Friday, August 14, 2009

တိုင်းရင်းသူတစ်ယောက်အကြောင်း

အကိုလူထွေးတက်ဂ်နှင့် နည်းနည်းကိုက်ညီမှုရှိလို့ ကျနော်ရေးကြည့်တာပါ။ အကိုလူထွေးရဲ့ ခေါင်းကြီးပိုင်းမှာ ရေးရလောက်အောင်တော့ လူအများလေးစားရတဲ့ တိုင်းရင်းသားတစ်ယောက် မဟုတ်ပါဘူး။ တခါတလေ ကျနော် သတိတရရှိနေတတ်တယ်။ နာမည်လေးတခုပါပဲ။

တိုင်းရင်းသားဆိုတဲ့ စကားလုံးကို သူငယ်တန်းတုန်းက စကြားဖူးတယ်ထင်တယ်။ နောက်ကျောဖုံးနားလေးမှာလေ ကချင်၊ ကယား၊ ကရင်၊ ဆိုပြီး။ အတန်းလေးနည်းနည်းရတော့ စာတွေထဲမှာ နည်းနည်းပါးပါးတွေ့လာရပြီ။ ပုံဝတ္တုတွေ ထဲမှာလည်း တွေ့လာရပြီ။ နာမည်ဆန်းဆန်းတွေ ကြားလာရပြီ။ ဒီအထိ တိုင်းရင်းသားဆိုတာ ရပ်ကွက်ထဲရောက်မလာသေးဘူး။ လမ်းထဲမှာတွေ့တဲ့ ချင်းလူမျိုးတွေဆိုလည်း တိုင်းရင်းသားဆိုတာထက် ဗမာလို့ပဲ ခံစားရပါတယ်။

အထက်တန်းစာတွေထဲမှာတော့ တိုင်းရင်းသားတွေရဲ့ စွမ်းဆောင်ရည်တွေ သင်ကြားခဲ့ရတယ်။ နယ်ပယ်အသီးသီးမှာ တိုင်းရင်းသားတွေရဲ့ ကြိုးစားမှုတွေတွေ့ရတယ်။ ကျနော်အနေနဲ့ ဗမာလို့ပဲမြင်နေမိတယ်။(ဗမာ စကားပြောနေရင်ပေါ့)။ ကျနော်လေးစားရတဲ့ တိုင်းရင်းသားလို့ဆိုရင် ကျနော့် အဘွားရဲ့ အမေကို မြင်မိတယ်။ တိုင်းရင်းသားဆိုတာထက် တိုင်းရင်းသူလို့ပြောရမယ်ထင်တယ်။

အဘွားဒေါ်ပွင့်ဟာ ရှမ်းအမျိုးသမီးကြီးတစ်ဦး ဖြစ်ပြီး ဗမာစကား မတတ်ပါ။ ကျနော် အဖိုးနဲ့ အကြောင်းပါပြီး ဟိုးရှမ်းပြည် ကနေ ဝေးလန်ခေါင်သီတဲ့ အညာတောမြို့လေးကို လိုက်လာခဲ့သူပါ။ သူ့ကို မှတ်မှတ်ရရ ရှိနေတယ်ဆိုတာက ကျနော် မွေးတဲ့နေ့မှာ သူသေဆုံးခဲ့ပါတယ်။ ကျနော်အမေပြောပြတော့ ကျနော်က “မီးဝင် မီးထွက်”ပေါ့လို့ ပြောတော့ အမေတို့ ရီလိုက်ကြတာ။ ကြီးလာတော့ လူရွင်တော်တွေပြက်မှ သိတော့တယ်။ မီးထွက်တာပဲ ရှိတယ်။ မီးဝင်တယ်ဆိုရင်တော့ မီးတုတ်ကြီး ကိုင်ပြီး သင်္ချိုင်းကုန်းထဲ ၀င်မှပဲရမယ်။

ကျနော်အဘွားတို့ အမေတို့နားကပ်တဲ့ အချိန်မှာ သူတို့ ရာဇ၀င်ကို စပ်စုလေ့ရှိပါတယ်။ အဘွားဒေါ်ပွင့်နဲ့ ကျနော်မဆုံဆည်း လိုက်ရပေမယ့် ကျနော့် မှတ်ဥာဏ်ထဲမှာ ရှိနေတာမို့ အဘိုးနဲ့ ဘယ်လိုဆုံဖြစ်တဲ့ အကြောင်းမေးမိပါတယ်။ အဘိုး မီးရထားဝန်ထမ်းဘ၀နဲ့ ရှမ်းပြည်မှာ တာဝန်ကျစဉ် အဘွားဒေါ်ပွင့်နဲ့ ဆုံဆည်းခဲ့ကြောင်း၊ ယောင်နောက် ဆံထုံးပါခဲ့တဲ့ အကြောင်း အဘွားကပြောပြတယ်။ တောင်ပေါ်ဒေသကနေ အညာနွေအောက်ကို အဘွားဘယ်လို စွမ်းအားမျိုးနဲ့ တိုးဝင်ခဲ့လဲ။ ဘာသာစကား အခက်အခဲကို အဘွားဘယ်လို ခွန်အားမျိုးနဲ့ ကျော်ဖြတ်ခဲ့လဲ။ အခုနေ အဘွားရှိနေသေးရင် ကျနော်မေးကြည့်ချင်တယ်။ အဘွားရဲ့ ဆုံးဖြတ်ချက်ကို လေးစားတယ်။

သူ့ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါတယ်။ မပူမပန်မကြောင့်မကြနဲ့ အေးအေးချမ်းချမ်းနေသွားနိုင်တယ်။ သားသမီးတွေ မြေးမြစ်တွေနဲ့ အိမ်ထောင်တခုကို သန်သန်မာမာ ထူထောင်နိုင်ခဲ့တယ်။ နိုင်ငံအတွက် လူမျိုးအတွက် ဘာမှမစွမ်းဆောင် နိုင်ပေမယ့် ကျနော်တို့ မိသားစုလေးဖြစ်လာအောင် အဘွားစွမ်းဆောင်ပေးနိုင်ခဲ့တယ်။ အဘွားရဲ့ မေတ္တာမရရှိလိုက်ပေမယ့် အဘွားရဲ့သွေးတွေ စီးဆင်းခွင့်ရလိုက်တယ်။ မှတ်မှတ်ထင်ထင်ရှိနေဆဲပါ အဘွားရေ။

ရေတမာ

10 comments:

Angel Shaper said...

ကဲကဲကဲ....
အဘွားဒေါ်ပွင့်ရဲ့ မြေးလေး ပုပ်ပုပ်ရေ....
စီးဆင်းနေတဲ့ အဘွားရဲ့ သွေးတွေ အတိုင်းပဲ ဖြူစင်ရိုးသားပြီး ဘ၀မှာ အောင်မြင်မှုတွေနဲ့  မိသားစုကို ပံ့ပိုးကူညီနိုင်ပါစေနော်။

rose of sharon said...

တောင်ပေါ်ဒေသကနေ အညာနွေအောက်ကို အချစ်ရဲ့စွမ်းအားတွေနဲ့ တိုးဝင်ခဲ့တာသေချာတယ်

kiki said...

ယောင်နောက် ဆံထုံးပါလေ ..
မခွဲဘူးကွဲ့  ချစ်သူရေ ။
တောင်မြောက် ဆုံးပါစေ
မောင့်နောက်က လိုက်မယ်လေ ။
နေပူပူ မိုးရွာရွာလေ ...... တူ နယ် တဲ့ နယ် ဗြောင် .. ဆက်မဆိုတတ်၍ တီးလုံး ဝင်ပေးသည် ။။

အဖွားပွင့်  ကိုကျေးဇူး တင်ပါတယ် ။
နို့ မို့ ဆို ခုလို ပေါခွင့်  ရမှာ မဟုတ်လို့  ...
ဟိဟိ

Beauty Studio USA Branded Store said...

ကိုရေတမာ ရဲ့အဖွားက အတော်ကိုတော်တာပဲ။အဖိုးကိုလဲ အတော်ချစ်ရှာပုံရတယ်။

သားကြီး said...

ဝေလီဝေလင်းရေးးး
ဟီးးးးး ခေါ်ရတာကောင်းတယ်
ကိုယ့်ရဲ့ဇာတ်လိုက်ပဲ
ဇာတ်မနာနာအောင် ရှာကြံရေးဦးမှ
ရှမ်းသွေးပါတယ်ဆိုတော့
ရှမ်းဘောင်းဘီဝတ်ထားတဲ့ ရှမ်းဓါးသမားတွေနဲ့ပေးတွေ့ရမယ်
ထင်တယ် အဲဒါမှ ကိုယ့်ဇာတ်လမ်းလေး တုန် တုန် ချန်း ဖြစ်မှာ ဟီးးးး

Yu Ya said...

အဘွားလွမ်းတဲ့သူထဲမှာ ကျွန်တော်လည်းပါတယ်ဗျ...

kyalkalay said...

သိခြင်ရင်
အညာသူယူပြီး တောင်ပေါ်သွား နေ
တောင်ပေါ်သူယူပြီး အညာမှာသွားနေ

နှစ်ယောက်တော့မယူနဲ့ပေါ့

ကျနော်လဲ ဖွားချစ်

မိုးစက်အိမ် said...

ဘာဘဲဖြစ်ဖြစ် ပေါ.နော် မထင်ရှားခဲ.တဲ.
ကို.ရင်ထဲက သူရဲကောင်းတွေလည်း
အများကြီးပါဗျာ ...

ကိုလူထွေး said...

တနေ့က အစအဆုံးဖတ်ပြီး ဘာမှ မရေးခဲ့မိဘူး။

မမြင်ဖူးပေမယ့် ရေတမာရဲ့ ဖွားဖွားက သတ္တိကောင်းပြီး ချစ်ဖို့ကောင်းမယ့် ပုံပဲ။

တကယ်တော့ ပြည်ပရောက်နေကြတဲ့ ကိုယ်တို့အားလုံးဟာ "မန္တလေးရောက် ရှမ်းတယောက်" တွေပါပဲ ညီရာ...

moekhar said...

အချစ်ဖြင့် အရာရာကို အကောင်းတိုင်း ဖြစ်စေမည်ပေါ့ ..း))