Tuesday, June 15, 2010

တချိန်က သူတို့

10 comment
မိသားစုနဲ့အတူ ခရီးသွားချင်တဲ့ စိတ်ကူး ကူးနေတုန်း(ဘယ်လိုကူးလဲတော့ မသိဘူး) ငယ်ငယ်က ဆွေမျိုးတွေ အုပ်လိုက်ကြီး (ဖတ်မိကြရင်တော့ စိတ်နာလောက်တယ်) ခရီးသွားခဲ့တာတွေ ပြန်ပြီး အမှတ်ရမိပါတယ်။ ရှိလှ ၁၀နှစ် ၁၁ နှစ်ပေါ့။ နှစ်တိုင်းလိုလို ဘုရားဖူးထွက်ဖြစ်တယ်။ ထိန်းမနိုင်သိမ်းမရတွေမို့ နောက်မသွားတော့ဘူး မခေါ်တော့ဘူး အဆူခံထိတာလည်း မနည်းလှဘူး။ ပုဂံဘုရားလေးဆူ တမနက်တည်းဖူးကြတယ်။ နေမကောင်းနေတဲ့ အမေတောင် ပုပ္ပါးတောင်ပေါ်ထိရောက်အောင် သွားတယ်။ ဒေါင်းသေချောင်းကြီး ရေတွေကျတော့ ကားတွေကူးမရ။ ထွန်စက်တွေ ဆွဲတာစောင့်ရတာတွေ။ ပုပ္ပါးရောက်တော့ အနွေးထည်မပါလို့ ခိုက်ခိုက်တုံအောင် ချမ်းတာတွေ ပြန်တွေးမိတော့လည်း မနေ့တနေကလိုပဲ။

အဘွားနဲ့အဒေါ်က နတ်ကို တော်တော်လေး ယုံကြည်ကိုးကွယ်ကြတယ်။ အိမ်မှာ အုန်းဆွဲတယ်။ ကြွက်မြီးဆိုတာကို အဲဒီမှာ စသိတာ။ ဈေးကနေ အုန်းသီးကို ကြွက်မြီးမကျိုးအောင် ကိုင်လာရတာကိုး။ မနက်ဆို အညှာမချိုးထားတဲ့ ကွမ်းဝယ်ပေးရတယ်။ ညဆို လိုက်ကာအနီလေးပိတ်ပေးရတယ်။ အဘနဲ့ ဦးလေးက ဝါသနာပါမပါတော့ မသေချာဘူး။ မလွန်ဆန်နိုင်လို့လား ရိုးရာမို့လို့လားတော့မသိဘူး သိပ်ပြီး ကန့်ကွက်တယ် မရှိလှပါဘူး။ ဦးလေးဆို သူကိုယ်တိုင်တောင် လိုက်ပို့သေးတာပဲ။ နတ်ဟောရင် ခေါင်းတညိတ်ညိတ်နဲ့။ အဘကတော့ သိပ်ပြီး ဟက်ဟက်ပက်ပက်မရှိလှပါဘူး။ ဘုရားသမား။ အဘွားနဲ့အဒေါ်က လင်ပန်းကြီးနဲ့ ဆွမ်းတော်ကပ်တော့ ရိုးရာဆိုပြီး လွဲချလိုက်တာလည်း ဖြစ်ကောင်းပါတယ်။

အဘွားတို့က ပခန်းကိုကြီးကျော်ကိုးကွယ်တယ်။ မြင်းဖြူရှင်တွေ ဘာတွေလည်းတက်တယ်။ တောင်ပြုံး ရတနာ့ဂူလည်းရောက်တာပဲ။နတ်ပွဲတွေသွားတဲ့ ခရီးစဉ်တွေကတော့ အပျော်ဆုံးပေါ့။ စားစရာတွေ ပေါများသလို ပိုက်ဆံလည်း တွက်ခြေကိုက်။ အထူးအဆန်းတွေလည်း တွေ့ရသကိုး။ သူတို့နတ်မေးမေးနေတဲ့ ဆရာလေးတယောက်ရှိတယ်။ နတ်ရာသီဆို ဝါသနာပါရာ အပေါင်းအသင်းတွေအကုန်စုပြီး သွားကြတော့တာပဲ။ အမျိုးသမီးတွေဆိုတော့ ခရီးသွားရင် စားစရာကိုအိမ်ကလုပ်သွားကြတာ။ အဲဒီအချိန်မှာ အိမ်ချက်ဆိုပေမယ့် စားရတဲ့အရသာက တမျိုးလေးနဲ့တော်တော်ကောင်းတယ်။ တခုတော့ရှိတာပေါ့ ဝက်သားငတ်တယ်းP။

အဘွားက နတ်ကိုးကွယ်မှု ၁ကျပ်ဖိုးလောက်ရှိတော့ အမေက နတ်ကိုးကွယ်မှု ငါးမူးဖိုးလောက်တော့ ရှိမယ်ထင်တယ်။ အိမ်မှာ အဒေါ်တင်တဲ့ အုန်းဆွဲမဖြုတ်ပေမယ့် ဘုရားခန်းသီးသန့်ထားထားပေးတယ်။ အိမ်ခွဲနေတဲ့ အကိုနဲ့အမက မကိုးကွယ်တာ သေချာတယ်။ အမကြီးကတော့ မိဘအိမ်မှာ နေနေရတာဆိုတော့ မကိုးကွယ်ပေမယ့် မိန်းမသားသဘာဝအရ လက်တော့ လက်ခံဦးမယ့် သဘောမှာရှိတယ်။

အခုဆိုရင် နိုင်ငံခြားမှာ ရွှေပြောင်းအလုပ်လုပ်၊ နေထိုင်တဲ့ သူတွေများလာပါပြီ။ မြန်မာအိမ်တွေလည်း အတော်သင့်အတန်သင့်များလာပြီ။ အုန်းဆွဲတာ မတွေ့ရတော့သလို၊ ဘုရားစင်နဲ့ ရုပ်ပွားတော်လည်း သေးသေးသွားတာ သတိထားမိတယ်။ ကျနော်တို့ မျိုးဆက်ကစပြီး နတ်ယုံကြည်မှု လျော့နည်းတာတွေ တွေ့လာရတယ်။ ၁၀နှစ်အရွယ် ကလေးကတောင် နတ်ဝင်သည်ကို အပ်နဲ့ ထိုးပြီး ဝင်မဝင် စမ်းသပ်ကြည့်ချင်နေပြီ။ ကျနော်အထင် နောက်ဆိုရင် နတ်ကိုးကွယ်တွေ ပ,ပျောက်သွားမလားမသိဘူး။ ဒါပေသိ နတ်ပွဲတွေကတော့ စည်ကားမြဲ စည်ကားနေတုန်းပဲထင်တယ်။

မနက်ဖက်အိပ်ကောင်းတဲ့အချိန် အဘွားနဲ့အဒေါ်တို့ရဲ့ နတ်တိုင်တည်သံ၊ နှင်းဆီပန်းလေးတွေ ထည့်ပေးရတဲ့ မနှဲလေး စဥ့်အရုပ်အိုးလေး၊ ဘဲဥ၊ ဖိနပ်သေးသေး၊လက်ကောက်သေးသေး နဲ့ အမေကြမ်းရဲ့ ဆဲဆိုသံ ကိုကြီးကျော်ရဲ့ ကြက်ကြော်နဲ့ အရက်ပုလင်းကို မြင်ရောင်ရင်း..................။

ရေတမာ
2း28pm tue
16/06/10

Monday, June 14, 2010

စိတ်ကူးတခု

9 comment
သူ တံခါးနှစ်ပေါက်နှင့် အမိုးဖွင့် ပြိုင်ကားအမျိုးအစားကို ငယ်ငယ်ထဲက ကြိုက်နှစ်သက်ခဲ့သည်။ ထိုကဲ့သို့ ကားမျိုး တွေ့ရင် ဝေးဝေးရောက်သွားသည်အထိ ငေးမောနေတတ်၏။ ဒီပြင် လူများများဆန့်တဲ့ တောင်းအေ့လို ကားမျိုးတွေတွေ့ရင် ထိုင်ခုံတွေ ဘယ်နှစ်ခုံပါသလဲ လိုက်ရေတွက်နေမိတတ်ပြီး တနေ့နေ့ အချိန်ချိန်မှာ လူများများဆန့်တဲ့ ကားတစ်စီးလောက် ၀ယ်နိုင်လိမ့်မယ်လို့ စိတ်ကူးတွေ ခဏခဏယဉ်ကြည့်ဖူး၏။

လောင်စာဆီဈေးနှုန်း ကြီးမြင့်ခြင်း၊ ကားဈေးကွက်မကောင်းခြင်း၊ ငွေယားမရှိခြင်းတို့ကြောင့် သူ့အိမ်မှာကားမရှိတော့ပြီ။ စီးနှင်းလိုက်ပါမည့် လူလည်းများများစားစား မရှိတော့ပါ။ ဆိုင်ကယ်တစ်စင်း ရှိလျှင် ခရီးအတော် တွင်နေပေပြီ။ သူ၏ စိတ်ကူးယဉ်ထားသည့် ထိုင်ခုံများများနှင့် ကားလေးလည်း ဘယ်ဆီဘယ်ဝယ် ရောက်နေသည်ကိုပင် မခန့်မှန်းနိုင်တော့။

ယခုဆို ကားလေးတွင် တပ်ဆင်ရန် ထိုင်ခုံ ၇ ခုံရှိနေလေပြီ။ များမကြာမှီ ခုံသေးသေးလည်း တပ်ဆင်ရန် လိုအပ်လေသည်။ သို့သော် သူ့တွင် ပူပန်မှုရှိနေလေသည်။ ထိုင်ခုံတွေ တပ်ဆင်ဖို့ အံဝင်ခွင်ကျ ရှိမရှိ သံသယဖြစ်နေမိသည်။ ကားလေးတွင် အသားကျနေသည့် ရှေ့ဆုံးမှထိုင်ခုံနှင့် နောက်မှ တပ်ဆင်ရမည့် အဝေးမှ ရောက်လာသည့် ထိုင်ခုံလေးများ လိုက်လျောညီထွေသည့် အရောင်အသွေးရှိပါ့မလား။ သေချာတာတော့ ကားကြီးကို နိုင်ငံခြားသယ်ပြီး တပ်ဆင်ဖို့ မဖြစ်နိုင်။ မြန်မာပြည်တွင် တပ်ဆင်သည်က အကောင်းဆုံးဖြစ်သည်။

လိုက်ပါစီးနှင်းမည့်သူတွေကရော စိတ်ဆန္ဒပြင်းပြမှု ရှိရဲ့လား မသိ။ မြန်မာပြည်အနှံ ကားလေးကို ရောက်စေချင်သည်။ ကားလေး မောင်းနေရင်း ရယ်မောသံတွေ ကြားချင်သည်။ အမြဲတမ်းမဟုတ်တောင် ခဏတဖြုတ်ဖြစ်ဖြစ် သွားကြည့်ချင်သည်။ ခရီးစဉ်တလျှောက် ညီအကို မောင်နှမတွေ တလှည့်ဆီ မောင်းကြမည်။ အဖေကြီးကိုတော့ အနားပေးထားမည်။ လမ်းဘေးတလျှောက် ဖရဲခင်းတွေ စပျစ်သီးခင်းတွေ နာနတ်သီးခင်းတွေမှာ ဈေးဝယ်မည်။ အရိပ်ကောင်းသည့် အပင်အောက်တွင် စားသောက်ကြမည်။ ငယ်ငယ်တုန်းကလို လိုက်ထိန်းပြီး အဆူခံထိမည်တော့ မထင်။ ပင်လယ်ကြီးတွေဆီသွားမည်။ တောင်တန်းတွေဆီသွားမည်။ လွင်ပြင်တွေဆီသွားမည်။ ဖြစ်နိုင်လျှင် မိုးကုတ်စက်ဝိုင်းတွေ အထိပင်သွားလိုက်ချင်သည်။