Thursday, August 06, 2009

ငယ်ငယ်တုန်းက

ငယ်ငယ်တုန်းက လမ်းထဲမှာ မအားတဲ့ကြားက မွေးထားသလား မှတ်ရတဲ့ ကလေးတသိုက်ရှိတယ်။ ခါးထစ်ခွင်ချီထားတဲ့ အရွယ်ကလေ ကြီးကောင်ကြီးမားအထိ အရွယ်စုံဆိုက်ဒ်စုံ ပုံသဏ္ဌာန် မျိုးစုံပေါ့။ ညနေ နေစောင်းရင် သူအိမ်ကိုယ့်အိမ် ကနေ အလျှိုအလျှိုထွက်လာကြပါပြီ။ ကစားလိုက်တဲ့ ကစားနည်းကလည်း မျိုးကိုစုံနေတာပဲ။ တနေ့တမျိုးမရိုးစေရဘူး။ ဒီလိုအတွဲညီကြတဲ့ နိုင်ငံသားကောင်းတသိုက် တက်တဲ့ကျောင်းတော်ကြီးကလည်း တကျောင်းတည်းဗျာ။ ဒီတော့ ဘယ်သူကွဲကွဲတို့မကွဲ အမြဲစည်းလုံးမည်ဆိုတဲ့ ဆောင်ပုဒ်တောင် သူတို့လောက် စည်းလုံးပါမလားမသိဘူး။ ဆော့ဖို့ ဆိုရင်ပြောပါတယ်။ ကလေးပေါင်းစုံတော့ ပြဿနာလည်းပေါင်းစုံပေါ့။ အဓိကက မခံချင်အောင် စတာလေးတွေပါ။ ကလေးကတည်းက ပေါက်ပေါက်ရှာရှာ စတတ်တဲ့ ပေါက်ကျော်မလေးတွေရှိတယ်။

ပြီးရင် အိမ်တိုင်းက စားအိမ်သောက်အိမ်ပဲ။ မိဘဘိုးဘွားတွေကလည်း ကိုယ့်ကလေးလို စောင့်ရှောက်ကြတယ်။ ညဖက်ဆို ဘဘနီဆီမှာ ကလေးတွေအားလုံး ဘုရားဝတ်တက်ရတယ်။ လိမ္မာယဉ်ကျေးဖို့ သင်ပေးတယ်။ ပုံပြင်တွေပြောပြတယ်။ လသာသာညတွေမှာဆို ကလေးတသိုက် တလင်းပြင်မှာ ဆော့ပြုလို့၊ လူကြီးတွေရဲ့ စကားဝိုင်း၊ ယက်ကန်းစင်နားဝဲ နေတဲ့ ကာလသားတသိုက်၊ ပန်းချီတချပ်လိုပါပဲ။

အမကြီးတွေဖြစ်တဲ့ မမစိုး၊ မမ၀င်းတို့ မိုးမိုးတို့ မမပြာတို့ နောက်က မေဖြူစင်က မထွေးလေးလုပ် သားငယ်က ရွှေစင်ညိုလုပ်
ရွှေစွန်ညို
ဘာကိုလိုလို့ ၀ဲတယ်ဝဲတယ် ...
မထွေးလိုလို့ ၀ဲပါတယ်....
မထွေးမပါ သူ့ချည်းသာ ပါပါရက်သား နောက်ကထား...ဆိုပြီး လိုက်ဖမ်းတတ်ပါသေးတယ်။ ဖမ်းတဲ့သူကလည်း ဇောနဲ့ အဖမ်းခံရမယ့်သူကလည်းကြောက်နဲ့ အဲဒီတုန်းကပေါ့လေ။

မိုးမိုးက မနှင်း ခေါ် မမစိုးတို့အိမ်ရောက်ရင် ဒီလိုအော်တယ်
ဟိုဘက်ကမ်းက မီးထိန်ထိန်
ဒီဘက်ကမ်းက မီးထိန်ထိန်
ဆီမီးထိန်ထိန်လင်းပါတဲ့
မနှင်းတို့ အိမ် .. ဆိုပြီးလေ...

မေဖြူစင်ဆို သူနဲ့ရန်ဖြစ်ဖူးတဲ့ ငတိမလေးတစ်ယောက်ကိုတော့ စက္ကူစလေးနဲ့ပေါက်ပြီး
နင့်ခေါင်းပေါ်မှာ အမှိုက်ကြီး၊ နင့်အမေ ဗိုက်ကြီး။ ဆိုပြီး ဘာရယ်မဟုတ် ရန်စွာဖြစ်ခဲ့ပါသေးတယ်
ရှိသေးတယ်....
ဘေးအိမ်က ငယ်သူငယ်ချင်း ဖိုးသာထူးဆိုတဲ့ ပိန်ပိန်သေးသေးလေး တစ်ယောက်ကို အမြဲစနောက်နေကျလေ။
ဖိုးသာထူး
ဖိုးသာထူး.... ဖိုးသာထူး၊ အလွန်ဝတဲ့ ဖိုးသာထူး
ဖိုးသာထူးက ၀မ်းပူပူ၊ ဖိုးဝကြီးနဲ့ တူ
တူပါသကွဲ့ မယုံငြား......ဒီမှာကြည့်ပါလား......... ၀ါးးးးးးးးးးး
ဆိုပြီး ပိန်ပိန်ညောင်ညောင် ဖိုးသာထူးကို ပါးတွေဖောင်းပြ၊ မျက်လုံးပြူးပြပြီး လိုက်စတယ်။ အဲလောက်ဆိုးပါတယ်။

အတန်းထဲက ကောင်လေးတစ်ယောက် ကိုရင်ဝတ်တော့
ပိုက်ဆံ ငါးပြား ချေးစမ်းပါ၊ ချီးဘူးးးးးးး ချီးဘူးးးးးးးးးး ဆိုပြီး သူငိုအောင် လိုက်စဖူးသေးတယ်။

မမ၀င်းဆို သားငယ်ကို “ သုံးဘီးကားကြီး ချာချာလည် သားငယ် ရည်းစားပါလာတယ်။
သုံးဘီးကားကြီး ဘီးပေါက် သားငယ် ရည်းစား စိတ်ကောက် “ ဆိုပြီး အမြဲစတတ်တယ်။

ကိုလင်းရယ် ကိုချမ်းရယ် တခြားသူငယ်ချင်းတွေရယ် ဆုံလို့ကတော့ ဘာမှမဟုတ်ဘူး အော်နေကြတဲ့ဟာ
မုန့်လုံးကို စက္ကူကပ်
ရွှေကလာပ်နဲ့ ဆ္ဂမ်းတော်တင်
ပုလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ ပြေး ဂျာအေး............ဆိုပြီးလေ။

သားငယ်တို့ ကိုလင်း တို့ ကိုချမ်းတို့ ယောက်ျားတွေပေါင်းမိပြီဆို
တစ် -နေရာယူ
နှစ် -အသင့်ပြင်
သုံး -ကျည်ဆန်ထည့်
လေး-မောင်းချိန်
ငါး -ဝပ်
ခြောက်-ပစ် ဆိုတဲ့စစ်တိုက်တာတွေပဲများပါတယ်။

မိန်းကလေးတွေပါစုံရင် ဒူးခေါင်တမ်းဆော့တဲ့
တောင်ပေါ်က ရှမ်းကလေး
လျှော်ထမ်းလို့ပြေး
ရှည်တဲ့လျှော်က ရှည်ရှည်
တိုတဲ့ လျှော်က တိုတို

လျှာခလုတ်မတိုက်အောင် ဆိုခဲ့ရတာလေးပါ၊နောက်တခုက

တုံးအောင်ကဖား
ပြားတဲ့ဖားကပြား
ဖောင်းတဲ့ဖားကဖောင်း

လွယ်မလိုနဲ့ ဆိုရင်အမြဲ ခလုတ်တိုက်နေတတ်တယ်၊

ရွံ့ပေါ် ရှဥ့်ပြေး
ရှဥ့်မွှေး ရွံ့ပလူး တဲ့။ မမပြာဦးဆောင်တာ


တခါလား သားငယ်နဲ့ ရန်ဖြစ်ပြီး သူအိမ်သွားတော့
“တု့ဘက်ကလည်းမတည့် သောက်ရှက်လည်းမရှိ
အိမ်နောက်ဖေးက ထုံဖိနပ်နဲ့ရိုက် တေလိုက်” တဲ့

ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်နံနက် ကျောင်းထွက်မယ်။
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်။
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့
ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်။
မောင်မဆော့ပေါင် စိတ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါ့မယ်။
လိုက်မယ် လိုက်မယ် ဆိုပြီး လတ်လတ်တို့ အဖွားနဲ့ ဘုန်းကြီးကျောင်းလည်း လိုက်တတ်ကြသေးတယ်။ တော်ပြီဗျာ မပြောချင်တော့ဘူး။

ငမိုက်သားကို ခွင့်မလွတ်ကြပါနဲ့တော့
ရေတမာ

(မနှင်းရေ ကျေနပ်တော့နော် မကျေနပ်ရင် ထပ်ကော်ပိုင်(ကော်ပီ + ကိုယ်ပိုင်) လုပ်ပေးဦးမယ် :P)

8 comments:

သားကြီး said...

ခုကဗျာကပြောင်းသွားပြီကွဲ့
“ဟိုဘက်ကမ်းကဗိုက်ပိန်ပိန်
ဒီဘက်ကမ်းကဗိုက်ပိန်ပိန်”ဖြစ်သွားပြီ

Angel Shaper said...

ဟွန်းးးးးးးး တတ်လဲတတ်နိုင်တဲ့ တမာပုပ်.... ဖက်နဲ့ထုပ်...
ကြယ်ပုပ်အောက်မှာမြုပ်ပဲနော်... ဟင်းးးးးးးးးးးး

kiki said...

အဲလို ကော်ပိုင်လေး လည်း မဆိုးဘူးဟ ။
DJ ရာတမေ ရေ ။ Remix လို့ ခေါ်လို့ ရမလား ။
နောက်တခါဆို အသံပါ ထဲ့ပေးပါ ဗျိုး ။။
ပိုပြီး သရုပ်ပေါ်အောင် ..
ဟိဟိ

.... နောက် ဆီးရီးစ် အား မျှော်နေပါ၏ .... :)

သမီးပျို said...

“ဇွတ်ဘန်ဘန်...ဘန်ဘန်ဇွတ်“ ဆိုတဲ့ကစားနည်းရော မကစား ကြဘူးလား ...အရမ်းပျော်ဖို့ကောင်းတာ ....မယုံရင် ခုကစားကြည့်ပါလား...ဘလောက်ဂါတွေစုပြီးတော့လေ..

mysterysnow said...

ရေတမာရေ....
ကော်ပိုင်လေးကလဲ မဆိုးရှာပါဘူး....
ဆားချက် ငံပြာရည်ချက် ငါးပိချက်လိုပေါ့နော်...
ဒီတခါတော့ရှိစေတော့....
သမီးပျိုပြောတဲ့ ကစားနည်းတော့
သူပြန်လာမှ ကစားခိုင်းရမယ်...

မနှင်း

သီဟသစ် said...

ရေတမာရဲ့ remix ကဗျာများ
ကိုယ်တိုင်တီးဆို ထွက်တော့မည်

:D


ခင်မင်စွာဖြင့်
သီဟသစ်

မိုးစက်အိမ် said...

ဘယ်လူ စတက်တာလည်းတော. သိဘူး
ကဗျာတွေက အကုန်ထပ်နေပြီဗျာ မုန်.လုံး
လည်းဂျားရစ်ရိုက်လို. မျောက်ကိုလည်း
စက္ကူ တွေ ကပ်နေလိုက်ကြတာ တယောက်ပြီး
တစ်ယောက်ဘဲ မိုးရွာတုန်း မိုးရေချိုးမယ်ဆို
တော. ဆွမ်းနီနီ အမေရွက်တယ်ဆိုတော.
ကုန်ရော ... ကောင်းကြသေးရဲ.လား :D :P

ကောင်းကင်ပြာ said...

ခုမှ လာဆော့ရတယ် ၊ ဒူးခေါင်းလေးတွေ ပွန်းနေပြီ :P