Monday, July 27, 2009

သင့်ရာဒေသ

တယ်လီဗေးရှင်းကနေ မနက်စောစော ထုတ်လွင့်တဲ့ အစီအစဉ်ထဲက သုံးဆယ့်ရှစ်ဖြာမင်္ဂလာ အစီအစဉ်ကို ကြားဖူးကြမှာပါ။ အသံစာစာလေးတွေနဲ့ မြိုင်မြိုင်လေးသီဆိုကြတာ ကြည့်နှုးရပါတယ်။ ကလေးဘ၀ထဲက သိပ်ကြိုက်တဲ့ အစီအစဉ်လေးပါ။ ပုံလေးတွေ သရုပ်ဖော်ထားတာလည်း အင်မတန်ကြည့်လို့ ကောင်းပါတယ်။ အဲဒီထဲက ဆုံးမလင်္ကာလေး ကြားရင် ကိုယ့်နေစဉ် အဖြစ်အပျက်လေးကို သုံးသပ်မိတဲ့ လင်္ကာလေးရှိပါတယ်။

“ကုသိုလ်၊ပညာ၊ဥစ္စာရဖို့ သင့်ရာဒေသ အမြဲနေတဲ့”။

ကိုယ့်တစ်နေ့တာ ဘ၀မှာ အထက်ပါသုံးခုမှ တစ်မျိုးမျိုးရတဲ့ နေရာဟာ ကိုယ့်အတွက်အသင့်တော်ဆုံး ဆိုတာ မိကျောင်းမင်း ရေခင်းမပြတော့ပါဘူး။ ကျနော်တို့ စဉ်းစားကြည့်ရအောင်။ ဘယ်နှစ်ခုရလဲလို့။ ကုသိုလ်ဆိုတာ အလှူကြီးပေး နေမှမဟုတ်ပါဘူး။ ကိုယ့်စိတ်ကိုသိပြီး သတိတရားလေးနဲ့နေမယ်။ မေတ္တာပွားနေမယ်။ ဂုဏ်တော်ပွားနေမယ်။ ၀င်သက် ထွက်သက်မှတ်နေမယ်ဆိုလည်း ကုသိုလ်ရပါတယ်။ အိပ်ရာထကတည်းက နိုးစက်ကြောင့် ဒေါကထွက်လုလု။ စေတနာပိုပြီး လာနိုးရင်ဒေါက ကန်ပြီ။ ရေချိုးခန်းက မအား။ ထွက်လုလုဒေါသလေး တော်တော်တက်လာပြီ။ ပြန်ကြည့်ရင် ကြည်ကြည်လင်လင် အိပ်ရာထတဲ့ရက်က နည်းနည်း။ မောင်းတင်ထားတဲ့ သတိလေး အိမ်ပြန်ချိန်ထိပါမလာတော့ဘူး။ စိတ်လေးကောင်းတုန်း သဒ္ဒါလေးပေါက်လို့ ငှက်ကလေးတွေ အစာကျွေးမယ်ချင်တာတောင် ကျွေးလို့မရပါ။

ပညာတဲ့ ဈေးရောင်းတဲ့သူကမှ လူမှုဆက်ဆံရေးပညာ ရဦးမယ်။ paper work တွေနဲ့ ရှုပ်ယှက်ခတ်ရင်း လူမအား စိတ်မအားနဲ့ မယ်မယ်ရရ ပညာလည်း မရပါဘူး။ အသက်မွေးဝမ်းကျောင်းမှုပညာလည်း ပြင်းပြတဲ့ ဆန္ဒနဲ့ သင်ယူချင်စိတ် မရှိတာတွေ၊ အလုပ်နဲ့စပ်ဆက်ပြီး လေ့လာသင်ယူရမှာတွေ မသင်ယူချင်တာ ပညာမရကြောင်း အကြောင်းတရားတွေပါ။

ကမ္ဘာ့စီးပွားရေးပျက်ကပ်ထဲမှာ အရင်ကလောက် ဥစ္စာရနိုင်ဖို့ အတော်ကိုကြိုးစားရပါတယ်။ ကြီးမြင့်တဲ့ ကုန်ဈေးနှုန်း နှင့်အတူ လူနေမှုစရိတ်တွေ ဖာထေးရင်း မလောက်မငှနဲ့ လုပ်ကိုင်နေကြရသူတွေ ဒုနဲ့ဒေးပါ။ ဒီထဲကမှ မကုန်သင့်တာ မကုန်ရလေအောင် ခြိုးခြံချွေတာကြဖို့လိုပါတယ်။

ဒါတွေမရတော့ မနေသင့်ဘူးပေါ့။ အဲစွန့်လည်းမစွန့်နိုင်သေးဘူးဗျာ။ လူဆိုတာလည်း ခက်သားလား။ သူများတင်မကဘူး ကိုယ့်ဘာသာလည်း ယောင်ဝါးလုပ်ရင်း အကျင့်ကောင်းတွေ လစ်လျူရှု၊ မေ့လျော့နေကြတယ်။ ဒါတွေပြုပြင်ရမယ်လို့ အားတင်းထားရင်း “တောင်”ဆိုပြီး ဂျီတော့ မတ်ဆေ့ခ်ျလေးတက်လာတယ်။

ရေတမာ

13 comments:

rose of sharon said...

"တောင်" ဆိုပြီးတက်လာတဲ့ဂျီတော့မက်ဆေ့ဂ်ျကဘာတဲ့တုန်း... ချွေတာတော့သုံးနေတာဘဲ... ဝင်ငွေထက်ထွက်ငွေကများနေတုန်းဘဲ...သင့်ရာဒေသဟုတ်မဟုတ်တော့မသိဘူး... နေရတာ၁၀နှစ်ကျော်ပြီ...

သားကြီး said...

အိပ်ကောင်းတုန်းကျယ်ကျယ်လောင်လောင်ထွက်လာတဲ့
နိုးစက်ကိုစိတ်ရှိလက်ရှိကိုင်ပေါက်ပလိုက်တာ
ပြီးလည်းပြီးရော ဖုန်းဖြစ်နေတယ်
သွားရော့လဟယ်တစ်လုံးးးးး
ရေချိုးပါမယ်ဆိုမှအဒေါ်ကြီးက ရေချိုးခန်းထဲမှာတစ်လစ် တစ်လစ်
ကျိန်ဆဲပလိုက်တာမိုးတောင်မွှန်
သွားပြန်ပြီ အကုသိုလ်တစ်တုံး
လူကသာဘာမှမဟုတ် နေလေးညိုရင်လေလေးကပြိုချင် အေ့ အေ့ နဲ့
လာထား heineken carlsberg tiger ဘာမှမရှောင်ဘူး guinnessပါအဆစ်ရောလို့
ဆက်ရက်မင်းကြီးစစ်ဖြစ်လို့
ဆန်မရှိဘဲအစားကြီးတဲ့အထဲ ဝင်သွားပြန်ပြီိးုင်းကနဲပဲ
ခုတော့ဆုံးဖြတ်လိုက်ပြီ ချမ်းသာဖို့မသေချာရင် ကျနော့်ကိုလူ့ဘဝတောင်မပို့ပါနဲ့လို့ သေမင်းကြီးကိုကြုံရင်ပြောပြလိုက်တော့မယ်
သြော်....ဘဝ ဘဝ :P

မေဓာဝီ said...

ဟုတ်တယ် ရေတမာရေ ... မင်္ဂလာတရားတော်ထဲမှာ ပတိရူပ (သင့်ရာဒေသ) က အလွန်အရေးကြီးတယ်။

သူတော်ကောင်းနဲ့ပေါင်း (ပဏ္ဍိတာနဉ္စသေ၀နာ)
အရပ်ကောင်းမှာနေ (ပတိရူပဒေသ၀ါသောစ) ... ဆိုပြီး ဆရာသမားတွေ ဟောကြားတာ နာယူခဲ့ဖူးတယ်။

အရပ်ကောင်းမှာနေမှ သူတော်ကောင်းနဲ့ ပေါင်းနိုင်မယ်။ သူတော်ကောင်းနဲ့ ပေါင်းနိုင်ရင် လူမိုက်ကို ရှောင်ကြဉ်နိုင်မယ်။ ၃၈ ဖြာ မင်္ဂလာရဲ့ အဓိက အချက်က အဲဒါပါပဲ။ အဲဒီမင်္ဂလာနဲ့ ပြည့်စုံရင် နောက်က ကျန်တဲ့ မင်္ဂလာတွေကို ပြည့်စုံအောင် ဖြည့်ကျင့်ဖို့က သိပ်မခဲယဉ်းတော့ဘူးပေါ့။

ကိုယ့်ဒေါသကို ကိုယ်သိတယ်ဆိုတာလဲ မဆိုးပါဘူး။ ဒေါသဖြစ်ရင် ဖြစ်မှန်းသိနေတော့ မသိတာနဲ့စာရင် တော်ပါသေးတယ်။

ပညာဆိုတာကလည်း အသိပညာ၊ အတတ်ပညာ နှစ်မျိုးရှိတယ် မဟုတ်လား။ အတတ်ပညာ မရလည်း အသိပညာလောက်ရရင် မဆိုးပါဘူး။

ဥစ္စာကတော့ ... အင်း ... ကြိုးစားရမှာပေါ့။

တနေ့ကုန်သွားတိုင်း ဒီ ၃ ခုထဲက တခုလောက်ရရင် မဆိုးဘူးလို့ ထင်တာပါပဲ။ အလွယ်ဆုံးနဲ့ ကိုယ့်အတွက် အကျိုးအရှိဆုံးကတော့ ကုသိုလ်ရဖို့ပဲ မဟုတ်လား။

လင်းကြယ်ဖြူ said...

ပျော်ရာမနေ
တော်ရာနေ...
အင်းး
ပျော်ပါစေ

kyalkalay said...

တော်ရာလဲမဟုတ်ဘူး ပျော်ရာလဲမဟုတ်ဘူး
ပြန်စရာကိုမရှိလို့ အခြေချနေတာ
သေခြာတာကတော့မရေမရာဘဝတွေပါ
သေရင်တောင်ကျောချစရာမြေမရှိလို့
အရိုးပြာချကာရေထဲမြှောရမည့်ကိန်:

kiki said...

ဟယ် .. ဘလောဂါတွေလည်း စိတ်တက်လိုက် ။စိတ်ကျလိုက် နဲ့  ပင်လယ်ထဲ လှိုင်းစီးနေရ သလို ပါပဲလား

ငှက်ကလေးကို အစာကျွေးချင်ရတာနဲ့
ဈေးရောင်းချင်ရတာ နဲ့ ။
paper work တွေ စိတ်ပျက်ရတာနဲ့  ။

ခုလောလောဆယ် နေရတဲ့ ဘဝ ကို
ကိုယ့်အတွက် သင့်ရာဒေသ လို့ သဘောထားပြီးနေ ။
လောက ကြီးဟာ နေပျော်ပါတယ် ။
စိတ်ချမ်းမြေ့ မှ ကုသိုလ်စိတ်က ဆက်ဖြစ်မှာလေ။။။

ဘုရား ဘုရား ...
တောထွက်ချင်စိတ်ပေါက်ရင်တော့ အားပေးပါတယ်။
ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်သေးတာ ..

ကောင်းကင်ပြာ said...

စိတ်လျှော့ပါ၊ စိတ်လျှော့ပါ ရေတမာ

ဝသန်မိုး said...

ဒီလိုပါပဲ ကိုရေတမာ ရေ
ဘ၀ဆိုတာ ကတော့
ဘ နဲ့ ဝ နှစ်လုံးပဲ၇ှိပေလို့ 
ဒီထက်များရင်တော့မလွယ်ကြောပဲ
ဟဲဟဲ
ဘ၀တွေ က တူတူတွေပါပဲ
စိတ်မပျက်နဲ့
ဆက်လက်အားပေးနေမယ်

ခင်တဲ့
ဝသန်မိုး

ခြေလှမ်းသစ် said...

သင်္ခန်းစာလေး ရသွားပါတယ်ဗျာ...

Angel Shaper said...

ဟရို့... ကိုရေတမာရေ...
အရာရာကို ပြန်ပြုပြင်ဖို့အားတင်းရင်း " တောင် " ဆိုပြီး တက်လာတဲ့ ဂျီတော့ မက်ဆေ့ခ်ျလေးက " ရှင်၊ အကြွေးမဆပ်ပဲ ပြန်မလာခဲ့နဲ့ " တဲ့လား....ဟိဟိ။
ပျော်ရွှင်ပါစေနော်။

ဇော် said...

ကျနော်လဲ တောင်ဆိုပြီး
ကွန်းမန့်တစ်ခုပို့လိုက်တယ်။
ဒါပေမယ့် တောင် လို့ မမြည်ဘူး။ ဘာလို့တုန်းဗျ။ အဟီး။

မိုးစက်အိမ် said...

ကိုကြယ်ကြီး ပြောသလိုပေါ.ဗျာ ပျော်စရာမနေ
တော်ရာမှာနေ တမြေစီခြားနေတဲ. ကို.ဘ၀တွေပေါ. :P
ဟုတ်တယ်မလား ကိုရေ ကြီး တက်ပို.စ်ရေးထားတယ်နော်
ခုတောင် အစပျိုးလေး တင်ထားသေတယ်...

ဂျပန်ကောင်လေး said...

း)...