Saturday, July 25, 2009

ချစ်သောမျက်စိဖြင့် ရှုကြရစေ(နန္ဒာသိန်းဇံ)

ဆရာ နန္ဒာသိန်းဇံ၏ မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ စာအုပ်မှ ကူးယူဖော်ပြသည်။ ဖော်ပြခွင့်ပြုရန်လည်း ဆရာအား ခွင့်တောင်းအပ်ပါသည်။
လူဆိုတာကို ဘယ်လိုအဓိပ္ပါယ်သတ်မှတ်ချက် Definition ပေးမလဲဟု သူကမေးရင်း အောက်ပါ အကြောင်းအရာများကို သူကဆက်ပြောသည်။
တစ်ခါမှာ ကျမ်းစာသင်ကျောင်းက လူငယ်တစ်စုက နိုင်ငံအကြီးအကဲ တစ်ဦးထံသွားပြီတော့ သမ္မာကျမ်းစာ ဖတ်ကြားချီးမြှင့်ပါလို့ ပန်ကြားကြတယ်။ ဒီအခါမှာ အကြီးအကဲက ကမ္ဘာဦးကျမ်း Genesis မှာ ဖော်ပြထားတဲ့ "ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ "ဆိုတဲ့ စာကြောင်းကို ဖတ်ပေးလိုက်တယ်။
ဒီလိုဖတ်ပေးတော့ လူငယ်တွေက အတော်ကိုမကျေမနပ်ဖြစ်ကြတယ်တဲ့။ သိပ္ပံပညာနဲ့လည်း အံမ၀င်တဲ့၊ ခေတ်လည်းမမီတော့တဲ့ နေ့စဉ်ဘ၀အတွက် အကျိုးရှိစေနိုင်တဲ့ စာကြောင်းတွေ၊ လူအများရဲ့ ကိုယ်မှု နှုတ်မှုတွေမှာ သန့်ရှင်းစင်ကြယ်စေဖို့ သတိပေးတဲ့စာကြောင်း၊ စာပိုဒ်တွေအများကြီး ရှိပါလျက်နဲ့ ဒီကမ္ဘာဦးကျမ်းက အယူအဆဟောင်းကြီးကိုမှ ရွေးဖတ်ပေးပလေတယ်။ စတဲ့ အပြစ်တင်တဲ့ အတွေးတွေနဲ့ မကျေမနပ်ဖြစ်ကြတာထင်ပါတယ်။
တကယ်တော့ နိုင်ငံအကြီးအကဲဖတ်ပေးလိုက်တဲ့ စာကြောင်းက သိပ်ကိုအရေးကြီးပါတယ်။ ဟုတ်တယ်၊ ဘုရားသခင်က လူကိုဖန်းဆင်းတယ်။ ဘုရားသခင်က လူယောက်ျားနဲ့ လူမိန်းမကို ဖန်ဆင်းတယ် လို့သာ ကမ္ဘာဦးကျမ်းကဆိုတာ ဘုရားသခင်က ဂျူးကိုဖန်ဆင်းတယ်၊ အာရပ်ကိုဖန်ဆင်းတယ်။ ဂျာမန်ကိုဖန်ဆင်းတယ်၊ ပြင်သစ်ကိုဖန်ဆင်းတယ်။ အင်္ဂလိပ်ကို ဖန်းဆင်းတယ်လို့ မဖော်ပြဘူး။
လူတွေဟာ လူတွေကို လူအဖြစ်နဲ့ မှန်မှန်ကန်ကန်မြင်ကြမယ်ဆိုရင် လူမှုပြဿနာတွေ တော်တော်ကိုနည်းခဲ့မှာပါ။ လူတွေဟာ လူတွေကို လူတွေအဖြစ် မှန်မှန်မမြင်ခဲ့ကြဘူး။ လူမျိုးစွဲတွေနဲ့ မြင်တယ်။ ဘာသာစွဲတွေနဲ့မြင်တယ်။ အသားအရောင် အဆင့်အတန်းခွဲခြားလိုမှုတွေနဲ့ လူတွေကို ကြည့်တယ်။ မြင်တယ်၊ အစွဲတွေပါလာတော့ အမှန်မမြင်တော့ဘူး။ အမှန်မမြင်တော့ ပြဿနာတွေဖြစ်ကြတယ်။ ပြဿနာတွေဖြစ်ရင် ငြိမ်းချမ်းမှုခြင်းဆိုတာ လူ့လောကမှာ မရနိုင်တော့ဘူး။ ဒါတွေဟာ လူတွေက လူတွေကို မှန်မှန်မမြင်နိုင်ကြလို့ဖြစ်ရတာ။ ဒါကြောင့် ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မှု၏ ဆိုတဲ့စာကြောင်းဟာ အရေးကြီးတဲ့ စာကြောင်းဖြစ်တဲ့ အကြောင်းကို အကြီးအကဲက ရှင်းပြတော့မှ လူငယ်တွေက ကျေနပ်သွားကြတယ်လို့ ပြောသံကြားဖူးတာပဲ။
မြန်မာပြည်က ဗုဒ္ဓစာပေတွေမှာတော့ လူကို ခန္ဓာငါးပါး(ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဉာဏ်) ရှိသူ၊ မြင်မှု၊ ကြားမှုအစရှိတဲ့ အတွင်းအပ အာယတန(၁၂) ပါးရှိတဲ့သူ၊ ရုပ်သဘော၊ နာမ်သဘော၊ ရုပ်ဓါတ် နာမ်ဓါတ်တွေရှိတဲ့သူအဖြစ်ပဲ မြင်ပြထားတယ်။ ဘယ်လူမျိုးပဲဖြစ်ဖြစ် ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဘယ်လိုဘာသာမဲ့သူပဲဖြစ်ဖြစ် ဘယ်လိုအသားအရောင်ပဲရှိတဲ့ လူမျိုးပဲဖြစ်ဖြစ် ဆိုခဲ့တဲ့ ခန္ဓာ၊ အာယတန ရုပ်ဓါတ်နာမ်ဓါတ်တွေ စုဝေးနေတဲ့ ခန္ဓာကိုယ်တွေရှိနေတယ်လို့ မြင်တယ်။ အဲဒီလို စုဝေးဖြစ်ပေါ်နေတဲ့ လူတွေဟာ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးတွေဖြစ်ပေါ်စေမယ်၊ ဆိုးတာတွေလုပ်ရင် ဆိုးတဲ့ အကျိုးတွေ ဖြစ်ပေါ်စေမယ်လို့ မြင်တယ်။ လူတိုင်းလူတိုင်းမှာ ဒီခန္ဓာတွေ ဒီဓါတ်သဘောတွေ ရှိနေတဲ့အတွက် လူတွေဟာ လူတွေအချင်းချင်း ဘာမှ အထင်သေးစရာလည်းမရှိဘူး။ မုန်းတီးစရာလည်း မရှိဘူးလို့ မြင်တယ်။ ဗုဒ္ဓစာပေတွေမှာ တွေ့ရတဲ့ လုနဲ့ပက်သက်တဲ့အမြင်ဟာ လူမျိုးစွဲ၊ ဘာသာစွဲ ၊အသွေးအရောင် စွဲတွေကင်းတဲ့ အမြင်ဖြစ်တယ်။ ဒီအစွဲတွေကင်းလွတ်စွာနဲ့ လူတွေကို ကြည့်မြင်တတ်ရင် လူမှုပဋိပက္ခတွေ အများကြီးလျော့နည်းသွားမှာ...။
အထက်ပါသူ့စကားတွေကို နားထောင်ရင်းက.. အာမနာကျောင်း ကျောက်စာ မှ သိင်္ဃသူ့သမီး ဆုတောင်းသည့် အချင်းချင်း အမျက် တစ်စေ့မရှိ၊ ချစ်သောမျက်စိဖြင့်ရှုကြစေ ဟူသော စာကြောင်းကို မြင်ယောင်ပါသည်။ ဆုတောင်းသံကိုလည်း ကြားယောင်နေပါသည်။

အမှတ်၉၉ အင်တာဗျူးဂျာနယ်

13 comments:

rose of sharon said...

ဘာအစွဲမှမရှိမှလူကိုလူလိုမြင်တတ်ကြရင်... ကမ္ဘာကြီးက တကယ်ကိုငြိမ်းချမ်းမှာပါ....း)

သားကြီး said...

ဆရာနန္ဒာသိန်းစံစာအရင်ကဖတ်ဖူးတယ်
ငယ်သေးလို့လားမသိဘူး သိပ်ပေါက်ပေါက်မြောက်မြောက်မတွေးတတ်ခဲ့ဘူး
ခုတော့ကြီးလာလို့လားမသိဘူး လုံးဝကိုပေါက်ပေါက်မြောက်မြောက်မတွေးတတ်တော့ဘူး:P
တန်ဖိုးရှိတဲ့မျှဝေမှုအတွက်ကျေးဇူးပါရာတမေရေးးးး
အဆက်ရှိလိမ့်ဦးမယ်ထင်တယ်...

kiki said...

အမျက် တစ်စေ့မရှိ၊ ချစ်သောမျက်စိဖြင့်ရှုကြစေ ......

လူကို လူလို မြင်တတ်ကြပါစေ ၊ အဘတို့ ရေ။။
ဘာသာ နဲ့ သာသနာ ကို စောင့်ထိန်းတတ်ကြပါစေ ၊ အဘ တို့ ရေ ။။

မြစ်ကျိုးအင်း said...

ဒီလိုသာကြည့်တတ်ရင် စစ်ပွဲတွေမလိုဘူး သေမင်းလက်နက်တွေ အပြိုင်ထုတ်နေစရာမလိုဘူး ထိုင်ခုံရဘို့ ၆၅ နှစ်တွေ ချစရာမလိုဘူး နောက်ပြီး
အားနွဲ့တဲ့ အမေအရွယ် ထောင်ထဲမှာ နေစရာမလိုဘူး
နောက်ပြီး...............
နောက်ပြီး...............
နောက်ပြီး...............

မကြည့်တတ်တော့ တကမ္ဘာလုံးမောတယ်...။

maylay said...

လူကိုလူလို့ ကြည့်တတ်ဖို့။။။။။ကိုမြစ်ကျိုးအင်းပြောသလိုပဲ မကြည့်တတ်တော့ တကမ္ဘာလုံးမောတယ်။ စစ်တွေရပ်။ ငြိမ်းချမ်းတာတွေ အမြန်ရောက်ပါစေ

kaungkinpyar said...

ဘာအစွဲမှ မကောင်းပါဘူး

မငုံ said...

အင်း အစွဲကင်းအောင် ကြိုးစားပါဦးမယ်။ ဆရာနန္ဒသိန်းဇံ စာအုပ်တွေကို ငယ်ငယ်ကပဲ ဖတ်ဖူးတယ်။ အခုလို ပြန်ဝေမျှတာ ကောင်းတယ်။ ကျေးဇူးပါ။

ကိုလူထွေး said...

စာကောင်းတယ်...
ရည်ရွယ်ချက်လဲကောင်းတယ်...
တင်ပေးတဲ့ စေတနာလည်းကောင်းတယ်...

ဒီအကြီးအကဲက တို့နိုင်ငံကတော့ ဖြစ်ဟန်မတူဘူး...

ဝမ်းနည်းဖို့ကောင်းတယ်...

Angel Shaper said...

လူကိုလူလိုမြင်တတ်ဖို့ သိပ်ကိုအရေးကြီးပါတယ်။
အလွန်တော်သော စာရေးဆရာ၏ အရေးကို အလွန်လူပီသသော စေတနာစိတ်ဖြင့် မျှဝေပေးတာ ကျေးဇူးကမ္ဘာ။ ဒီလိုစိတ်ဓာတ်လေးတွေအတွက် ပိုပြီးလေးစားခင်မင်မိပါတယ်။ ကျေးဇူးလည်း တကယ်တင်ပါတယ်။ ပျော်ရွှင်ပါစေနော်။

လင်းကြယ်ဖြူ said...

ဝိဘစ္စ ၀ါဒီ...အစ္ဂဲမှီ..ဆိုသလိုပေါ့..
ကောင်းတယ်..ဗဟုသုတရပါတယ်..

မေဓာဝီ said...

ဆရာနန္ဒာသိန်းဇံရဲ့ စာတွေ အလွန်နှစ်သက်ပါတယ်။ တင်ပေးတာ ကျေးဇူးပါ ရေတမာ ... ။

ဒါနဲ့ သိင်္ဃသူ့သမီး ဆုတောင်းပါတဲ့ ကျောက်စာ နာမည်က အာမနာကျောင်း ကျောက်စာလား။ နည်းနည်း လွဲနေသလိုပဲ ရေတမာရေ .. ။ အမကြားဖူးတာက အဲဒါမဟုတ်သလိုပဲ။ ဘာလဲတော့ မမှတ်မိတော့ဘူး။

ဇော် said...

မှတ်သားစရာပါပဲဗျာ။
ပိုစ့်လေးကောင်းပါ၏။
စာရေးသူနှင့် ပြန်လည်ဝေငှသူကို ကျေးဇူးတင်ထိုက်သည်။
=)

ကိုရေတမာ said...

မကြီးမေဓါဝီရေ စာအုပ်ထဲမှာ ပါတဲ့အတိုင်း ရေးထားတာပါ။ ကျနော်တို့သင်တုန်းကတော့ သိင်္ဃသူ့သမီးကျောက်စာလို့ပဲ သင်ရတယ်။ ဘယ်ကျောင်းကလို့တော့မပါဘူး။ ကျနော့်ဖြည့်စွက်ချက် တစ်ခုမှ မပါပါ။ အပေါ်က ခွင့်တောင်းလေးပဲရေးထားတာပါ