Sunday, May 24, 2009

အဖိုးတန် Cards လေးများ


ဝေါ.....................နေလည်ထမင်းစားချိန်ရောက်ပြီ ဖြစ်ကြောင်း ဥသြောဆွဲသံကျယ်လောင်စွာ ကြားရသော အခါ လုပ်လက်စအလုပ်တွေ လက်စသတ်ပြီး ၀တ္တရားတစ်ခုအနေဖြင့် ထမ်းဆောင်ရန်ရှိသော တာဝန်တစ်ခုကို ထမ်းဆောင်ရန် သွားသူပမာထမင်းစားဖို့ ကင်တန်းကို ဦးတည်ခဲ့ပါသည်။ သူလိုချေးများသူ အနေဖြင့် စားစရာ မည်မည်ရရမရှိပါ။ ဒီတိုင်းပြည်သည် ကျွန်းဖြစ်ပါလျက် ဆားမရှိဘူးရော့ထင်။စားသမျှ အစာတွေက ပေါ့ရွှတ်ရွှတ်နှင့် အရသာမတွေ့။ ယခုတလော ထမင်းစားမကောင်းသည်မှာ ရက်သတ္တပတ် ၂ပတ်မျှရှိပြီ။ ထုံးစံအတိုင်း စားကောင်းမည်ထင်သည့် ဟင်းအမယ်များကိုရွေးရင်း တစ်ယောက်တည်း မျိုမကျမည့် အတူ အပေါင်းအဖော်များနှင့်ဆိုလျင် အနည်းငယ်မျှ စားဝင်မည်ထင်၍ လုပ်ဖော်ကိုင်ဖက်များ ရှိရာစားပွဲသို့ လျောက်လှမ်းခဲ့ပါသည်။ ကိုယ့်ဟင်း သူ့ထဲတည့်၊ သူဟင်းကိုယ် ထဲထည်ကြရင်း ပန်းကန်ထဲတွင် အမျိုးပေါင်းတော်တော်စုံသွားသည်။

စားသောက်ပြီးစီးလျှင် တစ်ယောက်က ပိုက်ဆံစု၍ အအေးသွားဝယ်ရပါသည်။ ခေါင်းကိုက်နေ၍ ခေါင်းကြည်စေရန်လီမွန်တီးမှာမည်လို့ ကြံစည်ကာ ကိုယ်ကြိုက်တာကိုယ်မှာကြရင်း ကျနော်လည်း ပိုက်ဆံထုတ်ပေးလိုက်ပါသည်။ လုပ်ဖော်ကိုင်ဖက်ကကျနော်ပိုက်ဆံအိတ်ကို မြင်၍ အတင်းလုရင်း အိတ်ထဲရှိသမျှမွေပါတော့သည်။ ကျနော်လည်း "ပြန်ပေးပါကွာ။ ဒီပိုက်ဆံအိတ်က ငါ့ရဲ့ ဘ၀၊ ဒါမရှိရင် ငါ့ဘ၀ဘာမှ အဓိပ္ပါယ်ရှိတော့မှာမဟုတ်ဘူး""ဘာဆိုင်လို့လည်း၊ ဘာတွေများပါလို့လည်း မင်းပိုက်ဆံအိတ်ထဲမှာ" ဆိုပြီး တစ်ခုခြင်းစစ်ပါတော့သည်။ ကျနော်ပိုက်ဆံအိတ်ထဲက ကဒ်ငါးကဒ်ထွက်လာတယ်။

ပထမက အလုပ်လုပ်ခွင့် ပါမစ်ကဒ်။ ဒါမရှိရင် ကျနော်ဒီမှာ အလုပ်လုပ်လို့မရတော့ပါဘူး။ သူနဲ့စပ်နွယ်ပြီး ကျန်တဲ့ ကဒ်လေးခုဖြစ်တည် လာရပါသည်။ ဒုတိယက ကျနော်လစာတွေ အလွယ်တကူ ထုတ်ယူသုးံစွဲနိုင်တဲ့ ATM ကဒ်။ သူကတဆင့် ပေါက်ဖွားလာတဲ့ Debit Card။ အဲဒီနောက် ကျနော်ရဲ့ခြေထောက် EZ LINK ကားကဒ်။ ပြီးတော့ ကျောင်းသားကဒ်။ ထိုအရာများသည် ကျနော့်ဘ၀ပင်ဖြစ်သည်။ "ဒါတွေက ငါ့ဘ၀ပေါ့။ ဒါတွေမရှိရင်ဘာမှလုပ်လို့ မရတော့ဘူး" လို့ရှင်းပြ တော့ သူလက်မခံပါဘူး။ "ဒါတွေက မင်းဘ၀မဟုတ်ပါဘူး" လို့သူစောဒက တက်တယ်။ "ငါဒါတွေကိုယူလိုက်ရင် မင်းဘ၀ပျက်မှမသွားဘဲ"တဲ့။

"ကျနော်ပြောတာ ဒီကဒ်တွေကို ပြောတာမဟုတ်ဘူး။ ဒီကဒ်တွေရဲ့ ကျနော့်အပေါ်ဘယ်လောက်အကျိုးပြူသလဲ ဆိုတာပဲ၊ ဒီကဒ်တွေမရှိရင်၊ ပျောက်သွားရင် နောက်Company ရဲ့ကဒ်တွေလုပ်လို့ရတယ်။ ဒါပေမယ့် သူတို့ မရှိလို့တော့မဖြစ်ဘူး။ ကားကဒ်ဆိုပါတော့ သူများတွေလည်း သုံးလို့ရတယ်။ သူသွားစရာမရှိရင် သူ့အတွက်ဘာမှအသုံးဝင်မှာမဟုတ်ဘူး။ ကျနော်ကအမြဲသွားနေရတာလေ။ တခြားသောကဒ်တွေလည်း
သူများတွေအတွက် ဘာမှမဟုတ်ပေမယ့်၊ ကျနော်အတွက် ဘ၀တစ်ခုပါပဲ။"

သူဘာမှမပြောဘဲ ကဒ်တွေကို ပိုက်ဆံအိတ်ထဲထည့်ပြီး ပြန်ပေးတယ်။ အအေးသောက်ပြီး နေ့လည်လုပ်ငန်းခွင်ဝင်ဖို့ ကင်တန်းကပြန်လာ ခဲ့ကြတယ်။ လမ်းတလျောက်လုံး ကျနော်ခေါင်းထဲအတွေးတစ်ခု ၀င်လာတယ်။ ကဒ်လေးတွေ နေရာမှာ ကျနော်ရဲ့ သူငယ်ချင်း၊မိတ်ဆွေတွေ၊ အွန်လိုင်း သူငယ်ချင်းတွေ၊ ဘလော့ကို လာလည်တဲ့ သူငယ်ချင်းတွေကို ပြေးမြင်မိတယ်။ဒီသူငယ်ချင်းကဒ်လေးတွေကလည်းငါ့ဘ၀အတွက် မရှိမဖြစ်ပါ့လားလို့တွေးမိတယ်။ သူများတွေ အတွက်ဘယ်လိုရှိမယ်မသိပေမယ့် ကျနော်အတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။ ကဒ်လေးတွေလို ပျောက်သွားလည်း နောက်ထပ်သူငယ်ချင်းလေးတွေပြန်ရနိုင်တယ်။ ဒါပေမယ့် သူငယ်ချင်းလေးတွေ မရှိလို့ မဖြစ်ဘူး။ သူတို့ကို တန်ဖိုးထား ရမယ်။ သူတို့ကို မပျောက်ပျက်အောင် ထိမ်းသိန်းရမယ်။ သူတို့ကို ပျော်ရွင်အောင်ဖန်တီးပေးရမယ်။ အားငယ်တဲ့အခါ နှစ်သိမ့်ပေးမယ်။ ပြောချင်တဲ့အခါ နားတစ်စုံဖြစ်အောင် ကြိုးစားပေးမယ်။ အဲဒီအခါ ကမ္ဘာကြီးဘယ်လောက် သာယာလှပ နေလိမ့်မလဲ။ အတွေးနဲ့တင် ကျနော် တော်တော်ပျော်နေပြီဗျာ။

သူငယ်ချင်းအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ။
ရေတမာ

4 comments:

♥ Acacia ♥ said...

သူငယ်ချင်းတွေအတွက် ခံစားထားတာ သိပ်ကောင်းတယ်

kiki said...

ခရက်ဒစ်ကဒ်တွေက ပျောက်သွားရင် ချက်ချင်းပိတ်ပစ်လိုက်. ပြီးရင် အသစ်ပြန်လျှောက် .. အိုကေ..
သူငယ်ချင်းလဲ ဒီလိုဘဲ..အဟိ..
ဒါပေမဲ့ သူငယ်ချင်းကောင်း . မိတ်ဆွေစစ် ဆိုရင်တော့ တသက်လုံး မပျောက်စေနဲ့...အသစ်ပြန်လျှောက်လို့လဲ မရတော့ဘူး ..သဘောပေါက်တယ်ဟုတ်..

တလနွန် said...

ခင်မင်တဲ့ သူငယ်ချင်း ထာဝရမြဲမြံစွာ စိတ်ချင်းထပ်နိုင်ပါစေ

ခင်မင်ခြင်းနှင့်
တလနွန်

မငုံ said...

သိပ်ကောင်းတဲ့ ပိုစ့်လေးပါ။ သူငယ်ချင်းကောင်းများစွာနဲ့ ပျော်ရွှင်ပါစေ။