Thursday, March 19, 2009

စိတ်အားဖြည့်ဓမ္မပဒ (အုပ်စု(၁))


အုပ်စု(၁)
အစုံလိုက်အုပ်စု
စိတ်ကောင်းထားရင်၊ချမ်းသာမယ်၊စိတ်ကောင်းမထားရင်၊ဆင်းရဲမယ်...................
ယမက၀ဂ်လို့ခေါ်တဲ့ အစုံလိုက်အုပ်စုမှာ အစုံလိုက်အစုံလိုက် အတွဲလိုက်အတွဲလိုက် အကြောင်းအရာ တွေကို မြတ်စွာဘုရား ဟောကြားဆုံးမထားပါတယ်။ စိတ်ကောင်းနဲ့စိတ်ဆိုး ဆင်းရဲနဲ့ချမ်းသာ ကောင်းမှုနဲ့မကောင်းမှု ကောင်းကျိုးနဲ့မကောင်းကျိုး ပြီးတော့....................

ဘ၀ဆင်းရဲတာစိတ်မကောင်းလို့
တရားအားလုံးရဲ့ ရှေ့သွားခေါင်းဆောင်ဟာ စိတ်ပါ။ တရားအားလုံးရဲ့ အကြီးအမှူးဟာ စိတ်ပါ။ တရားအားလုံး ဟာစိတ်ကြောင့်ပဲ ပြီးစီးရပါတယ်။ ပျက်စီးတဲ့စိတ်၊ မကောင်းတဲ့စိတ်နဲ့ ပြုမယ်၊ပြောမယ်၊ ကြံစည်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့နောက်ကို ဆင်းရဲဒုက္ခတွေပဲ အစဉ်တစိုက် လိုက်ကြပါလိမ့်မယ်။ ဘာနဲ့ဥပမာတူသလဲဆိုရင် လှည်းတပ်ထားတဲ့ဝန်ဆောင်နွားရဲ့ ခြေထောက်ကို လှည်းဘီးက အစဉ်တစိုက်လိုက်ပြီး နှိပ်စက်နေသလိုပါပဲ။

ဘ၀ချမ်းသာတာစိတ်ကောင်းလို့
တရားအားလုံးရဲ့ ရှေ့သွားခေါင်းဆောင်ဟာ စိတ်ပါ။ တရားအားလုံးရဲ့ အကြီးအမှူးဟာ စိတ်ပါ။ တရားအားလုံး ဟာစိတ်ကြောင့်ပဲ ပြီးစီးရပါတယ်။ကြည်လင်တဲ့စိတ်၊ကောင်းတဲ့စိတ်နဲ့ ပြုမယ်၊ပြောမယ်၊ကြံစည်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့နောက်ကိုချမ်းသာသုခတွေပဲ အစဉ်တစိုက် လိုက်ကြပါလိမ့်မယ်။ ဘာနဲ့ဥပမာတူသလဲဆိုရင် အရိပ်ဟာ......အရိပ်ပိုင်ရှင်၊ အရိပ်ထွက်ပစ္စည်းရဲ့နောက်ကို အစဉ်တစိုက် မခွဲမခွာ လိုက်နေသလိုပါပဲ။

အငြိုးဖွဲ့လျှင်ရန်မငြိမ်း
“ငါ့ကို သူ ဆဲဖူးတယ်၊ ကဲ့ရဲ့ဖူးတယ်၊ အပြစ်ပြောဖူးတယ်၊ ငါ့ကို သူချဖူးတယ်၊ ထိုးဖူးတယ်၊ ရိုက်ဖူးတယ်၊ ငါ့ကို သူမတရား အနိုင်ယူဖူးတယ်” လို့ထပ်တလဲလဲ တွေးတောပြီး ရန်ငြိုးဖွဲ့နေမယ်ဆိုရင် တစ်ကြိမ်တစ်ခါ ဖြစ်ခဲ့ဖူးတဲ့ ရန်ကနှစ်ဦးနှစ်ဖက်လုံးအတွက် ဘယ်တော့မှ မငြိမ်းအေးနိုင်တော့ပါဘူး။

အငြိုးမဖွဲ့မှရန်ငြိမ်း
“ငါ့ကို သူ ဆဲဖူးတယ်၊ ကဲ့ရဲ့ဖူးတယ်၊ အပြစ်ပြောဖူးတယ်၊ ငါ့ကို သူချဖူးတယ်၊ ထိုးဖူးတယ်၊ ရိုက်ဖူးတယ်၊ ငါ့ကို သူမတရား အနိုင်ယူဖူးတယ်” လို့ထပ်တလဲလဲ တွေးတောပြီး ရန်ငြိုးဖွဲ့နေတာမျိုး လုံးဝမပြုလုပ်ဘူးဆိုရင် တစ်ကြိမ် တစ်ခါ ဖြစ်ခဲ့ဖူးတဲ့ရန်ကနှစ်ဦးနှစ်ဖက်လုံးအတွက် အစဉ်ထာဝရ ငြိမ်းအေးသွားနိုင်ပါတယ်။

ရန်တုံ့မမူမှရန်ငြိမ်းမယ်
ရန်တုန့်မူခြင်းဖြင့် ဘယ်တော့မှရန်မငြိမ်းနိုင်ပါဘူး။ ရန်တုံ့မမူမှသာ ရန်ငြိမ်းနိုင်ပါတယ်။ ဒါဟာ....သူတော်ကောင်း တို့ရဲ့ အစဉ်အလာ သွားရိုးလမ်းကြောင်းပါပဲ။

သေမှာသိမှရန်ငြိမ်းမာ်
ခိုက်ရန်ပြုတတ်တဲ့သူတွေက “ငါတို့ဟာ သေမင်းဆီကို အမြဲမပြတ် သွားနေကြရတဲ့သူတွေပါလား”လို့ မသိကြပါ
ဘူး။ အဲဒီလိုမသိကြတဲ့အတွက် ခိုက်ရန်တွေဟာ တိုးပွားလာရပါတယ်။ ပညာရှိသူတော်ကောင်းတွေကတော့
“ငါတို့ဟာ သေမင်းဆီကို အမြဲမပြတ်သွားနေကြတဲ့သူတွေပါလား”လို့ သိကြပါတယ်။ အဲဒီလိုသိတဲ့အတွက် ခိုက်
ရန်တွေဟာ ငြိမ်းအေးသွားကြပါတယ်။

ကမ်းပါးသစ်ပင်လိုလူ
ဝိတက်ဆိုးတွေရဲ့ အလိုကို လိုက်ပြီး ပျင်းရိ တွန့်ဆုတ်နေတဲ့ သူကို ကိလေသမာရ်(စိတ်ကောင်းတွေကို သေအောင် သတ်တတ်တဲ့ ကိလေသာ)ကလွှမ်းမိုး နှိပ်စက်နိုင်ပါတယ်။ ဘာနဲ့ ဥပမာတူသလဲဆိုရင် ချောက်ကမ်းပါးပြတ်မှာ ပေါက်နေတဲ့အာချည့်အားနဲ့ သစ်ပင်ကို အင်အားကြီးမှားတဲ့ လေပြင်းလေထန်က လွှမ်းမိုးချိုးဖျက်ပစ်နိုင်သလိုပါပဲ။

ကျောက်တောင်လိုလူ
ကြုံလာသမျှ အာရုံတိုင်းကို တင့်တယ်တယ်၊ ကောင်းတယ်လို့ အဖန်ဖန်ရှုမြင်တဲ့သူ၊ မျက်စိ၊နား၊နှာ၊လျှာ၊ ကိုယ်၊စိတ် ဣနြေ္ဒခြောက်ပါးကို စောင့်စည်းတဲ့သူ၊ အစားအသောက်နဲ့တကွ ပစ္စည်းဝတ္တုတွေရဲ့ အပေါ်မှာ အတိုင်းအရှည်သိတဲ့သူ၊ ဘုရားတရားသံဃာနဲ့ ကံ၊ ကံရဲ့အကျိုးကို မတုန်မလှုပ် ယုံကြည်တဲ့သူ၊ ကြိုးစားအားထုတ်မှု ၀ီရိယရှိတဲ့သူကို ကိလေသမာရ်(စိတကောင်းတွေကို သေအောင်သတ်တတ် တဲ့ကိလေသာ)ကမလွှမ်းမိုး မနှိပ်စက်နိုင်ပါဘူး၊ ဘာနဲ့ဥပမာတူသလဲဆိုရင် ကျောက်သားအတိပြီးတဲ့ ကျောက်တောင်ကြီးကို အင်အားပျော့တဲ့လေက မလွှမ်းမိုး မဖျက်ဆီးနိုင်သလိုပါပဲ။

ဖန်ရည်စွန်းသူ ဖန်ရည်ဝတ်မ၀တ်ရ
စိတ်အစဉ်မှာ ရာဂ၊ ဒေါသစတဲ့ ကိလေသာဖန်ရည်စွန်းထင်းနေတဲ့သူ၊ မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ် ဣနြေ္ဒခြောက်ပါးကို ယဉ်ကျေးအောင်မဆုံးမတဲ့သူ၊ စကားကို မှန်မှန်ကန်ကန် မပြောဆိုတဲ့သူဟာ ဖန်ရည်စွန်းတဲ့ အ၀တ်(သင်္ကန်း)ကို လုံဝမ၀တ်ရုံ မသုံးစွဲထိုက်ပါဘူး။


ဖန်ရည်ဝတ်နဲ့ ထိုက်တန်သူ
ရာဂ၊ ဒေါသစတဲ့ ကိလေသာဖန်ရည် အားလုံးကို ထွေးအံစွန့်ပစ်ပြီးတဲ့သူ စိတ်အစဉ်မှာ ကိလေသာဖန်ရည် မစွန်း ထင်းတဲ့သူ၊ သီလသိက္ခာ ကောင်းစွာတည်တဲ့သူ သီလရှိတဲ့သူ၊ မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ် ဣနြေ္ဒခြောက်ပါး ကို ယဉ်ကျေးအောင်ဆုံးမတဲ့သူ၊ စကားကိုမှန်မှန်ကန်ကန်ပြောဆိုတဲ့သူဟာ ဖန်ရည်စွန်းတဲ့အ၀တ်(သင်္ကန်း)နဲ့ တကယ့်ကို ထိုက်တန်ပါတယ်။

အနှစ်မကျန်တာ အကြံမှားလို့
အနှစ်မဟုတ်တဲ့ အကာကိုတော့ အနှစ်လို့ မှတ်ထင်၊ အကာမဟုတ်တဲ့ အနှစ်ကိုတော့ အကာလို့သိမြင်နေတဲ့သူ တွေဟာအတွေးမှား၊ အကြံမှား အယူအဆမှားတွေမှာပဲ စိတ်ကျက်စားနေကြတဲ့အတွက် တကယ့်အနှစ်စစ် အနှစ် မှန်ကိုဘယ်တော့မှ မရနိုင်ကြတော့ပါဘူး။

အနှစ်သိမှ အနှစ်ရှိမယ်
အနှစ်ကို အနှစ်လို့ သိပြီး အကာကို အကာလို့မြင်တဲ့သူတွေဟာ အတွေးမှန်၊ အကြံမှန် အယူအဆမှန်တွေမှာပဲ စိတ်ကျက်စားနေကြတဲ့အတွက် တကယ့်အနှစ်စစ် အနှစ်မှန်ကို အပြည့်အ၀ ရရှိနိုင်ကြပါတယ်။

အမိုးကျဲရင် မိုးရွှဲမယ်
ကောင်းကောင်းမိုးမထားတဲ့အိမ်၊ အမိုးကျဲနေတဲ့အိမ်ကို မိုးရေမိုးပေါက်တွေ ထိုးဖောက် ၀င်ရောက်နိုင်သလို သမထဘာဝနာ၊ ၀ိပဿနာဘာဝနာတွေနဲ့ ထုံမွမ်းမထားတဲ့ စိတ်ကိုလည်း ရာဂ၊ဒေါသစတဲ့ ကိလေသာတွေ ထိုးဖောက်ဝင်ရောက် နှိပ်စက်နိုင်ပါတယ်။

အမိုးလုံမှ ချမ်းသာမယ်
ကောင်းကောင်းမိုးထားတဲ့အိမ်၊ အမိုးစပ်နေတဲ့အိမ်ကို မိုးရေမိုးပေါက်တွေ မထိုးဖောက် မ၀င်ရောက်နိုင်သလို သမထဘာဝနာ၊ ၀ိပဿနာဘာဝနာတွေနဲ့ ထုံမွမ်းထားတဲ့ စိတ်ကိုလည်း ရာဂ၊ဒေါသစတဲ့ ကိလေသာတွေ မထိုးဖောက်မ၀င်ရောက် မနှိပ်စက်နိုင်တော့ပါတယ်။

ခုလည်းစိတ်ညစ်နောင်လည်းစိတ်ညစ်
မကောင်းမှုပြုတဲ့သူဟာ ဒီဘ၀မှာလည်း ကိုယ့်မကောင်းကံကို ကိုယ်တွေးပြီး ၀မ်းနည်းစိတ်ညစ်ရသလို နောင်ဘ ၀မှာလည်း ကိုယ့်မကောင်းကံရဲ့ အကျိုးဆင်းရဲဒုက္ခ အမျိုးမျိုးကို ကိုယ်ခံစားပြီး ၀မ်းနည်းစိတ်ညစ်ရပါတယ်။ ပစ္စုပ္ပန်ဘ၀မှာရော တမလွန်ဘ၀မှာပါ ၀မ်းနည်းစိတ်ညစ်ရတာပါ။ မကောင်းမှုပြုတဲ့သူဟာ ကိုယ့်ပြုထားတဲ့ မကောင်းမှုရဲ့ ညစ်နွမ်းမည်းပေမှုကို မြင်ရတိုင်း ၀မ်းနည်းပူဆွေးရ၊ စိတ်ပင်ပန်းဆင်းရဲရပါတယ်။

ခုလည်းပျော်ရွင်နောင်လည်းပျော်ရွင်
ကောင်းမှုပြုတဲ့သူဟာ ဒီဘ၀မှာလည်း ကိုယ့်ကောင်းကံကို ကိုယ်တွေးပြီး ၀မ်းမြောက်ပျော်ရွင်ရသလို နောင်ဘ၀ မှာလည်း ကိုယ့်ကောင်းကံရဲ့ အကျိုးချမ်းသာသုခ အမျိုးမျိုးကို ကိုယ်ခံစားပြီး ၀မ်းမြောက်ပျော်ရွှင်ရပါတယ်။ ပစ္စု ပ္ပန်ဘ၀မှာရော တမလွန်ဘ၀မှာပါ ၀မ်းမြောက်ပျော်ရွှင်ရတာပါ။ ကောင်းမှုပြုတဲ့သူဟာ ကိုယ်ပြုထားတဲ့ ကောင်း မှုရဲ့ သန့်စင်ဖြူဖွေးမှုကို မြင်ရတိုင် ၀မ်းမြောက်ပျော်ရွင်ရ ၊ ကြည်နူးကျေနပ်ရပါတယ်။

အလုပ်မှားက စိတ်ပူရ
မကောင်းတဲ့အလုပ် လုပ်တဲ့သူဟာ ဒီဘ၀မှာလည်း စိတ်ပူလောင်ရ၊နောင်ဘ၀မှာလည်း စိတ်ပူလောင်ရပါတယ်။ ပစ္စုပ္ပန် ၊ တမလွန်နှစ်ခုလုံးမှာ စိတ်ပူလောင်ရတာပါ။ ပစ္စုပ္ပန်ဘ၀မှာ “ငါမကောင်းတဲ့ အလုပ် လုပ်မိလေးခြင်း” လို့ တွေးပြီး စိတ်ပူလောင်ရသလို တမလွန်ဘ၀ အပါယ်လေးပါးတစ်ပါးပါး မကောင်းရာဒုဂ္ဂတိ ရောက်တဲ့အခါ ဆင်းရဲ ဒုက္ခတွေကို နာကျင်သည်းထန်စွာ ခံစားပြီး အကြီးအကျယ် စိတ်ပူလောင်ရပါတယ်။

အလုပ်မှန်က စိတ်အေးရ
ကောင်းတဲ့အလုပ် လုပ်တဲ့သူဟာ ဒီဘ၀မှာလည်း နှစ်သက်ရ၊ စိတ်ချမ်းသာရ၊ နောင်ဘ၀မှာလည်း နှစ်သက်ရ စိတ်ချမ်းသာရပါတယ်။ ပစ္စုပ္ပန် တမလွန် နှစ်ခုလုံးမှာ နှစ်သက်ရ စိတ်ချမ်းသာရတာပါ။ ပစ္စုပ္ပန်ဘ၀မှာ “ငါကောင်းတဲ့အလုပ် လုပ်ထားတယ်၊ ငါကောင်းတဲ့အလုပ် လုပ်ပြီးပြီး”လို့ တွေးပြီး နှစ်သက်ရ၊ စိတ်ချမ်းသာရသ လို တမလွန်ဘ၀ လူ့ပြည်၊နတ်ပြည် ကောင်းရာသုဂတိ ရောက်တဲ့အခါ ချမ်းသာသုခတွေကို ပြည့်စုံကြွယ်ဝစွာ ခံစားပြီး အကြီးအကျယ် နှစ်သက်ရ၊ စိတ်ချမ်းသာရပါတယ်။

သိပြီးမကျင့်ရင် နွားကျောင်းသား
အကျိုးစီးပွားကောင်းတွေ ဖြစ်ထွန်းစေနိုင်တဲ့ ပိဋကတ်သုံးဖော် ဘုရားတရားတော်တွေကို အများကြီး သင်ယူပို့ချ ဟောပြနေပေမယ့် အဲဒီတရားတော်တွေအတိုင်း လိုက်နာပြုကျင့်မှုမရှိဘဲ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေမယ်ဆိုရင် မဂ်ဖိုလ်ဝေစုရတဲ့သူ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့သူ လုံးဝမဖြစ်နိုင်ပါဘူး။ ဘာနဲ့ဥပမာတူသလဲဆိုရင် နွားပိုင်ရှင် သူတစ်ပါးတို့ရဲ့ နွားတွေကို ရေတွက်ထိန်းကျောင်းရတဲ့ အခစား နွားကျောင်းသားဟာ နွားထွက်ပစ္စည်း အရသာငါးမျိုး (နို့ရည်၊ နို့ဓမ်း ၊ ထောပတ်၊ ရက်တက်၊ ဆီဦး)ရဲ့ ဝေစုရတဲ့သူ နို့နဲ့ နို့ထွက်ပစ္စည်းတွေ သုံးဆောင်ခံစားခွင့်ရတဲ့ သူလုံးဝ မဖြစ်နိုင်သလိုပါပဲ။

သိပြီးကျင့်ရင် နွားပိုင်ရှင်
အကျိုးစီးပွားကောင်းတွေ ဖြစ်ထွန်းစေနိုင်တဲ့ ပိဋကတ်သုံးဖော် ဘုရားတရားတော်တွေကို အနည်းငယ်မျှသာ သင်ယူပို့ချ ဟောပြနေပေမယ့် မဂ်ဖိုလ်နိဗ္ဗာန်နဲ့ လိုက်လျောညီထွေတဲ့ အကျင့်ကောင်းအကျင့်မြတ်တွေကို (ကိုယ် သင်ယူလို့ သိထားတဲ့ တရားတော်တွေအတိုင်း) ကျင့်ကြံကြိုးကုတ် အားထုတ်မယ်ဆိုရင် ရာဂ၊ ဒေါသ မောဟတွေ ကိုလည်း ပယ်စွန့်နိုင်၊ သိသင့်သိထိုက်တဲ့ သစ္စာလေးပါး အမှန်တရားတွေကိုလည်း ကောင်းကောင်းပိုင်ပိုင်သိ၊ စိတ်ကလည်း ကိလေသာအနှောင်အဖွဲ့ကနေ ရှင်းရှင်းကြီးလွတ်ပြီး ပစ္စုပ္ပန်ရုပ်နာမ်ခန္ဓာ အပေါ်မှာရော၊ တမလွန် ရုပ်နာမ်ခန္ဓာအပေါ်မှာရော၊ အတွင်း အဇ္ဈတ္တ ရုပ်နာမ်ခန္ဓာအပေါ်မှာရော၊ အပြင်ဗဟိဒ္ဓ ရုပ်နာမ်ခန္ဓာအပေါ်မှာပါ တဏှာဒိဋ္ဌိနဲ့ မစွဲလမ်းတော့တဲ့ ရဟန္တာပုဂ္ဂိုလ် ဖြစ်နိုင်ပါတယ်။ နွားပိုင်ရှင်ဟာ နို့နဲ့ နို့ထွက်ပစ္စည်းတွေရဲ့ အရသာ ဝေစုကိုရသလို နည်းနည်းသိပြီး များများကျင့်တဲ့ ပုဂ္ဂိုလ်ဟာလည်း မဂ်ဖိုလ်ဝေစုရတဲ့သူ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့သူ ဖြစ်နိုင်ပါတယ်။


အရှင်ဆန္ဒာဓိက ၏ စိတ်အားဖြည့်ဓမ္မပဒ စာအုပ်မှ ထုတ်နုတ်တင်ပြပါသည်။

No comments: