Wednesday, June 24, 2009

မော်ဒယ်လ်အသစ်နဲ့လူ

ကျနော်ဘလော့ရေးသားခြင်းရဲ့ ရည်ရွှယ်ချက်က မျှဝေဖို့ရယ်၊ ကိုယ့်ဘာသာသတိပေးဖို့ရယ်ဖြစ်ပါတယ်။ အခုတလော စိတ်အေးချမ်းမှုလေးတွေ ပျောက်ဆုံးလို့ ပြန်တည်ငြိမ်အောင် မနည်းကြိုးစားရင်း ဆရာတော်ရဲ့စာအုပ်နဲ့ စိတ်ကိုထိန်းနေရပါတယ်။ သူငယ်ချင်းများလည်း သတိမေ့လျှော့ခဲ့သည်ရှိသော် ပြန်လည်သတိရစေရန်ရည်ရွယ်တင်ပြအပ်ပါသည်။ ဘာသာခြားသူငယ်ချင်းများလည်း ဘာသာတွေကို ခဏဘေးဖယ်ထားပြီး ကိုယ့်ထက်ကြီးတဲ့သူက အတွေ့အကြုံတွေ ပြောပြတယ်လို့ သဘောထားစေချင်ပါတယ်။ ကိုယ့်စိတ်ကိုသိတာ ဘာသာတွေ မလိုဘူးလို့ထင်ပါတယ်။ ဘာသာခြားသူငယ်ချင်းများလည်း အတွေ့အကြုံတစ်ခု (သို့) အသိလေးတစ်ခုလောက် ရနိုင်မယ်လို့ ထင်ပါတယ်။

မော်ဒယ်အသစ်နဲ့လူ(အရှင်ဆန္ဒာဓိက)
အရှင်ဘုရား..
မဂ်ဖိုလ်နိဗ္ဗာန်ကို လိုချင်စိတ်မရှိသေးတဲ့ တပည့်တော်တို့လို လူငယ်တွေအတွက် ဘာကြောင့် တရားအားထုတ်သင့်တယ်၊ဘယ်လို တရားအားထုတ်ရမယ် ဆိုတာကို လူငယ်တွေနဲ့ အနီးစပ်ဆုံးဖြစ်အောင် ညွှန်ကြားပြသပေးတော်မူပါဘုရား။
မောင်သူရနိုင်တင်၊ လှိုင်မြို့နယ်။

ဒကာသူရရေ............
တစ်ခါတုန်းက ကုမ္ပဏီပိုင်ရှင် ဒကာကြီးတစ်ယောက် ဆယ့်လေးငါးနှစ်အရွယ် သူ့သား သူ့တူတွေနဲ့ ဦးဇင်းဆီရောက်လာပြီး.. သူတို့ကို တပည့်တော် တရားအားထုတ်ခိုင်းလို့ မရဘူးဘုရား၊ သူတို့ တရားအားထုတ်ချင်စိတ် ပေါက်လာအောင် သူတို့အရွယ်နဲ့ သင့်တော်တဲ့ တရားဟောကြားချီးမြှင့်တော် မူပါဘုရားလို့လျှောက်ထားပါတယ်။ ကျောင်းသားလူငယ်တွေ အပါအ၀င် လူတိုင်းလူတိုင်းကို နေ့စဉ် တရားအားထုတ်စေချင်တဲ့စိတ် ထက်သန်နေတာမို့ သူတို့ရဲ့ သစ်လွင်တောက်ပတဲ့ အ၀တ်အစား ခေတ်မီဆန်းပြားတဲ့ ဒီဇိုင်းတွေကို ကြည့်ပြီး....တရားအားထုတ်တယ်ဆိုတာ ကိုယ့်စိတ်ကိုယ် မော်ဒယ်အသစ်လဲတာပါလို့ နှုတ်က ရုတ်တရက်လွှတ်ခနဲ ပြောလိုက်မိသွားပါတယ်။ “ လျှပ်တစ်ပြက်စကား” ဆိုပါတော့။ ကိုယ့်စကားကိုယ် သတိဥာဏ်နဲ့ ကပ်ပြီး စစ်ဆေးကြည့်လိုက်တော့ ဟုတ်နေတာနဲ့ သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်လေးတွေနဲ့ ဥပမာပေးပြီး “စိတ်မော်ဒယ်လ်” တရားကို အရှိန်မြှင့် ဟောလိုက်ရပါတယ်။

ကိုယ့်ပတ်ဝန်းကျင်ကို ခဏလောက် စောင်းငဲ့ကြည့်လိုက်ပါ။ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့သူတွေဟာ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ခမ်းနားအောင်နေ့စဉ်နဲ့အမျှ ပြုပြင်ပြောင်းလဲနေကြပါတယ်။ ပိုက်ဆံတတ်နိုင်ရင် တတ်နိုင်သလောက် ကောင်းသထက်ကောင်းတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ လဲလှယ်ပစ်နေကြပါတယ်။
ကိုယ့်မှာ နေစရာတိုက်အိမ်ကောင်းကောင်းရှိပြီးသား“မော်ဒယ်လ် အောက်သွားပြီ” ဆိုပြီး ပုံစံပိုကောင်းတဲ့ မော်ဒယ်လ်အသစ် တိုက်အိမ်တစ်လုံး ပြန်ပြင်ဆောက်လိုက်ပါရော။ မော်ဒယ်လ်အဟောင်း တိုက်အိမ်ကိုတော့ ဖြိုဖျက်ပြီး အဟောင်းဈေးနဲ့ ရသလောက် ရောင်းထုတ်ပစ်လိုက်တာပေါ့။ မော်ဒယ်လ်ဟောင်း(ပုံစံဟောင်း) တိုက်အိမ်မှာနေရတာထက် မော်ဒယ်လ်သစ်(ပုံစံသစ်) တိုက်အိမ်မှာ နေရတာက ပိုပြီးစိတ်ချမ်းသာသွားပါတယ်။ ပိုပြီးသက်တောင့်သက်သာနဲ့ အဆင်ပြေသွားပါတယ်။

ကိုယ့်မှာ စီးစရာ စူပါဆလွန်းရှိပြီးသား၊ ပရာဒိုကပိုကောင်းတယ်ဆိုတော့ ပရာဒိုနဲ့ လဲစီးပြန်တယ်။ စီးလို့ပိုကောင်းသွားတာပေါ့။ ပရာဒိုထက် လင်ခရူဆာကပိုဇိမ်ကျတယ်ဆိုတော့ လင်ခရူဆာနဲ့ လဲစီးပြန်ရော။ ပိုဇိမ်ကျသွားတာပေါ့။ကိုယ်စီးနေတဲ့ လင်ခရူဆာထက် မော်ဒယ်လ်ပိုမြင့်တဲ့လင်ခရူဆာပေါ်လာပြန်တော့ မော်ဒယ်လ်အဟောင်းကို ရောင်းပြီး မော်ဒယ်လ်အသစ်ထက်စီးပြန်တယ်။ မော်ဒယ်လ်သစ်လေ ကားပိုကောင်းလေ ဆိုတော့ ပိုပြီးဇိမ်ကျ ၊ ပိုပြီးစိတ်ချမ်းသာသွားပါတယ်။

ကိုယ့်မှာ ကြည့်စရာ တီဗီ ရှိပြီးသား၊နောက်ပေါ်တဲ့ မော်ဒယ်လ်အသစ်က အသံစနစ်၊ အရုပ်စနစ်ပိုကောင်းတယ် ဆိုတော့ မော်ဒယ်လ်အဟောင်း တီဗီကိုရောင်းပြီး မော်ဒယ်လ်အသစ် တီဗီဝယ်လိုက်တယ်။ ကြည့်ရှုလို့၊ နားထောင်လို့ ပိုကောင်းသွားတာပေါ့။ ပိုစိတ်ချမ်းသာသွားတာပေါ့။

ကိုယ့်ဘက်က ပိုက်ဆံလည်း တတ်နိုင်တယ်၊ အကောင်းနဲ့ ထိုက်တန်လို့အကောင်းလည်း ကြိုက်တယ်ဆိုရင် ဘယ်အသုံးအဆောင်ပစ္စည်းမဆို မော်ဒယ်အသစ်သုံးနိုင်လေ၊ ပိုကောင်းလေပါပဲ။ မော်ဒယ်လ်သစ်လေ၊ အရည်အသွေးပိုကောင်းလေ ဆိုတော့သုံးရတာ ပိုပြီးအဆင်ပြေတာပေါ့။ ပိုပြီး စိတ်ချမ်းသာတာပေါ့။

(မော်ဒယ်လ်အဟောင်းပစ္စည်းက အသစ်ထက်ပိုကောင်းတာမျိုးလည်းရှိနိုင်ပါတယ်။ မဆုံးတဲ့ လောဘနောက်ကို လိုက်ပြီး တင်းတိမ်ရောင့်ရဲခြင်းကိုလျစ်လျှူရှုထားရမယ်လို့လည်း မဆိုလိုပါဘူး။ သူ့အပိုင်းနဲ့သူပေါ့။ ရောထွေးမပစ်ပါနဲ့။ တတ်လည်း တတ်နိုင်၊ ထိုက်လည်းထိုက်တန်တဲ့ ကုသိုလ်ရှင်တွေအတွက်အထူးသီးသန့် ပြောတာပါ။ ဤကား စကားကပ်လိုသူများအတွက် မှတ်ချက်)

အဆင့်အတန်းမြင့်မားမှုကို လိုလားတဲ့ လူသားတွေအနေနဲ့ ရုပ်ဝတ္တုပစ္စည်းဘက်မှာ မော်ဒယ်လ်သစ်နိုင်သမျှ သစ်အောင်ကြိုးစားနေကြသလို ကိုယ့်နှလုံးသားထဲက စိတ်ကိုလည်း မော်ဒယ်လ်သစ်နိုင်သမျှသစ်အောင် ကြိုးစားကြဖို့ အထူးလိုအပ်ပါတယ်။ တကယ်ဆို ရုပ်မော်ဒယ်လ်သစ်ဖို့ထက် စိတ်မော်ဒယ်လ်သစ်ဖို့က ပိုပြီးတောင်အရေးကြီးပါသေးတယ်။

မနေ့ကလည်းကိုယ့်စိတ်က ဒီမော်ဒယ်လ်၊ ဒီနေ့လည်း ကိုယ့်စိတ်က ဒီမော်ဒယ်လ်ဆိုရင် ကိုယ့်စိတ်ကမော်ဒယ်လ်အဟောင်းကြီးဖြစ်နေပါတယ်။ မနေ့ကစိတ်နဲ့ ဒီနေ့စိတ် အရည်အသွေး တူနေရင် စိတ်မော်ဒယ်လ်ဟောင်းနေတာပါပဲ။ မနေ့က စိတ်ထက် ဒီနေ့စိတ်က အရည်အသွေး ပိုကောင်းရင်တော့ ကိုယ့်စိတ်ဟာ ဒီနေ့အတွက်တော့ မော်ဒယ်လ်အသစ် ဖြစ်သွားပါပြီ။

မနက်ဖြန်စိတ်က ဒီနေ့စိတ်ထက် အရည်အသွေးပိုကောင်းသွားရင် မနက်ဖြန်မှာ ကိုယ့်စိတ် မော်ဒယ်လ်ပိုမြင့်သွားတာပေါ့။နေ့တိုင်းနေ့တိုင်းကိုယ့်စိတ်ကိုမော်ဒယ်လ်သစ်သထက်သစ်၊မြင့်သထက်မြင့်အောင်ကြိုးစားသွားရမှာပါပဲ။ အရေးအကြီးဆုံးကတော့ “ဒီနေ့”ပါ။ လောလောဆယ် ကိုယ်နေနေရတာဒီနေ့ဖြစ်လို့ ဒီနေ့ ကိုယ့်ရဲ့စိတ်မော်ဒယ်လ် သစ်နေဖို့၊ မော်ဒယ်လ်မြင့်နေဖို့ အဓိကပါပဲ။

မနေ့က ကိုယ့်စိတ်မှာ လောဘ တစ်ပိဿာရှိတယ်၊ ဒီနေ့လည်း တစ်ပိဿာပဲဆိုရင် ကိုယ့်စိတ် မော်ဒယ်လ်ဟောင်းနေပါတယ်။ ဒီနေ့ တစ်ဆယ်သား ထပ်တိုးပြီး တစ်ပိဿာနဲ့တစ်ဆယ်သား ဖြစ်လာတယ်ဆိုရင်တော့ ကိုယ့်စိတ် မော်ဒယ်လ်ဟောင်းရုံမကဘူး၊ နိမ့်သွားပါပြီ။ မော်ဒယ်လ်အရမ်းအောက်သွားပါပြီ။ ဒီနေ့တစ်ဆယ်သားလျော့သွားပြီး ကိုးဆယ်သားပဲ ကျန်တော့တယ် ဆိုရင်တော့ ကိုယ့်စိတ် မော်ဒယ်လ်သစ်သွားပါပြီ။ မော်ဒယ်လ်မြင့်သွားပါပြီ။ လောဘလျော့လေ၊ မော်ဒယ်လ်သစ်လေပါပဲ။

တခြား ကိလေသာတွေလည်း နည်းတူပါပဲ။ ဒေါသတစ်ချက်ထွက်တိုင်း မော်ဒယ်လ် တစ်ရစ်ဟောင်းသွားပါတယ်။ ဘ၀င်တစ်ချက် မြင့်တိုင်းမော်ဒယ်လ်တစ်ဆင့်နိမ့်သွားပါတယ်။ သူတစ်ပါးရဲ့ အောင်မြင်မှုကို မနာလိုတဲ့ ဣဿာ ဖြစ်တိုင်း၊ကိုယ့်ရဲ့ ပြည့်စုံမှုမျိုး သူတစ်ပါး မရစေချင်တဲ့ မစ္ဆရိယဖြစ်တိုင်း စိတ်ဟာ မော်ဒယ်လ်ဟောင်းဟောင်းသွားပါတယ်။ မော်ဒယ်လ်နိမ့်နိမ့်သွားပါတယ်။

စိတ်ကို ညစ်နွမ်းစေတဲ့သဘော၊ စိတ်ကို ပူလောင်စေတဲ့သဘော၊ စိတ်ကို ပင်ပန်းဆင်းရဲစေတဲ့သဘောကို ကိလေသာလို့ခေါ်ပါတယ်။ အလွယ်ပြောရရင်မကောင်းတဲ့စိတ်၊ ယုတ်မာတဲ့စိတ်၊ ကောက်ကျစ်တဲ့စိတ်၊ အဆင့်အတန်းမရှိတဲ့စိတ်၊ အောက်တန်းကျတဲ့စိတ်ဟာ ကိလေသာပါပဲ။

စိတ်ဟာ ကိလေသာများလေ မော်ဒယ်လ်နိမ့်လေ၊ ကိလေသာပါးလေ မော်ဒယ်လ်မြင့်လေပါပဲ။ ကိလေသာသွင်းလေ မော်ဒယ်လ်ဟောင်းလေ၊ ကိလေသာရှင်းလေ မော်ဒယ်လ်သစ်လေပါပဲ။

မော်ဒယ်လ်နိမ့်တဲ့စိတ်ဆိုတာ အရည်အသွေး နိမ့်ကျတဲ့ စိတ်ကိုပြောတာပါ။ မော်ဒယ်လ်မြင့်တဲ့စိတ်ဆိုတာ အရည်အသွေး မြင့်မားတဲ့စိတ်ကိုပြောတာပါ။စိတ်ဟာ ကိလေသာထူပြောလေ အရည်အသွေးနိမ့်ကျလေ၊ ကိလေသာခေါင်းပါးလေ အရည်အသွေးမြင့်မားလေပါပဲ။ မနေ့ကစိတ်ထက် ဒီနေ့စိတ်က ပိုပြီးကြည်လင်အေးချမ်းနေတယ်။ ပိုပြီး အရည်အသွေးကောင်း တွေပြည့်စုံနေတယ်ဆိုရင် ကိုယ့်စိတ်ဟာ ဒီနေ့ မော်ဒယ်လ်သစ်သွားပါပြီ။

စိတ်ကို မော်ဒယ်လ်သစ်စေ၊ မော်ဒယ်လ်မြင့်စေတဲ့အလုပ်တွေ အများကြီးရှိတဲ့အထဲမှာ တရားအားထုတ်တဲ့အလုပ်ဟာ အထိရောက်ဆုံးနဲ့ အထက်မြက်ဆုံးပါပဲ။ (စာဖတ်ခြင်း၊သူတစ်ပါးကို ကူညီခြင်း ......စတဲ့ အပြုသဘောဆောင်တဲ့ အလုပ်တွေဟာလည်း စိတ်ကိုမော်ဒယ်လ်သစ်စေ၊ မြင့်စေပါတယ်။)
စိတ်တည်ငြိမ်ရုံပဲ စွမ်းနိုင်တဲ့ “သမထ” ကမ္မဋ္ဌာန်းတရားနဲ့ စိတ်တည်ငြိမ်ရုံမက အရှိမှန်ကို အရှိမှန်အတိုင်း ထိုးထွင်းသိမြင်နိုင်တဲ့အထိ စွမ်းနိုင်တဲ့“၀ိပဿာနာ”ကမ္မဋ္ဌာန်းတရားရယ်လို့ ကမ္မဋ္ဌာန်းတရားနှစ်မျိုး ရှိပါတယ်။ သမထတရားအနေနဲ့ ဘုရားဂုဏ်တော်ပွားခြင်း(ဗုဒ္ဓါနုဿတိ)နဲ့ မေတ္တာစိတ်ပွားခြင်း (မေတ္တာဘာဝနာ) အနည်းဆုံးနှစ်ခုတော့ ဗုဒ္ဓဘာသာဝင်တိုင်း အားထုတ်သင့်ပါတယ်။

သီးသန့်ထိုင်ရင်းနဲ့ပဲဖြစ်ဖြစ်၊ သွားရင်းလာရင်းလုပ်ရင်း ကိုင်ရင်းပဲဖြစ်ဖြစ်၊ “အရဟံ - ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား”၊ “အရဟံ - ကိလေသာအပူကင်းတဲ့အတွက် စိတ်အေးချမ်းတော်မူသော မြတ်စွာဘုရား”၊“အရဟံ ကိလေသာအနောက် အကျုကင်းတဲ့အတွက် စိတ်ကြည်လင်တော်မူသော မြတ်စွာဘုရား”၊ အရဟံ - ကိလေသာ အနှောက်အယှက်ကင်းတဲ့အတွက် စိတ်ရဲ့ အရည်အသွေးတွေ စံချိန်အမြင့်ဆုံး ပြည့်ဝတော်မူသော မြတ်စွာဘုရား” လို့ပါးစပ်ကအသံမထွက်ပဲ စိတ်ထဲကနေ နှလုံးသွင်းဆင်ခြင်နေတာဟာ ဘုရားဂုဏ်တော် ပွားနေတာပါပဲ။

သီးသန့်ထိုင်ရင်းနဲ့ပဲဖြစ်ဖြစ်၊ သွားရင်းလာရင်းလုပ်ရင်းကိုင်ရင်းနဲ့ပဲဖြစ်ဖြစ် “သတ္တ၀ါအားလုံး ချမ်းသာကြပါစေ၊ လူသားအားလုံး ချမ်းသာကြပါစေ၊ နတ်များအားလုံး ချမ်းသာကြပါစေ၊ ပြိတ္တာအားလုံးချမ်းသာကြပါစေ၊ တိရစ္ဆာန်အားလုံး ချမ်းသာကြပါစေ” လို့ပါးစပ်က အသံမထွက်ပဲ စိတ်ထဲကနေ မေတ္တာစိတ် ပို့လွှတ်နေတာဟာ မေတ္တာဘာဝနာ ပွားနေတာပါပဲ။

ဘာဝနာဆိုတာ စိတ်ရဲ့ အလုပ်ဖြစ်တဲ့အတွက် ရုပ်ဝတ္တု ပစ္စည်းတစ်ခုခုရဲ့ အကူအညီ မလိုအပ်ပါဘူး။ စိတ်သက်သက်နဲ့ ပွားများရုံပါပဲ။ စိတ်စွမ်းအားနည်းသေးရင်တော့ ရုပ်ဝတ္တုအကူအညီ ယူချင်ယူနိုင်ပါတယ်။ စိတ်စွမ်းအား မြင့်လာရင်တော့ စိတ်သက်သက်နဲ့ လုပ်မှ ပိုထိရောက်ပါတယ်။ ပိုအစွမ်းထက်ပါတယ်။

သမထကို “စိတ်တည်ငြိမ်ရုံ” လို့ပြောရတာက အားထုတ်ဆဲ အခိုက်အတန့်ရဲ့ စိတ်စွမ်းရည်သက်သက်ကိုရည်ရွယ်ပြီး ပြောတာပါ။ နောက်ဆက်တွဲအနေနဲ့ကတော့ ဘေးရန်အန္တရာယ် ကင်းရှင်းခြင်း၊ စီးပွားလာဘ်လာဘ ပြည့်စုံခြင်း၊ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ခြင်း စတဲ့ လောကီကောင်းကျိုးတွေလည်း ကာယကံရှင်ရဲ့ အတိတ်ကံနဲ့ ပစ္စုပ္ပန်စွမ်းရည်သတ္တိအားလျော်စွာ ရရှိနိုင်ပါတယ် ။
သီးသန့်ထိုင်ရင်းနဲ့ပဲဖြစ်ဖြစ်၊ သွားရင်းလာရင်းလုပ်ရင်းကိုင်ရင်းနဲ့ပဲဖြစ်ဖြစ် လောလောဆယ် ထင်ရှားဖြစ်နေတဲ့ ကိုယ်အမူအရာ၊စိတ်အမူအရာကို ထင်ရှားဖြစ်နေတဲ့အတိုင်း ရိုးရိုးလေး သိနေမှတ်နေစောင့်ကြည့်နေတာဟာ “၀ိပဿနာ”တရားပွားများနေတာပါပဲ။ကိုယ်အမူအရာအနေနဲ့ သွားရင် “သွားတယ်”ရပ်ရင် “ရပ်တယ်”၊ ထိုင်ရင် “ထိုင်တယ်”၊ လျောင်းရင် “လျောင်းတယ်” စသည်အားဖြင့်၊ စိတ်အမူအရာအနေနဲ့ လိုချင်ရင် “လိုချင်တယ်”၊ တပ်မက်ရင် “တပ်မက်တယ်”၊ စိတ်ဆိုးရင် “စိတ်ဆိုးတယ်”၊ စိတ်တိုရင် “စိတ်တိုတယ်” စသည်အားဖြင့် အခုလောလောဆယ် ကိုယ့်ကိုယ်၊ ကိုယ့်စိတ်မှာ ထင်ရှားနေတဲ့ သဘောတရားတစ်ခုခုကို အရှိအရှိအတိုင်း “သိ”နေရပါတယ်။

ပထမပိုင်းမှာ “သွားတယ်၊ရပ်တယ်” စတဲ့ စကားလုံးတွေ ပါနေပေမယ့် သိပါ၊ ကြည့်ပါများလာရင်တော့ နောက်ပိုင်းမှာ စကားလုံးတွေပျောက်ပြီးစကားလုံးတွေရဲ့နောက်ကွယ်မှာရှိတဲ့ သဘောတရားတွေကို သိလာပါလိမ့်မယ်။ထင်ရှားသမျှ အာရုံတိုင်းကို မရူမှတ်နိုင်သေးခင်၊ ဒါမှမဟုတ် ရှုမှတ်နိုင်ပေမယ့် အာရုံတစ်ခုတည်း ရှုမှတ်ရင်းနဲ့ပဲ အေးအေးဆေးဆေး နေချင်တဲ့အခါမျိုးတွေမှာတော့ နှာသီးဝလေထိရာအရပ်မှာ စိတ်ကို ကပ်ထားပြီးလေ၀င်ရင် “၀င်တယ်”လေထွက်ရင် “ထွက်တယ်” လို့ရှုမှတ်ရပါမယ်။ လေနောက်စိတ်မလိုက်ဘဲလေထိရာအရပ်ရဲ့ ထိမှုသဘော၊ တိုးမှုသဘော၊ ပူမှုသဘော၊ အေးမှုသဘော၊ တင်းမှုသဘော၊ ရွေ့မှုသဘောတွေကို သေချာကြည့် သေချာသိနေရပါမယ်။

အဲဒီလို စိတ်ကို အတိတ် အနာဂတ်ဆီ ပျံ့လွင့်ခွင့်မပေးဘဲ ပစ္စုပ္ပန်တည့်တည့်မှာ ထားနိုင်မယ်ဆိုရင် အောက်ထစ်ဆုံး အကျိုးတရားအနေနဲ့စိတ်တည်ငြိမ်ခြင်း၊ စိတ်ကြည်လင်ခြင်း၊ စိတ်အေးချမ်းခြင်း၊ စိတ်ခိုင်ခံခြင်းဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်သတ္တိကောင်းတွေ တိုးပွားလာနိုင်ပါတယ်။ စိတ်ထိန်းချုပ်နိုင်မှုစွမ်းအားကြောင့် ကိုယ်နှုတ်လွန်ကျုးမှုတွေကိုလည်း ထိန်းချုပ်လာနိုင်တဲ့အတွက် ကိုယ့်ကျင့်တရား ကောင်းမွန်လာပါတယ်။ စိတ်ယဉ်ကျေးလာတဲ့အတွက် ကိုယ်လည်းယဉ်ကျေး၊ နှုတ်လည်း ယဉ်ကျေးလာပါတယ်။ အတွေးအခေါ် ထက်မြက်ပြီး ဆုံးဖြတ်ချက် မှန်ကန်လာတဲ့အတွက် လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ဘ၀အောင်မြင်မှုလည်း တိုးတက်လာပါတယ်။

တရားဘာဝနာရဲ့တန်ခိုးကြောင့် စိတ်မော်ဒယ်လ် မြင့်လာတဲ့အတွက် အလုပ်မော်ဒယ်လ်ရော၊ဘ၀ မော်ဒယ်လ်ပါမြင့်လာတာပါပဲ။ စိတ်မြင့်မှ အလုပ်မြင့်ပြီး ဘ၀မြင့်ပါတယ်။ စိတ်နိမ့်ရင် အလုပ်နိမ့်ပြီး ဘ၀နိမ့်မှာပါ။ ကိုယ့်စိတ် မော်ဒယ်လ်သစ်လေ၊ကိုယ့်အလုပ်နဲ့ ကိုယ့်ဘ၀မှာ အသစ်အသစ်အောင်မြင်မှုတွေ တိုးပွားလာလေပါပဲ။ကောင်းမြတ်တဲ့ တိုးတက်မှုတွေနဲ့ စိတ်အသစ်၊ ဘ၀အသစ်ဖြစ်လိုသူတိုင်း ကိုယ့်စိတ် ကိုယ့်ဘ၀ကိုမော်ဒယ်လ်သစ်စေတဲ့တရားဘာဝနာ အလုပ်ကိုနေ့စဉ် နေ့တိုင်း အချိန်မရရအောင်ယူ၊ သတိမရရအောင်အလေ့အကျင့်လုပ်ပြီးအားထုတ်သင့်ပါတယ်။

“တစ်နေ့ထက်တစ်နေ့ ငါ့စိတ် မော်ဒယ်လ်သစ်စေရမည်”လို့ဆုံးဖြတ်ပြီး စိတ်ကို မော်ဒယ်လ်သစ်စေတဲ့ တရားဘာဝနာအလုပ်ကို နေ့စဉ်အားထုတ်သွားမယ် ဆိုရင် စိတ်စွမ်းရည်သာမက အလုပ်အခြေအနေရော၊ ဘ၀အဆင့်အတန်းပါမော်ဒယ်လ်သစ်သွား၊ မော်ဒယ်လ်မြင့်သွားပါလိမ့်မယ်ဒကာ သူရနိုင်တင်ရေ........။

စိတ်မော်ဒယ်လ်နေ့တိုင်းမြင့်ကြပါစေ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

အရှင်ဆန္ဒာဓိက ၏ “နို့နှစ်လုံးဖိုးကျေပါတယ်”စာအုပ်မှထုတ်နုတ်တင်ပြပါသည်။

6 comments:

Anonymous said...

တန်ဖိုးရှိတဲ့ မျှဝေမှုလေးတစ်ခုပါပဲ ကိုရေတမာရေ ... အရမ်းကို လိုအပ်ပါတယ် .. ကိုယ်တွေလည်း လောဘတွေ ကိလေသာတွေ အနဲနဲ့ အများတော့ မကင်းနိုင်တာသေချာပါတယ် .. ဆရာတော်ရဲ့ တရားက တကယ်ကို နာယူမှတ်သားကျင့်ကြံသင့်ပါတယ် ..
ကျွန်တော်တို့အားလုံး တစ်နေ့ထက်တစ်နေ့ ကိုယ့်စိတ်ကို ကိုယ်မော်ဒယ်လ် သစ်အောင် မော်ဒယ်လ် မြင့်အောင် တကယ်ကို ကြိုးစားစွမ်းဆောင်သင့်ပါတယ် ...
နေဒေးသစ်။

kiki said...

လိုရင်း တိုရှင်း တရားတော်လေး
ဒီလို တင်ပြပေးတာ ကျေးဇူးပါ ။

ချမ်းမြေ့ ပါစေ ။

ခင်တဲ့ 
မကိ

Anonymous said...

ကျေးဇူးပါနော် .. လာရောက်ဖတ်ရှုသွားပါတယ်း)

မိုးခါး

ဇော် said...

မာမာ
တကယ်ကို တန်ဖိုးရှိပါပေတယ်ဗျာ။
ကျနော်လဲ အဲ့စာကို မြန်မာပြည်မှာ ရှိကတည်းက ဖတ်ဖူးပြီး လိုက်လုပ်ခဲ့ပေမယ့် ခု မာမာပြောတော့ ပိုပြီး မှတ်သားမိသွားတယ်။ ကျနော်က ဒီကိုလာတော့ ဘာစာအုပ်မှ ပါမလာပဲကိုး။ ဒီတစ်ခါ ပြန်ရင်တော့ သယ်ဦးမှပါ။ အဟဲ။

kaungkinpyar said...

တို့လဲ စာလာဖတ်သွားတယ်နော်

မငုံ said...

ကောင်းတယ်။ သိပ်ကောင်းတဲ့ မျှဝေမှု့လေးပါ သူငယ်ချင်းရေ။
နောင်လဲ ဝေမျှပါဦးနော့