Thursday, May 28, 2009

တခါက မှတ်တိုင်

ပျင်းပျင်းရှိတာနဲ့ ရေဒီယိုကသီချင်းတွေ၊ Web siteကသီချင်းတွေ လိုက်နားထောင်မိတယ်။ ခေတ်ပေါ်သီချင်းတွေကြီး နားထောင်ရတာပျင်းတာနဲ့ ခေတ်ဟောင်းသီချင်းတွေကို burmeseclassic မှာသွားနားထောင်ခဲ့တယ်။ (ဒေါ်)တင်တင်မြရဲ့ အကောင်းဆုံးသီချင်းများ ကိုရွှေးပြီး နားထောင်လိုက်တော့ တော်တော်အရသာရှိတယ်ဗျာ။

အဲဒီသံစဉ်တွေကြားရတော့ စိတ်က ဟိုးလွန်ခဲ့တဲ့ ငါးတန်းကျောင်းသားဘ၀ နယ်မြို့လေးဆီကို လွင့်သွားခဲ့တယ်။ နေ့လည် ထမင်းစားကျောင်းဆင်းရင် နေပူပူထဲမှာ ရေဒီယိုက ထုတ်လွင့်လိုက်တဲ့ ခေတ်ဟောင်းသီချင်းဆွေးဆွေးမြေ့မြေ့တွေ အပူလှိုင်းနှင့်အပြိုင် လွင့်မျောလာတတ်ပါတယ်။ ကျနော်တို့မြို့လေးတွင် ရေဒီယိုကို ၇အိမ်ကြား ၈အိမ်ကြားဖွင့်တတ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းမ၀ယ်နိုင်သောကြောင့် ရှိတဲ့ အိမ်က အကျယ်ကြီးဖွင့်ပေးပါတယ်။

ကျနော်လမ်းထိပ်ကိုရောက်လျင် တီးလုံးသံလေးနှင့်အတူ “မြန်မာစံတော်ချိန် ၁၂ နာရီတိတိရှိပါပြီရှင်” ဆိုပြီးအမြဲကြား ရပါတယ်။ အိမ်ရောက်တာနဲ့ ခါးကပုဆိုးချွတ်ပြီး ခြေထောက်ပေါ်ရောက်တာနဲ့ ရောက်ချင်တဲ့နေရာရောက် ကန်ထည့်လိုက် ပါတော့တယ်။ ၅တန်းရောက်လျှင် အထက်တန်းကျောင်းမှာ ပုဆိုးဝတ်ရပါတယ်။ ကလေးသာသာရှိသေးတဲ့ကျနော် ပုဆိုး မ၀တ်ချင်ပါ။ အိမ်ရောက်ရင် ဘောင်းဘီတိုနှင့်သာနေတာများပါတယ်။ ထမင်းစားပြီးလို့ ကျောင်းပြန်သွားလျှင် ပုဆိုးပါမလာ ခဲ့တော့ပါ။ တစ်လမ်းလုံး ဆော့လိုက်ပြုလိုက်နှင့်သတိမထားမိ။ ကျောင်းရောက်မှသာလျှင် အမြဲသတိထားမိပါသည်။

အညာဒေသတွင် ကိုယ်ပိုင်အ၀ိစိတွင်းမရှိပါ။ ရေတွင်းများတွင် သွားရောက်သုံးစွဲရပါတယ်။ နေ့လည် အပူဒဏ်ကို ရေလဲပုဆိုး ခေါင်းမြီးခြုံ၊ သူများအိမ်ထရံအရိပ်ခိုရင်း ဗိုက်ဆာဆာနဲ့အိမ်အပြန်မှာ ကြားရတဲ့ ရေဒီယိုက ခေတ်ဟောင်းသီချင်းလေးတွေကို ခုခါပြန်လည်လွမ်းမိပါတယ်။ ယခုအခါ ထိုအလေ့အထများ ရှိမရှိ မသေချာတော့ပါ။ ရေဒီယိုလည်း သုံးကြတော့မည်မထင်ပါ။ VCD/DVD စက်များ ၀င်ရောက် နေရာယူနေကြမည်ထင်ပါသည်။

ကျောင်းအားရက်တွေ နေ့လည်ပူပြင်းပြင်းအချိန် ထမင်းစားပြီးလို့ သစ်ရိပ်ဝါးရိပ် အေးအေးလူလူ ထမင်းလုံးစီတဲ့အချိန်၊ ကျီးနှင့်ဖုတ်ဖုတ် ခြောက်ကပ်ကပ် အညာနွေအောက်မှာ ပုစဉ်းရင်ကွဲရဲ့ နားလိုက် အော်လိုက်အသံနှင့် မေးစဉ်းသွားတဲ့ မျက်လုံးတွေကို ဖွင့်ဖို့အင်အားမရှိတော့ အရသာ၊ လေရှုးလေပွေနှင့်အတူ တချက်ချက် မျောလွင့်လာတဲ့ ရေဒီယိုက လာတဲ့ ခေတ်ဟောင်းသီချင်းလေးတွေကို ကြားလိုက်မကြားလိုက်နဲ့ ငိုက်မြည်းခဲ့ရတဲ့ အရသာကို ပြန်တမ်းတတယ်။

ရေတမာ

(မှတ်ချက်။ ။ကျနော်ခေါင်းစဉ်တွေ စဉ်းစားတဲ့အခါ၊ ကျနော်ဖတ်ခဲ့ဖူးသော ခေါင်းစဉ်များကို အမှတ်ရတတ်ပါသည်။ စာပြောင်လေးတွေ ရေးတဲ့အခါ ကျနော်ပုံတူရိုးမှား ကူးချတတ်ပါသည်။ “နစ်တစ်စင်း”ကိုလည်း ကျနော်သံတူကြောင်းကွဲ ပြုလုပ်ထားခြင်းဖြစ်ပါသည်။ ယခုပိုစ့်ကို “တခါက” လို့ပေးမည်ကြံသောအခါ ဦးမြတ်ခိုင်၏ “တခါက မြတ်ခိုင်”ဆိုသည့် ခေါင်းစဉ်ကို စဉ်းစားမိ၍ ယခုကဲ့သို့ပေးလိုက်မိခြင်းဖြစ်ပါသည်။)

3 comments:

kiki said...

ရေလဲပုဆိုး ခေါင်း မြီးခြုံ တဲ့ ပုံ စံလေး မြင်ယောင်ကြည့်တယ် ။ ဟိုလေ ပုံပြင်တွေ ထဲက ဒေါ်အိုဇာ ကြီး လို နေမှာ ပေါ့ ။ ဘာဖြစ်သွားလဲ ..သိလားးးးး

poemflower said...

ရေတမာရေ ခုတော့ ရေဒီယိုက ရှားပါးပစ္စည်းဖြစ်သွားပြီ

ကိုလူထွေး said...

မှတ်ချက်တွေ များလှချည်လား...

အပေါ်ကပုံကို ကြည့်ပြီး တွေးမိတယ်
ကျောင်းကပြန်လာရင် အဲလိုပုံလားလို့...
သစ်ပင်ကြီးတော့ ရှင်သန်ဦးတော့မှာပဲ