Wednesday, May 27, 2009

ပတ်ဝန်းကျင် ဟုဆိုကြရာဝယ်

အူဝဲ......အူဝဲ.........
“ဟဲ့..ဘာလေးလဲ”
...လူလေးတော့...
ဩော်ယောက်ျားလေးလား..မိန်းကလေးလားလို့မေးတာ.....
“ယောက်ျားလေးတော့”
“ဟယ်နဂါး(နားကား)လေးတော့......ကြီးလာရင်ဥာဏ်ကောင်းမယ့်ခလေး”
အနှီသို့ လူလောကရောက်ခါစကပင် ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံရပါသည်။

ပတ်= ပတ်ပတ်လည်၊ ၀န်း = အ၀န်းအ၀ိုင်း၊ ကျင် =ကျင်လည်သည် ဆိုတော့ ပတ်ဝန်းကျင်= ကျင်လည်ရာ ပတ်ပတ်လည် အ၀န်းအ၀ိုင်းဟု အဓိပ္ပါယ်ဖွင့်ဆိုချင်ပါသည်။ နောက်ဆုံးစကားလုံးဖြစ်သည့် “ကျင်”ကို အမျိုးမျိုးစာလုံးပေါင်းကြပါသည်။ တချို့ကလည်း “ကျင်”ဖြင့် နာကျင်ကြသည်။ တစ်ချို့ကလည်း “ကြဉ်”ဖြင့် ရှောင်ကြည်ကြသည်။ တစ်ချို့တစ်လေ ကလည်း “ကြင်”ဖြင့် ကြင်နာကြသည်။

မည်သို့ဆိုစေခါမူ ကျောင်းသားဘ၀၊ လုပ်ငန်းခွင်ဘ၀ ၊ ဘ၀တွေ ဘ၀တွေတိုင်းမှာ ပတ်ဝန်းကျင်များနှင့် ထိတွေ့ဆက်ဆံ နေကြရမည်သာ။ သူတို့၏ မှတ်ချက်စကားများဖြင့်လည်း ပြည့်နှက်နေခဲ့ကြရပါသည်။ မိမိကိုယ်တိုင်လည်း ပတ်ဝန်းကျင် တစ်ခုအဖြစ်ရှိနေသေးသည်ကို မေ့မထားသင့်ပေ။ အကျိုးပြုသော ပတ်ဝန်းကျင်ရှိသလို၊ ဆန့်ကျင်ဘက်များလည်း ရှိတတ်ပေသည်။

“သင်ကောင်းလျှင်၊ ကျွန်ုပ်မဆိုးပါ”ဆိုသည့် ဆိုင်းဘုတ်များကို တွေ့မြင်ဖူးကြသည်။ ထိုစကားစုသည် သင်ပတ်ဝန်းကျင် ကိုမည်သို့တုံပြန်မည်ကို ဖော်ပြနေပါသည်။ ပတ်ဝန်းကျင်မှ မည်သို့ပြောဆိုမည်ကို အလွန်အကြူး ဂရုပြုနေသည့် လျော့နည်းတုံပြန်မှုများရှိသလို၊ “ဘယ်သူမှဂရုမစိုက်ဘူး”ဟူသောပိုကဲတုန့်ပြန်မှုများဖြင့်လည်း တုံပြန်တတ်လေသည်။

“သင်ကောင်းကောင်း၊မကောင်းကောင်း ကျွန်ုပ်ကောင်းမည်” ဆိုလျှင်မည်မျှ စိတ်ချမ်းသာလိမ့်ကြမည်နည်း။ မည်သည့် အရာမျှ အစိုးမရသော လောကကြီးတွင် ကြုံလာသမျှ ယောနိသော မနသိကာရ ကျင့်ကြံကြစေချင်ပါသည်။ မည်သို့မျှ ရှောင်လွှဲ၍မရဘဲ ထိပ်တိုက်တွေ့ဆုံရမည်ဆိုလျှင်လည်း အရှင်ဆန္ဒာဓိက၏ ဤစကားစုလေးကို သတိရစေချင်ပါသည်။

“သံသရာမှာ ဆွေမျိုးသွေးသား မတော်စပ်ခဲ့ဖူးသူရယ်လို့ တစ်ဦးတယောက်မှမရှိတဲ့အတွက် ကိုယ်နဲ့ ထိတွေ့ပက်သက်လာ သမျှ လူသားတိုင်းဟာ ကိုယ့်ရဲ့ ဆွေမျိုးသွေးသားချည်းပါပဲ။ အဲဒီဆွေမျိုးသွေးသားတွေက ကိုယ့်အပေါ် ဘ၀တစ်ခုခုမှာ ကျေးဇူးတစ်ခုခုတော့ အနည်းဆုံးပြုခဲ့ဖူးမှာဖြစ်လို့ မြင်မြင်သမျှ လူသားတိုင်းဟာ ကိုယ့်ရဲ့ ကျေးဇူးရှင်တွေချည်းလည်း ဖြစ်နေပြန်ပါတယ်။ သူတော်ကောင်းစိတ်ဓါတ် အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်ဟာ ဒီဘ၀ကျေးဇူးရှင်တွေကိုသာမက သံသရာဘ၀ အဆက်ဆက်က ကျေးဇူးရှင်တွေကိုပါ “ကျေးဇူးရှင်”လို့ သတ်မှတ်ပြီး ကျေးဇူးသိလေ့၊ ကျေးဇူးဆပ်လေ့ ရှိပါတယ်။”

လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည်
ရေတမာ

5 comments:

flowerpoem said...

“သင်ကောင်းကောင်း၊မကောင်းကောင်း ကျွန်ုပ်ကောင်းမည်” ဒီစာသားကို ထောက်ခံပါတယ်
အရင်ဆုံး ကိုယ်စိတ်ချမ်းသာရမှာပါ... ဒါအရေးကြီးတဲ့ အချက်ပါပဲ
အားလုံး ဟာ သံသရာတစ်လျှောက်မှာ ဆွေမျိုးတွေကြီးပဲဆိုတယ်လည်းမှန်ပါတယ်..

kiki said...

ဪ .. ကျေးဇူးရှင် ကျေးဇူးရှင် .. ကိုယ့်ဘဝ မှာ ကျေးဇူးရှင်တွေ တနေ့ တခြား များမှန်းမသိ များလာနေပါပေါ့လား ။
အဲဒီက ကိုရေတမာ ကျေးဇူးရှင်လေးရယ် ။
ဒီမှာ အသုံး လိုနေလို့  အစိမ်းဂေါင်းကြီး တသိန်းလောက်ချေးပေးပါလားဟင်။။
ကျေးဇူး မမေ့ပါဘူး။

မငုံ said...

အင်းး မိဘမတော်ဖူးတဲ့ သူမရှိ၊ မောင်နှမ မတော်ဖူးတဲ့ သူမရှိ၊ ဆွေမျိုးမတော်ဖူးတဲ့သူမရှိတဲ့နော်။ မှန်ပါတယ် အားလုံးက ကျေးဇူးရှင်တွေချည်းပါပဲ။ ကိုယ်ကောင်းကောင်း ပြန်မဆပ်ခဲ့လို့ အခုထိ.လောကကြီးထဲ ကျင်လည်နေရဆဲ။။ ပျော်ပျော် မပျော်ပျော် နေရဦးမယ်။ :)) ဆိုင်လားတော့ မသိဘူး စိတ်ထဲရှိတာ ရေးနေတာဟ။ ကဲ.နင်လဲ.ငါနဲ့ ဆွေမျိုးတော်ခဲ့ဖူးမှာပဲ။ ငါ့ကို မကီလိုပဲ အစိမ်းလေးချေးပါဦးဟ။:))

ရေတမာ said...

ရော့ ရော့ ကြိုက်သလောက်သာယူပေတော့......
ဆွိပေါက်ရင် အဲဂလို ပေးပစ်လိုက်မှာ.....

ကိုလူထွေး said...

ပတ်ဝန်းကျင်ကို အကျယ်ဖွင့်ထားပုံက စိတ်ဝင်စားဖို့ကောင်းတယ်...