Wednesday, June 10, 2009

တကယ်မသေခင်အစမ်းသေကြည့်ရအောင်

ဒီဘ၀ဒီခန္ဒာနဲ့ သံသရာဝဋ်ဇာတ် အမြစ်ပြတ်အောင် အားမထုတ်နိုင်သေးဘူးဆိုရင်တော့ သေလွန်ပြီးတဲ့နောက်
ကောင်းရားသုဂတိရောက်ဖို့ကိစ္စကို အရေးတကြီး ထည့်သွင်းစဉ်စားရပါဦးမယ်။

သောတာပန်၊သကဒါဂါမ်၊အနာဂါမ်၊အရိယာပုဂ္ဂိုလ်များကတော့ ကောင်းရာသုဂတိရောက်ဖို့ သေချာပြီးသားပါ။
အောက်ဆုံးအရိယာဖြစ်တဲ့ သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားပြီဆိုရင်ပဲ အပါယ်လေးပါးဆိုတဲ့ မကောင်းရာဒုဂ္ဂတိကို
လုံးဝမရောက်နိုင်တော့ပါဘူး။

သောတာပန်ပုဂ္ဂိုလ် သေလွန်ခါနီးမှာ အပါယ်လေးပါးကျရောက်သွားစေနိုင်တဲ့ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်
မလာနိုင်တော့ပါဘူး။သောတာပန်မှ မဖြစ်သေးဘူးဆိုရင်တော့ ဘယ်လောက်ကောင်းတဲ့ ပုထုဇဉ်ပဲဖြစ်ဖြစ်၊ဘယ်
လောက်အဆင့်မြင့်တဲ့သူတော်စင်ပဲဖြစ်ဖြစ်အကြောင်းမတော်ရင် အာရုံဆိုး၊ နိမိတ်ဆိုးတွေထင်မြင်လာပြီးအပါယ်
လေးပါး ကျရောက်သွားနိုင်ပါတယ်။

တကယ်သေလွန်ခါနီးအချိန်မှာအာရုံဆိုး၊ နိမိတ်ဆိုးတွေထင်မြင်မလာဖို့အတွက်မသေခင်ကတည်းကကြိုတင်ပြင်
ဆင်ထားဖို့လိုအပ်ပါတယ်။အသေကြီးကိုရင်ဆိုင်ဖို့အတွက် အသေလေးနဲ့လေ့ကျင်ထားရပါမယ်။

“အသေကြီးဆိုတာ”ဘ၀တစ်ခုလုံးရဲ့နောက်ဆုံးအပြီးအပြတ်သေလွန်ခြင်းကိုပြောတာပါ။တကယ်သေသွားတာကို
ပြောတာပါ။ “အသေလေးဆိုတာ”ကတော့ ဘ၀တစ်နေ့တာရဲ့နောက်ဆုံး အိပ်စက်ခြင်းကိုပြောတာပါ။ တဒင်္ဂ၊တစ်ခဏသေသလိုဖြစ်သွားတာကိုပြောတာပါ။ အသေကြီးဆိုတာ မနိုးသောအိပ်စက်ခြင်းဖြစ်ပြီး အသေလေးဆိုတာ နိုး သောအိပ်စက်ခြင်းဖြစ်ပါတယ်။

မနိုးသောအိပ်စက်ခြင်းနဲ့အိပ်စက်ခါနီးအချိန်မှာအကောင်းဆုံးအနေအထားဖြစ်နေဖို့အတွက်နိုးသောအိပ်စက်ခြင်း
နဲ့အိပ်စက်ခါနီးအချိန်ကိုအကောင်းဆုံးအနေအထားဖြစ်အောင် လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ အသေကြီးနဲ့သေ
ခါနီးအချိန်မှာအာရုံကောင်း၊နိမိတ်ကောင်းတွေထင်မြင်နေဖို့အတွက်အသေလေးနဲ့သေခါနီးအချိန်ကိုအာရုံကောင်း
နိမိတ်ကောင်းတွေနဲ့ ထုံမွမ်းပေးထားရပါမယ်။

ညအိပ်စက်တာဟာအသေလေးနဲ့သေတာပါ။ညအိပ်တော့မယ်လို့မျက်စိမှိတ်လိုက်တာနဲ့တစ်ပြိုင်နက်အာရုံကောင်း
တွေ၊ကုသိုလ်အာရုံတွေပဲထင်မြင်နေစေရပါမယ်။ကုသိုလ်အာရုံကဒါနအာရုံ၊သီလအာရုံ၊သမထအာရုံ၊၀ိဿနာအာ
ရုံလို့လေးမျိုးရှိပါတယ်။တကယ်သေခါနီးအချိန်မှာဘယ်ကုသိုလ်အာရုံထင်လာမယ်၊ဘယ်ကုသိုလ်ကိုအာရုံယူလို့ရ
မယ်ဆိုတာကြိုတင်မသိနိုင်တဲ့အတွက် အိပ်ခါနီးအချိန်မှာကုသိုလ်အာရုံလေးမျိုးလုံးကို ယူထားရပါမယ်။

စနစ်တကျကြိုတင်လေ့ကျင့်ထားတာတောင်မှတကယ့်တကယ်သေခါနီးကျတော့ဘယ်ကုသိုလ်ကို အာရုံယူရမှန်း
မသိဖြစ်နေတတ်ပါတယ်။ တကယ်လို့သိခဲ့ရင်တောင်မှအင်အားကြီးမားတဲ့အစွဲအလမ်းအာရုံတွေ၊ အတွယ်အတာ
အာရုံတွေရဲ့လွမ်းမိုးမှုကြောင့်ကုသိုလ်အာရုံကိုအာရုံယူဖို့ခက်ခဲနေတတ်ပါတယ်။ဒါကြောင့်ညအိပ်ခါနီးအချိန်ကိုဘ
ဝတစ်သက်တာမှာပြုခဲ့တဲ့ဒါနကောင်းမှုတွေထဲက ကိုယ်အနှစ်သက်ဆုံး၊ကိုယ်ပီတိအဖြစ်ဆုံး ဒါနကောင်းမှုတစ်ခုခု
ကိုအာရုံပြုရပါမယ်။

အဲဒီဒါနကောင်းမှုဟာ ငွေကြေးအကုန်အကျအနေနဲ့နည်းချင်လည်းနည်းမယ်၊ များချင်လည်းများမယ်၊လုံးဝမကုန်
ကျဘဲရင်လည်းရှိမယ်။အကုန်အကျအနည်းအများကအဓိကမကျပါဘူး။ကိုယ်တကယ်နှစ်သက်ကျေနပ်ဖို့၊ကိုယ်တ
ကယ်ဝမ်းမြောက်ပီတိဖြစ်ဖို့ကအဓိကပါ။ အကုန်အကျများတိုင်း အကျိုပေးထက်သန်တာမဟုတ်ပါဘူး။ ပီတိအား
ကောင်းမှအကျိုးပေးထက်သန်တာပါ။

ညအိပ်ရာဝင်ခါနီးတိုင်း ဘုရားသောက်တော်ရေအသစ်လဲတဲ့အကျင့် စွဲစွဲမြဲမြဲလုပ်ပေးပါ။ အိပ်ခါနီး(အသေလေးနဲ့
သေခါနီး)ရဲ့အနီးကပ်ဆုံးဒါနကုသိုလ်ဖြစ်လို့ အာရုံယူရတာအလွန်လွယ်ကူပါတယ်။အေးချမ်းမှုနဲ့တစ်နေ့တာကိုအ
ဆုံးသတ်ရတဲ့အတွက် ဘ၀တစ်လျှောက်လုံးအစစအရာရာ အဆင်ပြေပြီးအေးချမ်းရပါလိမ့်မယ်။

သီလကုသိုလ်အနေနဲ့အောက်ထစ်ဆုံးငါးပါးသီလ၊လူဝတ်ကြောင်တိုင်မစောင့်မဖြစ်စောင့်ရမယ့်ငါးပါးသီလကိုဆင်
ခြင်ရပါမယ်။ ဆင်ခြင်လိုက်တဲ့အချိန်မှာငါးပါးသီလလုံခြုံသူ ဖြစ်နေဖို့အတွက်ညအိပ်ရာဝင်ခါနီးတိုင်းငါးပါးသီလအ
သစ်ခံယူတည်ဆောက်ပါ။ ဆောက်တည်ပြီးတဲ့အချိန်ကစပြီးမကျိုးမပေါက်ပါစေနဲ့။ အိပ်တော့မယ်ဆိုတော့လည်း
ကျိုးပေါက်စရာမရှိတော့ပါဘူး။ ဒါဆိုရင်“ငါအခုနောက်ဆုံးငါးပါးသီလယူပြီးတဲ့အချိန်ကစပြီး ငါးပါးသီလလုံခြုံနေပြီ
လို့”၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်ပါတယ်။

ရှစ်ပါးသီလ၊သာမဏေသီလ၊ရဟန်းသီလကျင့်သုံးနေသူတွေကလည်းကိုယ့်သီလကိုယ်ဆင်ခြင်နှလုံးသွင်းပြီးဝမ်း
မြောက်ဝမ်းသာဖြစ်နေရပါမယ်။ကုစားသင့်တာရှိရင် မအိပ်ခင်ကကြိုတင်ကုစားထားရပါမယ်။

သမထကုသိုလ်အနေနဲ့ကိုယ်အနှစ်သက်ဆုံး၊ ကိုယ်အကြည်ညှိဆုံး ဘုရားဂုဏ်တော်တစ်ခုခုကိုပွားများပါ။ ဥပမာ၊
အရဟံဂုဏ်တော်ကိုအနှစ်သက်၊အကြည်ညှိဆုံးဆိုရင် “အရဟံ-ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ-ဆိတ်ကွယ်ရာအရပ်၌ပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရား၊ အရဟံ-ပူဇော်အထူးကိုခံယူ တော်မူထိုက်သောမြတ်စွားဘုရား၊”လို့အရဟံဂုဏ်တော်ရဲ့အဓိပ္ပာယ်ကို အာရုံထင်မြင်အောင်စိတ်ထဲကနေ နှလုံးသွင်းပွား များရပါမယ်။

ဘုရားဂုဏ်တော်ကိုးပါးလုံးကိုအဓိပ္ပါယ်သိသိပွားနိုင်ဖို့အတွက်မြန်မာလိုအဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုလေ့လားထား
ရပါမယ်။ကျက်သင့်တာတွေကိုလည်းကျက်ထားရပါမယ်။

နောက်တစ်ခုသမထအနေနဲ့မေတ္တာဘာဝနာပွားများနေရပါမယ်။အနည်းဆုံး“သတ္တ၀ါအားလုံးချမ်းသာကြပါစေ”လို့ သုံးခေါက်လောက်ပွားများရပါမယ်။ကိုယ်နှစ်သက်ရာ၊ကိုယ်အားသန်ရာမေတ္တာပွားနည်းတွေနဲ့လည်းပွားများနိုင်ပါ တယ်။ဒါနကုသိုလ်၊သီလကုသိုလ်၊သမထကုသိုလ်တွေကိုအစဉ်အတိုင်းအာရုံပြုဝမ်းမြောက်ပြီးပြီဆိုရင် နောက်ဆုံး ၀ိပဿနာကုသိုလ်နဲ့အိပ်လိုက်ပါတော့။

နှာသီးဝလေထိရာအရပ်မှာသတိကပ်ထားပြီးလေ၀င်ရင်“၀င်တယ”်၊လေထွက်ရင်“ထွက်တယ်” ရှုမှတ်ပြီးနေပါ။
ဝင်တိုင်းထွက်တိုင်းသာတစ်ဆက်တည်းသိနေမယ်ဆိုရင်လေးငါးချက်ထက်ပိုမမှတ်ရပါဘူး။ချက်ချင်းအိပ်ပျော်သွား ပါလိမ့်မယ်။ဝင်လေထွက်လေရှုမှတ်ခြင်းဟာအကောင်းဆုံးအိပ်ဆေးပါပဲ။လေ၀င်လေထွက်တိုင်းထိတွေ့တွန်းကန် မှုတွေကိုသိနေမယ်ဆိုရင်လောဘ၊ဒေါသစတဲ့ကိလေသာတွေလည်း ဖြစ်ခွင့်မရတော့ပါဘူး။သမာဓိ၊ဉာဏ်ရင့်သန် ပြီးသားပုဂ္ဂိုလ်ဆိုရင် အိပ်ရာဝင်မှာလေ၀င်လေထွက် မှတ်ရင်းနဲ့ မဂ်စိတ်ကျပြီးနိဗ္ဗာန်ကို မျက်မှောက်ပြုသွားနိုင်ပါ တယ်။

ညအိပ်တိုင်းဒါန၊သီလ၊သမထ၊၀ိပဿနာအာရုံနဲ့အိပ်စက်သွားမယ်ဆိုရင်သေလွန်ခါနီးမှာလည်းအဲဒီအာရုံလေးမျိုး တစ်မျိုးမျိုးနဲ့သေလွန်ရမှာသေချာပါတယ်။ ကုသိုလ်အာရုံနဲ့သေလွန်သွားသူကို ကောင်းရာသုဂတိဘုံတွေက သူဦး ကိုယ်ဦးလက်ကမ်းကြိုဆိုနေကြမှာပါ။

ဒါကြောင့်ညအိပ်ရာဝင်၊ခေါင်အုံးပေါ်ခေါင်းချ၊ကျောဆန့်ပြီးတာနဲ့တစ်ပြိုင်နက် “ငါခဏသေလိုက်ဦးမယ်”လို့ကိုယ့် ကိုယ်ကိုစိတ်ထဲကပြောပြီး သေနည်းလေ့ကျင့်ကြဖို့အထူးတိုက်တွန်းလိုက်ပါတယ်။မသေခင်လုပ်ရမယ့်အလုပ်ထဲ မှာသေနည်းလေ့ကျင့်တဲ့အလုပ်ကိုလည်း ထိပ်ဆုံးနေရာက ထည့်သွင်းထားရပါမယ်။

ဆရာတော်အရှင်ဆန္ဒာဓိက၏ “မသေခင်ဘာလုပ်ကြမလဲ”စာအုပ်မှာကူးယူဖော်ပြပါသည်။

3 comments:

နေစိုးနိုင် said...

ငါတို့ကတော့
မသေခင်မှာ
အသက်ရှူနေမယ် :)

kiki said...

လူတိုင်းအတွက် လိုအပ်တဲ့  အသိတရား ၊ သေခြင်းတရားကို အေးဆေးစွာ ရင်ဆိုင်ဖို့ အတွက် လမ်းညွှန်ပေးထားတာ အင်မတန် မှ မွန်မြတ်ပါတယ် ။

ဆက်လက် အားပေးလျှက်..
အမ ကိကီ

မိုးစက်အိမ် said...

အခုလို share လုပ်ပေးတာကျေးဇူးပါ အကို