Tuesday, May 26, 2009

နစ်တစ်စင်း၏ ဖြစ်ခြင်းဖွဲ့ သံစဉ်

ပညတ်သွားရာ ဓါတ်သက်ပါပြီထင်တယ်။ ဒီနေ့ရေးတဲ့ပိုစ့် နာမည်က “မေးမယ်၊ဖြေကွယ်”၊ နာမ်မည်လေးတွေ
အကြောင်းလည်း စဉ်းစားမိတယ်။ နေလည်ထမင်းစားပြီးလို့ အိပ်ချင်မူးတူးလေး ဘလော့ကိုဝင်လိုက်တော့။ “ပလုတ်တုတ်
ကိုယ်ကြိုးနည်း...တဂ်တဲ့ဟေ့........”တော်ပါသေးရဲ့...“ဒီနာမည်ရွေးဖြစ်ပုံလေး”ဆိုတော့မှ သက်ပြင်းချမိတယ်။ ပထမဆုံး
အတဂ်ခံရတာပါ။ပြောချင်ရက် လက်တို့လာသော (ကို)တလနွန်ကို ကျေးဇူးဥပသကာရ တင်ရှိပါကြောင်း။

ရှေးဦးစွာ ကျွဲရောင်းလာကြတဲ့ ဧည့်ပရိတ်သတ်အပေါင်းကို မင်္ဂလာအပေါင်းနှင့် ခါးညောင်းပါစေလို့ နှုတ်ခွန်းဆက်၊ဂါရ၀ပြု
ပါသည်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သောင်းမရှိတရှိမတိုင်မီ ပြီးခဲ့တဲ့ ခြောက်လလောက်က စိတ်ကူးပေါက်လို့ လုပ်ထားတဲ့
အကောင့်လေးကို ဥုမ်ခံ မံမွမ်းအသက်သွင်းရင်း “(ကို)စေတန်ဂေါ့”ရဲ့ “ဘလော့လုပ်နည်း”အခိပ်ကြီးကို ပလူးပလဲ
၊အလူးအလဲဖတ်ရင်း ခြေ၊လက်သရမ်းလိုက်တာ။ တွမ် ဆိုပြီး ကိုယ်ရောင်ကိုယ်ဝါ မှေးမှိန်စွာနှင့် ကမ္ဘာပေါ်မှာ
ဗြဟ္မာကြီးလေးဦးနှင့် အာဒမ်နဲ့ ဧ၀ မဖတ်ရသေးတဲ့ ဘလော့တစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ (မှန်တာပြော ချမ်းသာရပါစေရဲ့)

အဲ့တုန်းက ပျော်လိုက်တာ....ဟိုလူ့လိုက်ပြ။ဒီလူ့လိုက်ပြရနဲ့ ခြေကားယား လက်ကားယားကိုဖြစ်လို့။ အဲဒီမှာ စတွေ့တာ။
ကိုယ့်ထက် စီနီယာ ဒီနီယာ အီးနေယာ ကျတဲ့ စိတ်ဆပ်ပြီး အကြွေးမဆပ်တဲ့ ပေးဆပ်သူကြီးကို မေးရတာပေါ့။
(တကယ်တမ်း ဘာကြွေးမှမရှိပါဘူးး-)“ လုပ်ပါဦး ဘာလိုသေးလဲ” မေးရင်းကြွားတာပေါ့။ တစ်လုံးထဲပြောလိုက်တာ
လူကိုနင်သွားတာပဲ။ “စာ”တဲ့။ ဟုတ်တာပဲ။ကိုယ့်ဘလော့မှာ ဘာစာမှမရှိ။နတ္တိ။ နေပါဦး မင်းကဘာစာတွေရေးမှာတုန်း
လို့ကိုယ့်ကိုယ်ကို မေးကြည့်တော့။ အကျိုးပြုစာရေးမှာတဲ့။လာသေးတယ် (BNW နဲ့-(bus n walking)။ စာရေးမယ်
ဆိုတော့ ကလောင်လိုက်ရှာရပြီလေ။ ကံကောင်းလို့ ကုတင်ပေါ်ကပြန်တွေ့တယ်။

အဲဒီတော့ ပရိသတ်ရေ...တစ်ထောင့်တစ်ညပုံပြင်ကို လှန်ရရင်..စာမျက်ခွက် ၁၀၀၁နားလေးက အပိုဒ်မှာ ဘာပြောလဲ
ဆိုတော့ နံမည် ဆိုရင် နာခေါင်းပိတ်ထားပါတဲ့။ အဲဒီစာကြောင်းမတိုင်မီ လူဆိုသည်မှာ ကိုယ့်မွေးရပ်ဌာနေကို မြတ်နိုး
ကြသည်မဟုတ်ပါ့လား။ကိုယ့်ကလောင်လေးက နစ်လေးမှာလည်း ကိုယ့်ချစ်တဲ့ ရေမြေရနံလေး သင်းပျံ့စေချင်တယ်။
ကိုယ်နှစ်သက်တဲ့ ပုံသဏ္ဌာန်တွေ ထင်ဟပ်စေချင်တယ်။ အသင်ကြည့်လေ(မြင်လေ)။ စာရေးဆရာ၊ ဆရာမများ၏
နာမ်မည်များနောက်တွင် ကွင်းစကွင်းပိတ်လေးတွေမြင်ရမည်သာ။ ကိုယ်လည်းနှစ်သက်တာတွေ ကွင်းစကွင်းပိတ်ထဲ
မထည့်ပြစ်ပါဘူး။ အိုက်နေမှာစိုးလို့။

အောင်မလေး နာမ်မည်လေးပြောဖို့အရေး ပလ္လင်ခံနေတာပြီးမပြီးဘူးလို့ တော့အပြစ်တင်မစောလိုက်ပါနဲ့။ လူဆိုတာက
ကိုယ့်ဘက်ကိုယက်တဲ့ပေါက်တူးမျိုးမဟုတ်လား။ လွယ်လွယ်နဲ့ အဖြေပေးလိုက်ရင် တောင်းနဲ့တောင်လိုက်ကောက်
သွားရမှာပေါ့။ ကဲပါအပြောင်အပျက်လျော့လို့ အတည်ပြောရရင်..ကျနော်က အညာသားပါ။ (ညာ=လိမ်လည်တာနှင့်
ရောတတ်လွန်းလို့ ဒတ်ဖနေးရှင်းဖွင့်လိုက်ဦးမယ်...)
သစ်တစ်ပင်မှာ အထက်နဲ့အောက်နဲ့ ရှိတယ်။ အသီးသီးရင် အညှာက သီးတယ်။ကြွေရင် အောက်ကိုပြုတ်ကျတယ်။
(စောစောကသာ သိရင် နယူတန်ထက် နာမ်မည်ကြီးတယ်)။ အဲဒီတော့ အထက်အရပ်ကို အညှာလို့ခေါ်တယ်။
အောက်အရပ်ကို အကြေလို့ခေါ်တယ်။ နှစ်ပရိစ္ဆေဒကြာမြှင့်လာတဲ့အခါကြတော့ အညှာကနေ အညာဆိုပြီးဖြစ်သွားတယ်။

အညာဆိုတော့ ပူတာပေါ့ဗျာ။ အဲတော့ သဘာဝတရားကြီးက အပူသက်သာ အောင် တမာပင်တွေ၊ ထနောင်းပင်တွေ
ဖန်တီးပေးလေရဲ့။ အညာဒေသအမှတ်သညာ တမာဆိုလည်းမှားမည်မထင်ပါ။ တမာက တစ်ပင်လုံးအသုံးဝင်ပါတယ်။
အသီးဆိုရင် ဆီကြိတ်လို့ရပါတယ်။ အရွက်ဆိုရင် စားသောက်လို့ရတယ်။ ဆေးဖက် လည်းဝင်တယ်။
သူကိုယ်တိုင်တန်ဖိုးရှိလို့ ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုပါတယ်။ ကျနော်ကိုယ်တိုင်လည်း တမာပင်လို ဖြစ်ချင်တယ်။
သို့သော်ကျနော်သူ့လောက် မစွမ်းဆောင်နိုင်သေးပါ။

ဒါဆိုငါ ဘယ်လောက်စွမ်းဆောင်နိုင်မလဲဆိုပြီး စဉ်းစားလိုက်တော့ သူနှင့် နာမ်မည်တူတဲ့ “ရေတမာ”ပင်တွေ
သွားတွေ့တယ်။ ရေတမာပင်တွေက အညာတမာလောက် ပတ်ဝန်းကျင်ကို အကျိုးမပြုပေမယ့် လမ်းလယ်ကျွန်းတွေမှာ
အလှစိုက်ပျိုးပြီး သူ့ပတ်ဝန်းကျင်ကို အလှဆင်ပေးတယ်။ကျနော်သတိထားမိတယ် လမ်းလယ်မှာဖုံအလိမ်းလိမ်းနဲ့
စည်ပင်ကရေလာလောင်းမှပဲ တောက်တောက်ပြောင်ပြောင်ရှိတယ်။ အရင်ကျနော့်ဘလော့ နဖူးစီးမှာ“ကိုယ်တွင်ညစ်နွမ်း
ဖုံနှင့်လွှမ်းလည်း တူရှုထင်းလင်း ၊ လမ်းလယ်ကျွန်းကို အလှဆင်မည်” လို့ရေးထားဖူးပါတယ်။ မီဒီယာ ပလက်ဖောင်းတစ်ခု
ဖြစ်တဲ့ဘလော့ဆိုတာ ပေါ်ပေါက်လာတော့ ကျနော်လည်း မာနတွေ အတ္တတွေမကင်းတဲ့ ရေတမာရဲ့စေတနာစာလေးတွေနဲ့
အလှဆင်ရင် ကောင်းမယ်လို့ စိတ်ကူးရင်း ဒီနာမ်မည်ရွှေးဖြစ်သွားတာပါ။

အောင်မလေးမောလိုက်တာ။ မပြီးသေးဘူး အဆွေ။ ကျနော် သိပ်ကြိုက်တဲ့ စာရေးဆရာ(ဦး)မင်းလူရဲ့ “ရေတမာ”၀တ္တုကို
အသင်ဖတ်ဖူးပါ၏လော။ ဤ၀တ္တုထဲမှ ရေတမာလို့ အခေါ်ခံရတဲ့ ရုပ်ဆိုးတဲ့ ကိုနောင်စိုးကိုအားကျတယ်။လူဆိုတာလည်း
ခက်သားလား ကိုယ့်ဘာသာ မင်းသားလို့ ထင်နေတတ်တာမျိုး။ အဲဒါနဲ့ပဲ ဒီအမည်နာမကို ကန့်ကွက်မဲ မရှိနဲ့အတည်ပြု
လိုက်မိတော့သည်တမုံ။

ကျနော်ရေတမာပင် ဖြစ်တည်ဖို့ လိုအပ်သော အေးမြတဲ့ ရေကြည်၊နွေးထွေးတဲ့ နေခြည်နှင့်တူသည့် သူငယ်ချင်းအပေါင်း
မရှိလျင်မဖြစ်ပါခင်မျာ။ ရေတမာပင်က စာဖတ်အားနည်းသည့်၊ အတွေ့အကြုံနည်းပါးသည့် အရေးမှား၊အပြောမှား
သစ်ရွက်ခြောက်အမှိုက်လေးများ ကျခဲ့လျှင် ကြိုတင်တောင်းပန်အပ်ပါသည်။

အော.........ပြောရဦးမယ်....ကျနော်ကို ခင်မင်တယ်ဆိုရင်တော့ ရေတမာလို့သုံးနှုံးရင် လုံလောက်ပါတယ်ခင်ဗျာ။

တလနွန်ရေ ကျေနပ်ပါစေနော်.....

ဒီတခါ အနော် တက် မှာက Acacia နှင့် သူမ၏ မျက်ဖြေအလင်္ကာ အမည်နာမ များမည်သို့ပေးဖြစ်ပုံ ၊(၁၀၀မှတ်)


ဗလာမဲ (Lucky Draw များတွင် ဗလာမဲ ဆိုလျှင် မည်သို့တွေ့ရမည်နည်း?)
ရေတမာ

5 comments:

တလနွန် said...

ရေတမာ ပင် က အညာ ရဲ့ အရိပ်
ကိုရေတမာ လည်း ဘလော့ဘက်တော်သားတွေနှင့်
အတူ စာပေအရိပ်လေးတွေ ဆောင်ကြဉ်းပေးနိုင်ပါစေ
လို့ ဆုတောင်းပေးပါတယ်။ ကိုရေတမာ က အရေးကောင်း အဆိုကောင်းပဲနော်။ ဆက်လက်
အားပေးနေပါတယ်။ ရေးပေးတဲ့အတွက်လည်း
ကျေးဇူး အထူးတင်ရှိကြောင်းပါ

ခင်မင်ခြင်းနှင့်
တလနွန်

Acacia said...

ဟိုက်.. စာကြီးတစ်ခုလုံး ဖတ်လို့ကောင်းတယ် နောက်ဆုံးစာ(၁)ကြောင်းကတော့ ဖတ်မကောင်းဘူး :P

စာအရေးအသားကောင်းတယ် နာမည်ရွေးတာလေးလည်း ကောင်းတယ် ရေတမာဆိုတဲ့နာမည်လေးက ရိုးလည်း ရိုးတယ် ဒါပေမယ့် သူများနဲ့ မတူအောင်လည်း ဆန်းပါပေတယ်

kiki said...

ဦးရာတမေ ....(အူးရေတမာ)
ခူးလာ ပါသပေ ၊
မူး တာ အသူရာရေ ။
ထူးမှာ ဘူစာပေ ။။
ငှဲငှဲ .... ငှက်ကြီး ဝံပို အော်သံနဲ့  နှုတ်ခွန်းဆက်သ ပါ၏။
( ကာရံ ယူလိုက်တဲ့ အတွက် - ဘူ - လို့ ရေးမိသွားတာ စိတ်မရှိ ပါနှင့် အသင် မိတ်ဆွေ..)

သင့် ရဲဘော်
ကိ..

flowerpoem said...

ရေတမာရဲ့နာမည်ပေးပုံလေးကောင်းတယ်
ပျော်ရွင်ပါစေ..

မငုံ said...

သြော်..ဂလိုလား..ဒါကြောင့် အညာက တမာစားချင်တယ် လာတောင်းတော့ ရေတမာပဲ လာပေးတာကိုး။။ အင်းးဒီဘလော့ဂ်ကို အာဒမ်နဲ့ ဧ၀ မဖတ်လိုက်ရတာ သူတို့ သိပ်နှာမြောနေမှာပဲနော်။:))
သိပ်ကောင်းတဲ့ နာမည်ပေးရွေးချယ်မှု့ပါ။ ဖြစ်ချင်တဲ့အကျိုးပြုတဲ့သူတယောက် ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဗျို့။