Monday, June 08, 2009

နွေဦးကံ့ကော်များ


လန်းဆန်းတက်ကြွတဲ့ မနက်ခင်းနဲ့အတူ အလုပ်အသွားဘုရားစာရွတ်ရင်း မွှေးပျံ့တဲ့ရနံတို့ အလုံးအရင်းတိုးဝင်မှု ကြောင့်ဘေးဘီကိုကြည့်လိုက်တော့ ကံ့ကော်ပန်းတွေဝေနေအောင်ပွင့်နေလေပြီ။ အိမ်နှင့်မလှမ်းမကမ်းလမ်းတ လျောက်လုံးကံ့ကော်ပင်တွေနဲ့ လမ်းလည်ကျွှန်းကိုအလှဆင်ထားတာပါ။ အပင်ပေါင်း ၂၀လောက်ရှိပါတယ်။ တချို့ အဖူးလေးတွေပဲရှိပါသေးတယ်။ တချို့ကတော့ပွင့်ဖို့အားယူနေကြပါပြီ။ တချို့ဖြူလွှလွှနှင့် ထိန်နေအောင်ပွင့်နေကြ ပါပြီ။ နွေဦးကံ့ကော်များပင်မဟုတ်ပါလား။ သူ့ရနံ့နှင့် မနက်ခင်း တစ်ခုလုံးကို အလှဆင်နေလိုက်ပုံများ ကြည်နှုးဖွယ် အတိဖြစ်ပါသည်။

ကံ့ကော်ပန်းတွေမြင်တော့စိတ်ထဲမှာဆန္ဒတွေဖြစ်မိတယ်။ တစ်ခုက ဘုရားပန်းအဖြစ် လှူချင်တယ်။ နောက်တစ်ခုက အလှဆင်ဖို့ရောင်းချချင်တယ်။ နောက်တစ်ခုကတော့ အမေ့သနပ်ခါးထဲမှာ ထည့်လိမ်းဖို့ အခြောက်ခံထားချင်တယ်။ ပထမဆုံး စဉ်းစားမိတာသူရဲ့အသုံးဝင်မှုနဲ့ တန်ဖိုးပေါ့။ သူ့ရဲ့အရည်အသွေးနဲ့ အရည်အချင်းတွေကို အပင်ထက်မှာ သာအသုံးချနေရင်တော့ ဘာတန်ဖိုးမှရှိမှာမဟုတ်ပါဘူး။ အပင်မှာထက် ဘုရားစင်မှာသာဆိုရင် သူ့ရနံ့က ရိုးရိုးရနံ့ တင်မဟုတ်ဘဲကုသိုလ်ရနံ့တွေပါရောယှက်နေတဲ့အတွက် မူလတန်ဖိုးထက် ပိုမိုသာလွန်နေမှာပါပဲ။ အပင်မှာထက် ဈေးဆိုင်တန်းမှာဆိုရင် သူတန်ဖိုးဟာရောင်းသူနဲ့ ၀ယ်သူကြားညီမျှနဲ့ တန်ဖိုးတစ်ခုတော့ ရရှိမှာအမှန်ပါပဲ။ပုံသဏ္ဌာန် ပြောင်းလို့သူ့ရနံ့နဲ့ အသုံးဝင်နေဦးမယ်ဆိုရင် ကြည်နှုးစိတ်နဲ့အတူ သူ့တန်ဖိုးကို တသသ ဖြစ်နေဦးမှာ မလွဲပါဘူး။

နောက်တစ်ခုစဉ်းစားမိတာကနေရာပါ။ မြန်မာပြည်မှာသာဆိုရင်တော်တော်အဖိုးတန်ပါတယ်။ တစ်ပွင့်ကိုဈေးကြီး ပေးဝယ်ရပါတယ်။ဒီမှာတော့ အလကားရတောင်ဘယ်သူမှမယူပါဘူး။ နေရာမှားရင်၊ အသုံးမချတတ်ရင်လည်းသူ့ တန်ဖိုးကဘာမှမရှိတော့ပါဘူး။ ကံ့ကော်ပင်တွေကိုကြည့်ရင်းစိတ်ထဲမှာ နှမျောသတဖြစ်ရပါတယ်။ ရဲကြောက်တာ နဲ့မခူးရဲပါဘူး။ ညမှပန်းအိုးထိုးဖို့ ၂ခိုင်၃ခိုင်ခူးလိုက်ပါသေးတယ်။ နွမ်းနေပြီဗျာ။

အလုပ်ကပြန်တော့ ဓါတ်ဆီနံ့တွေဒီဇယ်နံ့တွေကြား တစ်ချက်ချက်ကံ့ကော်နံ့သင်းသင်းလေးတွေ အလုအယှက် ရူကြည့်ရပါသေးတယ်။ ညနေအပြန်ဆိုတော့မိုးချုပ်တော့မယ်လေ။တစ်နေ့လုံးအစွမ်းကုန်ပွင့်ထားသမျှ နေအထိ၊ လေအညှိမှာတွန့်လိမ်နွမ်းခြောက်လို့ တစ်ချို့ကြွေကျနေပါပြီ။ မြေပြင်တစ်ခုလုံးအစုလိုက်အစုလိုက်အပင်ခြေရင်း မှာသက်ဆင်းကုန်ကြပါပြီ။ ခုလိုမြင်ရတော သံဝေဂကဗျာကိုသတိရမိပါတယ်။
“ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်း၊ကွေကင်းနောက်ဆုံးပါတကား
အားအင်ပြည့်တင်း၊ကျန်းမာခြင်း၊နာခြင်းနောက်ဆုံးပါတကား
နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်း၊ အိုခြင်းနောက်ဆုံးပါတကား၊
ဇိဝိန်တင်းလင်း၊သက်ရှင်ခြင်း၊သေခြင်းနောက်ဆုံးပါတကား”ဟူသောသံဝေဂကဗျာပင်ဖြစ်ပါသည်။

ကံ့ကော်ပန်းတွေဖက်ကခံစားကြည့်မိတယ်။ဒီနယ်မြေမှာငါသာလျှင်အမွေးပျံ့ဆုံး၊ပတ်ဝန်းကျင်ကို အလှဆင်နိုင်ဆုံး ဆိုပြီးမာန်ဝင့်နေမိမှာအသေအချာပါပဲ။ မိုးသောက်ယံကနေ အစွမ်းကုန် ပွင့်လန်းလိုက်ချင်စမ်းပါတယ် ။နေဒဏ်လေ ဒဏ်ကိုကြံကြံခံရင်း နေစောင်းမှဖြင့် ပွင့်ဖတ်တွန့်လိမ်စွာ မြေပေါ်သက်ဆင်းလို့ အမှိုက်စာရင်းဝင်ပြီဆိုမှဖြင့်ခက်ရချည့် ရဲ့။ ဒီလိုအဖြစ်မျိုးထက်သန့်သန့်စင်စင် ဘုရားစင်ထက်မှာ ကြွေကျတာမှပိုကောင်းဦးမယ်။ ဒါမှမဟုတ် ပန်သူကိုအလှဆင်အချိန်တန်မှ ကညာပျိုခြေရင်း သက်ဆင်းတာမှ အယုအယခံရဦးမယ်။ ပုံသဏ္ဌာန်အသွင်ပြောင်းလို့အဖေ့ နှာ ခေါင်းရင်းမှာဝပ်ဆင်းတာကမှ ကျေနပ်စရာ ကောင်းဦးမယ်လို့ တွေးတောမိပါတယ်။ နေရာအထားမှားလို့အမှိုက့် ဖြစ်မယ့်အစား ကိုယ့်တတ်နိုင်သမျှ အရည်အချင်း၊ အရည်အသွေး၊အခွင့်အရေးတွေမလွတ်စတမ်း အသုံးချရင်း မိမိ အတွက်ဖြစ်စေ သူတစ်ပါးအတွက် ဖြစ်စေအသုံးချမယ်လို့ ကံ့ကော်ပင်တွေမြင်တိုင်း စိတ်ကူးမိပါသည်။

လေးစားလျက်
ရေတမာ

ကိုယ်တိုင်ရိုက်ထားသောပုံမှာတင်ရန်အခက်အခဲရှိသဖြင့် ဂူဂဲလ်မှရှာဖွေတင်ပြလိုက်ပါသည်။

3 comments:

နေစိုးနိုင် said...

ကောင်းတယ်ဗျာ
နေရာမှားတော့ အမှိုက်ဖြစ်သွားကြတဲ့
ဘ၀တွေ (ငါတို့တောင် ပါလားမသိ )
နည်းမှမနည်းပဲ

မိုးစက်အိမ် said...

ကံကော် ပန်းလှလှလေးတွေ အကြောင်း
လာဖတ်ပါတယ်

မငုံ said...

လှတယ်။ ကံကော်ပန်းတွေ မွှေးကြိုင်နေတဲ့ အနံ့ရတော့ ရင်ကိုအေးတယ်တဲ့။