မင်းဆီ မလာနဲ့ဆိုပြီး
မြစ်ဆုံ စီမံကိန်းလို မကန့်ကွက်လိုက်ပါနဲ့
မေတ္တာဆည်က အချစ်ဓါတ်အားတွေ လိုအပ်သလောက် ပေးနိုင်ပါတယ်
မင်းဆီ ဖုန်းမဆက်နဲ့ဆိုပြီး
ထားဝယ်ကျောက်မီးသွေးစက်ရုံလို မပိတ်ပင်လိုက်ပါနဲ့
မင်းပတ်ဝန်းကျင်ကို မထိခိုက်စေရပါဘူး
အမတ်လောင်းတယောက်လို မဲဆွယ်နေတာမဟုတ်ပါဘူး
မင်းရဲ့ မေတ္တာရွေးကောက်ပွဲမှာ အနိုင်ရဖို့ အတွက်ပါ
မင်းရဲ့ နှလုံးသားလွတ်တော်မှာ နေရာတနေရာ ရဖို့ပါ
စီးပွားရေးပေါ်လစီအရ သံတမန်ခင်း နေတာမဟုတ်ပါဘူး
ငါ့ဘ၀တခုလုံး ရင်းနှီးမြှုပ်နှံဖို့ပါ
ကိုယ်ကျိုးသက်သက် အမြတ်ထုတ်မှုမျိုး မဟုတ်ရပါ
အပစ်အခပ်ရပ်စဲရေးလို စေ့စပ်ညှိနှိုင်းနေတာမဟုတ်ပါဘူး
မင်းအတွက်ဆို အမြဲတမ်း လက်နက်ချပြီးသားပါ
ငါ့အသည်းအနာတရ မဖြစ်ဖို့ ငြိမ်းချမ်းရေး တောင်းဆိုမှုမျိုးပါ
ဒီမိုကရေစီအရေးလို တွေ့ဆုံဆွေးနွေးချင်တာ မဟုတ်ပါဘူး
ငါ့နှလုံးသားရဲ့ အခွင့်အရေးအတွက်ပါ
ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောတူညီမှုမျိုး လိုလားတာပါ
သဘာဝပတ်ဝန်းကျင်လို မင်းကို ကာကွယ်စောင့်ရှောက်ပါ့မယ်
ရှေးဟောင်းအမွေအနှစ်လို မြတ်နိုးတန်ဖိုးထားပါတယ်
ကားအိုကားဟောင်းပယ်ဖျက်သလို ဘယ်တော့မှ အစားမထိုးပါဘူး
အချစ်ကိုယုံကြည်မိလို့ နှလုံးသားအကျဉ်းချခံထားရတဲ့သူကို
လူပျိုကြီးဘ၀က လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ့လားကွယ်
ဝေလင်း
၂၂၊၁၊၂၀၁၂
p.s မင်းသာငြင်းပယ်ခဲ့ရင် ၂၀၁၂ မှာ ငါ့ကမ္ဘာတကယ်ပျက်မှာ
Monday, January 23, 2012
Subscribe to:
Post Comments (Atom)
1 comment:
ဟဟ..
လူပိုကြီးကလဲအေ :P
Post a Comment