Sunday, May 31, 2009

လက်တစ်စုံ


ပျားပန်းခတ်တမျှ စည်ကားနေတဲ့ ဘူတာရုံလေးထဲ သူအပြေးအလွှား ရောက်ရှိခဲ့ပါသည်။လှေခါးဖက်က တံခါးပေါက်များ
လူကြပ်တတ်သည်ကို သူအတွေ့အကြုံအရ သိပြီးဖြစ်၍ လူနည်းပါးရာ နေရာကို အပြင်းအထန် မျက်စိကစားလိုက်သည်။
လက်ထဲတွင် အိတ်တစ်လုံးနှင့် သူအတွက် ချောင်ချိချိနေရာက ပို၍သင့်တော်ပေမည်။

ရထားလာပါပြီ။ ဖွင့်လျှင်ဖွင့်ခြင်း လူတစ်ကိုယ်စာ နေရာလေးရရန် စောင့်ဆိုင်းနေသည့် လူအုပ်က အယောက် ၁၅ ယောက်လောက်ရှိမည်ထင်သည်။ အိမ်အပြန်ခရီးကို စိတ်စောနေသည့် လူတစ်ချို့ အဆင်းလူကိုပင် ဦးစားပေးလိုဟန်မတူ။ ငြူစူစူ အကြည့်တချို့ လက်ခံရရှိ အပြီးသူ ခြေချစရာနေရာ တစ်နေရာရရှိသွားပါပြီ။ နေရာရလာပြန်တော့ ခိုင်မြဲစွာ ရပ်တည်နိုင်ဖို့ ကြိုးစားရလိုက်ဦးမည်။


ရထားလူးသည့် ဒဏ်ကြောင့် သူနဖူးတ၀ိုက် ချွေးသီးနေပြီ။ လူးလွင့်သည် ဒဏ်ကြား အခြေမပျက်ရပ်တည်ဖို့ သူအတွေ့အကြုံမရင့်ကျက်သေးပေ။ ဒီအတွက် ကြိုးစားသင်ယူရမည့် သဘောတရားများကား များများစားစားမရှိပေ။

သူရထားနှစ်တွဲ အစပ်နေရာသို့သွားရန် စိတ်ကူးလိုက်ပါသည်။ ထိုနေရာတွင် စုံတွဲတစ်တွဲနှင့် အမျိုးသား၃ဦး အမျိုးသမီးကြီး ၁ဦးလည်းရှိနေပေသေးသည်။ တစ်ဘူတာနှင့် တစ်ဘူတာ ခရီးသည်များလည်း ဆင်းလိုက်တက်လိုက်နှင့် တဖြည်းဖြည်း လျော့နည်းလာပါသည်။ သူရပ်နေသောနေရာကား ဦးစားပေးထိုင်ခုံရှေ့တည့်တည့်။ စပီကာမှ ရောက်ရှိမည့် ဘူတာနာမည်ကို ကြေညာစဉ် ရထားသည်လည်း အရှိန်တဖြည်းဖြည်းနှေးကွေးလာပါသည်။

သူနောက်မှ ခရီးသည်က ဆင်းရန်ပြင်လိုက်သောအခါ သူရှေ့တည့်တည့်မှ အမျိုးသမီးမှ ထိုနေရာသို့ ထိုင်ရန် ကမ်းလှမ်းလျက် သူဆီသို့လှမ်းလာ နေပါပြီ။ အမျိုးသမီးသူ့နဘေးသို့အ၀င် နေရာပေးရန် ခြေကြွလိုက်စဉ် မထင်မှတ်ဘဲ ရထားဘရိတ်အုပ်လိုက်သောအခါ ဟန်ချက်ပျက်လျက် ဘေးသို့လဲကျသွားသည်။ လက်ထဲတွင်လည်း အလေးအပင်နှင့် ကိုင်တွယ်ဖမ်းဆုပ်စရာလည်း မရှိ။ ထိုသို့ပြိုလဲသွားစဉ် သူ့ကိုယ်ကို ဖမ်းထိန်းပေးလိုက်သည့် လက်တစ်စုံကို မြင်လိုက်ရသောအခါ ရင်၌ လှိုက်လှဲစွာ ကျေးဇူးတင်ခြင်းများ ဖြစ်ပေါ်မိသည်။

သူထူပူနေ၍ ကျေးဇူးတင်စကားပင် သူတို့ကိုမပြောမိပေ။ သို့သော် သူတို့အဖို့ကား ကျေးဇူးတင်ခံလိုသောကြောင့် ဟုတ်ဟန်မတူ။ စေတနာသက်သက်ပင် ဖြစ်ပါသည်။ သူတစ်သက် ထိုဖေးမပေးသည့် လက်တစ်စုံကို ဘယ်တော့မှ မေ့လို့ရလိမ့်မည်မဟုတ်ပေ။

သူ့လက်တစ်စုံကို ပြန်ကြည့်မိစဉ် ယိုင်လဲသူတွေကို ဤလက်ဖြင့် ဘယ်နှစ်ကြိမ်မျှဖေးမခဲ့ဖူးပါသနည်း။ အကူအညီကမ်းသည့် လက်တွေကို ဘယ်နှစ်ကြိမ်မျှ ပုတ်ချခဲ့ဖူးပါသနည်း။လက်ခြင်းတူပါလျက် ထိုဖေးမပေးသည့်လက်တစ်စုံကို သူဘာကြောင့် မေ့မရခဲ့ပါသနည်း။

7 comments:

မြစ်ကျိုးအင်း said...

ကိုယ်ကိုတိုင် ဖေးမတဲ့သူ ဖြစ်စေချင်ပါတယ်..။
အကူအညီလိုတဲ့ ကမ်းလင့်တဲ့ လက်တေရှိပါတယ်..။
ကျွန်တော်တို့ ကြိုးစားကြပါစို့

kiki said...

ဟိတ်ကောင်လေး။။ မှန်မှန်ပြော နော်
ဒါ ဘယ်သူ့ လက် လဲ ဆိုတာ...
မေ့မရတဲ့ အကြောင်းမှာ တစုံ ၂ခု တော့ ရှိရမည်။။
မဟုတ်မှ လွဲရော ။ ခါးပိုက်အနှိုက်ခံလိုက်ရပြီထင်ရဲ့ .
အိမ်ပြန်ရောက်တော့မှ ခါးကြားထိုးထားတဲ့  ဝေါလက်လေး ရှာမတွေ့ တော့ဘူး မို့ လားး
ဟဲဟဲ။။

ကိုလူထွေး said...

စိတ်ကူးတဲ့ရာက အရေးလေးကောင်းတယ်... အတွေးလေးလဲ သဘောကျတယ်...

ရေတမာ said...

ကျေးဇူးပါ အကိုလူထွေး။ အတတ်နိုင်ဆုံးကူညီဖို့ ကြိုးစားမယ် မြစ်ကျိုးအင်းရေ။ မကြီးကိ မပြောဘူး(အသေတတ်သွား)

မငုံ said...

သိပ်ကောင်းတဲ့ ပိုစ့်လေး။ သူတပါးကို ကူညီနိုင်တဲ့ လက်တစုံလေး ဖြစ်ပါစေလို့ ဆုတောင်းပေးသွားတယ်နော်

အချစ်မဲ့ဂစ်တာ said...

ပို့ကောင်းလေးကို အားပေးသွားပါတယ်..။

တလနွန် said...

တွေးထားတာလေးက ရှယ်ပဲ ကိုရေတမာ ရေ.........
ကျွန်တော့်လက်တစ်စုံကိုကြည့်ရင်း အတွေးများနှင့်
ပြန်သွားတယ်

ခင်မင်ခြင်းနှင့်
တလနွန်