Sunday, July 12, 2009

မြင်ယောင်မိသော အိမ်လေးများ (၂)

ပိုက်ဆံကလည်း ဘယ်နား ကျပျောက်သွားလည်း မသိဘူး။ အချိုမုန့်မပါရင်လည်း အမေလက်သံကို ကျနော်အသိဆုံး။ ကုန်စုံဆိုင်က အဒေါ်ကြီးနဲ့ အမေနဲ့သိတယ်။ အမေနာမည်ပြောပြီး အကြွေးယူခဲ့လိုက်မယ်။ အခုအချိန်ရှင်းတာထက် စာရင် သူတို့တွေ တွေ့ပြီးရှင်းတာပိုကောင်းမယ်။ ဒီလိုနဲ့ စိတ်လက်ပေါ့ပါးစွာ ကုန်စုံဆိုင်ကို ချီတက်နေတုန်း အိမ်ရှေ့မှာ ဆိုင်းဘုတ် လေးဆွဲထားတဲ့ အိမ်လေးတစ်အိမ်နားရောက်တယ်။ ဆိုင်းဘုတ်က နာမည်မဟုတ်ပါဘူး။ ပြုံးနေတဲ့ မျက်နှာလေးတစ်ခု ပုံစံလက်မှတ်လေး။ ကျနော်သိလိုက်ပြီ။ နှာခေါင်းလုံးလုံးလေးနဲ့ အမြဲပြုံးတဲ့ ကိုလူထွေး။ ကချင်ပုဆိုးနဲ့ ပင်နီတိုက်ပုံလေးနဲ့ လက်သီးလက်မောင်တန်း နေပေမယ့် သူရင်ထဲမှာ ကဗျာပျိုးခင်းလေးကို ကျနော်မြင်ရတယ်။ တသောသော သဘောကျနေတဲ့ ဧည့်သည်တွေနဲ့ပြည့်နေတဲ့ သူအိမ်လေးကလည်း စိတ်ချမ်းသာစရာကောင်းလှပါတယ်။

သင်စိတ်ဓါတ်ကျဆင်းနေပါသလား။ စိတ်ဓါတ်ခွန်အားတွေ ပေးစွမ်းပေးမယ့် ဓါတ်စာတွေ အပြည့်ရှိတဲ့ သမားတော်ကြီး အိမ်ကို ကြွခဲ့ပါ။ ဆုတံဆိပ်တွေရပေမယ့် သူမြတ်နိုးတဲ့ စာတွေကိုပိုတန်ဖိုးထားတဲ့ မနိုင်းနိုင်း။ အိမ်ဘေးက တရုတ်လေး ကျနော့အမကို ခေါ်သလိုခေါ်ခဲ့တယ် မီးမီကျဲကျဲ ဆိုပြီး။ ဒီနှစ်သင်္ကြန် သူအိမ်မှာပျော်ခဲ့ရတာလည်း ဘ၀မှာအမှတ်တရပါပဲ။

မောင်နှမတွေအများကြီးရှိတဲ့အိမ်။ တကယ်ကိုပေးဆပ်ချင်ကြသူများ နေတဲ့အိမ်။ သူအိမ်ကို ၀င်လိုက်တာနဲ့ ဘုရားစင်ကို အရင်တွေ့ရပါတယ်။ လေးစားရတဲ့ အကိုကြီးများနေတဲ့အိမ် ကိုရောက်တော့ ကိုနိုင်က ခရီးထွက်သွားပြီတဲ့။ သူမရှိပေမယ့် ကျန်တဲ့ ညီအကို မောင်နှမများနဲ့ စကားစမြည်ပြောပြီးပြန်လာခဲ့တယ်။

ဒီအိမ်လေးရဲ့ခြံစည်းရိုးက တမူထူးခြားတယ်။ သူရဲ့ဇာတိမြို့က မြိုးရိုးကြီးနဲ့ကာထားတာ။ မြိုးရိုးပေါ်မှာလည်း ဒေါင်းအလံတလူလူ လွင့်နေတာတွေ့ရတယ်။ အိမ်ထဲမှာတော့ သူငယ်ချင်းတွေကို အရမ်းခင်တတ်တဲ့ ကိုဖိုးချမ်း။ အိမ်နံရံမှာ လည်းမြို့နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကြည့်ခြင်းအားဖြင့် သူ့မြို့လေးကို ဘယ်လောက်ချစ်ကြောင်း မပြောဘဲသိနိုင်ပါတယ်။

ဘလော့ရွာလေးထဲက သတင်းနဲ့စာနယ်ဇင်းသမားအိမ် ဘယ်မှာလည်းလို့မေးလာရင် ကိုစိုးဇေယျအိမ်ကို ကျနော်လိုက်ပြမိ မှာပါပဲ။ သူအိမ်နံရံမှာ ကင်မရာတစ်လုံးရယ်၊ သူလက်ရာတွေကို တွေ့ရမှာပါ။ တကယ်ကို ပရဟိတစိတ်ဓါတ်ရှိပြီး စိတ်ထဲကနေ အင်မတန်ခင်မိတဲ့သူပါ။ သူရေးတဲ့စာတွေက သူဟာဘယ်လိုလူဆိုတာ အကဲခတ်ကြည့်လို့ရမှာပါ။

စာပေကိစ္စ တိုင်ပင်ဖို့ဆိုရင်တော့ မကြီးမေဓါဝီရဲ့အိမ် ရှိပါတယ်။ ကျနော်လိုက်ပြပေးမယ်။ ဂစ်တာတီးကောင်းသလို ကဗျာရေးလည်းကောင်းတယ်။ စာရေးလည်းကောင်းတယ်။ သူအိမ်နားကဖြတ်သွားရင် သီချင်းသံလေးတွေ ကြားရတတ်တယ်။ တခါတလေ သူအိမ်မှာ ဆုံးမစကားသွားနားထောင်တတ်ပါတယ်။ မြန်မာစာနဲ့ ပတ်သက်ပြီးလည်း သူအိမ်ရောက်မှ တော်တော်သတိထားဖြစ်ပါတယ်။

မြစ်ကျိုးအင်းလို့ ပြောလိုက်ရင် ရေတံခွန်ကြီးနားက အိမ်ကိုပြေးမြင်ယောင်မိပါတယ်။ သူအိမ်လေးကို တွေ့လိုက်တာနဲ့ သူ့အလုပ်ပေါ်မှာ ဘယ်လောက်ဂရုစိုက်တယ်။ Quantity ထက် Quality ကိုဦးစားပေးတယ်ဆိုတာ ခံစားလို့ရပါတယ်။
သေသေသပ်သပ် သူ့အိမ်လေးကလည်း မလည်ရမနေနိုင်တဲ့အိမ်လေးပါ။

ဒီအိမ်လေးကို လာရင်ပန်းတွေယူမလာကြပါနဲ့နော်။ ၀တ်မှုန်လေးတွေ allergy ရှိလို့ပါ။ ဒီအိမ်လေးကို တွေ့တာမကြာပေမယ့် ခင်မင်မိနေပါတယ်။ နှာခေါင်းပိတ်နေလို့ မကြီးမဟာဆန် စိတ်တိုနေမှာပဲထင်လို့ အိမ်ထဲကို မ၀င်ခဲ့တော့ပါဘူး။ ဝေဒနာတွေ အမြန်ဆုံးသက်သာစေကြောင်း ဆုတောင်းပေးပါတယ်။

ဘူသီးအကြီးကြီးသီးတဲ့အိမ်၊ ဆုတံဆိပ်တွေလည်းရှိတဲ့အိမ်။ ရောက်ပြီးရင် မပြန်ချင်တဲ့အိမ်။ သူအိမ်ရောက်ရင် သင်ရှာပုံတော် ခရီးစရလိမ့်မယ်။ သူကိုတော့ လေးလည်းလေးစားတယ်။ ဦးလေးတစ်ယောက်လိုလည်း ကြောက်တယ်။
သူအိမ်သွားရင် သူကျွေးတာစား၊ငြိမ်ငြိမ်လေးနေပြီး ပြန်ပြန်လာခဲ့တယ်။ ဘယ်သူအိမ်လဲသိလား။ ဦးမင်းဒင်ရဲ့အိမ်။

ဓါတ်ပုံရိုက်ချင်လို့လား။ အလှပုံတော့ မသိဘူး သဘာဝပုံတွေ အရိုက်ကောင်းတဲ့သူရှိတယ်။ ဟိုးရှေ့တပြဆို ရောက်ပြီ သူအိမ်က။ မရှိဘူးတဲ့။ ဓါတ်ပုံရိုက်ဖို့ ခရီးသွားတယ်တဲ့။ "အမ ဦးမောင်လှ ပြန်လာရင် ကျနော်လာသွားတယ်လို့ ပြောပေးပါနော်"။

ဦးမောင်လှဆီမှာ ရိုက်ထားတဲ့ ပုံလေးတွေ ပြင်ဖို့ ဆရာတစ်ယောက်ဆီ ချီတက်ခဲ့ပါတယ်။ အိမ်အပြင်အဆင်ကြည့်တာနဲ့တင် အနုပညာသမားမှန်းတန်းသိနိုင်တယ်။ အသစ်အဆန်းလေးတွေ ကြည့်ချင်ရင် လာလည်နေကြ ကိုနွယ်ရိုးအိမ်ပေါ့။

တခြားအိမ်လေးတွေက အမျိုးသမီးတွေရဲ့အိမ်ဗျ။ ၀င်လို့ကောင်းပါ့မလားမသိဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ချစ်သူတွေ အပေါ်မှာ ထားတဲ့ အချစ်စိတ်ကိုတော့ ကျနော်လေးစားပါတယ်။ မထနောင်း၊ ကောင်းကင်ပြာ၊ မေလေး၊ ဇော် တို့ရဲ့အိမ်ကလည်း သစ္စာတွေ ထုံမွမ်းနေတဲ့အိမ်လေးတွေပါပဲ။

အိမ်တွေလျောက်လည်နေတာ အချိန်တောင်တော်တော်လင့်နေပြီ။ အိမ်အမြန်ပြေးမှ။ အခုအချိန်ဆို အိမ်မှာ အမေရယ်၊ အဖေရယ် အကိုတွေ အမတွေ ထမင်းလက်ဆုံစားဖို့ စောင့်နေရော့မယ်။

အားလုံးပျော်ရွင်ပါစေ
ရေတမာ

9 comments:

ကိုလူထွေး said...

ထိပ်ဆုံးမှာရေးပေးလို့ ထိပ်ဆုံးကလာမန့်တယ်...

နာခေါင်းလုံးလုံးလေးနဲ့ဆိုတာ တော်တော်လေး နူးနူးညံ့ညံ့သုံးပေးထားတာပဲ...

တချို့ကဆို ကိုလူထွေး နာခေါင်းကြီးနေတယ် ပြောကြသေးတယ်...းP

ကုန်စုံဆိုင်မှာ အကြွေးယူလို့ ရသွားလား...

းဝ)

နဒီမိုးညို said...

နဒီ..လဲ..အိမ်လည်တတ်နေပြီ..ဟီးးးး
နားနားပြီး လည်နေရတယ်...

kiki said...

အယ် .. ..
ဒီကောင်လေး ရေတမာ .. ခုထိ အိမ်ပြန်မရောက်သေးဘူးလား ဟေ့ ..ထမင်းမေ့  ဟင်းမေ့ အိမ်လည်ထွက်နေလိုက်တာ ..
ကြွေးယူလာတဲ့  အချိုမှုန့် လည်း သေချာ ကိုင်သွားအုံး
လည်တာတော့ လည်ပေါ့နော် ..
မိတ်ဆွေ သူငယ်ချင်းကောင်း ဆိုတာ များလေ ကောင်းလေ ပေါ့ ...

ခင်တဲ့ 
မကြီး ကိ

မိုးစက်အိမ် said...

မြန်မြန်လေး ပြန်နော် ကိုရေတမာရေ ... နောက်ကျ
လို.ကတော. ပန်းကန်ဆေးရမယ် ... ဟီးးးးးးးးးးးးး
ဘလော. အိမ်တွေ အကြောင်း ကိုရေတမာဘဲ
ရေးတတ်ပါပေတယ်ဗျာ...

သားကြီး said...

မြန်မြန်ပြန်ပြေးကိုယ့်ညီ
အမေကပြောတယ်
ဟင်းထဲအချိုမှုန့်မထည့်ရသေးဘူးတဲ့ :P

မငုံ said...

ရေတမာ..အမေက တုတ်ကောက်ပြီး ပြန်လာခဲ့ပါတဲ့။ အိမ်အလည်လွန်နေလို့တဲ့။ :)

ရေတမာ said...

အကိုလူထွေး.. လျပ်တပြတ်မြင်လိုက်တာတော့ လုံးလုံးလေးပဲ..သူပြောမှပြန်ကြည့်မိတယ်.. ဟဲဟဲ..
ကာရံမိအောင်ပါ.. ကြီး ဆိုရင် ဖြီး လို့သုံးနေရမှာပေါ့

နဒီရေ.. goodး)

မကြီးကိ ဒီတခါမပျောက်စေရဘူး :P

မိုးစက်ရေ.. အိမ်မှာ ယောက်ျားလေးတွေ ပန်းကန်မဆေးရဘူးကွ... မြင်ယောင်မိတဲ့အိမ်လေး တွေ ချရေးကြည့်မိတာပါ။

ကိုသားကြီး အမေက မကုန်ခင် ၀ယ်ခိုင်းလိုက်တာဗျ.. သူသုံးဖို့တော့ အမြဲတမ်းရှိတယ်.

မငုံ.. အမေရိုက်တာ မကြောက်ပါဘူး.. အမေစိတ်ဆိုးမှာပဲ ကြောက်တယ်...
ူဒုတ်ကောက်ခဲ့ဆိုလည်း တံမြက်စည်းတံလေး ကောက်သွားမှာပေါ့။

မဟာဆန် said...

အဲလို သူငယ်ချင်းအိမ်တွေ အများကြီး သိုက်သိုက်ဝန်းဝန်းနဲ့ နေချင်လိုက်တာ။ စိတ်ကူးယဉ် ကမ္ဘာလေးမှာတောင် အတွေးနဲ့ ပျော်နေပြီ။ အစ်မကို ဂရုတစိုက်နဲ့ ”သူငယ်ချင်းတွေ ပန်းပွင့်လေးတွေ ယူမလာကြဖို့” ပြောပြပေးတာလည်း ကျေးဇူးတင်တယ်

မေဓာဝီ said...

အိမ်ကလေးတွေကို ရေးထားတာ ချစ်စရာ ...
အမလဲ အခု အချိန်ပေးပြီး အိမ်လည်ထွက်နေပါတယ်။
ရေတမာရဲ့ ဒီအိမ်ကလေးက နွေးထွေးမှုလေးတွေ အပြည့်နဲ့ ... ။
အမရဲ့ အိမ်မဲမဲကလေးကို လာလည်တဲ့အတွက် ကျေးဇူးပါပဲ ရေတမာ .. ။