Saturday, June 20, 2009

စိတ်အားဖြည့် ဓမ္မကြာပွင့်

အဆိုးကံချစ်ရင် အချစ်ကံဆိုးမယ်
အချစ်နဲ့ပတ်သက်ပြီး အဆိုးကြုံတွေ့ရတယ်ဆိုတာ အချစ်နဲ့ပတ်သက်တဲ့ အဆိုးကံတွေ အတိတ်က ကျူးလွန်ခဲ့လို့ပါ။
“အတိတ်က”ဆိုတဲ့နေရာမှာ ရှေးယခင်ဘ၀တွေက အတိတ်လည်း ပါဝင်သလို ယခုဘ၀ရဲ့ ရှေ့ပိုင်းအတိတ်တွေလည်း
ပါဝင်ပါတယ်။ အချစ်ခံခေစေတဲ့ အဓိက အကျဆုံး အဆိုးကံကတော့ အချစ်ရေးမှာ သစ္စာမရှိခြင်း၊တနည်းအားဖြင့်
အချစ်ရေးဖောက်ပြန်ခြင်းပါပဲ။ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက် အပေါ်မှာ သစ္စာမရှိဘဲ တခြားတစ်ယောက်၊ သို့မဟုတ်
တခြားအယောက်များစွာနဲ့ ဖောက်ပြန်နေတာဟာ အချစ်ကံခေစေတဲ့ အဆိုးကံကို ထူထောင်နေတာပါ။ အဲဒီကံ

အကျိုးပေးတဲ့ဘ၀ သေချာပေါက် အချစ်ကံခေမှာပါပဲ။
မေတ္တာပေးလေ မေတ္တာရလေ
အချစ်ကံကောင်းစေတဲ့ အဓိကအကျဆုံး အကောင်းကံကတော့ မေတ္တာတရား လက်ကိုင်ထားခြင်းပါပဲ။ သူတစ်ပါးအပေါ်
စစ်မှန်သန့်စင်တဲ့ မေတ္တာတရားတွေ များများပေးနိုင်လေ၊ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ကံအကျိုးပေး ပိုကောင်းလေပါပဲ။
မေတ္တာကြီးလေ၊ အချစ်ကံကောင်းလေပေါ့။

မေတ္တာစိတ်လည်းပွားပါ မေတ္တာအလုပ်လည်းလုပ်ပါ။
မေတ္တာက “ပွားမေတ္တာ”နဲ့ “ထားမေတ္တာ” လို့နှစ်မျိုးရှိပါတယ်။ ကျမ်းမာချမ်းသာပါစေ လို့စိတ်ထဲကနေ၊ ဒါမှမဟုတ်
အသံထုတ်ပြီး မေတ္တာပို့သနေတာကို ပွားမေတ္တာလို့ခေါ်ပါတယ်။ တစ်ဖက်သားရဲ့ ကောင်းကျိုးကို ကာယကံမြောက်
ကိုယ်ထိလက်ရောက် ၀စီကံမြောက် နှုတ်ထိပါးစပ်ရောက် ကူညီဆောင်ရွက်ပေးတဲ့မေတ္တာကို ထားမေတ္တာလို့ခေါ်ပါတယ်။
ထားမေတ္တာရော၊ ပွားမေတ္တာရော နှစ်မျိုးလုံးပြည့်စုံမှ အချစ်ကံကောင်းမှာပါ။

မေတ္တာအပေးမှန်ခဲ့ရင် မေတ္တာအမှန်ပေးကြမှာပါ
တဖက်သားကို နွေးနွေးထွေးထွေး ချစ်ခင်တတ်ရင် ကိုယ့်ကို နွေးနွေးထွေးထွေး ချစ်ခင်မယ့်သူ ပေါ်လာမှာပါ။
တဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတတ်ရင် ကိုယ့်ကို မြတ်မြတ်နိုးနိုး ကြင်နာမယ့်သူ ရောက်လာမှာပါ။ တဖက်သားကို
ထွေးထွေးပိုက်ပိုက်ယုယတတ်ရင် ကိုယ့်ကို ထွေးထွေးပိုက်ပိုက် ယုယမယ့်သူ ရှိလာမှာပါ။ တူသော အကျိုးပေးတတ်တဲ့
ကံတရားကို ဘယ်သူများ ဟန့်တားနိုင်တာမှတ်လို့။

ဦးစားပေးချက် အမျိုးမှန်မှ ထူးခြားလေးနက် အကျိုးသန်မယ်
သမာဓိရှိတဲ့သူဟာ အခြေအနေ၊ အချိန်အခါကို တွက်ချက်ပြီး“လောလောဆယ် ကိုယ်အလုပ်သင့်ဆုံးအလုပ်ဟာ ဘာလဲ”
ဆိုတာကို တိတိကျကျ ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်။ အပိုအလုပ်တွေနဲ့ လုံးဝအချိန်ဖြူန်းလေ့မရှိသလို လုပ်သင့်တဲ့ အလုပ်တိုင်း
ကိုလည်း စုပြုံလုပ်လေ့ မရှိပါဘူး။ ဦးစားပေးအလုပ်နဲ့ ဆိုင်းငံ့အလုပ်ကို ခွဲခြားနားလည်တဲ့အတွက် အလုပ်ရဲ့
အရည်အသွေးနဲ့ အလုပ်ရဲ့စံချိန်ကို ထူးထူးခြားခြား အရာထင်အောင် မြှင့်တင်နိုင်ပါတယ်။

မေတ္တာနဲ့ လုပ်သမျှအနှစ်ပါတဲ့ အထုပ်လှတွေချည်းပါပဲ
ဘယ်အသက်မွေးဝမ်းကျောင်း အလုပ်ပဲလုပ်လုပ် အရည်အသွေးကောင်းဖို့ အဓိက ဆိုတဲ့ စိတ်ဓါတ်နဲ့ ကိုယ့်အမြတ်အစွန်းကို
အဓိကမထားဘဲ အားပေးသူရဲ့ စိတ်ကျေနပ်မှုကို အဓိကထားမယ်ဆိုရင် လုပ်ငန်းသဘောအရ မလွှဲမရှောင်သာ
တန်ရာတန်ကြေး ယူရပေမယ့် မေတ္တာစေတနာတွေ အခမဲ့ပေးနေတာဖြစ်လို့ ပရဟိတ အလုပ် လုပ်နေတာပါပဲ။ ကိုယ့်ရဲ့
အတ္တဟိတအလုပ်ကို လုပ်ရင်းမေတ္တာစေတနာကြောင့် အလိုအလျောက်ပရဟိတ ဖြစ်သွားတာမို့ အလိုအလျောက်ပရဟိတ
လို့ခေါ်ပါတယ်။

အစွမ်းအစကို အစွမ်းအဆုံးထိရောက်ပါစေ
ပင်ကိုအစွမ်းအစ ဘယ်လောက်ရှိရှိ၊ ၀ီရိယမရှိရင် အရည်အသွေးကောင်းတွေ ရလာဒ်ကောင်းတွေ လုံးဝ ပေါ်ထွက်မလာနိုင်
တဲ့အပြင် နဂိုရှိပြီးသား အစွမ်းအစတောင် အညွန်တုံးသွားနိုင်ပါတယ်။ ၀ီရိယမပါရင် အစွမ်းအစဟာ အစွမ်းအဆုံးထိ
မရောက်ဘဲ အစွမ်းအစ သို့မဟုတ် အစွမ်းအလယ်မှာပဲ ရပ်တန့်ပြီးဆုံးသွားပါလိမ့်မယ်။

ပညာတတ်၊ ပညာရှင်၊ပညာရှိ
မှတ်သားပညာရော၊ စဉ်းစားပညာရော၊ ရှုပွားပညာရော ပညာသုံးမျိုးလုံးရှိမှ ထိပ်တန်းပညာရှိ ဖြစ်နိုင်ပါတယ်။
ထိပ်တန်းအဆင့် အထိ မစွမ်းဆောင်နိုင်ရင်လည်း သာမာန်ပညာရှိတစ်ယောက်အနေနဲ့ မှတ်သားပညာနဲ့
စဉ်းစားပညာကတော့ ရှိကိုရှိရပါမယ်။ မှတ်သားပညာသာရှိပြီး စဉ်းစားပညာ မရှိတဲ့သူကို ပညာရှိလို့ မခေါ်ပါဘူး။
ပညာတတ်လို့ပဲ ခေါ်ပါတယ်။ မှတ်သားပညာနဲ့ စဉ်းစားပညာ ရှိတဲ့သူကိုတော့ ပညာရှင်သန်အောင် လုပ်နိုင်သူမို့ ပညာရှင်လို့
ခေါ်ပါတယ်။ မှတ်သားပညာ၊ စဉ်းစားပညာ ရှုပွားပညာ သို့မဟုတ် လက်တွေ့ပညာ ပညာသုံးမျိုးလုံး ရှိသူကိုမှ ပညာရှိလို့
ခေါ်ပါတယ်။ တကယ့်ပညာရှိအစစ်ပါ။

ကိုယ်ချင်းစာ ဘ၀အသိလှမှ အလိုကင်းကာ ပရဟိတလုပ်နိုင်သည်။
နောက်ဆုံးတော့ ပရဟိတစိတ်ဓါတ်ဆိုတာ ကိုယ်ချင်းစာစိတ်ပါပဲ။ ကိုယ်ချင်းစာစိတ်ရှိမှ ပရဟိတစိတ်ဓါတ် ရှိနိုင်ပါတယ်။
ကိုယ်ချင်းစာစိတ် မရှိရင် ပရဟိတစိတ်ဓါတ် မရှိနိုင်ပါဘူး။ ကိုယ့်မှာ ကိုယ်ချင်းစာစိတ် ဘယ်လောက်ရှိသလဲဆိုတာ
သိချင်ရင် ကိုယ့်မှာ ပရဟိတလုပ်ချင်စိတ် ဘယ်လောက်ရှိသလဲ။ ပရဟိတအလုပ်တွေကို ကိုယ်ဘယ်လောက်လုပ်နေသလဲ
ဆိုတာနဲ့ တိုင်းတာကြည့်နိုင်ပါတယ်။

အရှင်ဆန္ဒာဓိက ၏စိတ်အားဖြည့်ဓမ္မကြာပွင့် စာအုပ်မှ ကူးယူဖော်ပြပါသည်။

4 comments:

မိုးစက်အိမ် said...

ကောင်းတယ်ဗျာ...ဖတ်ရလို.ကျေးဇူးပါကိုရေတမာရေ...

မငုံ said...

သိပ်ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။ အခုလို စိတ်ညစ်နေချိန်မှာ ဖတ်လိုက်ရတော့ ပိုကောင်းသွားတယ်။

သုခုမလေဒီ said...

အခုလိုအလွယ်တကူ ဖတ်လို့ ရအောင် တင်ပေးထားတာ ကျေးဇူးပါနော်။

may16 said...

မှတ်စုလေးကို ဖတ်သွားပါတယ်