Wednesday, July 08, 2009

ကျနော်နှင့် မြေပဲလေးများ

ငယ်ငယ်က ဘိုးဘိုး၊ဘွားဘွားတို့ အိမ်မှာနေတုန်းကပေါ့။ ဘွားဘွားက မနက်အစောကြီး အိပ်ရာထပြီ ၃ ၄မိုင်ဝေးတဲ့ ဈေးကို
ခြေကျင်သွားပါတယ်။ သူနဲ့အမှီ အိပ်ရာထပြီး ဈေးလိုက်သွားရင် မနက်စာ ကောင်းကောင်းစားရပါတယ်။ ဈေးမှာ ကြိုက်ရာ
စားနိုင်သလို။ ပြန်လာမှ လက်ဖက်ရည်ဆိုင်မှာ လွေးချင်ရင်လည်း လွေးလို့ရပါတယ်။ တခါတလေ အာရုံရရင် ဈေးက ခေါက်ဆွဲ ၀ယ်လာပြီး အိမ်မှာ ရှယ်ပြန်သုပ်ကျွေးတတ်သေးတယ်။ အအိပ်မက်တဲ့ကျနော် ဒီဂွင်လေးတွေ လွတ်တာများပါတယ်။

ဘွားဘွားကို မမှီရင်တော့ ကိုကိုကြီးနဲ့ မမကြီးရှိပါတယ်။ ကိုကိုကြီးရဲ့ ထမင်းကြော်နဲ့ မမကြီး ဘွားဘွား စကွဲ
(ဆန်အကြေ)တွေကို ဘ၀ပြောင်းပြီး အကြော်တွေ ဖန်တီးထားတတ်ပါတယ်။ အကြီးတွေ ငွေတိုငွေစ ရွင်နေရင်
ကျောင်းရှေ့က ဆိတ်စွပ်နဲ့ နံပြားတီးလို့ ရတယ်။ စားသောက်လို့ပြီးရင် သူတို့က အလျိုလျိုလစ်သွားကြပါပြီ။

ကျန်ခဲ့တဲ့ကျနော်ကတော့ ဈေးကပြန်လာတဲ့ ဘွားဘွားနဲ့မေမေတို့ရဲ့ တောက်တိုမရအခိုင်းခံရတော့တာပါပဲ။ မေမေက အသုပ်ရောင်းတော့ မြေပဲဆံ အမြဲပဲ ထောင်းခိုင်းပါတယ်။ ၂ပြည်လောက်ရှိတဲ့ မြေပဲတွေကို ထောင်းရတာအီစိမ့်နေတာပဲ။ ဘော်ဘော်တွေကလဲ ကစားဖို့စောင့်နေပြီ။ အလုပ်ကလည်းမပြီး။ မြန်မြန်ပြီးအောင် ပြီးစလွယ် အများကြီးထည့်ပြီး ထောင်းတော့ မြေပဲက မညှက်။ ငရုပ်ဆုံဘေးမှာလည်း မြေပဲတွေက မြင်မကောင်းအောင် ပြန့်ကျဲလို့။ အမေက ဆူတော့တာပါပဲ။ အားလုံးပြန်ထုတ်။ နည်းနည်းဆီ ပြန်ထည့်ပြီး ပြန်ထောင်း။ အလုပ်ကို နှစ်ခါပြန်လုပ်ရတာပေါ့။ သူငယ်ချင်းတွေနဲ့ ကစားဖို့လည်း အချိန်မမှီတော့ပါဘူး။

အခုလည်း နည်းနည်းနဲ့ သေသေသပ်သပ်လုပ်ရမယ့် အလုပ်တွေကို များမှပြီးစလွယ်လုပ်တော့ မသပ်မရပ်၊ အမှားများစွာ ဖြစ်လာပါတယ်။ဘယ်အလုပ်ပဲ ဖြစ်နေနေ အချိန်လေးနည်းနည်းလေးပေးပြီး သေသေချာချာ ကောင်းကောင်းမွန်မွန်လေး လုပ်ရင် အလုပ်တွေကို ပြန်ကြည့်တဲ့အခါ စိတ်လည်းချမ်းသာတယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိတယ်။ ဗီဇဆိုတာလည်း ပြင်ဖို့နည်းနည်းလေးခက်လေတော့ ခုထိ အဲဒီလိုဖြစ်အောင် ကြိုးစားနေဆဲပါ။ အလုပ်တွေများလာတယ်၊ အမှားတွေများလာတယ် ဆိုရင် ငါတော့ မြေပဲဆံတွေ အများကြီးထည့်မိပြန်ပြီလား မသိဘူးဆိုပြီး တွေးမိလေရဲ့။


ရေတမာ

12 comments:

သားကြီး said...

မြေပဲဆံထောင်းတာနဲ့အလုပ်ကိုခိုင်းနှိုင်းထားပုံလေးသဘောကျတယ်
ပြီးစလွယ်လုပ်ရင်ဘယ်ဟာမှအကောင်းမဖြစ်ဘူးဆိုတဲ့ အသိတစ်ခုရတယ်
ကိုလည်းတတ်နိုင်သမျှမြေပဲဆံတွေလျှော့ထောင်းနေတာပါပဲ :)

သားကြီး said...

ညီရေ့ ညီ့ဆီမှာတော့မသိ
ကိုယ့်ဆီမှာc-boxကပေါ်လိုက်ပျောက်လိုက်ဖြစ်နေတယ် ဟ
ကွန်မကောင်းလို့နဲ့တူပါတယ်

တလနွန် said...

မြေပဲ နှင့် အလုပ် နှိုင်းပြီး ရေးထားတာ ကောင်းတဲ့ အတွေးလေးတစ်ခုပါပဲ။ မြေပဲ လေး ညက်ညက်ထောင်းနော် :)

ခင်မင်ခြင်းနှင့်
တလနွန်

kiki said...

အကောင်းဆုံး အကြံတခုပေးလိုက်မယ် ...
အသေချာဆုံး အသပ်ယပ်ဆုံး ဖြစ်စေချင်ရင်တော့
မြေပဲ ဆံ လေးတွေ ကို လေ .. တစိ ချင်း ကိုလေ ..
ငရုတ်ဆုံထဲ ကို လေ .. သေသေ ချာချာ ထဲ့  ပြီးတော့လေ..သေချာ အောင် ထောင်း နော် ...

ခိခိ ။။ အလကား အားနေရင် ..ပေါ့လေ ..
အချိန် တွေ အရမ်း ပိုနေရင် ပေါ့ လေ..
ဟဲ ဟဲ..
သေချာ မှတ် ထား နော်..

သက်ကြီး စကား သက်ငယ်နား
အကြား ခါး လှ၏ ..

ဟိဟိ ..စ တာ နော် ..

မိုးစက်အိမ် said...

ကိုရေတမာကြီး အခုအမေက မြေပဲဆန်
ထောင်းခိုင်းရင်ရော နည်းနည်းထည်.ထောင်းမှာ
လား ငယ်ငယ်ကလိုဘဲ များများထည်.ထောင်း
မှာလားဗျ ???????? ဗျူးတာပါ :P

မငုံ said...

ကောင်းတဲ့ ပိုစ့်လေးပါ။ ဘယ်အရာမဆို ပြီးစလွယ် မလုပ်သင့်ကြောင်းလေး ပြောပြတဲ့ သယ်ရင်းရေ အခုထိ အိမ်မှာ အခိုင်းခံရဆုံးပဲလား။ မြေပဲတွေ ညှက်အောင်ထောင်း :)

Anonymous said...

အလွန်ကောင်တဲ့ ပိုစ့်လေဗျာ....
မြေပဲတွေ နှိုက်မစားနဲ့နော် ....
ဟဲဟဲ .......

ကိုလူထွေး said...

ငယ်ငယ်တုန်းက အဖြစ်ကို ပြန်ဆင်ခြင်ပြထားတဲ့ အတွေးလေးက ကောင်းတယ်...

းဝ)

နှင်းနဲ့မာယာ said...

ဟေး မြေပဲ လာမြည်းတယ်နော်...
ချောင်းဆိုးမယ် အများကြီးမစားနဲ့...

ဇော် said...

ဟုတ်တယ်ဗျာ။
ဆိုလိုရင်းလေးဖြစ်တဲ့ နဲနဲနဲ့ သေသေသပ်သပ်လုပ်ရမယ့် အလုပ်တွေကို များမှ ပြီးစလွယ်လုပ်တော့ မသပ်မရပ်နဲ့ အမှားများစွာဖြစ်လာတယ်ဆိုတဲ့ ဆုံးမစကားလေးကို ကျနော်တကယ်ပဲ သဘောကျမိပါတယ်။ သေချာလဲ မှတ်သွားပါတယ်ဗျာ။

မာမာ စာရေးကောင်းပါ၏။ =)

ကောင်းကင်ပြာ said...

အမှားကင်းသူတော့ တို့မတွေ့ဘူးသေးပါဘူး

မဟာဆန် said...

ငယ်ဘ၀ရဲ့ မြင်ကွင်းတစ်ကွက်ကို သရုပ်ဖော်ရင်း ”အလုပ်တစ်ခုကို စိတ်အေးအေးနဲ့ သပ်သပ်ရပ်ရပ်ပြီးအောင် လုပ်ဖို့” ပညာပေးစကားလေး နားထဲ ရိုက်သွင်းပေးလိုက်တယ်။