Tuesday, July 28, 2009

အလင်းရှိတဲ့ မီးအိမ်

ဆရာနန္ဒာသိန်းဇံ၏ “မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ” စာအုပ်မှ ကူးယူဖော်ပြပါသည်။

အခုဆိုက်တဲ့ ဘူတာက မုပ္ပလင်ဘူတာ... ဟု ခရီးသည် တစ်ဦးပြောသံကို ကြားလိုက်သောကြောင့် ပြတင်းတံခါးကို တွန်းတင်ပြီး အပြင်ကိုကြည့်သည်။ မိုးကလည်း မစဲသေး။ မိုးကလည်း မလင်းသေး။ မုပ္ပလင်ဘူတာက မိုးရေတွေထဲမှာ ရွှဲရွှဲစိုရင်း ချမ်းစိမ့်နေပုံပေါ်နေသည်။ ဟိုတုန်းကတော့ ဤဘူတာရုံသို့ ခဏခဏ ရောက်သည်။ ဤဘူတာရုံမှ ရန်ကုန်က အလာရထားကို စောင့်ပြီး မုတ္တမသို့ လိုက်နေကျဖြစ်သည်။

ဤဘူတာရုံ ၌အငြိမ်းစား ရထားဝန်ထမ်းကြီးတစ်ဦးနှင့် စကားလက်ဆုံကျတတ်သောကြောင့် မုပ္ပလင်ဘူတာကကျွန်တော့်အတွက် မှတ်မှတ်ရရ၊ တမ်းတမ်းတတဖြစ်တတ်သော ဘူတာရုံပင်ဖြစ်ပါသည်။ ဘူတာသို့ ရထားဆိုက်တိုင်း အောက်ကိုမဆင်းဖြစ်သော်လည်း ဘူတာရုံဆီကို အနည်းဆုံးလှမ်း၍တော့ ကြည့်ဖြစ်သည်။ ဤဘူတာသို့ ယခုတစ်ခေါက် ရောက်ခြင်းမှာ နှစ်တွေအများကြီးကြာပြီးမှ ရောက်ခြင်းဖြစ်သည်။ စကားလက်ဆုံကျနေကျ ရထားဝန်ထမ်းကြီး ကျမ်းမာစွာ ရှိနေလိမ့်ဦးမည်ဟု မျှော်လင့်ပါသည်။

အောက်ပါ အဖြစ်အပျက်က ထိုဝန်ထမ်းကြီးပြောပြခဲ့သော အဖြစ်အပျက်ဖြစ်ပါသည်။ မှတ်မိသမျှ အောက်ပါအတိုင်း ဖြစ်ပါသည်။

“ကျောက်မီးသွေးလောင်စာနဲ့ မီးရထားတွေ ခုတ်မောင်းတဲ့ခေတ်က မိုးလေထန်နေတဲ့ ညတစ်ညမှာ စိတ်မချရတော့တဲ့ ချောင်းဖြတ်တံတားပေါ်က မီးရထားသံလမ်းကို မီးရထားလုပ်သားတွေ အလျင်အမြန် ပြင်ဆင်နေကြတယ်။မကြာခင်မှာ ဒီချောင်းဖြတ်တံတားကို ကုန်တင်ရထားတစ်စီး ဖြတ်မှာဖြစ်တယ်။ ဒီကုန်တင်တွဲတွေ ဆွဲလာတဲ့ရထား အချိန်မီ ဖြတ်ကျော်နိုင်အောင် ပြင်ဆင်နေပေမယ့် ရာသီဥတု ဆိုးရွားနေတာကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေတယ်။ ဒါနဲ့ရထားက သံလမ်းကို ကြီးကြပ်ပြင်ဆင်နေတဲ့ အကြီးအကဲက မီးရထားဝန်ထမ်းတစ်ဦးကို ကုန်တင်ရထားလာရင် ဒီတံတားကို မဖြတ်ကျော်သေးဘဲ လွတ်ရာမှာ ရပ်နားနေအောင် အချက်ပြဖို့ စေလွတ်လိုက်တယ်။

မီးရထားဝန်ထမ်းဟာ အချက်ပြမီးအိမ်ကို ဆွဲပြီး အကြီးအကဲစေခိုင်းတဲ့ အဝေးအကွာရှိရာကိုသွားပြီး အချက်ပြဖို့ထွက်သွားတယ်။ ဖြစ်ပုံက အဲဒီအချက်ပြမယ့် ၀န်ထမ်းဟာ အဲဒီညမှာ အရက်သောက်လွန်ပြီး မူးနေတယ်။ ဒါကိုအကြီးအကဲက ရုတ်တရက်ဆိုတော့ သတိမထားမိလိုက်ဘူး။ အဲဒီအချက်ပြမယ့် ၀န်ထမ်းဟာ သတ်မှတ်ပေးလိုက်တဲ့ နေရာလောက်ကိုရောက်တော့ မီးအိမ်နဲ့ အချက်ပြနေတယ်။ အဲဒီ မီးအိမ်မှာ အစိမ်း၊ အနီပြောင်းလို့ရတယ်။ အစိမ်းဆိုရင်လာ၊ အနီဆိုရင် မလာနဲ့၊ ရပ်ပေါ့။ ၀န်းထမ်းဟာ အနီမှန်ကို ပြောင်းပြီး ရထားရပ်ဖို့ အချက်ပြနေတယ်။ သူက အနီရောင်နဲ့ ရပ်ဖို့ အချက်ပြနေပေမယ့် တကယ်က သူပြနေချိန်မှာ မီးအိမ်ထဲက မီးက ငြိမ်းနေတယ်။ အဲဒါကို မူးနေတော့ သတိမထားမိဘူး ဖြစ်နေတယ်။

ကုန်ရထားက ၀င်လာပြီ။

မီးရထားဝန်ထမ်းက မိုးထဲလေထဲမှာ အချက်ပြတော့ ပြနေပါရဲ့။ ကြိုးကြိုးစားစား တာဝန်ထမ်းဆောင်နေရှာတာပါပဲ။ ဒါပေမယ့် မီးအိမ်ထဲကမီးက သေနေတာမသိတော့ သူကြိုးစား ဆောင်ရွက်နေတာဟာ အချည်းနှီးဖြစ်နေတယ်။ မီးအိမ်ထဲ မီးမရှိတော့ ကုန်ရထား မောင်းသမားက ဘာမှမမြင်ဘူးပေါ့။ အဲဒီလို မမြင်တဲ့အတွက် ဆက်လက်ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေ အနိဋ္ဌာရုံချည်းပါပဲ။ ကုန်တွဲတွေ တိမ်းမှောက်ပြီး ဆုံးရှုံးမှုတွေလည်း အများကြီး၊ ထိခိုက်ဒဏ်ရာ ရသွားသူတွေလည်း အများကြီး။

အချက်ပြ၀န်ထမ်းကိုခေါ်ပြီး အကြီးအကဲဖြစ်သူက စစ်ဆေးမှုလုပ်တယ်။ ၀န်ထမ်းက သူအချက်ပြခဲ့ပါတယ်။ ပြနေခဲ့ပါတယ်လို့ အခိုင်အမာ ပြောနေတယ်။ အကြီးအကဲဖြစ်သူက “အချက်ပြနေတာတော့ဟုတ်ပါပြီ၊ ဒါပေမယ့် အချက်ပြနေတဲ့ မီးအိမ်ထဲမှာ မီးရှိသလား”လို့မေးတော့ အချက်ပြ၀န်ထမ်းဟာ ဇဝေဇ၀ါဖြစ်နေတယ်။ အချက်ပြနေတုန်းက မီးရှိတယ်။ အခုမေးတဲ့ အချိန်ကျမှ မီးငြိမ်းနေသလိုလိုပြောနေတယ်။ တကယ်က မီးမရှိလို့၊ အလင်းရောင်မရှိလို့ အနိဋ္ဌာရုံ တွေအားလုံး ဖြစ်ပျက်သွားတာပဲ။

အရေးကြီးတဲ့ လူမှုကိစ္စတွေ ဆောင်ရွက်တဲ့အခါ၊ အရေးကြီးတဲ့ လူမှုပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ အလင်းရောင်လိုတယ်။ အလင်းရောင်ရှိဖို့ သိပ်အရေးကြီးတယ်။ ကျုပ်ပြောချင်တဲ့ အလင်းရောင်ဆိုတာက “သတိသမ္ပဇဉ်” လို့ခေါ်တဲ့ “သတိပညာအလင်းရောင်”ကို ဆိုလိုတာပါ။ သတိရှိမှ အသိဖြစ်တာ၊ အသိဖြစ်မှ အဖြူအမည်း၊ အစိမ်း၊ အနီ၊ အကောင်းအဆိုး၊ အကျိုးအပြစ်ဖြစ်တာတွေကိုသိတာ။ သတိပညာအလင်းရောင်မရှိဘဲနဲ့ဆိုရင်တော့ နေ့မနား၊ ညမနား ဘယ်လောက်ပဲ ကြိုးစားလုပ်ဆောင်နေပေမယ့် အကျိုးများချင်မှများမယ်။ ကျုပ်ပြောခဲ့တဲ့ အချက်ပြ၀န်ထမ်းလိုပေါ့ဗျာ။ မိုးထဲလေထဲမှာ တပင်တပန်းနဲ့ အချက်ပြနေပေမယ့် သူ့မီးအိမ်မှာ မီးမှမရှိဘဲ၊ အလင်းရောင်မှမရှိဘဲ၊ အချည်းနှီး လုပ်ဆောင်မှုမျိုး၊ အကျိုးမဲ့တဲ့ လုပ်ဆောင်မှုမျိုး ဖြစ်သွားသလို သတိပညာအလင်းရောင် မရှိဘဲလုပ်ရင် အကျိုးမများရုံမက အကျိုးမဲ့တွေပါ ဖြစ်ကုန်နိုင်တယ်။

အထက်က သူ့စကားတွေကို မှတ်တမ်းကလေး ရေးထားလျှင်ကောင်းမှာပဲဟု ကျွန်တော်က တွေးလာသည်။ မုပ္ပလင်ဘူတာမှ ဆက်လက်ထွက်ခွာလာခဲ့သည့် ရထားခရီးတစ်လျှောက်၌ သူပြောပြသည့် အဖြစ်အပျက်ထဲက မီးရထား ၀န်ထမ်းပြနေသည့် အချက်ပြမီးအိမ်ကလေးကို မြင်ယောင်လာသည်။ ငိုက်ချင်မူးတူးဖြစ်နေသောကြောင့်လားမသိ။ တစ်ခါတစ်ရံ မီးအိမ်က လင်းလာလိုက်၊ တစ်ခါတစ်ရံ မီးငြိမ်းသွားလိုက်ဖြစ်နေသည်ကို အမှတ်ရနေပါသည်။

အတွဲ ၁၊ အမှတ် ၆၊ ဘာသာသွေး

15 comments:

kiki said...

အရေးကြီးတဲ့ လူမှုပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ အလင်းရောင်လိုတယ်။ အလင်းရောင်ရှိဖို့ သိပ်အရေးကြီးတယ်။
“သတိသမ္ပဇဉ်” လို့ခေါ်တဲ့ “သတိပညာအလင်းရောင်”ကို ဆိုလိုတာပါ။

ဟုတ်တယ်နော် ..မှန်လိုက်တာ ..
လောဘ၊ဒေါသ၊ မောဟ အမှောင်တွေဖုံး နေကြရင် လုပ်သမျှ အလုပ်ဟာ ဘယ်မှာ မှန်ကန်နိုင်ကြမလဲ ....

ဒို့ ပြေ ၊ ဒို့  ရွာ မှာ မီးမရ ၊ အလင်းမရှိကြတော့ ။။ဒီသကောင့်သား တွေ ဘယ်မှာ အမှန် တွေ လုပ်နိုင်ကြ မှာလည်း လေ ။

နဒီမိုးညို said...

အချင်းချင်းအမျက်တစ်စေ့မရှိ..ချစ်သောမျက်စိဖြင့်ရူကြစေ...
ဒီဆုတောင်းလေး..ကြားဖူးတယ်.

သားကြီး said...

ဒီစာကိုဖတ်မှတ်ပဲကိုယ့်မီးအိမ်ငြိမ်းနေတာကြာပြီမှန်း
သိလိုက်တယ်
သတိသမ္ပဇဉ်ကပ်ပြီး ကြိုးစားထွန်းငြိရဦးမှာပါပဲ
ရထားတွဲအဖြစ်အပျက်တစ်ခုကို လူ့ဘဝခရီးနဲ့
ပုံခိုင်းပြီး ပမာပေးတတ်တဲ့ဆရာနန္ဒာသိန်းဇံကို
လေးစားပြီးရင်း လေးစားမိပါတယ်
အဲ...ပိုစ်အနေနဲ့တင်တဲ့ညီလေးရာတမေကိုတော့
သိုင်းကျူးပေါ့ခင်ဗျာ :)

rose of sharon said...

သတိပညာအလင်းရောင်...တကယ်ကိုလိုအပ်ပါတယ်...ကိုယ့်မီးအိမ်လေးအမြဲလင်းနေဘို့ကြိုးစားရအုန်းမယ်...

မငုံ said...

သိပ်ကောင်းတဲ့ ဝေမျှမှု့ပါ။ ဥာဏ်အလင်းရောင်နဲ့ အရာအားလုံးကို ဖြေရှင်းနိုင်ပါစေ။

Beauty Studio USA Branded Store said...

“သတိပညာအလင်းရောင်”တွေ ဝေဖြာပါစေ။အတော်လေး ဗဟုသုတရပါ၏။

ကိုလူထွေး said...

ဆရာ နန္ဒာသိန်းဇံက ပြောချင်တဲ့စကားကို ဥပမာလေးတွေ ပေးပြီးတော့ စာဖတ်သူမျက်စိထဲ ကွင်းကနဲဝင်လာအောင် ပြောတတ်တယ်...

အတုယူဖို့ကောင်းတယ်...

ရေတမာရေ ကျေးဇူးပါ...

းဝ)

မေဓာဝီ said...

အပ္ပမာဒေန သမ္ပာဒေထ

ဂျပန်ကောင်လေး said...

အင်း ဆရာ့ရဲ့စာကို ဝေမျှပေးတာ တကယ်ပဲ ဗဟုသုတရတယ်... တခါမှ မဖတ်ခဲ့ဖူးဘူး..း)

မိုးစက်အိမ် said...

ဒီပို.စ်လေးဖတ်ရတော. လူကြီးတွေ ပြောတာ
ကြားဘူးတဲ. မယောင်ရာဆေးလူး ဆိုတဲ.စကား
လေးကြားမိတယ်ဗျာ ... အားကြိုးမန်တက်လုပ်
နေရပေမဲ. အကျိုးများဖို.တော.လိုတာပေါ.
အကျိုးမများဘဲ အပြစ်တွေ ဖြစ်နေမယ်ဆိုရင်တော.
အချည်းအနှီးဘဲပေါ.ဗျာ...

သီဟသစ် said...

တန်ဖိုးရှိတဲ့စာလေး ဖတ်ရတာကောင်းလိုက်တာ
မျှဝေပေးတာ ကျေးဇူးပါ ရေတမာရေ

ခင်မင်စွာဖြင့်
သီဟသစ်

လင်းကြယ်ဖြူ said...

ဗဟုသုတရတာပေါ့ဗျာ..
ကျေးဇူးနော်...တေးစရာတွေအများကြီးပဲ...

ဇော် said...

အင်း
ဒါလဲ မှတ်သားစရာပဲ။
အတော်ကို ဗဟုသုတရတယ်ဗျာ။ =)

Angel Shaper said...

ကိုယ့်မီးအိမ်လေး အမြဲလင်းနေဖို့  ဆီဖြည့်ကူညီပေးတဲ့ တမာလေးကို ကျေးဇူးတင်ပါတယ်နော်။ ဆရာနန္ဒသိန်းဇံကိုလည်း လေးစားစွာ ကျေးဇူးတင်ပါတယ်။ တကယ်မှတ်သားဖို့ ကောင်းတဲ့ အရာလေးပါပဲ။ ပျော်ရွှင်ပါစေနော်။

နှင်းနဲ့မာယာ said...

ဒီပို့စ်လေးကို ကြိုက်တယ်...
မျှဝေပေးတာ ကျေးဇူးနော်...
မီးအိမ်လေးရယ်...
မီးပြတဲ့သူရယ်...
ဆရာနန္ဒသိန်းဇံရယ်..
ရေတမာရယ်...
မှတ်သားစရာ အသိလေးတွေပေးတဲ့အတွက်
အားလုံးကို ကျေးဇူးနော်....