အခုတလော ဘလော့အတွက် ဘာရေးရမှန်းမသိဘူး။ လက်ကလည်းမထွက် ဦးနှောက်ကလည်းမထွက်မို့ ဖတ်လက်စ ဆရာနန္ဒာသိန်းဇံစာအုပ်ထဲက ကြိုက်တာလေးတွေ ကူးယူဖော်ပြနေမိတယ်။ သင့်၏မသင့်၏လည်း ဇဝေဇ၀ါပါပဲ။ မျှဝေချင်တဲ့ ဆန္ဒရှေ့တန်းတင်ရင်း ဇွတ်လုပ်နေမိတယ်။ ကျနော်ရေးရင် လူအတစ်ယောက် သူ့အိပ်မက်ကို လျှောက်ပြောနေသလို ဘယ်သူမှ နားလည်မှာမဟုတ်ဘူး။စာလုံးပေါင်းတွေကတော့ သည်းခံပြီး ဖတ်ပေးကြပါခင်ဗျာ။ ကျနော်စာရိုက်ရတာ အခက်အခဲ နည်းနည်းရှိလို့ပါ။ တတ်နိုင်သလောက်တော့ မှားတာတွေလိုက်ပြင်ထားပါတယ်။
(၁)
သင်္ဘောအကြောင်းစပ်မိရာမှ သူက ကျွန်တော်တို့ သာမာန်လူများ နားလည်ရန်ခက်သော starboard bow နှင့် starboard beam တို့၏ မြန်မာလို အခေါ်အဝေါ်များအကြောင်း၊ starboard quarter နှင့် Asterm စကားလုံးတို့၏ အနက်အဓိပ္ပါယ်များ အကြောင်း ရှင်းပြသည်။ ပြီးတော့ အောက်ပါ အဖြစ်အပျက်ကို သူကပြောပြသည်။
(၂)
တစ်ခါမှာ ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်နေတဲ့ စစ်သင်္ဘော နှစ်စင်းဟာ အင်မတန်းဆိုးရွားတဲ့ ရာသီဥတုနဲ့ ကြုံနေရတယ်။ နေမှောင်စပြုတယ်ဆိုရင်ပဲ နှင်းတွေ တအားကျလာတယ်။ ရှေ့က ဦးဆောင်ပြီးသွားနေတဲ့ စစ်သင်္ဘောက ကပ္ပတိန်ဟာ သူ့လူတွေ မှားယွင်းချွတ်ချော်ပြီး ခုတ်မောင်းမှုမျိုးမဖြစ်အောင် သူကိုယ်တိုင် အခြေအနေတွေအားလုံးကို စောင့်ကြည့် ကြီးကြပ်နေတယ်။ အဲဒီအခိုက်မှာပဲ သင်္ဘောလက်ယာဘက်ဆီမှာ “မီးရောင”်မြင်တဲ့အကြောင်း သတင်းပို့တယ်။ ဒီအခါမှာ ကပ္ပတိန်က မီးရောင်က ငြိမ်နေတဲ့ မီးရောင်လား၊ လှုပ်ရှားနေတဲ့ ရွေ့နေတဲ့ မီးရောင်လားလို့မေးတယ်။
မီးရောင်က ငြိမ်နေတဲ့ မီးရောင်ဖြစ်ကြောင်း သတင်းပြန်ပို့တယ်။ ငြိမ်နေတဲ့ မီးရောင်ဆိုရင် ဒါဟာ ရပ်ထားတဲ့ သင်္ဘော တစ်စင်းက မီးရောင်ဖြစ်မယ်။ ရပ်ထားရင်တော့ ဒီကလာနေတဲ့ သင်္ဘောတွေနဲ့ ၀င်တိုက်မိတော့မှာပေါ့။ အမှန်တကယ်က ငြိမ်နေတဲ့ မီးရောင်ဟာ ရပ်နေတဲ့ သင်္ဘောဆီကလာတဲ့ မီးရောင်မဟုတ်ပါဘူး။ မီးပြတိုက်က မီးရောင်ပါ။ နှင်းတွေက သိပ်ကိုထူထူထည်းထည်းကျနေလို့ မီးပြတိုက်က မီးရောင်လား သင်္ဘောတစ်စင်းစင်းက မီးရောင်လားဆိုတာ မကွဲပြားဘူး ဖြစ်နေတာ။
သတင်းပို့တဲ့အပေါ်မှာ မူတည်ပြိး ကပ္ပတိန်က မီးရောင်ဟာ သင်္ဘောတစ်စင်းစင်းဆီက မီးရောင်လို့ထင်တယ်။ ဒါနဲ့ ၀င်တိုက်မိမှာ စိုးရိမ်ပြီး လမ်းကြောင်း ၂၀ ဒီဂရီစောင်းပေးဖို့၊ ဖယ်ပေးဖို့ တစ်ဖက် သင်္ဘောဆီကို သတင်းပို့ခိုင်းတယ်။ သတင်းပို့သူကလည်း ချက်ချင်းပို့တယ်။ ဒီလိုသတင်းပို့တော့ တဖက်က ချက်ချင်းပဲ “ခင်ဗျားတို့ သင်္ဘောကသာ လမ်းကြောင်း ၂၀ ဒီဂရီ ဖယ်ပြီးသွားပါ” လို့ သတင်းပြန်ပို့တယ်။ အခုလိုပို့တဲ့သတင်းက မီးပြတိုက်က ပြန်ပို့နေတဲ့ သတင်းမှန်း မသိဘူးဖြစ်နေတယ်။ မသိတော့ ကပ္ပတိန်က “ဟေ့ ငါက ကပ္ပတိန် လမ်းကြောင်း ၂၀ ဒီဂရီစောင်းပေးပါ” လို့ ပြန်သတင်းပို့တယ်။ တဖက်က ချက်ချင်းပဲ “ကျုပ်ကလဲ ၀ါရင့်သင်္ဘောသားပါ၊ ခင်ဗျားပဲ လမ်းကြောင်း ၂၀ ဒီဂရီစောင်းပါ” လို့ ပြန်သတင်းပို့တယ်။ ဒီအခါမှာ ကပ္ပတိန်ဟာ ဒေါသူပုန်ထလာပြီး....
“ဟေ့ ဒါ ငါက စစ်သင်္ဘော၊ ဘာထင်လို့လဲ ၊ ၂၀ ဒီဂရီစောင်း” လို့ သတင်းပို့တော့ တစ်ဖက်က “ကျုပ်ကလည်း မီးပြတိုက်”လို့ ချက်ချင်းပဲ သတင်းပို့တယ်။ ဒီတော့မှ မြင်ရတဲ့ မီးရောင်ဟာ မီးပြတိုက်ဖြစ်မှန်း ကပ္ပတိန် သိသွားတယ်။ မီးပြတိုက်ပဲဗျာ၊ ၀င်တိုက်လို့ ဘယ်ဖြစ်ပါ့မလဲ ဒီတော့ သင်္ဘောကပဲ လမ်းကြောင်းပြောင်းခဲ့ရတာပေါ့။
(၃)
အထက်ပါအကြောင်းအရာများကို ပြောပြီးနောက် သူက ဆက်၍ ကိုယ့်ကျင့်တရားစည်းမျဉ်း ဟာတကယ်တော့ မီးပြတိုက်နဲ့ တူတယ်။ မီးပြတိုက်ဆိုတာ ဘေးအန္တရာယ်ရှိတယ် မလာနဲ့ မကပ်နဲ့ ဖယ်ပြီးသွား ဝေးဝေးမှာ ခွာပြီး ရှောင်ပြီးသွားလို့ ပြောပြ နေတဲ့ သဘောရှိတယ်။ ကိုယ်ကျင့်တရားစည်းမျဉ်းဟာလည်း ဒီအတိုင်းပဲ ဒီလို ဒီလို ဒုစရိုက်မူမျိုးတွေ ရှိတယ်။ ဒါတွေကို ဖယ်သွား၊ ရှောင်သွားလို့ ပြောနေတာပဲ။
အန္တရာယ်များလှပါတယ်လို့ မီးပြတိုက်က ပြထားတာကို ၀င်ပြီးတိုက်ရင် မိမိရော၊ မိမိရဲ့ ၀န်းကျင်ကလူတွေရော၊ သင်္ဘောကြီး တစ်ခုလုံးပေါ့ဗျာ၊ လွင့်စဉ်ကြွေမွပြီး ဒုက္ခတွေ အများကြီးရောက်နိုင်တာပေါ့။ ဒီအတိုင်းပဲ မဟုတ်မမှန်ပြုလုပ်တဲ့ ကာယကံ အပြုအမူ မမှန်တဲ့ အတွေးအမြင်နဲ့ တွေးကြံတဲ့ မနောကံ အပြုအမူတွေဟာ အန္တရာယ်များတယ်လို့ ကိုယ်ကျင့်တရားစည်းမျဉ်းက ပြညွှန်နေတယ်။ ဒီလိုညွှန်ပြနေတာတွေကို ရှောင်ဖယ်ပြီး သွားသင့်တာပေါ့ဗျာ။ ဒါမှ မိမိရော အခြားသူတွေပါ ဒုက္ခအန္တရာယ်တွေက ကင်းဝေးမှာ။ ၀င်တိုက်မယ် ချိုးဖောက်မယ်ဆိုရင်တော့ ကိုယ့်ဘ၀ဟာလည်း ကြွေမွလွင့်စဉ်ပျက်စီးနိုင်တယ်။
နေပါဦး၊ ခင်ဗျားတို့ လေ့လာဖူးလား၊ ဒုစရိုက် မကောင်းမှုတွေကို ပြုမူရင် စိတ်စေတနာဇောတွေအလျောက် ဘယ်လို ဘယ်ပုံအကျိုးပေးမှုတွေ ဖြစ်တတ်တယ်ဆိုတာကို ကျုပ်တို့ မြန်မာစာပေ Literature ထဲမှာ အလေးအနက် အမြောက်အမြား ဖော်ပြထားတာတွေရှိတယ်။ အဲဒါတွေကို ခင်ဗျားတို့ အသေအချာသိမှ ပြောခဲ့တဲ့ ကိုယ်ကျင့်တရား စည်းမျဉ်းဟာ တကယ်ကို အန္တရာယ်တွေကို ညွှန်ပြနေတဲ့ စည်းမျဉ်းအမှန်ဖြစ်တယ်လို့သိမယ်။ အန္တရာယ်တွေကို တကယ်ညွှန်ပြေနေတဲ့ မီးပြတိုက်က မီးပါလားလို့ သိမှ ရှောင်သွားဖို့ဖြစ်နိုင်သလို တကယ့်အန္တရာယ်ကို ညွှန်ပြနိုင်တဲ့ ကိုယ်ကျင့်တရားစည်းမျဉ်းမှန်းသိမှလည်း ဒုစရိုက်တွေကို မပြုဘဲတကယ်ရှောင်မှာ။ ဒါကြောင့် စိတ်စေတနာဇောတွေအကြောင်း ဖော်ပြထားတဲ့ မြန်မာစာပေတွေကို လေ့လာသင့်တယ်။ ခင်ဗျားတို့ လေ့လာဖြစ်ရဲ့လား...
(၄)
သူ၏ အထက်ပါမေးခွန်းကို ကျွန်တော်တို့က ခွန်းတုံမပြန်ဘဲ ငြိမ်နေခဲ့ကြသည်ကို ပြန်၍ မြင်ယောင်နေပါသည်။
မှတ်ချက်။ ။ သူပြောပြသော အကြောင်းအရာမှာ Stephen R. Covey ၏ The Seven Habits For Highly Effective People စာအုပ်မှဖြစ်ပါသည်။ သူပြောပုံက မြန်မာနားနှင့် ပို၍ ဆီလျော်သောကြောင့် သူပြောပြသည့်အတိုင်းပင် ဖော်ပြလိုက်ပါသည်။
(နန္ဒာသိန်းဇံ)
အမှတ်၇၀ အင်တာဗျူးဂျာနယ်

14 comments:
အန္တရာယ်တွေကို တကယ်ညွှန်ပြနေတဲ့ မီးပြတိုက်က မီးမှန်း သိပြီး၊ ရှောင်နိုင်တဲ့ ရှောင်ရဲတဲ့ သတ္တိ တွေ၊ ဆန္ဒတွေ မွေးထုတ်၊ ကြိုးစားရမယ်။ ကျင့်ကြံရမယ်။ ကျေးဇူးတင်ပြီးရင်း တင်ပြီးရင်း ပိုမို လေးစားခင်မင်မိပါ၏ ရေတမာ။
ပျော်ရွှင်ပါစေ။
ခုတော့ မီးပြတိုက်ကြီး က သူ့ ဟာသူ ငြိမ်နေတာ ကို
တတ်ယောင်ကား ၊နားမလည် ၊ ထင်ရာစိုင်းတဲ့ ကက်ပတိန်ရူး ဂျိုကုပ်ကြီး က အတင်းဝင်တိုက်ဖို့  သဘောင်္ကို အသားကုန် ဦးတည်နေလေ ရဲ့  ...
အားလုံးဒုက္ခ ရောက်ကြတော့မှာလားးး
နောက်ဆုံးတရက် ဆိုတာ ၃၁ ...
ရေတမာ ... အတွေးတွေ ကြိုက်ပါ၏။
ဒီကလည်း လိုသလို သာ ဆွဲပြီးတွေးခဲ့  ရေးခဲ့ပါ၏..
ကက်ပတိန်ကြီး အချိန်မှီ အသိတရား ရပါစေ...
ကိုယ်ကျင့်တရားနဲ့မီးပြတိုက်နှိုင်းယှဉ်ထားတာကို သဘောကျတယ်... မမြင်ချင်ယောင်မဆောင်မိအောင် သတိထားရမှာပေါ့....
ဖွားကိ ပြောသလိုပဲ
ဂျိုကိုင်ကြီး
အသိတရားရပါစေ
မနက်ဖြန်မိုးမရွာပါစေနဲ့
ဓူဝံကြယ်လင်းလက်တာမြင်ပါရစေ
ဆရာနန္ဒသိန်းဇံရဲ့ ဥပမာတွေကကောင်းလိုက်တာ။ဗဟုသုတရလို့ ဒီစာကိုတင်ပေးတဲ့ ကိုရေတမာကို ကျေးဇူးတင်ပါတယ်။
ဆရာနန္ဒာသိန်းဇံ စာတွေတင်ပေးတာ ကျေးဇူးပဲ ရေတမာရေ။
ကိုယ်ဖတ်ထားတာ ပြန်မျှဝေတာပဲ ... မသင့်မရှိပါဘူး။
ရေးချင်တာလဲ ရေးပါ။ လူအ-အိပ်မက်ဆိုလည်း လူအ-ချင်းတော့ နားလည်မှာပေါ့ ... နော ... :)
ကောင်းတဲ.ဗျာ ဖတ်လိုက်ရတာ အတွေးလေး
တခုရသွားတယ် ကျေးဇူးဗျို. ...
မီးပြတိုက်နဲ့ ကပ္ပတိန် အကြောင်းကို အရင်တုန်းက ဖတ်ဖူးတယ်။ အခုလို ဝေဖန်ပြမှပဲ ကိုယ်ကျင့်တရား စည်းမျဉ်းနဲ့ ချိန်ထိုး စဉ်းစားဖို့ အသိရသွားတယ်။
မီးပြတိုက်နဲ့ ကပ္ပတိန်ကို သဘောကျတယ်...
ကိုယ်ကျင့်တရားလေးတွေ
စည်းကမ်းလေးတွေကို မီးမောင်းထိုးပြထားတဲ့ ဥပမာလေးကလဲ ကောင်းတယ်..
ကျေးဇူးနော် ကိုရေတမာရေ...
ဥပမာလေးတွေ
ကောင်းတယ်ဗျ
ဟလို.. ဟေ့ကောင်
ငါလာနေတယ်
မင်းဖယ်ပေးစမ်း
ဟေ့ကောင်
ငါရပ်နေတယ်
မင်းရှောင်သွားပါ
ဟလို..
မင်းဖယ်ပေးပါ
ငါဘိုကြီးကွ.. ဒါပဲ
ဟေ...
အဲဒါဆို
မီးပဲရှောင်ပေးပါ့မယ်...
ပျော်ရွှင်ပါစေ..
ကောင်းတယ်စာပဲ ရေတမာရေ...
မနေ့က မီးရထားနဲ့ဥပမာပေးတယ်..
ဒီကနေ့ မီးပြတိုက်နဲ့ ဥပမာပေးတယ်..
မနက်ဖြန်ဆိုရင် မီးသတ်ကားနဲ့ ဥပမာပေးဦးမှာလား...
းဝ)
ဒါမှမဟုတ်
မနေ့က ကုန်ပေါ်ကယာဉ်
ဒီကနေ့ ရေပေါ်ကယာဉ်
မနက်ဖြတ်တော့ လေယာဉ်ပျံ...
စောင့်ဖတ်မယ်ကွ...
းဝ)
သင့်ကြောင်းပါ
သင့်ကြောင်းပါ
ဘယ်သူမှ မသင့်ဘူးလို့မပြောပါဘူး
ကောင်းတယ်ဒီလိုအတွေးအခေါ်ပါတဲ့စာမျိုးတွေ
ဆက်လုပ်ညီ...အားပေးနေတယ်
ရေတမာရေ ကောင်းလိုက်တာ နန္ဒာသိန်းဇံ စာအုပ်တွေ ကြိုက်တယ်။ ပြန်မျှဝေတာလည်း ကျေးဇူးပါ။ မောင်လေး ကျန်းမာပျော်ရွှင်ပါစေ
မီးပြတိုက် ကိုယ်ကျင့်တရား။ စောင့်ထိန်းမှု အတွေးခေါ်တွေကို ကြိုက်တယ် နောက်ထပ်ဖတ်လေ။ ကြိုက်လေ သတိပိုရှိလေ
Post a Comment