စပျစ်သီးခင်းတွေ နာနတ်သီးခင်းတွေမှာ ဈေးဝယ်မည်။ အရိပ်ကောင်းသည့် အပင်အောက်တွင် စားသောက်ကြမည်။ ငယ်ငယ်တုန်းကလို လိုက်ထိန်းပြီး အဆူခံထိမည်တော့ မထင်။ ပင်လယ်ကြီးတွေဆီသွားမည်။ တောင်တန်းတွေဆီသွားမည်။ လွင်ပြင်တွေဆီသွားမည်။ ဖြစ်နိုင်လျှင် မိုးကုတ်စက်ဝိုင်းတွေ အထိပင်သွားလိုက်ချင်သည်။

9 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

စိတ်ကူးထားပုံလေး ရေးဖွဲ့ထားတာ နုညံ့ညက်ညောလိုက်တာ ဗျာ..

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

မိုးခါး said...

တူမရေး တေးတေးရေးရောလား :P

မမ said...

ကားကြီး နဲ့ လူစုံ ပီဆို အိုင့်ဆီ လဲ ရောက်အောင် လာခဲ့ပါ....မိုးကုတ်စက်ဝိုင်း ထိရောက်အောင် မပို့နိုင်ပေမဲ့...

ပင်လယ်ကြီး ဆီ၊တောင်တန်းတွေ ဆီ၊ လွင်ပြင်တွေ ဆီ ရောက်အောင်တော့ ပို့ပေးမယ်ဝေးးးး

ရေတမာ said...

ကိုမျိုးရေ ကျေးဇူး...

မိုးခါး ပါတာပေါ့ သူက ရှေ့ကနေ ဟိုး ဟိုး နဲ့ အော် နေမှာ

တောင်တန်းတွေဆီ ရောက်တဲ့အခါ လာခဲ့ပါမယ့် အမရေ

Phyo Maw said...

I have a dream...

မမ said...

ဟယ် မက်ဆိ တွေ ရီပလိုင်း ပြန်နေတယ် တော့...:P

ရေတမာ said...

pm@ may dream come true

ဆန်းသလား?

Angel Shaper said...

လိုက်ချင်တယ်........ ဝယ်ပြီး လက်တို့နော်.... သွားရင် လိုက်ခဲ့မယ်နော်... နော်... နော်...နော်။

Angel Shaper said...

ဝါးးးးးးးးးးးးးးးး လိုက်လို့မရဘူးတဲ့။
ငိုလိုက်ပီ.. ဒါဆို... မလိုက်တော့ဘူး.....