Friday, July 31, 2009

ရုန်း

ချစ်ခင်မြတ်နိုး တွယ်တာတယ်ဆိုတဲ့ သံယောဇဉ်တွေနဲ့ ကျွန်တော်တို့ဟာ သိပ်ကိုပျော်မွေ့ကြတယ်။ ရွှင်ပြုံးကြည်သာမှုတွေ ဖြစ်တယ်။ အဲဒီသံယောဇဉ်တွေကြောင့်ပဲ ကျွန်တော်တို့ဟာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲတွေ ဖြစ်ပြန်ရော။ ရင်ဘတ်စည်တီး ရှိုက်ကြီးတငင် ငိုကြွေးရတာတွေလည်း ရှိတယ်။ သံယောဇဉ်တွေကနေ ထွက်မြောက်နိုင်ရင် ကောင်းမယ်ဆိုတာ သိတယ်၊ သိပါတယ်ဗျာ။

ခင်ဗျားတို့ ကြားဖူးမယ်ထင်ပါတယ်။ တစ်နေ့ ရဟန်းတော် အချို့ သာဝတ္တိမြို့တွင်း ဆွမ်းခံနေတုန်းမှာ မင်းရဲ့ အမိန့်နဲ့ ဖမ်းမိတဲ့ ခိုးသူတွေကို သံခြေချင်းတွေခတ်၊ ခြေတွေလက်တွေမှာ ကြိုးတွေနဲ့ အခိုင်အခံချည်ပြီး လှောင်အိမ်ထဲ သွင်းနေတာကို မြင်တွေ့ကြတယ်။ ညနေချမ်းရောက်တဲ့အခါမှာ အဲဒီရဟန်းတွေက ဂေါတမ မြတ်စွာဘုရားထံသွားပြီး သူတို့မြင်တွေ့ခဲ့ရတဲ့ ခိုးသူတွေ နှောင်ဖွဲ့ခံရပုံကို ပြောကြားလျှောက်ထားမိကြတယ်။ အဲဒီအခါမှာ ဂေါတမမြတ်စွာဘုရားက သံခြေချင်း၊ ကြိုးစတဲ့ အရာတွေနဲ့ နှောင်ဖွဲ့ထားတာဟာ မပြောပ လောက်သေးဘူး။ ဥစ္စာ၊ စပါး၊ သားမယားစသည်တို့မှာ တပ်မက်တွယ်တာခြင်းဆိုတဲ့ တဏှာကိလေသာ အနှောင်အဖွဲ့က အဆအရာအထောင်အသိန်းမက ပိုပြီး ခိုင်မြဲတယ်။

သံဖြင့်ပြုလုပ်သော သံခြေချင်း အနှောင်အဖွဲ့၊ သစ်သားဖြင့် ပြုလုပ်ထားသော ထိတ်တုံးအနှောင်အဖွဲ့၊ မြက်လျှော်ဖြင့် ပြုလုပ်ထားသော နှောင်ကြိုးအဖွဲ့ကို ခိုင်ခံ့သော၊ မြဲမြံသော အနှောင်အဖွဲ့ဟု မဆိုကြကုန်။ ပတ္တမြားနားတောင်း စသည့် ရတနာတို့၌ တွယ်တာငဲ့ကွက်ခြင်းတဏှာ ဤတဏှာအနှောင်အဖွဲ့မျိုးကိုသာ ခိုင်ခံ့သော၊ မြဲမြံသော အနှောင်အဖွဲ့ဟု ပညာရှိတို့ ဆိုကုန်၏။

ပညာရှိတို့ကတော့ အဲဒီတဏှာကိလေသာဆိုတဲ့ အနှောင်အဖွဲ့ကို ရုန်းဖြတ်ပြီးတော့ ထွက်ကြတယ်လို့ ဂေါတမမြတ်စွာဘုရားက ပြောပြ ဟောပြတယ်။ ကိလေသာ နှောင်ကြိုးတွေကနေ ရုန်းထွက်ဖြတ်တောက် နိုင်ကြသူ ပညာရှိသူတွေကို အားကျမိပါတယ်ဗျာ၊ ဒီလို အားကျခြင်းနဲ့အတူ….

“သံယောဇဉ်ကြိုး၊ ဆယ်မျိုးခိုင်ခိုင် ချုပ်ထား တုပ်ထားလှုပ်မအားနိုင်။

ကာမထောင်တွင်း၊ နှောင်သွင်းပိုင်ပိုင်၊ မှတ်ကရော့၊ ခတ်သော့ သံချည်တိုင်” ဆိုတဲ့ ဓမ္မကဗျာလေးကိုလဲ အမှတ်ရတယ်။ အမှတ်ရခြင်းနဲ့ ကပ်ပြီး ထိတ်လန့်ခြင်းကလဲ ပါလာတယ်။ ချည်နှောင်ထားတဲ့ သံကြိုးကြီးတွေ ခိုင်ရတဲ့အထဲမှာ ကျွန်တော်ကို သံတိုင်ကြီးနဲ့ ပူးတွဲပြီး မရုန်းနိုင်အောင် သော့ခတ်ထားရသလို ခံစားရတဲ့ အဖြစ်ကြောင့်ပါ။

ကျွန်တော်တို့လို အသက်ကြီးလာတဲ့ လူကြီးတွေနဲ့ ဆိုင်တဲ့ အဖြစ်အပျက်တစ်ခုရှိသေးတယ်။ ကောသလမင်းကြီးမှာ ပါဝေယျက လို့ခေါ်တဲ့ ဆင်ကြီးရှိခဲ့တယ်။ ဒီဆင်ကြီးဟာ အသက်ငယ်ရွယ် နုပျိုစဉ်က အလွန်ခွန်အားဗလ ကောင်းတယ်။ စစ်တိုက်တဲ့ နေရာမှာ အင်မတန် ကျွမ်းကျင်တယ်၊ သတ္တိပြောင်မြောက်တယ်။ အခုတော့ ဒီဆင်ကြီး အိုလာပြီ။ ဒါနဲ့ မင်းကြီးက ဆင်အိုကြီးကို ဘေးမဲ့ပေးလိုက်တယ်။ တစ်နေ့မှာ အဲဒီဆင်ကြီးဟာ အိုင်တစ်ခုထဲကို ဆင်းရင်းက ညွန်ထဲမှာနစ်သွားတယ်။ ဆင်ကြီးဟာ ညွန်ထဲက ထွက်မြောက်အောင် ရုန်းတယ်။ ဒါပေမယ့် ဇရာကထောင်းပြီဆိုတော့ ရုန်းအားမကောင်းဘူး ဖြစ်နေတယ်။ ဒီအဖြစ်ကို ကောသလ မင်းကြီးကြားသိတဲ့ အခါမှာ ဆင်ကြီးကို ညွန်ထဲက ထုတ်ဆောင်ဖို့အတွက် ဆင်ဆရာကို လွှတ်လိုက်တယ်။ ဆင်ဆရာဟာ အင်မတန် အမြော်အမြင်ရှိတယ်။ ဆင်ဆရာက ဆင်ကြီးကို ညွန်ထဲက ထုတ်ဆောင်ဖို့ သွားတဲ့အခါမှာ စစ်ချီစစ်ထိုးတဲ့အခါ အသုံးပြုတဲ့ စစ်ပွဲစည်ကြီးကို ယူသွားတယ်။ စည်တွေ မောင်းတွေ သယ်သွားတယ်ဆိုပါတော့။

ညွန်နစ်နေတဲ့ ဆင်ကြီးထံရောက်တော့ ဆင်ဆရာက စစ်ပွဲကိုပြပြီး စစ်ပွဲစည်ကြီးကို တီးတယ်။ တကယ်စစ်ထိုးတော့မယ့် အခြေအနေမျိုးဖြစ်အောင် တပည့်နောက်လိုက် နောက်ပါတွေနဲ့ ပူးပေါင်းဖန်တီးပြီး စစ်ကြွေးကြော်သံတွေနဲ့ စည်တို့ မောင်းတို့ တီးပေးပါလိမ့်မယ်။ ဒီအခါမှာ ဆင်ကြီးဟာ ရဲစိတ် ရဲမာန်တွေ တက်ကြွလာပြီး တအားရုန်းလိုက်တာ တစ်ခါတည်း ကုန်းပေါ်ရောက်သွားတယ်။

ဒီလိုဆင်ကြီး ညွန်ထဲက ရုန်းထွက်နိုင်တဲ့ အဖြစ်ကို မြင်ခဲ့ကြရတဲ့ ရဟန်းတော်တွေက ဂေါတမမြတ်စွာဘုရားကို ပြောပြလျှောက်ထားကြတယ်။ ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက ရဟန်းတော်တွေကို…..

မမေ့လျော့ခြင်း အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့၊ မိမိစိတ်ကို စောင့်ရှောက်ကြလော့၊ ညွန်၌နစ်သောဆင်သည် မိမိကိုယ်ကို ညွန်ပျောင်းမှ ထုတ်ဆောင်သကဲ့သို့ ကိလေသာညွန်ပျောင်းမှ မိမိကိုယ်ကို ထုတ်ဆောင်ကြ….. လို့ မိန့်တော်မူတယ်။ အဲဒီ ဂေါတမ မြတ်စွာဘုရားရဲ့ စကားဟာ ကျွန်တော်တို့နှင့် တိုက်ရိုက်သက်ဆိုင်နေတဲ့ စကားဗျ။ ဒါပေမယ့် ကျွန်တော်မှာ ဖြစ်နေတာက ခိုင်ခံလွန်းလှတဲ့ သံတိုင်ကြီးမှာ သံကြိုးတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ပြီး သော့ခတ်ထားတဲ့ ကျွန်တော့်ကို ဘယ်သူများလာပြီး သော့ဖွင့်ပေးပါ့မလဲ။ ကိလေသာ ညွန်ထဲက ရုန်းထွက်နိုင်အောင် ဘယ်သူများလာပြီး စည်တီးရင်း အားပေးပါ့မလဲလို့ မျှော်မိနေတဲ့ အဖြစ်ပါဗျာ၊ နေပါဦး ခင်ဗျားတို့ကတော့ မရုန်းဘူးလား… ဘယ်လိုလဲ.. မရုန်းကြတော့ဘူးလား…….

ထုံစံအတိုင်း ဆရာနန္ဒသိန်းဇံ၏ မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများစာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွဲ ၁ အမှတ် ၁၂ မိုးဆန်းပန်းဂျာနယ်

11 comments:

မငုံ said...

သံဃောဇဉ်ကြိုးတွေကြား ရုန်းမထွက်နိုင်သေးဘူး သူငယ်ချင်းရေ..

ပိုစ့်ကောင်းလေးပါ။ သေချာဖတ်မှတ်သွားပါတယ်။

Beauty Studio USA Branded Store said...

အကိုတင်နေကြ ဆရာနန္ဒသိန်းဇံ ရေးတဲ့ စာတွေလာဖတ်တာ ကောင်းပါတယ် ခဗျာ။

kiki said...

ကိလေသာ နွံ ထဲ က ရုန်းထွက် ရတာ တယ်မလွယ် လှဘူး ။

မတရားမှုထောင်ခြောက်နွံထဲက ရုန်းထွက် ဖို့ ရာ ကရော ...?? စစ်ပွဲစည်ကြီး တီးဖို့  လိုနေပြီလား ? ?

လိုရာဆွဲပြီး တွေးသွားတယ် ...

ရာတမေ လည်း ဘယ်လို ရုန်းချင်နေပါသလည်း ။

တလနွန် said...

“သံယောဇဉ်ကြိုး၊ ဆယ်မျိုးခိုင်ခိုင် ချုပ်ထား တုပ်ထားလှုပ်မအားနိုင်။
ကာမထောင်တွင်း၊ နှောင်သွင်းပိုင်ပိုင်၊ မှတ်ကရော့၊ ခတ်သော့ သံချည်တိုင်” ဆိုတဲ့ဓမ္မကဗျာလေးအတိုင်း ထိတ်လန့် စရာပင်။ အခုလို အသိတရားထူး ကို ဝေမျှတဲ့ ရေတမာ ကို ကျေးဇူးပါခင်ဗျ။

မေဓာဝီ said...

ရုန်းရခက်တဲ့ နွံအိုင်ကြီးပါ။
လှုပ်လေ မြုပ်လေနဲ့ ... ကယ်သူမဲ့ပေါ့ ... ။

Angel Shaper said...

အဲဒီ နွံအိုင်ကနေ ရုန်းနိုင်ဖို့ ကြိုးစားနေတယ်။
မြုပ်နေလို့ နဲနဲခက်နေတာ။ အဟီးးးးး
ပျော်ရွှင်ပါစေတမာလေးရေ.............

သားကြီး said...

ရုန်းတော့ရုန်းမယ်
ဒါပေမယ့် ခုမဟုတ်သေးဘူး ဟဲဟဲ
ခုတလော အတွေးအခေါ်တယ် တရားသဘောတွေ တယ်လည်းတင်ဖြစ်နေပါ့လား
အကျွတ်တရားရပြီးတောတော့မထွက်လိုက်ပါနဲ့ဦး
အဲဒီမှာ အင်တာနက်မရှိဘူးညီရ :P

ဇော် said...

ကိုသားကြီးပြောသလိုပဲ အင်တာနက်မရှိလို့ ကျနော်တောင် တောမထွက်သေးဘူး။ ခိခိ။

rose of sharon said...

ကိလေသာကနေရုန်းထွက်ဖို့တော်တော်ခက်ပါတယ်... shopping ထွက်တိုင်းတွေ့သမျှဝယ်ချင်တာလဲကိလေသာဘဲဆိုရင်... ဘယ်တော့မှရုန်းနိုင်မယ်မထင်...း)

ကိုလူထွေး said...

ဒီအချိန်မှာ ဒီစာကို တင်ပေးတာ ကျေးဇူးပါ ညီလေးရေ...

သီဟသစ် said...

ရေတမာရေ

ရုန်းထွက်နိုင်အုံးမယ်တော့ မထင်သေး
:)

ခင်မင်စွာဖြင့်
သီဟသစ်