Friday, January 30, 2009

ခိုလုံရာ

1 comment
လှည်းလမ်းလေးထင်းနေသောဖုန်ထူထူလမ်းလေးနဘေးတွင်ရေနံဆီမသုတ်ဖြစ်တာကြာပြီဖြစ်သောထရံဖြင့်ကာရံထားသောအိမ်လေးတလုံးတည်ရှိခဲ့ပါသည်။သွပ်တ၀က်သက်ကယ်တ၀က်မိုးထားအိမ်လေးမှာ ထရံကာ ခြံဝင်းလေးနှင့် ၀န်ထမ်းအိမ်ပီသလှပါသည်။ အိမ်အ၀င်ဝတွင်အညာအခေါ် အကြော်ပင်(စကားပင်)လေးအားသိုင်းဖွဲ့၍ပြုလုပ်ထားသော ထိုင်စရာဝါးခင်းကွက်ပစ်လေးရှိပါသည်။ ထိုအကြော်ပင်
လေးနှင့် ကွက်ပစ်မှာ ညအခါ ၀ိုင်းဖွဲ့စကားပြောစရာ သို့မဟုတ်ကလေးငယ်တယောက်၏ အပြင်းပြေကစား စရာဖြစ်ကောင်းဖြစ်ပါလိမ့်
မည်။ထိုမှအလွန်အဖီလေးနှင့်ပြန့်ပြူးနေသောတလင်းပြင်လေးရှိပါသည်။ထိုအဖီလေးအောက်တွင်ကလေးသူငယ်များအပူအပင်ကင်းစွာ
ကစားစရာ၊ အိမ်ရှင်မတယောက် ဆန်ပြာစရာနေရာလေးတနေရာအဖြစ်ရှိခဲ့ဘူးပါလိမ့်မည်။

အိမ်တံစက်မိတ်ကိုကျော်လွန်လျှင်မူ လက်ဝဲဖက်ခြမ်းတွင် မီးဖိုဆောင်ရှိပါသည်။လက်ယာဖက်တွင်ပုဂံစင်နှင့် လက်ဝဲဖက်တွင်မီးဖိုရှိ
ပါသည်။အလင်းရောင်ရရန်ပြတင်းပေါက်လေးတပေါက်ထားရှိပါသည်။အူနီမာလကာပင်တပင် အုပ်မိုးထားသောမီးဖိုဆောင်၏ရှေ့တွင် ကြက်ဥအခွံလေးများ စွပ်ထားသော နှင်းဆီပင်လေးများနှင့် စံပယ်ရုံလေးမှာတမျိုးကြည့်ကောင်းနေပြန်ပါသည်။ မာလကာပင်ခြေရင်းတွင် မိုးတွင်းအတွက်စုဆောင်းထားဟန်တူသော ထင်းပုံကြီးတပုံရှိပါသည်။

ထိုမီးဖိုဆောင်လေးမှ ရေးကြီးသုတ်ပြာချက်ပြုတ်သွားသော၊ မေတ္တာအပြည့်နှင့်ချက်ပြုတ်သွားသော၊စေတနာသဒ္ဒါတရားထက်သန်စွာချက်
ပြုတ်သွားသော၊ မချက်တတ်ချက်တတ်ချက်ပြုတ်သွားသော ထမင်းနပ်ပေါင်းများစွာ ထွက်ပေါ်ခဲ့ဘူးပါလိမ့်မည်။

အိမ်၏ညာဖက်ခြမ်းကိုကြည့်လိုက်လျှင် ကြီးမားသောအုတ်ရေကန်ကြီးတကန်ထည်းထည်းကြီးရှိနေပါသည်။ သောက်ရေအတွက်အညာ
ဒေသတွင်မိုးရေကိုမည်မျှအားထားကြောင်း အိမ်ခေါင်မိုးမှ ရေတလျှောက်လေးကပြောပြနေပါသည်။ ရေကန်ကိုကျော်လွန်၍အိမ်အနောက်
ဖက်တွင်တမျှော်တခေါ် သနပ်ခါးခင်းကြီးတခင်းရှိပါသည်။ လေပွေတချက်အဝှေ့ သနပ်ခါးနံသင်းသင်းလေးက တမျိုးတဘာသာ လွမ်းဆွတ်ဖွယ်ကောင်းလှပါသည်။

အိမ်အတွင်းဧည့်ခန်းတွင်မူ ဖယောင်းပုဆိုးခင်းထားသော စားပွဲနှင့် ခုံတန်းရှည်နှစ်လုံးရှိပါသည်။ စားပွဲပေါ်တွင် ဆွမ်းခံသံဃာတော်များ သပိတ်တင်စရာ ကြိမ်ဝိုင်းတခု၊ရေဒီယိုကက်ဆက်တလုံးနှင့် မှန်အိမ်ငယ် တခုက ဤဧည့်ခန်း၏ အခန်းနားဆုံးအဆောင်အယောင်
ပင်ဖြစ်ပါသည်။ ထိုစားပွဲမှာ မိသားစုထမင်းလက်ဆုံစားရာ၊ ကလေးငယ်လေးများစာအံရာ၊ နေရာတခုအဖြစ်တည်ရှိခဲ့ပါသည်။
တခုသောကြိမ်ကုလားထိုင်လေးမှာလည်း ထိုင်ပါများ၍ကြိမ်များပေါက်ပြဲကာ ဂုန်နီအိတ်တအိတ်ဖြင့်ဖာထေးထားရပါသည်။ ကိုယ်လုံးပေါ်မှန်တချပ်တပ်ဆင်ထားသော ဗီဒို တလုံးကလည်းထိုကုလားထိုင် ဘေးတွင် မားမားမတ်မတ်ရပ်တည်နေပါသည်။ ထိုဗီဒိုထဲတွင် ဘ၀နှစ်ခုပေါင်းစည်းရာအမှတ်တရများရှိနေနိုင်မည် ဟုကာယကံရှင်များသာ သိနိုင်ပေလိမ့်မည်။

လိုက်ကာဖြင့်ကာရံထားသောအိပ်ခန်းအတွင်းတွင် မည်သည့်စိတ်ကူးဖြင့်ပြုလုပ်ထားသည်ဟု ခန့်မှန်းမရသော ကုတင်နှစ်လုံးရှိပါသည်။
တခုသောကုတင်သည် အောက်ဖက်တွင်ရှိ၍ အခြားတခုမှာ လှေခါးဖြင့်တက်ရသော အမြင့်တနေရာတွင်ရှိနေပါသည်။
အထက်ဖက်ကျသောကုတင်တွင် ရင်ကွဲဇာခြင်ထောင်တပ်ဆင်ထား၍ မိသားစုငါးဦးစာမျှအိပ်စက်နိုင်ပါသည်။ မနက်ခင်းတွင် မိခင်ဖခင်နှင့်သားသမီးများတဦးနှင့်တဦးချစ်စနိုးကျီစယ်နေပါလိမ့်မည်။မနက်စောစောအိပ်ယာမနိုးသေးသော သားသမီးများကို အနမ်းပွင့်များချွှေသွား ပါလိမ့်မည်။

ထိုအရာအားလုံး မျက်ရည်စက်များအောက်တွင်ပျောက်ဆုံးခဲ့ဘူးပါသည်။

Friday, January 23, 2009

လေးစားရသောစံပြသူငယ်ချင်းများ(၂)

0 comment
ကျနော်ရဲ့အလေးစားရဆုံးစံပြသူငယ်ချင်းတယောက်ရှိပါတယ်။အမှတ်မထင်ဆုံတွေ့ခဲ့ကြပေမယ့် တကယ်ကိုညီအကိုအရင်းများသဖွယ်
ချစ်ခင်ခဲ့ကြပါတယ်။ သင်တန်းတခုမှာသူနဲ့ကျနော်ဆုံတွေ့ခဲ့ပါတယ်။ အပြုံးချိုချို နဲ့အမြဲပဲ ကူညီဖို့အသင့်ရှိနေတတ်တာသူရဲ့ကိုယ်ပိုင်ဟန်
ပန်ပါပဲ။ ပရဟိတလုပ်ငန်းလုပ်ဖို့ဆိုအမြဲစိတ်အားထက်သန်နေတာ သူရဲ့မွေးရာပါ ဗီဇလို့ဆိုရမှာပါပဲ။ သူနဲ့သိသည်ဖြစ်စေ၊ မသိသည်ဖြစ်
စေတာဝန်သိသိကူညီတတ်တဲ့သူရဲ့ စိတ်ဓာတ်ကိုအမြဲလေးစားနေပါတယ်။ သူငယ်ချင်းတွေအပေါ်မှာအမြဲပဲ အနစ်နာခံတတ်သလိုကူညီ
ပေးဖို့လည်းဝန်မလေးတတ်သူပါ။ ကျနော်ရဲ့ကျေးဇူးရှင်ဆိုလည်းမမှားပါဘူး။ သူအိမ်နဲ့အဝေးတနေရာမှာ အလုပ်လုပ်နေချိန်မှာသူရဲ့
စိတ်ဓာတ်ကိုပိုပြီးလေးစားလာပါတယ်။ ဘာလို့လည်းဆိုတော့ရှက်စိတ်ကြီးတဲ့သူတယောက်က လောကဓံတရားကိုရဲရဲရင်ဆိုင်ရင်း သူရဲ့
စိတ်ဓာတ်ကို ပိုပြီးမြင့်မြတ်အောင်ကြိုးစားနေထိုင်နေနိုင်လို့ပါပဲ။ သူစိတ်ထဲရှိသမျှကို ပါးစပ်ကထုတ်ပြောဖို့ထက် လက်တွေလုပ်ပြတတ်
တဲ့ သူငယ်ချင်း ကိုကျနော့်ရဲ့နှလုံးသားထဲမှာ အမြဲပဲကဗည်းရေးထိုးထားမှာပါ။သူငယ်ချင်း အစစအရာရာအဆင်ပြေပါစေ။

နောက်ထပ်တယောက်ရှိပါသေးတယ်။ အမှတ်မထင်တွေ့ရာကနေ လောကဓံတရားကိုရင်ဆိုင်ချိန်ထိနှစ်ယောက်အတူတူ လက်တွဲ
ညီခဲ့ကြပါတယ်။ တွေ့ခါစကမျက်နှာထားခက်ထန်ထန်နဲ့ ပေါင်းသင်းရခက်မယ်လို့ထင်ထားပေမယ့် တကယ်ထားစိတ်ထားပြည့်ဝတဲ့
အကိုကြီးတယောက်ပါ။ ခေါင်းဆောင်ကောင်းစိတ်ဓာတ်ရှိသလို မဖြစ်မနေလုပ်မယ်ဆိုတဲ့ ဇွဲလုံလလည်းရှိပါတယ်။အကျိုးမရှိတဲ့အလုပ်ဆို
အိပ်နေရတာလောက်စိတ်ဝင်စားမှုမရှိတာသူရဲ့ဟန်ပန်ပါပဲ။ စာကောင်းပေကောင်းသိပ်ကြိုက်သလို စိတ်ကူးစိတ်သန်းကောင်းတွေလည်း
ပိုင်ဆိုင်တဲ့သူပါ။ သူကြောင့်စာအုပ်စာပေတွေနဲ့ရင်းနှီးမှုရခဲ့ပါတယ်။ ဗဟုသုတုပြည့်စုံပြီး ထက်မြက်တဲ့အတွေးအခေါ်ရှိပါတယ်။ ဘာသာရေး
ကိုအလေးထားမှုကလည်း သူကိုလေးစားရတဲ့အချက်တချက်ဖြစ်ပါတယ်။ အခက်အခဲတွေဖြေရှင်းရာမှာလည်း ကျနော်အတုယူရတဲ့သူ
တယောက်ပါ။ သူကြောင့်ကိုယ်ဘာသာရပ်တည်နိုင်ဖို့ခွန်အားတွေရရှိခဲ့ပါတယ်။ နားလည်မူအပြည့်ရှိတဲ့အကိုကြီးတယောက် သူဖြစ်ချင်တဲ့
သူရဲ့အဆုံးကို အမြန်ဆုံးအကောင်ထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Tuesday, January 20, 2009

ကျွန်ုပ်၏စံပြသူငယ်ချင်းများ(၁)

2 comment

ကျနော်တို့အသက်အရွှယ်အလိုက်လူပေါင်းများစွာနှင့်ဆက်ဆံကြရပါသည်။ ထိုလူများစွာထဲမှမိမိသဘောထားနှင့်ကိုက်ညီသူများကို
သူငယ်ချင်းများအဖြစ်သတ်မှတ်ကြပါသည်။ လူမမည်ကလေးဘ၀ကထဲက လမ်းထဲမှရှိသောကလေးများနှင့်အတူတူဆော့ကစားရင်း
ခင်မင်ခဲ့ကြသောသူငယ်ချင်းများရှိသလို၊ကျောင်းနေအရွှယ် သူငယ်တန်းမှ တက္ကသိုလ်များအထိ လူပေါင်းများစွာနှင့်ဆက်ဆံရ
မိတ်ဆွေသူငယ်ချင်းများရရှိခဲ့ကြပါသည်။

ကျနော့်သူငယ်ချင်းများကိုမည်သို့မည်ပုံခင်မင်ခဲ့သည်၊မည်သည်အချိန်ကခင်မင်ခဲ့သည်ကိုမှတ်မိခဲလှပါသည်။ ကျနော်မည်သို့ခင်မင်ခဲ့
သည်ကိုမှတ်မိသောသူငယ်ချင်းတယောက်ရှိပါသည်။ ကျနော်ဒုတိယတန်းကိုစတက်သောနေ့တနေ့ကကျနော်ဘေးနားသို့ကျောင်းသား
အသစ်တယောက်လာထိုင်ပါသည်။ကျန်သောကျောင်းသားကျောင်သူများမှာပထမတန်းကတည်းကအတန်းဖော်များဖြစ်ပါသည်။
ပထမဆုံးနေ့ဖြစ်၍ကျနော်ဖတ်စာစာအုပ်မရသေးပါ။ကျနော်ဘေးရှိကျောင်းသားလေး၏မိခင်မှာကျောင်းဆရာမဖြစ်၍သူတွင်စာအုပ်
ရှိပါသည်။ ပထမတန်းကတည်းကခင်ခဲ့သောသူငယ်ချင်းတွင်လည်းစာအုပ်ရှိပါသည်။သူကိုကျနော်နှင့်အတူတူကြည့််ရန်ပြောသော
အခါကျနော်၏အတန်းဖော်မှာငြင်းပယ်ခဲ့ပါသည်။ ထိုအချိန်တွင် ကျနော့်ဘေးရှိကျောင်းသားလေးမှသူနှင့်အတူတူကြည့်ရန်ဖိတ်ခေါ်သော
အခါကျနော်တော်တော်ဝမ်းသာသွားပါသည်။ ထိုအချိန်ကတည်းကသူသည်ကျနော်၏ အချစ်ဆုံးသူငယ်ချင်းဖြစ်လာပါတော့သည်။
သူသည်စာအလွန်တော်ပါသည်။ လက်ရေးအလွန်လှပါသည်။ အလွန်ထက်မြက်သည့်အတွေးအခေါ်ပိုင်ဆိုင်ပါသည်။စနစ်ကျခြင်းနှင့်
အတူ၊ စိတ်ထားကောင်းမွန်ခြင်းမှာကျနော်လေးစားရသောအချက်များပင်ဖြစ်ပါသည်။ ဟာသဥာဏ်ရွှင်သောသူဖြစ်ပါသည်။
ကျနော်အားကျသောအချက်မှာ ကိုယ်ကိုကိုယုံကြည်မှုရှိခြင်းပင်ဖြစ်ပါသည်။ သူ့ရဲ့ဂျစ်ကန်ကန်အပြုအမှုတွေကလည်းသူကိုကျနော်
ချစ်တဲ့အချက်တချက်ဖြစ်ပါသည်။ ကျနော်တို့နှစ်ယောက်လုံးတူညီသည့်အချက်မှာ ပန်းချီဝါသနာပါခြင်းပင်ဖြစ်သည်။ ကျနော်က
မဖြစ်ညစ်ကျယ်ဆွဲတတ်ပေမယ့် သူကတော့ရေဆေးပါ စိတ်ကူးရသလိုဆွဲတတ်နေပါပြီ။သူယုံကြည်ချက်အတိုင်း ယခုအသက်အပိုင်း
အခြားမှာပင်သူဠေးတစ်ယောက်ဖြစ်နေပါပြီ။ သူဝါသနာပါရာကိုလုပ်ရင်း သူစိတ်ကူးရှိတာကိုလုပ်ကိုင်နေတဲ့သူငယ်ချင်းကိုအဝေး
တနေရာကနေ လွမ်းဆွတ်သတိရနေကြောင်း သူငယ်ချင်းသိပါစ။

နောက်တယောက်ကတော့ ကျနော့တို့လမ်းထိပ်က သူငယ်ချင်းပါ။ဝမ်းနည်းစရာကောင်းတာ ကျနော်တို့ဘယ်လိုစသိပြီး ဘယ်လို
သူငယ်ချင်းဖြစ်ခဲ့တယ်ဆိုတာကျနော်မမှတ်မိတော့ပါ။ လောကဓံတရားကို အရွယ်မတိုင်မီ ရင်ဆိုင်လိုက်ရသည့် သူငယ်ချင်းမှာ
လောကကြီးအကြောင်းကိုကောင်းကောင်းနားလည်နေပါပြီ။လူတွေအကြောင်းကိုကောင်းကောင်းနားလည်သည့်သူငယ်ချင်းမှာ
ကျနော်လေးစားရသောစံပြသူငယ်ချင်းတယောက်ဖြစ်ပါသည်။ လောကဓံတရားကိုရင်ဆိုင်ရချိန်မှာ သူကကျနော်ကိုစိတ်ဓာတ်ခွန်အား
တွေပေးပါသည်။ ကျနော်ရင်ဆိုင်ရသည့် လောကဓံမှာသူနှင့်စာရင်ပြောပဖွယ်မရှိပါ။ အနေဝေးပေမယ့် စာနှင့် ဆက်သွယ်၍တယောက်
နှင့်တယောက် သံယောဇဉ်မပြတ်ကြပါ။ သူရဲ့ဟာသဥာဏ်ရွင်ခြင်း ကကျနော်နှစ်သက်သောသူ၏အပြူအမှုတရပ်ဖြစ်ပါသည်။
သူငယ်ချင်းနှိမ့်ပါးနေစဉ်တွင် ကျနော်ထိထိရောက်ရောက်ဘာမျှကူညီနိုင်စွမ်းမရှိသေးပါ။ အချိန်အခါအခွင့်သင့် လျှင်ကျနော်ကိုယ်စွမ်း
ဥာဏ်စွမ်းရရှိသမျှကူညီပေးချင်ပါသည်။ သူငယ်ချင်းတယောက် လက်ရှိဘ၀ထက် ကျေနပ်စရာကောင်းထက် ဘ၀ကိုအမြန်ဆုံးပိုင်ဆိုင်နိုင်
ပါစေကြောင်း ဆုတောင်းပေးနေပါမယ်။

ဒီပုံလေးကို မင်းတို့ကိုသတိရတိုင်းအမြဲ ကြည့်ဖြစ်ပါတယ်

Thursday, January 15, 2009

ကျနော်နှင့်၂၀၀၉ ကျွှဲများ

0 comment
၂၀၀၈ နောက်ဆုံးညကိုကျနော်အပျော်ရွှင်ဆုံးကုန်ဆုံးချင်ပါသည်။ထိုကြောင့်လူများစည်ကားရာနေရာသို့သွားရန်ရည်စူးခဲ့ပါသည်။
သူငယ်ချင်းများအားထိုနေရာသို့သွားရန်စည်းရုံးခဲ့ပါသည်။စားကြ၊သောက်ကြ၊သီချင်းဆိုကြ၊ဂစ်တာတီးကြ၊စကြ၊နောက်ကြ ပျော်စရာကောင်း
မည်ဟုစိတ်ကူးဖဲရိုက်ခဲ့ပါသည်။ကျနော်ကြိုက်သောအစားအစာနှင့်ကျနော်ကြိုက်သောinternet နှင့်အလဲအထပ်ပြုလုပ်ခဲ့ပါသည်။
ကျနော်အလိုချင်ဆုံး ပျော်ရွှင်မှုဆိုသောအရာကိုခေတ္တခဏရယူရန်အားထုတ်ခဲ့ပါသည်။alcohol သည်လူ့ဦးနှောက်အတွင်းရှိ ပျော်ရွှင်စေသော
ကလပ်စည်းများကို အလုပ်လုပ်စေသည်ဟုရေးရေးမျှသိပါသည်။စိတ်ခံစားမှုမှလာသောပျော်ရွှင်မှုကိုပို၍မက်မောပါသည်။
ကျနော်တွင်ထိုခံစားချက်များပျောက်ဆုံးနေသည်မှာ ကြာမြင့်နေပါသည်။ ဘာမှန်းမသိသောအရာနောက်တကောက်ကောက်လိုက်ရင်း
ဘာဖြစ်ချင်နေသလဲဆိုတာကို ဘယ်လိုမှမတွေးတတ်အောင်ဖြစ်နေပါသည်။

ထိုနေ့ညနေကတည်းက ကွဲပြဲကြပါသည်။တယောက်နှင့်တယောက်အမြင်မတူညီကြတော့ပါ။တာဝန်ယူမှုတွေ ကန့်သတ်လာကြပါသည်။
အစီအစဉ်မကျမှုတွေနှင့်အတူ စိတ်လက်ငြီးညူစွာ ပျက်လုလုအစီအစဉ်ကိုအတင်းမရမက စီစဉ်ခဲ့ပါသည်။တကွဲပြားနေထိုင်သောသူငယ်ချင်း
များကိုသွားရောက်ခေါ်ယူပြီးနောက်ကမ်းခြေသို့ထွက်ခွါခဲ့ကြပါသည်။

များပြားသောကားများနှင့်အတူ ကားပတ်ကင်လိုက်ရှာရင်း ၁၂နာရီမှာတဖြည်းဖြည်းနီးကပ်လာပါသည်။ယူဆောင်လာသောအစားအသောက်
များကို၁၂နာရီအမှီစားသောက်ရန်ပင်မဖြစ်နိုင်တော့ပါ။ နေရာထိုင်ခင်းရှာရင်း...တဖြည်းဖြည်း၁၂နာရီကရောက်လို့လာပါသည်။
ဘာမှန်းမသိပဲ မည်းနက်နက်ပင်လယ်ကြီးကိုကြည့်ကာ ကြောင်တောင်တောင် ဟတ်ပီနယူးရီးယားလိုက်ရပါသည်။
ယူလာသောအစားအစာများကို စာစာနှင့်ပင် ၂၀၀၉ မှာစားသောက်လိုက်ရပါသည်။
ကံမကောင်းချင်တော့ ယူလာသော ဂစ်တာမှာလည်းကြိုးခဏခဏပြတ်ပါသည်။
"လူညီတော့ ဤ ကိုကျွှဲဖတ် "သည်ဟု မှတ်သားဖူးပါသည်။
ကျနော်တို့လည်း လူငယ်သဘာဝပျော်ရွှင်မှုကို လူညီညီ ဖန်တီးခဲ့ချင်ကြပါသည်။
ယခုတော့ "ဤ"ဟူသောပျော်ရွှင်မှုသည် ပျော်ရွှင်မှုသက်သက် မညီသောလူများသည် ကျွှဲများသက်သက်သာဖြစ်ပါသည်။
မသေကောင်းမပျောက်ကောင်း၍သာအိမ်ပြန်ရောက်ရှိကြောင်းပါ။