Sunday, November 08, 2009

ရေလိုအေးမြပါစေ

ညီမလေးရေ
ဘ၀ဆိုတာ မကြီးမိုးချိုသင်း ရေးပြီးတင်ထားတဲ့ ဆရာကြီး ဘဘဦးတင်မိုးရဲ့ ၀လုံးလေးနဲ့ စတဲ့ ဘ၀ ကဗျာလိုပဲ ဘ၀ကြီးထဲ တိုးဝင် မိကြတယ် ဆိုရင်ဖြင့် ဆူဆူပူပူ တ၀မ်းပူလို မျိုးတွေနဲ့လည်း တွေ့ကြုံကြရတယ်။ တခါကပြောခဲ့ဖူးတယ်
“ဘ၀”က “ဘ”ကုန်းနဲ့ ဘလို့ပဲ “ဗ” လချိုက်နဲ့ ဗရင် ထွက်ပေါက်တောင်ရှိမှာ မဟုတ်ဘူးဆိုပြီးလေ။ အခု ဗ၀ထဲကိုရောက်နေတော့ ထွက်ပေါက် အသည်းအသန် လိုနေပြီလား။ အသက်တရာမနေရ အမှုတရာပွေရဆိုတဲ့ ဓါတ်ပြားဟောင်းကြီးပဲ ပြန်ဖွင့်ပြပါရစေ။ ဒီလိုပူပင်သောကတွေကြား သေရင်အေးမယ်ဆိုတဲ့ စိတ်ကူးတွေများ ရိုက်သတ်လို့မကုန်ဘူး ညီမလေး။ ဒါကိုကြည့်ရင် ရုပ်ခန္ဓာမရှိရင် ငြိမ်းအေးမယ်ဆိုတာ မြင်ရတယ်။ တရားပေါက်သွားတယ် လို့တော့ မထင်လိုက်ပါနဲ့။ တကယ့်ထွက်ပေါက် မဟုတ်ဘူးဆိုတာ ပြောချင်တာပါ။

တခါတခါ ဖြေတွေးလေးတွေလည်း တွေးရသေးတယ်။ ဒီကမ္ဘာမှာ ဒုတိယကံအကောင်းဆုံးလူကို ပြောဆိုရင် ကိုယ့်ကိုယ်ကို လက်ညိုးထိုးရလိမ့်မယ်။ ဘာလို့လဲဆိုတော့ တနေ့ထမင်းသုံးနပ်စားရတယ်။ အ၀တ်အစား အကောင်းစားတွေ မဟုတ်ပေမယ့် လူတန်းစေ့ ၀တ်နိုင်တယ်။ လုံခြုံနွေးထွေးတဲ့ အိမ်နဲ့နေရတယ်။ မတောက်တခေါက် ပညာလေးရှိတယ်။ သင့်တင့်တဲ့ အလုပ်လေးရှိတယ်။ မိဘနှစ်ပါးရှိတယ်။ မောင်နှမ ဆွေးမျိုးသားချင်းတွေ သက်ရှိထင်ရှား ကျန်းကျန်းမာမာရှိကြတယ်။ ဘာလို့ ဒုတိယအကောင်းဆုံးလည်းဆိုတော့ ရပ်ဝေးမှာရောက်နေလို့ပဲ ညီမလေး။

မိဘအရိပ်နဲ့ခွဲခွာပြီးနေရတဲ့ ဘ၀ဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ရပ်ဝေးရောက်နေသူတိုင်းသိပါတယ်။ ဆိုလိုတာက မိဘဆီမှာတုန်းက စားဝတ်နေရေး မပူပင်ခဲ့ရသမျှ ကိုယ့်ဘာသာရပ်တည်တဲ့အခါ ခက်ခဲခဲ့တယ်။ ဆွေမျိုးသားချင်း ငွေကြေးအင်အား အဆင်ပြေတယ် ထားဦးတော့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း အပြောင်းအလဲနဲ့ အိမ်လွမ်းတဲ့ ဒဏ်တွေ ခံရတယ်မဟုတ်လား။ ဒါမှမဟုတ် အချစ်နတ်ဆိုးလေးများ ကျီစယ်လေပလား။ အချစ်ဆိုတာ ဘ၀တခုမဟုတ်ဘူးနော်။ ဖတ်ဖူးတဲ့ စာအုပ်ထဲက ပြောရရင် အချစ်ဆိုတာ လိမ္မော်သီးထဲက လိမ္မော်စိပ်လေး တစိပ်ပဲ။ ဘ၀မှာ အရေးကြီးတဲ့ တခြား လိမ္မော်သီးစိပ်နဲ့ တူတဲ့ ကျန်းမာရေး ပညာရေး စားဝတ်နေရေးတွေ ရှိသေးတယ်။

ဒုက္ခဆိုတာ ကိုယ်တိုင်ကြုံဖူးမှ ဘယ်လောက် ခါးမှန်းသိပါတာ။ ဒါနဲ့ ပက်သက်ပြီး ရီစရာလေး ပြောပြရဦးမယ်။ တခါက ဘုန်းကြီးတပါးဟာ အသုဘတွေမှာ ငိုကြွေးနေတဲ့သူတွေကို တရားနဲ့ဖြေပါဆိုပြီး အားပေးလေ့ရှိတယ်။(ဆရာလုပ်တယ်လို့ ယူဆချင်လည်း ယူဆပေါ့) သူဟာ အမြဲတမ်း အဲလိုပြောလေ့ရှိတယ်။ တနေ့ကြတော့ အဲဒီ ဘုန်းကြီးရဲ့ မယ်တော် ဆုံးသွားတဲ့အခါ ရှိုက်ကြီးတငင်ငင် ငိုနေတဲ့ သူ့ကို လူတွေက တရားနဲ့ ဖြေပါဆိုပြီး ဆုံးမတဲ့အခါ “သေတာ ငါ့အမေ့ကွ” ဆိုပြီး ပြန်အော်သတဲ့။ အဲလိုမျိုးကိုယ်တိုင်မခံစားရတိုင်း ပြောအားရှိတယ်လို့ မထင်လိုက်ပါနဲ့နော်။ ပူပင်သောကတွေ ရောက်နေတယ်ဆိုမှဖြင့် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။

ဟိုးအရင်တုန်းက ကိုနိုင်ရေးခဲ့တဲ့ NICK VUJICIC ရဲ့အကြောင်းလေး ဖတ်ခဲ့ဖူးမယ်ထင်တယ်။ မေ့နေခဲ့ရင် ပြန်ပြောပြမယ်နော်။ နစ်ကခြေရော လက်ရော မရှိရှာဘူး။ ညီမလေး စဉ်းစားကြည့်စမ်း။ သူ့လောက် ကံဆိုးတဲ့သူ ရှိနိုင်ဦးမလား။ ချိုင်းထောက်နဲ့လူ အပြင်သွားဖို့ ရှက်တာထက် သူ့ရဲ့ ရှက်ကြောက်စိတ်က ဆယ်ဆသာတယ်တယ်။ wheel chair နဲ့လူထက် ရှက်ကြောက်စိတ်သာတယ်။ ရိုင်းရိုင်းပြောရရင် အဖေမပေါ်ဘဲ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီး အပြင်ထွက်ရမှာထက် သူရှက်တာ သာမယ်ဆိုတာ လောင်းရဲတယ်။ ငွေကြေးရှိတာ အပထားလို့ ကိုယ့်စားဝတ်နေရေးမှ မဖြေရှင်းနိုင်တဲ့၊ မတ်တတ်တောင် မရပ်နိုင်ရှာတဲ့ လူတယောက်အတွက်စိတ်ဓါတ်တွေ အ၀ီစိထိအောင်ကျနေလိမ့်မယ်။ ဒါပေမယ့် နစ်က လဲကျတိုင်း ပြန်ထခဲ့တယ်။


ညီမလေးရဲ့ စိတ်ဓါတ်တွေလည်း အဲဒီလို ခိုင်မာစေချင်တယ်။ ဖြစ်လာတဲ့ ပြဿနာတိုင်းကို အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းစေချင်တယ်။ ညီမလေးမှာ ရင့်ကျက်တဲ့ စိတ်ဓါတ်ရှိတယ်ဆိုတာ သိပြီးသားပါ။ ညီမလေး ရည်မှန်းထားတဲ့ ပန်းတိုင်မရောက်မချင်း အားမလျော့ပါနဲ့။ ဖြစ်ခဲ့တဲ့ပြဿနာတွေ၊ မဖြစ်လာသေးတဲ့ အကြောင်းတွေ စဉ်းစားပြီးလည်း စိတ်ညစ်မနေစေချင်ဘူး။ ကိုယ်ယုံကြည်အားကိုးလောက်တဲ့ သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း ပြဿနာတွေကို ကျော်လွှားစေချင်တယ်။ ပူလောင်တဲ့ ဘ၀ကြီးထဲမှာ ကိုယ်ကိုယ်တိုင် ပူလောင်နေပေမယ့်လည်း ညီမလေး သောကတွေ တခဏလေးဖြစ်ဖြစ် ငြိမ်းအေးစေချင်တယ်။ အပြုံးမျက်နှာတွေ ပြန်တွေ့ချင်ပါတယ်။ ဒီစာဖတ်ပြီးချိန်မှာ ညီမလေး ပြန်ထဖို့ အားတချို့ရခဲ့တယ်ဆိုရင် ရေးရကြိုးနပ်ပါတယ်။

ပူပင်သောကတွေ အမြန်ဆုံးပြေပျောက်ပါစေ

14 comments:

kiki said...

ဘယ်ညီမလေး အတွက် အားပေးစကားလည်းတော့ မသိပါဘူး ။ ဘာကြောင့် အားပေးရမှန်းလည်း မသိပါဘူး ။
ဒါပေမဲ့ ဒီစာလေး ဖတ်မိပြီး ကိုယ့်ဟာကိုယ်ပဲ အားပေးမိလိုက်ပါတယ် ...

ရာတမေ လည်း အဲ့ဒီ ပုံပြင်ထဲက ဘုန်းကြီးလို မဖြစ်ရအောင် သတိပြုပါ ..း))

အငိုမျက်လုံး အပြုံးမျက်နှာ ...း))

ပုံ့မေ said...

ဒီညီမလေး အားယူ၊ အားရသွားတယ်။း))

အင်း ကိုယ့်ကိုယ်ကို ဒုတိက ကံအကောင်းဆုံးလူပေါ့လို့ အားတင်းသွားတယ်။

ခြေနှစ်ဖက်နဲ့ ရပ်နိုင်သေးတယ်၊ လက်နှစ်ဖက်နဲ့ အလုပ်လုပ်နိုင်သေးတယ်၊ အသိဥာဏ်ရှိတဲ့ ဦးနှောက်လေး၊ အရာအားလုံး မြင်နိုင်၊ကြားနိုင်၊ခံစားနိုင်တဲ့ ရုပ်တရားကြီးလဲ ပိုင်ဆိုင်ထားသေးတာ ငါတော်တော် ကံကောင်းနေပြီနော် ရေတမာ... :)

ဆောင်းချမ်းမိုး said...

ညီမလေးကတော့ ဘယ်လိုနေမယ်မသိ
ကိုကြီးကတော့ ဖတ်ပြီး အားရှိသွားတယ်။
ရေးထားတာကောင်းတယ်ဗျာ..

ကိုလူထွေး said...

နေဝင်ညကို ကူးဖြတ်ပြီးမှ ရောင်နီသာတဲ့ နေ့သစ်ကိုရောက်မယ်...

အရှုံးမပေးနဲ့ မိငယ်ရေ.. ရဲရင့်မှ ကျော်ဖြတ်သွား...

းဝ)

ကောင်းကင်ပြာ said...

ညီမလေး အတွက် ရေးပေမဲ့ မမ လဲ လာအားယူ သွားပါတယ်...

leomark said...
This comment has been removed by a blog administrator.
rose of sharon said...

ဒုက္ခဆိုတာ ကိုယ်တိုင်ကြုံဘူးမှ ဘယ်လောက်ခါးမှန်းသိတာပါတဲ့....မှန်လိုက်လေကွယ်

နွေးနေခြည် said...

ညီမလေးလည်း အမြန်ဆုံး အားယူပြီး ပြန်ထနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မှ
ဒုတိယ ကံအကောင်းဆုံးလူ

မြစ်ကျိုးအင်း said...

စိတ်ဓါတ်ခွန်အားပေးတဲ့ စာစုလေးပါပဲ

ဘ၀မှာ လဲကျနေတဲ့သူတွေရှိနေတယ်။

ဒီလိုစိတ်အဟာရ စာပေလေးတွေဖတ်ပြီး ပြန်ထူနိင်ခဲ့ ရင်
ဒါဟာ စာရေးသူအတွက် ပီတိဖြစ်စရာပါပဲ

နွေးနွေးသဲမွန် said...

စာကောင်းလေးတပုဒ်ကိုဖတ်ရင်း ချီးကျုးစကားဆိုချင်မိတယ်...း-)

Anonymous said...

ဒီစာလေးကိုရေးပေးပြီး အားပေးတဲ့ ကိုကြီးကိုအရမ်းကျေးဇူးတင်ပါတယ်

ချစ်သောညီမလေး

ဇော် said...

ဟင် .. ညီမလေးဆိုလို့ ကျနော့်ကိုများ ပြောတယ်လားလို့ ၀မ်းတာဒွားမို့ ပြင်တုန်းရှိတေး .. အပေါ်က အနောနီးမတ်စ်က ကျေးဇူးတဲ့ .. ဘာဒုန်းဂျ .. =P

တကယ်ကို မှတ်သားစရာကောင်းတဲ့ အက်ဆေးတစ်ပုဒ်ပါပဲ ကိုလေး .. =)

မငုံ said...

ရေတမာရဲ့ ညီမလေးဆိုတာကို အားပေးသွားတယ်။ အားမလျော့နဲ့. အကောင်းဆုံးလုပ်ဆောင်သူသည် ကျရှုံးသွားရင်တောင် ၀မ်းမနည်းဘူးတဲ့။ ဘာလို့လဲဆိုတော့ အကောင်းဆုံးလုပ်ခဲ့လို့ပါပဲ။ ဒါက မငုံ လက်စွဲလေးပါ။

Angel Shaper said...

ရာတမေရဲ့ အမှန်ရည်စူးသူ ညီမလေးနဲ့ ထပ်တူ ငါ နင့်သူငယ်ချင်း ညီမလေး အိန်ဂျယ် ပုပ်ကလေး ကျေးဇူးတင်စွာ လာဖတ်တယ်။ မှတ်သားသွားတယ်။ အားမာန်သစ်တစ်ချို့နဲ့ ပြန်ပြီနော်။ အဆင်ပြေပါစေဟာာာာ