ကျနော်တိုင်းတပါးကိုစရောက်တော့ အသက်(၁၉-၂၀)ဗျ။ ဒီအရွယ်ဆိုတော့ လူငယ်သဘာဝ လွတ်လပ်လပ် နေချင်သလို နေတာပေါ့ဗျာ။ အိမ်မှာဆိုရင်တော့ လိုလေသေးမရှိပေါ့။ စားစရာဆိုရင်လည်းအဆင်သင့်၊ အ၀တ်ဆိုလည်း ကိုယ်တိုင်လျှော်စရာ မလိုဘူးပေါ့ဗျာ။ အိမ်ကဟင်းမကြိုက်ရင် တောင်အပြင်မှာ ကိုယ်ကြိုက်တာ ၀ယ်စားနိုင်ပါတယ်။ ဒီလိုအခြေနေမှာ ကိုယ်ဘာသာရပ်တည်ဖို့ဆိုတာခက်ခဲပါတယ်။ နေရေးနဲ့ဝတ်ရေးအတွက် အဆင်ပြေပေမယ့် စားရေးအတွက် အခက်အခဲရှိပါတယ်။ စားသောက်ဆိုင်မှာစားဖို့ဆိုတာ ရေရှည်မှာမလွယ်ပါဘူး။ ကိုယ်တိုင်ချက်စားရမယ် ဆိုတော့ဘာလိုချက်ရမယ်ဆိုတာ မသိပါဘူး။ ကြက်ဥနဲ့ခေါက်ဆွဲကတော့ ပင်တိုင်မင်းသားပဲ။ တဖြည်းဖြည်းစမ်း တ၀ါးဝါးနဲ့ ချက်တော့နည်းနည်းစားလို့ရတဲ့ အဆင့်ရောက်လာတယ်။ ထမင်းကတော့ ပေါင်းအိုးနဲ့ချက်တော့ လွယ်တာပေါ့။ ဒါတောင် ရေအချိန်အဆလိုသေးတယ်ဗျ။ ဒါတွေ ဘာလို့ပြောနေတာလဲဆိုတော့ ထမင်းတနပ် ဟင်းတနပ်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ တယောက်စာအတွက်တောင် ခက်ခဲတယ်ဆိုရင် မိသားစုတစုအတွက် ဆိုရင် အိမ်ထောင်ရှင်မတယောက်အနေနဲ့ အရမ်းပင်ပန်းလှပါတယ်။ ဒါအပြင် ဟင်းမထပ်ရလေအောင် စဉ်စား ပြီးခေါင်းခြောက်ရတာ ဈေးသွားဖူးသူတိုင်းသိကြမှာပါ။ ကျနော့်အယူအဆကတော့ ဟင်းချက်တာလည်း အနုပညာတမျိုးလို့ ထင်တယ်။ ရေမီးအချိန်အဆ၊ ဟင်းတွဲဟင်းစပ်ကိုလည်း စိတ်ကူးနဲ့ပုံဖော်ရတယ်။ ကျနော်တို့ အမေတွေကစေတနာ၊ မေတ္တာတွေပေါင်းလိုက်တော့ မိသားစုကိုနွေးထွေးစေတဲ့ဆေးတခွက်ပါပဲ။ ကျနော်ထမင်း ဟင်းကောင်းကောင်းချက်တတ်တော့ ပထမဆုံးသတိရတာမေမေ့ကိုပါ။ ကျနော်တို့ယောက်ျားလေးတွေ အနေနဲ့ထမင်းဟင်းချက်တတ်ဖို့ဆိုတာ မလွယ်တဲ့အချိန်မှာ မြန်မာပြည်ပြန်ရောက်ရင် မေမေ့ကို ဟင်းတခွက်လောက်ချက်ကျွှေးချင်တယ်။
ဒီဇင်ဘာ မိုး
2 months ago
3 comments:
ဟုတ္ပါ၏ မွန္ပါ၏
တော်တယ်..
မေ့မေ့ကို ဟင်းတခွက်လောက် ချက်ကျွေးချင်တယ် တဲ့။
စိတ်ထားလေး တော်တယ်။
Post a Comment