Friday, July 10, 2009

မြင်ယောင်မိသော အိမ်လေးများ


Internet ခေါ်တဲ့ Network ကွန်ယက်ထဲမှာ မမြင်ရတဲ့ ရင်းနှီးမှုသံယောဇဉ် အ၀န်းအ၀ိုင်းလေးတွေ ရှိတယ်။ သူငယ်ချင်း အပေါင်းအသင်းနဲ့ လေကန်လိုက် ကောင်မလေးတွေ တွေ့ရင်ဇာတ်လမ်းလေးတွေ ဖန်တီးတတ်ပြီး Cafe' လေးနဲ့ တူတဲ့ Chat Room၊ Speaking Corner လေးနဲ့တူတဲ့ Forum ကတော့ ဗဟုသုတတွေ တော်တော်ရမယ်ထင်တယ်။ အကွာအဝေးတွေ ချူံ့ပေးနိုင်တဲ့ Gtalk၊ တခြားတခြားသော Service တွေနဲ့အတူ၊ ကိုယ်ထူကိုယ်ထ ပနက်ချ၊ တိုင်ထောင်၊ အမိုးမိုး၊ ဆေးသုတ်ပြီး စိတ်ကူးထဲက အိမ်လေးတွေကို ဖန်တီးထားကြတဲ့ ဘလော့ရွာလေးကလည်း အခုဆိုတော်တော် ဖွံဖြိုးတိုးတက်နေပြီမဟုတ်လား။

ကိုယ့်ရဲ့ PC တောအုပ်လေးကဖြတ်ပြီး Internet Connection ဆိုတဲ့ တံတားလေးကနေ ဘလော့ရွာလေးကိုဝင်တယ် ဆိုရင်ပဲ များပြားလှတဲ့ ဘလော့ဂါသူငယ်ချင်းတွေရဲ့ အိမ်တွေကို တွေ့ရမှာပါ။ တချို့ကလည်း ဆောက်လုပ်နေကြဆဲ၊ တချို့ ကလည်း ကောင်းသထက်ကောင်းအောင် ပြင်ဆင်နေကြတယ်။ ဧည့်သည်များစွာနဲ့ စည်ကားနေတဲ့ အိမ်လေးတွေ တွေ့ရသလို၊ လူမသိမသိ နေနေတဲ့ အိမ်လေးတွေလည်းတွေ့ရပါတယ်။ ဖျက်သိမ်းထားတဲ့ မြေကွက်လပ်တွေ တွေ့ရတော့လည်း နှုတ်ဆက်လက်ပြရုံပဲပေါ့။ ဆည်းလည်းသံ တချွင်ချွင်နဲ့ တရားအရိပ်လေးတွေကလည်း ဘလော့ရွာလေးကို ပိုမိုဝင့်ထည်စေပါတယ်။ ပူလောင်လှတဲ့ လောကကြီးထဲမှာ ဗုဒ္ဓရဲ့ တရားရေအေးက ဆေးစွမ်းတခွက် မဟုတ်လား။

မြက်ရိုင်းပင်တွေ တရုန်းရုန်းနဲ့ ဥယျာဉ်မှုးကင်းမဲ့နေတဲ့ ဥယျာဉ်တွေကလည်း ကွက်ကြားကွက်ကြားဆိုသလို တွေ့ရပြန်ပါတယ်။ ဥယျာဉ်မှုးတွေ ပြန်လာစေချင်တဲ့ စိတ်လည်းဖြစ်ပေါ်မိပါတယ်။ တချို့တံခါးပိတ်ထားတဲ့ အိမ်ပေါက်ဝတွေ ရောက်ရင်လည်း အိမ်ရှင်တွေ ကျန်းမာ၊ချမ်းသာစေကြောင်း၊ အနှောက်အယှက်ကင်းပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သမိတယ်။ ဘ၀အမောတွေကို ရယ်မောခြင်းနဲ့ ဖြေဖျောက်ရင်း တဦးနဲ့တဦး စနောက်နေကြတဲ့ အိမ်တွေနားရောက်ရင် စိတ်ချမ်းမြေ့ရသလို၊ လောကဓံရှစ်ပါးနဲ့ ကြုံတွေ့နေရတဲ့ အိမ်တွေနားရောက်ရင်လည်း အားပေးချင်ခဲ့မိပါတယ်။ ကိုယ့်အပူတွေတောင် ပိုမိုမလောင်ကျွမ်အောင် ထိန်းသိမ်းနေရတာတင် သူများကို အားပေးဖို့ စကားလုံးနဲ့တင် လုံလောက်ပါ့မလားတွေးရဲ့။

ကိုယ်အိမ်ကို ပြန်ခဲ့တယ်ဆိုရင်ပဲ မလုံတဲ့ခြံစည်းရိုးကနေ အတ္တတွေ မရင့်ကျက်ခြင်းတွေ အတိုင်းသားမြင်ရတယ်။ အေးမြစေချင်တဲ့ အိမ်ရှေ့က ရေချမ်းစင်လေးက ရေမှရှိသေးရဲ့လားမသိ။ ဧည့်ခံဖို့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အသီးအနှံလေး တွေကရော အဆိပ်မှကင်းရဲ့လား မသဲကွဲ။ မြေဆီမြေနှစ်မပြည့်ဝပေမယ့် ကိုယ်တိုင် ရေလောင်း ပေါင်းသင်ခဲ့တာကတော့ ကိုယ်တိုင်အသိဆုံးပါ။

ဒီကမ္ဘာလေးကို အခုလိုပုံစံမြင်ကြည့်လိုက်တော့ ဘလော့ရွာလေးထဲမှာ အိမ်လေးတွေပေါ်လာတယ်။ ကျနော့်ကို သူစိမ်းတွေ ထဲက ပထမဆုံးမှတ်ချက်ပေးခဲ့တဲ့၊ ကိုညီလင်းဆက် ပေးတဲ့လင့်ထဲကနေ၀င်ကြည့်မိပြီး စိတ်ထဲမှာ အရမ်းခင်ခဲ့မိတဲ့ ရန်ကုန်သူ အမြဲတမ်းရယ်မောသံတွေ ညံနေတဲ့။ လူလည်းမပြတ်တဲ့၊အိမ်သာလို့ ဧည့်တွေအများကြီး လာတဲ့ မကြီးခင်ဦးမေရဲ့အိမ်။ အဆောင်ကြီးလိုပဲ ၀င်လိုက်၊ထွက်လိုက်၊ စားလိုက်၊သောက်လိုက် ရီမောသံတွေနဲ့ ညံနေတဲ့ အိမ်ကြီးလို့ မြင်ယောင်မိတယ်။

တစ်ပုဒ်ဖတ်ရုံနဲ့ ဘလော့တစ်ခုလုံး ရှိရှိသမျှ ပိုစ့်တွေလိုက်ဖတ်ရလောက်အောင် စာတွေအရေးကောင်းတယ်။ သူနဲ့သာ စကားတွေပြောနေရရင် သင်ပါးစပ်ပိတ်ရလိမ့်မယ် မထင်။ သူ့အိမ်လေးထဲမှာတော့ နေမကောင်းချင်ယောင်ဆောင် နေတဲ့ မကြီးမိုးချိုသင်းကို ကိုကြီးကျော်ဝဏ္ဏက စ,နေလို့ စိတ်တိုနေတဲ့ ဇနီးမောင်နှံစုံတွဲကို မြင်ယောင်နေမိတယ်။ အိမ်နံရံတွေမှာ မန်ယူပုံတွေ တွေ့ရဲ့။:P

နောက်တစ်အိမ်ကတော့ ကီးဘုတ်တစ်လုံးနဲ့ ကိုခိုင်ထူးသီချင်းတွေ အေးအေးလူလူတီးနေတဲ့ အကိုကြီးအောင်သာငယ်ရဲ့ မြက်ခင်းစိမ်းစိမ်းလေးတွေရှိတဲ့ အိမ်ကိုလည်းမြင်ယောင်မိတယ်။ သူသင်ပေးလို့ ကဗျာတွေကို အရင်ကထက်စာရင် ပိုပြီး ခံစားတတ်လာတယ်။ တခါတလေ သစ်ရိပ်ဝါးရိပ်အောက်မှာ ကဗျာတွေ၊ စာတွေထိုင်ရေးနေတတ်သေးတယ်။ လေးစားရတဲ့သူဆိုတော့ အိမ်ရှေ့ကနေပဲ ခြေဖျားထောက်ကြည့်ပြီး ပြန်လာခဲ့တယ်။

နောက်ထပ် စာကြည့်တိုက်လို ကျနော်မြင်မိတဲ့ အိမ်လေးတွေရှိတယ်။ အတွေးအခေါ်တွေ စဉ်းစားစရာတွေ ဗဟုသုတတွေ ပြည့်နေတဲ့ ကိုZT(ဖူးနုသစ်)၊ ကိုပီကေ၊ ကိုညီလင်းဆက် တို့ရဲ့အိမ်ကတော့ မပြန်ချင်လောက်အောင် ဆွဲဆောင်မှုရှိတယ်။ ကျနော်မှတ်ချက်မပြုရဲတဲ့ အိမ်တွေပါ။ မြင်းထိန်းငတာ ချီးကျူးသလိုဖြစ်မှာစိုးလို့ သူတို့အိမ်ရောက်ရင် နောက်ဘေးပေါက်ကနေ စာကြည့်ခန်းထဲ တန်းသွားတော့တာပဲ :P

ကိုသားကြီးကိုတော့ emo စတိုင်နဲ့ ကက်ဆက်ခွေတွေ ဂစ်တာတွေ ပြန့်ကျဲနေတဲ့ တိုက်ခန်းလေးလို့မြင်တယ်။ သူအခန်းကို သွားရင် လွတ်လပ်ပေါ့ပါးခြင်းတွေ သင်ခံစားရမယ်။ လူငယ်ရသတွေ၊ လူငယ်အထာတွေ သူနဲ့အတူ စီးချက်လိုက်ဖို့တော့ လိုမယ်ထင်တယ်။ သင်သူ့အခန်းထဲက ထွက်သွားရင် တံခါးပြန်ပိတ်ခဲ့ပါ။ Privacy ကိုအလေးထားတဲ့သူမို့ပါ။ သူပေးတဲ့ comment က ကျနော့်ကို ပျော်ရွင်စေခဲ့ဖူးပါတယ်။

အိမ်ရှေ့မှာတတောက်တောက်နဲ့ ပြေးနေတဲ့ ကလေးလေး၊ သူ့အမေက လိုက်ထိန်းနေတာကို အိမ်ထဲကကြည့်နေတဲ့ ကိုသီဟသစ်က ကျနော်ကိုတွေ့တော့ လက်လှမ်းပြတယ်။ "မ၀င်တော့ဘူး အကိုရေ ညမှ အေးဆေးလာခဲ့မယ်"။ မကြာခင် စိုပြည်လာတော့မယ့် သူအိမ်လေးအတွက်လည်း ၀မ်းသာပိတိဖြစ်မိပါတယ်။

အမြဲပဲမူးနေတဲ့ လူတစ်ယောက်ရဲ့ အိမ်လေးလည်း ရှိတယ်။ ဟိုလူအိမ်မှာ အရက်ဖိုးတောင်း၊ ဒီလူအိမ်မှာ အရက်ဖိုးတောင်းနဲ့ ခင်စရာကောင်းတဲ့ ကိုအိုက်ခီလောက် ကိုလမ်းမှာတွေ့တိုင်း စိတ်ထဲမှာ ခင်မင်မိပါတယ်။ သူအိမ်ကိုတော့ ကျနော်မရောက်ဖြစ်သေးပါ။ ရောက်ရင်သောက်မိနေမှာစိုးလို့။

ဘလော့ရွာလေးထဲမှာ တိုင်းရင်းသားကျေးရွာလေးလည်း ရှိတယ်။ ဗမာစကားကို ပီပီသသ မပြောနိုင်ပေမယ့် ရိုးသားပြီး ပွင့်လင်းတဲ့ ရှမ်းမလေးအိမ်ကလည်း ဘလော့ရွာရဲ့ ကန္တာရထဲမှာ အိုအေစစ်လေးပါပဲ။ သူ့အိမ်လေးက နေ့ကလေးထိန်းကျောင်းလေး။ ကလေးလေးတွေဝိုင်းနေတဲ့ အထဲကိုထိုင်ပြီး ယဉ်ကျေးလိမ္မာစေဖို့ ပုံပြင်တွေ ပြောပြနေတာ သင်မြင်ရမှာပါ။

ပန်းတွေ ဝေနေအောင် ပွင့်ဖူးနေတဲ့ ဥယျာဉ်လေးရှိတဲ့အိမ်။ ဘယ်သူမှ အ၀င်မခံဘဲ တံခါးလေး အမြဲပဲပိတ်ထားတယ်။ အိမ်ရှေ့က ကြည့်လိုက်ရင် နောက်ဖေးမီးဖိုချောင်မှာ တကုပ်ကုပ်နဲ့ ဟင်းချက်၊မဟုတ်ရင် ပန်းပင်တွေ ရေလောင်းနေတဲ့ မကြီးဟနစံ အိမ်ကလည်း ကျနော်အကြိုက်ဆုံး အိမ်လေးပါပဲ။

အိမ်လေးတွေလျောက်ကြည့်ရင်း လမ်းမှာ ကလေးလေးတစ်ယောက်က "ဟိုဖက် ကမ်းက မီးထိန်ထိန်၊ ဒီဖက်ကမ်းက မီးထိန်ထိန်၊ ဆီးမီးထိန်ထိန်လင်းပါတဲ့ မနှင်းတို့အိမ်" ဆိုပြီး အော်ဆိုသွားတာကြားတော့ နှင်းလေးဖွဲဖွဲကြနေတဲ့ တောင်ကုန်း ပေါ်မှာ မီးခိုးတလူလူနဲ့ မနှင်းရဲ့အိမ်ကို မြင်ယောင်မိတယ်။ စာတွေကို Pro ဆန်စွာရေးသားနေတဲ့ လေးစားရတဲ့ အိမ်လေးဖြစ်ပါတယ်။

ကျနော်အိမ်ကို ပထမဆုံး မင်းနာမည်ဘယ်လိုခေါ်လဲဆိုပြီး လာမေးတဲ့ မွန်လေးအိမ်ကတော့ ခြေတံရှည်အိမ်လေးဗျ။ သူအိမ်မှာ မိဘ မောင်ဘွားတွေနဲ့ ပျော်စရာအတိပေါ့ဗျာ။ ရိုးသားပွင့်လင်းတဲ့ တိုင်းရင်းသားလေး ၀ါဆိုပန်းခူးသွားတာ ပြန်မလာသေးဘူးထင်တယ်။ အိမ်ပေါ်တက်ကြည့်ဦးမှ။

RFA တွေ VOA ရေဒီယိုသံတွေ ညံနေတဲ့ အိမ်လေးတွေရှိတယ်။ အမြဲတမ်း ပွစိပွစိပြောနေပြီး စတတ်နောက်တတ်တဲ့ မကြီးကိ အိမ်ကလည်း ပျော်စရာပါ။ သူအိမ်မှာ ပစ္စည်းပစ္စယတွေမှ အများကြီးပဲ။ သွားရည်ကျအောင် ပြောပြီး ၀ယ်မပေးတတ်တဲ့ မကြီးကိ ကိုအားလုံးက ၀ိုင်းအော်နေတာ သူအိမ်ရောက်ရင်တွေ့လိမ့်မယ်။

အခုမှသတိရတယ် အမေက လမ်းထိပ်မှာ ဟင်းချိုမှုန့်ဝယ်ခိုင်းလိုက်တာ အိမ်လည်နေတာနဲ့ မေ့သွားတယ်။ အဲ ပိုက်ဆံ ဘယ်နားကျပျောက်သွားလဲမသိဘူး။ လုပ်ကြပါဦးဗျာ။

အားလုံးကို ခင်တဲ့
ရေတမာ

10 comments:

ကောင်းကင်ပြာ said...

တို့ကောင်းကင်ကြီးပေါ်တော့ မရောက်ခဲ့ဘူးလားကွ :)

Anonymous said...

စိတ်ကူးလေးက တကယ်တယ်ကောင်း တယ်ဗျားးးးးးးးးးး :)

နှင်းနဲ့မာယာ said...

အချိုမှုန့်ဖိုးက ရေခဲချောင်းဝယ်စားလိုက်ပြီဟုတ်...
အမအိမ်မှာပဲယူသွားလိုက်တော့နော်....

Anonymous said...

တမာတောမှာ ပျော်တယ်ဆိုတဲ့ ရေတမာ က
ဘလော့ရွာမှာ အလည်လွန်လို့  အချိုမုန့် ဝယ်မဲ့ ပိုက်ဆံတောင် ကျပျောက်တယ်....အိမ်ရောက်ရင်ထိပြီးးးး:)
ရေးထားတာ တွေးထားတာလေးက လှတယ်.....သဘောကျနှစ်ခြိုက်မိတယ် ဒီပိုစ့်လေးကို.....

ခင်မင်ခြင်းနှင့်
တလနွန်

မိုးစက်အိမ် said...

ဘလော. အိမ်လေးတွေတောင်ခံစားတတ်
တဲ. ကိုရေတမာကြီးရေ ... အရေးအလှ
အတွေးလှတယ်ဗျာ...

သားကြီး said...

ပိုက်ဆံကို ကိုကောက်လိုက်ပြီ
ပိုင်ရှင်မရှိဘူးထင်လို့စောစောကပဲအဖြူဆိုင်မှာ
တစ်ပိုင်းဝင်ကစ်လိုက်ဘီ အာ...ကုန်ပြီ မူးဘီ အေ့..
............
ဟားဟား ကောင်းတယ်ညီရေ့..
ဘလော့အိမ်တစ်ခုချင်းဆီကိုဝင်လည်ပြီးခံစားသွား
တာ မိုက်မှမိုက်ပဲ :)

သီဟသစ် said...

ညီလေး ရေတမာရေ

အိမ်လေးတွေနဲ့တင်စားတာလှလိုက်တာကွာ
အများအကျိုးတွေလုပ်တတ်တဲ့
ညီအစ်ကိုမောင်နှမတွေကို ခင်တတ်တဲ့ စာရေးကောင်းတဲ့ အိမ်ကလေးအကြောင်းရော ထည့်မရေးဘူးလား

အိပ်မက်မက်တတ်တဲ့ လူအလေးလေ

:)

ခင်မင်စွာဖြင့်
သီဟသစ်

kiki said...

ရွာရိုးကိုးပတ်လျှောက်နေတဲ့ ရာတမေ ရေ .. ဆယ်ပတ်ပြည့်မှ အိမ်ပြန်ရောက်တော့မယ်ထင်တယ်ဟေ့။
အမေ အိမ်မှာမျှော်နေပြီ ...
ပိုက်ဆံ ကျပျောက်သွားရင် တုတ်သာကောက်ပြီး ပြန်ပေရော့ ။

ဒီဖက်က ဖွားကိ အိမ်မှာ ဖွက်ထားတဲ့ အချိုမှုန့် တထုတ် ကျန်နေသေးတယ်ဝေး ။
လိုချင်လာယူလှည့် ။
တိုးတိုးနော် .. တော်ကြာသူများကြားသွားမယ်။
ဗွီအိုအေ နားထောင်နေတာ ရှူးးး တိုးးး တိုးးး

တော်ကြာနေ ၆၅ နှစ် ထီပေါက်နေမစိုးလို့ အေ ..

( ရေးသား တွေးခေါ်မှူများ ဆန်းသစ် ကောင်းမွန် ပါ၏.။
ကြိုက်တယ်ဗျိုး ။ ဆက်ရေးပါ ။ လက်မပြုတ် မချင်း )

မငုံ said...

ဒါနဲ့များ စာမရေးတတ်လို့ လူအလို့ ပြောင်းလိုက်တာတဲ့။ ရေးထားတာ ဒီလောက်ကောင်းတာ။ ရှမ်းမလေးရဲ့အိုအေစစ်ကို ပါအောင် ရေးလို့ ကျေးဇူးဗျို့။

ကိုလူထွေး said...

ဘယ်သူလဲကွ...
မကြီး ခင်ဦးမေအိမ်ကို "အိမ်သာ" လို့ပြောတာ...

းဝ)