Wednesday, May 20, 2009

ဖိနပ်ပါး

1 comment

စာမရေးနိုင်တာလည်း တော်တော်ကြာနေပါပြီ။ ရေးတတ်လို့တော့မဟုတ်ပါဘူး။ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့
ရေးနေတာပါ။ ဒီနေ့ နေသိပ်မကောင်းပေမယ့် နောက်ဆုံးသင်ခန်းစာပြေးတက်ရင်း အဲကွန်းဒဏ်မခံနိုင်လို့ break
time တင်ပြန်ပြေးလာခဲ့ပါတယ်။ နေမကောင်းတော့ ထုံစံအတိုင်း အရာရာကို စိတ်ပျက်တဲ့ ရောဂါဝင်လာရင်း
အိမ်ပြန်လမ်းတလျောက် ခေါင်းသာတွင်တွင်ခါရမ်းလာမိပါတော့တယ်။ အိမ်ရှေ့မှတ်တိုင်ရောက်တော့ ဗိုက်ထဲမှာ
ဟာလာတာနဲ့ စားစရာ၊ဆေးတွေ ၀ယ်ရင်းကိုယ့်ဘာသာကိုယ် စောင့်ရှောက်ရတော့တာပေါ့။ မမိုးချိုသင်းစကားငှား
သုံးရရင် “ကိုယ့်ဘာသာကိုယ်စောင့်ရှောက်ခြင်းသည် သူတစ်ပါးကိုလည်းစောင့်ရှောက်ခြင်းမည်သည်” တဲ့။

စားသောက်ပြီး အချိန်ရှိသေးတာနဲ့ လွတ်သွားတဲ့သင်ခန်းစာတွေ ပြန်ကြည့်ရင်း စာရေးချင်စိတ်ပေါက်လာတယ်။
အရင်ကတော့ ကွန်ပြုတာရှေ့မှာ ခေါင်းထဲပေါ်လာသမျှ ချရေးတာပါ။ သူငယ်ချင်းတစ်ယောက်က လက်ရေးစာမူ
ကြည့်ချင်တယ်လို့ အရင်ပြောဖူးတာ သတိရပြီး စာရွက်ပေါ်ချရေးမိတယ်။ ဘာရေးရမလဲလို့ စဉ်းစားနေတုန်း
သူငယ်ချင်းဖွင့်တဲ့သီချင်းသံကြားရတယ်။ ကိုအငဲရဲ့သီချင်း “ရုပ်ဝတ္တုတို့ဆီ လိုက်ရင်းပြေးရင်း ~~~~
ဖိနပ်လည်းပါးတော့မယ့်”ဆိုတဲ့သံစဉ်ကို တော်တော်သဘောကျသွားတယ်။ ဒါနဲ့ပို့စ်လေးကို
ခေါင်းစဉ်ပေးလိုက်တယ်။ “ဖိနပ်ပါး”လို့။

ဒီသံစဉ်ကြားတိုင်းကိုယ့်မှာရှိတဲ့ တစ်ရံတည်းသော၊ အမြီးပါးနေသော all star လေးကိုပဲ ပြေးမြင်မိတယ်။
ရုပ်ဝတ္တုတွေနောက် စလိုက်ရင်း ၂ နှစ်အကြာမှာ ၀ယ်ခဲ့တဲ့ ဖိနပ်လေးပေါ့။ ကိုယ်ပိုင်ဝင်ငွေနဲ့ ၀ယ်ထားပြန်၊
ကိုယ်ကြိုက်တဲ့ တံဆိပ်လေးလည်း ဖြစ်တော့ တရိုတသေစီးရင်း နှစ်အတော်ကြာညောင်းလာပါပြီ။ ဖိနပ်အသစ်ဝယ်ဖို့
စိတ်ကူးရှိပေမယ့် တခြားကုန်ပေါက်တွေ ပေါ်ပေါ်လာတာနဲ့ သူ့ကိုပဲ အသုံးတော်ခံစေခဲ့ပါတယ်။
အကောင်းကြိုက်ပေမယ့် ရတဲ့ဝင်ငွေနဲ့ ချင့်ချိန်ပြီး မျက်စပစ်ထားတဲ့ ဖိနပ်တွေလည်းမနည်းတော့ပါဘူး။

ကျနော်ဖိနပ်ရှပ်တိုက်စီးတာကို မုန်းတီးပါတယ်။ ကျနော်ကိုယ်တိုင် သတိထားပြီးစီးတာတောင်
ဖိနပ်အမြီးပါးလာတယ်။ အဖော်ကောင်းလို့ club သွားမယ် ဆိုလည်းသူပဲ။ စိတ်ညစ်လို့
အရက်သွားသောက်မယ်ဆိုလည်းသူပဲ။ အဖော်အပေါင်းနဲ့ ပျော်ပွဲရွင်ပွဲသွားမယ်ဆိုလည်း သူနဲ့ပဲသွားတယ်။
(ကလပ်သွားတာ၊ အရက်သောက်တာ ဟိုးအရင်တုန်းကပါ။တော်ကြာ ကိုနိုင်တို့က အခုပါလုပ်နေတယ်
ထင်မှာစိုးလို့။ ဝေရာမဏိထားတာကြာပါပြီ။ ဤကားစကားချပ်) ဘ၀တက်လမ်းဖြစ်တဲ့ ကျောင်းကိုသွားတော့လည်း
သူ့ကိုပဲ အသုံးပြုပါများတော့ မပါးပဲနေပါဦးမလား။ ဘုန်းကြီးကျောင်းသွားလည်း သူပါပါတယ်။

တခြားဖိနပ်တွေသာရှိရင် တလှည့်စီ စီးနေတာနဲ့ ဖိနပ်ပါးတာကို သတိပြုမိမှာ မဟုတ်ပါဘူး။ တစ်ရံတည်းဆိုတော့
ပါးလာတာကို မြန်မြန်သိလာပါတယ်။ သိတိုင်းလည်း “ငါရုပ်ဝတ္တုတွေနောက် တော်တော်လိုက်နေပါ့လား”လို့
စဉ်းစားမိပါတယ်။ဒီလိုပဲစဉ်းစားရင်း၊ ဒီဖိနပ်ပဲစီးရင်း၊ လျစ်လျူရှုရင်း မပြည့်ဝနိုင်တဲ့ အတောမသတ်နိုင်တဲ့
ရုပ်ဝတ္တုတွေ၊ စိတ်ခံစားမှုတွေဆီ တိုးဝင်မိလေရဲ့။ဒီလိုစီးမျောရင်း လိုချင်တဲ့ စည်းစိမ်ဥစ္စာ၊ အတတ်ပညာရပြီလား
ဆိုတော့လည်း ထင်သလောက်မရသေးပါဘူး။ ပိုက်ဆံရှာရင်း မစုဆောင်းမိခင် ဒီဖိနပ်လေးပြတ်သွားရင်
ဘယ်လိုစခမ်းသွားရပါ့။ ဒါတွေတွေးမိတိုင်း လူမှုကိစ္စမှာသုံးတဲ့ ဖိနပ်လေးချွတ်လို့ ဘုန်းကြီးကျောင်းဝင်းထဲဝင်
တရားဓမ္မနာယူ။ မသွားမဖြစ်တဲ့ လူမှုကိစ္စတွေမှာ ဒီဖိနပ်လေးပဲစီးရင်း သတိတရားလေးနဲ့ နေမယ်လို့ ဆုံးဖြတ်မိပါရဲ့။
ဝိရိယအားနည်း၊ တဏှာအားကြီးလေတော့ စိတ်ထားကမခိုင် ယိုင်နဲ့နဲ့ နှင့် ဘုရားဦးချ ဖိနပ်လေးအသာလျိုလို့
ဘုန်းကြီးကျောင်းကပြန်လာခဲ့သည်။

ကျနော်တို့ ဘ၀မှာရော အချိန်ဆိုတဲ့ ဖိနပ်ကိုစီးရင်း ပစ္စည်းဥစ္စာတွေ၊ ဂုဏ်သိမ်စည်းစိမ်တွေ၊ လောကဓါတ်ပညာတွေ
နောက် တကောက်ကောက်လိုက်ရင်း ဘယ်ချိန်ပြတ်မယ်မှန်းမသိတဲ့ ဖိနပ်ကို တမေ့တမောစီးရင်း ဘုရားမေ့၊
တရားမေ့၊ ကိုယ်ရည်ကိုယ်သွေးထက်မြက်မယ့် ဘ၀အရည်အသွေးတွေ မေ့ရင်း ငွေကြေးဥစ္စာ၊
အတောမသတ်နိုင်တဲ့ လောဘတဏှာတွေနောက်လိုက်နေကြတယ်။ ကိုယ့်အချိန်ဖိနပ်လည်း ပါးလာတာ
တ၀က်နီးပါးတောင်ရှိလာပါပြီကော။ ဖိနပ်ပါးလာတာနဲ့အမျှ ခရီးရောက်စေဖို့ သွားတဲ့ခဏ သတိပဌာန်တရားလေး
မှတ်လို့၊သီလခြုံရင်း ၊ပါရမီကျင့်ကြံ၊ပွားမေတ္တာ၊ထားမေတ္တာတွေနဲ့ ၀ိပဿနာမှတ်ကာ အထပ်ထပ်သတိပြု
နေရမယ်လို့ မှီသမျှဥာဏ်လေးနဲ့ စဉ်စားမိပါတယ်။

လေးစားလျက်
ရေတမာ

Sunday, May 10, 2009

မေမေသို့

1 comment

မေမေ့ကို သားအရမ်းချစ်တယ်
သားကို မွေးဖွားပေးပြီး လူလားမြှောက်အောင် ပြုစုပျိုးထောင်ပေးတဲ့ မေမေ့ကို ကျေးဇူးတင်ပါတယ်။



အမေများအားလုံး နှင့်မိခင်လောင်းများအာလုံး ကိုယ်ကျမ်းမာ၊စိတ်ချမ်းသာပါစေ

Friday, May 08, 2009

စိတ်အားဖြည့် ဓမ္မကြာပွင့်များ

0 comment
ခန္ဓာမယိုင်လဲဖို့ ခံတာခိုင်မြဲနေပါတယ်

ရထားတဲ့ ခန္ဓာလေး တည်မြဲနေအောင်
ရထားတဲ့ ဘ၀လေး ရှင်သန်နေအောင်
ပုံစံအမျိုးမျိုးးနဲ့ ပြုပြင်ဖန်တီးပေးနေရတာဟာ
ကိုယ့်ကံကြွေးကြောင့် ကိုယ်ရလာတဲ့ ဘ၀ခန္ဓာအတွက်
ကိုယ်ကိုယ်တိုင် ပေးဆပ်နေရတာပါပဲ။
ကိုယ့်ကံက သူတစ်ပါးကိုထိခိုက်ပျက်စီးအောင် လုပ်ခဲ့တဲ့
အကုသိုလ်ကံဆိုရင်တော့ သာမာန်ပေးဆပ်နေရသူတွေထက်
အဆပေါင်းများစွာ အပင်ပန်း အဆင်းရဲခံပြီး ပေးဆပ်ရမှာပေါ့။

ရှေးအထူးမြင်ကြည့်ရင် ကျေးဇူးရှင်တွေချည်းပါပဲ

သံသရာမှာ ဆွေမျိုးသွေးသား မတော်စပ်ခဲ့ဖူးတဲ့သူရယ်လို့
တစ်ဦးတစ်ယောက်မှ မရှိတဲ့အတွက် ကိုယ်နဲ့ ထိတွေ့ပက်သက်လာသမျှ
လူသားတိုင်းဟာ ကိုယ့်ရဲ့ဆွေမျိုးသွေးသားတွေချည်းပါပဲ။
အဲဒီဆွေမျိုးသွေးသားတွေက ကိုယ့်အပေါ်ဘ၀တစ်ခုခုမှာ
ကျေးဇူးတစ်ခုခုတော့ ပြုခဲ့ကြဖူးမှာဖြစ်လို့ မြင်မြင်သမျှလူသားတိုင်းဟာ
ကိုယ့်ရဲ့ ကျေးဇူးရှင်တွေချည်းလည်းဖြစ်နေပြန်ပါတယ်။
သူတော်ကောင်းစိတ်ဓါတ် အဆင့်မြင့်တဲ့ပုဂ္ဂိုလ်ဟာ
ဒီဘ၀ကျေးဇူးရှင်တွေကိုသာမက သံသရာဘ၀အဆက်ဆက်က
ကျေးဇူးရှင်တွေကိုပါ “ကျေးဇူးရှင်” လို့ သတ်မှတ်ပြီး
ကျေးဇူးသိလေ့၊ ကျေးဇူးဆပ်လေ့ ရှိပါတယ်။
ဒီဘ၀ ကိုယ့်အပေါ်တိုက်ရိုက်ကျေးဇူးပြုသူတွေရဲ့ အကျိုးစီးပွားကို
ဆောင်ရွက်ပေးတဲ့အပြင် ကိုယ့်နဲ့ကျေးဇူးခံ ကျေးဇူးစား
လုံးဝမပက်သက်တဲ့သူတွေရဲ့ အကျိုးစီးပွားကိုလည်း
ဆောင်ရွက်ပေးပါတယ်။

အဆီပြည့်နက်တဲ့ ဒီနေ့တစ်ရက်ဖြစ်ပါစေ

ငါ့အတွက်ဒီနေ့တစ်ရက်ပဲ အသက်ရှင်သန်ခွင့်ရှိတယ်လို့
စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ထင်မြင်နေပြီဆိုရင်
ဒီတစ်ရက်ကလေးကို မကောင်းမှု အကုသိုလ်အလုပ်တွေနဲ့
အချိန်ဖြုန်းမှာ မဟုတ်တော့ပါဘူး။ လောကီအာရုံကာမဂုဏ်တွေနဲ့ချည်းလည်း
အချိန်ဖြုန်းမှာမဟုတ်တော့ပါဘူး။ ကောင်းမှုကုသိုလ်အလုပ်တွေကိုပဲ
စက္ကန့်တိုင်း မိနစ်တိုင်းလုပ်ဖြစ်အောင် ကြိုးစားတော့မှာ သေချာပါတယ်။
မလွှဲမရှောင်သာလို့ လောကီကိစ္စလူမှုအလုပ်တွေ လုပ်ရတာဆိုရင်လည်းပဲ
တရားအသိလေးနဲ့၊ အမှတ်သတိလေးနဲ့ပဲ လုပ်ဖြစ်တော့မှာပါနော်။
လောကီမှာနေရင်တော့ လောကီအလုပ်တွေက မလုပ်လို့မဖြစ်ဘူး။

တွက်ခြေလှမှ မျက်ရည်ကျပါ

မိမိကျလိုက်တဲ့ မျက်ရည်ကြောင့် အကုသိုလ်တရားတွေ တိုးပွားလာတယ်
ကုသိုလ်တရားတွေ ဆုတ်ယုတ်သွားတယ်ဆိုရင် အဲဒီမျက်ရည်မျိုးဟာ
မမှီဝဲထိုက်တဲ့မျက်ရည်၊ မကျထိုက်တဲ့မျက်ရည်၊တန်ဖိုးမရှိတဲ့မျက်ရည်ပါပဲ။
မျက်ရည်ကျပြီးတဲ့နောက် ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးဖြစ်မယ်ဆိုရင်
မကျတာပဲကောင်းပါတယ်။

ငါ့မျက်ရည်တွေနဲ့ငါရေချိုးနေရတာပါလား

ရေခွက်နဲ့ခပ်ပြီး ရေကိုလောင်းချိုးလိုက်တိုင်း၊ လောင်းချိုးလိုက်တိုင်း
သြော်.....သံသရာတစ်လျှောက် ငါကျခဲ့ရတဲ့မျက်ရည်တွေကို
ငါရေချိုးနေရပါလား။ အဲဒီလို ဆင်ခြင်ကြရမယ်။
အဲဒီလိုများ ဆင်ခြင်နှလုံးသွင်းနိုင်ခဲ့မယ်ဆိုရင် ခန္ဓာကိုယ်
မွေးညင်းပေါက်ကလေးတွေထဲက စိမ့်ဝင်သွားတဲ့ရေတွေနဲ့အတူ
သံဝေဂစွမ်းအင်တွေလည်း စိမ့်ဝင်ပြီးတော့သွားကြမှာပါပဲ။

သူ့အကြောင်းကြည့်မှ မိတ်ဆွေကောင်း

“အရူးမမို့ အဖက်မလုပ်ဘူး” “အရူးမမို့ အဖက်မလုပ်နဲ့”ဆိုတဲ့
သူတော်ကောင်းစိတ်မရှိသူတွေနဲ့ချည်းသာ တွေဆုံရမယ်ဆိုရင်တော့
ပဋာစာရာရဲ့ဘသ အခုလို လှပလာတော့မှာ မဟုတ်ပါဘူး။
လူအများစုရဲ့သဘောက ကိုယ်ကသာ မိတ်ကောင်းဆွေကောင်းလိုချင်တယ်။
ကိုယ်ကတော့ သူတစ်ပါးရဲ့မိတ်ကောင်းဆွေကောင်းဖြစ်ဖို့
မကြိုးစားချင်ကြပါဘူး။ သူတစ်ပါးအပေါ် နေရာတကာ အပြစ်မြင်၊
အပြစ်တင်တဲ့စိတ်နဲ့ အဆင့်အတန်းခွဲခြားပြီး ဆက်ဆံချင်ကြပါတယ်။
ကိုယ့်အတွက်ရပေါက်ရှိမှ ပေါင်းချင်ကြပြီး ရပေါက်မရှိရင်
မပေါင်းချင်ကြပါဘူး။ ဒါကိုပဲ “လူမှုဆက်ဆံရေးတော်တယ်“လို့
တလွဲဂုဏ်ယူတတ်ကြပြန်ပါသေးတယ်။ အမှန်ကတော့
တစ်ကိုယ်ကောင်းဆန်တာပါ။ မေတ္တာတရားခေါင်းပါးတာပါ။

ဒေါသဖျက်ရင် မနောအလှပျက်မယ်

ဒေါသကြောင့် စိတ်ပျက်စီးပုံကတော့ နဂိုက စိတ်သဘောထား
ဘယ်လောက်ကောင်းကောင်း ဒေါသ၀င်လာရင် စိတ်သဘောထား
ဆိုးသွားပါတယ်။ နဂိုကစိတ်နေ ဘယ်လောက်နူးညံ့နူးညံ့၊
ဒေါသ၀င်လာရင် စိတ်နေကြမ်းတမ်းသွားပါတယ်။
နဂိုက စိတ်ဓါတ်ဘယ်လောက်မြင့်မြတ်မြင့်မြတ်
ဒေါသ၀င်လာရင် စိတ်ဓါတ်ယုတ်ညံ့သွားပါတယ်။
စိတ်ဓါတ်အောက်တန်းကျသွားပါတယ်။

မေတ္တာစပ်မှဆွေမျိုး ချစ်သဒ္ဒါဟပ်မှအသရေတိုး

သွေးစပ်တိုင်း ဆွေမျိုးမဖြစ်ပါဘူး။မေတ္တာစပ်မှ ဆွေမျိုးဖြစ်ပါတယ်။
သွေးစပ်စပ် မစပ်စပ်၊မေတ္တာစပ်ရင် သူစိမ်း(တစိမ်း)ပါ။
သွေးစပ်ဆွေမျိုးရှိရုံနဲ့ ကိုယ့်ဘ၀ ဘာမှ အကျိုးမထူးနိုင်ပါဘူး။
မေတ္တာစပ်ဆွေမျိုးရှိမှ ကိုယ့်ဘ၀ အကျိုးထူးနိုင်တာပါ။
သွေးသာစပ်ပြီး၊ မေတ္တာမစပ်တဲ့ ဆွေမျိုးကို တန်ဖိုးထားနေစရာမလိုပါဘူး။
သွေးမစပ်ပေမယ့်။ မေတ္တာစပ်တဲ့ ဆွေမျိုးကိုတော့ အမြတ်တနိုး တန်းဖိုးထားရပါမယ်။
မေတ္တာစပ်တဲ့ ဆွေမျိုးသည်သာ အကောင်းဆုံး အမြတ်ဆုံးဆွေမျိုး၊အနှိုင်းမဲ့ဆွေမျိုးဖြစ်ပါတယ်။

ပစ္စုပ္ပန် အတွေးသန်မှ အနှစ်အဟုတ်ကျန် အေးချမ်းမယ်

လူတွေစိတ်ဆင်းရဲကြတယ်ဆိုတာ အများအားဖြင့်ဖြစ်ခဲ့ပြီးသား
အဆင်မပြေမှုတွေကို “ပိုတွေး”လို့၊ဒါမှမဟုတ် ဖြစ်မလာသေးတဲ့
အဆင်မပြေမှုတွေကို “ကြိုတွေး”လို့ပါ။ “ပိုတွေး”နဲ့“ကြိုတွေး”ကို
အဖော်လုပ်ပြီး စိတ်နစ်မွန်းနေတဲ့ လူတစ်ယောက်ဟာ
လက်ရှိအခြေအနေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့
“လိုတွေး” မတွေးနိုင်တော့တဲ့အတွက် စိတ်ဆောက်တည်ရာမရဖြစ်ပြီး
စိတ်ဆင်းရဲရပါတယ်။ “ပိုတွေး”နဲ့“ကြိုတွေး”ကို သံယောဇဉ်ဖြတ်ပြီး
“လိုတွေး”ကိုသာ စနစ်တကျဖော်ထုတ် ကျင့်သုံးနိုင်ခဲ့မယ်ဆိုရင်
စိတ်ဆင်းရဲရတဲ့ အဖြစ်မျိုးက လွတ်မြောက်နိုင်ပါတယ်။
ကိုယ်ကိုယ်တိုင် “လိုတွေး”ကို မဖော်ထုတ်နိုင်ရင်လည်း
ဖော်ထုတ်နိုင်တဲ့သူဆီ အမြန်ဆုံးချဉ်းကပ်ဖို့ အရေးကြီးပါတယ်။

ဆရာတော်အရှင်ဆန္ဒာဓိက၏ စိတ်အားဖြည့်ဓမ္မကြာပွင့်မှကူးယူဖော်ပြပါသည်။