Monday, January 25, 2010

ရေတစ်မှုတ်နှင့်ကျွန်တော်

22 comment
များပြားလှသည့် ကုန်စည်များကို တင်ဆောင်လာသော ကုန်ကားကြီးမောင်းလာပုံမှာ အပျင်းထူလှသည့် လိပ်ကြီးနှင့်ပင် တူသေးသည်။ ပူပြင်းသည့် နေအရှိန်၊ စားထားသော ထမင်းဆိပ်နှင့်အတူ သူ့မျက်ခွံများလည်း လေးလံလာသည်။ အငိုက်ပြေစေရန် ကွမ်းတယာ ထပ်ဝါးလိုက်သည်။ ဗမာဆေးနံနှင့်အတူ အိပ်ချင်စိတ်များ လွင့်ပါးသွားသလို ပျော်ရွင်စရာအတွေးများလည်း ဦးနှောက်အတွင်းမှ နှိုးကြားလာကြသည်။ ကုန်စည်များ မြို့ရောက်လျှင် သူ့အတွက် လုပ်အားခရမည်။ ငွေကြေးရလျှင် သူစိတ်ကူးထားသမျှ လုပ်ဆောင်နိုင်ပေမည်။
ဗုန်း!!!!!!!!!!!!!!!!!
ဆိုသော အသံနှင့်အတူ အတွေးများလည်း လွင့်ပျောက်သွားလေသည်။ အင်ဂျင်ဖုံးကို ဖွင့်ကြည့်လိုက်တော့ တိုင်ကီ ရေဆူနေသည်ကို တွေ့ရသည်။ ရေလဲမှရမည်။ သူ့သောက်ရေထည့်တာတောင် တိုင်ကီက မပြည့်ချင်။ အနီးအနား ရွာတရွာတွင် ရေတောင်းရန် တိုင်ကီပုန်း ယူပြီး ထွက်လာခဲ့သည်။

ပတ်ဝန်းကျင်က ကျီးနှင့်ဖုတ်ဖုတ်။ ရှည်မျှောလှသည့် ကားလမ်း။ လေပွေများ ဆော့ကစားနေသော လှည်းလမ်း။ အညာဆူးပင်များနှင့် ထန်းပင် တပင်စ နှစ်ပင်စမှ လွှဲ၍ ဘာမျှမရှိ။ သူ့အထင်မမှားလျှင် ရှေ့မှာ ကိုင်းရွာ ရှိရမည်။ ရေလည်းအတော်ငတ်လှပြီ။ ချွေးသီးချွေးပေါက်များကလည်း ရေချိုးထားသလို စိုရွှဲနေသည်။ ရေအမြန်သောက်ရမှ ဖြစ်မည်။ ကုန်းမို့မို့လေးအား လှမ်းအတက် မြင်လိုက်ရသော အမိုးလေးကြောင့် အားတက်သွားသည်။

တံလျပ်ရောင်ထနေသည့် ကားလမ်းမ၏နံဘေး စိမ်းညို့ညို့ ထနောင်းပင်ကြီးအောက်တွင် သွပ်ဆွေးသွပ်မြေ့ တ၀က်တပျက်၊ ကြမ်းခင်း အဆွေးအမြေ့နှင့် ဇရပ်ပျက်တဆောင်။ ဇရပ်ပျက်နံဘေးရှိ လှည်းလမ်းကြောင်းကို ကြည့်ခြင်းအားဖြင့် မလှမ်းမကမ်းရှိ ထန်းပင်အုပ်အုပ်သည် ရွာတရွာဖြစ်နိုင်သည်။ ဤဇရပ်ပျက်သည် ထိုရွာပိုင်ဖြစ်နိုင်ပြီး ကားမှတ်တိုင်လည်းဖြစ်နိုင်သည်။ ထိုသိုဆိုလျှင် ယခုဇရပ်ပျက်ကြီးအတွင်းတွင် သောက်ရေအိုးစင် ရှိနေနိုင်သည်မှာမလွဲ။ သူ့အထင်မှန်ပါသည်။ ဇရပ်အတွင်းတွင် စပါးပင်လေးများ ခင်း၍ လှူဒါန်းထားသော သောက်ရေအိုးစင်လေး အမှန်တကယ်ပင် ရှိနေခဲ့ပါသည်။

သောက်ရေအိုးစဉ်ဆီသို့ အပြေးတပိုင်းအသွား ဇရပ်ပျက်၏ အတွင်းဖက် ခပ်ကျကျတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ခတ္တမျှ ကြက်သေသေသွားသည်။ ဆံပင်များလည်း ထောင်ထသွားသလို ခံစားရသည်။ ကြာဆံများလို ဖြူဖွေးနေသည့် ဆံပင်များ။ ၀ါကျင်ကျင် မျက်လုံးတစုံ။ မည်းညစ်သည့် အသားအရည်။ အရောင်မပေါ်တော့သော အ၀တ်နှင့် ခေါင်းသုံးလုံး။ တခါတရံတောက်ပလာသော မီးတောက်တစ်တောက်။ ကျောထဲမှ စိမ့်တက်သွားသည်။ နေပူထဲမှ လာသောကြောင့် ပြာနေသော မျက်လုံးကို ခတ္တမျှပိတ်၍ အနားပေးကာ ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်သည်။

စောစောက တွေ့ခဲ့ရသော ပုံသဏ္ဍာန်သည် ထင်ရှား၍ လာလေသည်။ ခေါင်းသုံးလုံးမဟုတ်။ ဒူးထောင်ထားခြင်းဖြစ်သည်။ သူရူးကြီးတယောက် (သို့) သူဖုန်းစားအိုကြီးတယောက် ဆေးလိပ် သောက်နေခြင်းဖြစ်သည်။ ဧကန်န ဤဇရပ်၏ အရှင်သခင် ဖြစ်ဟန်တူသည်။ စူးစမ်းနေသော မျက်လုံးအား မချိပြုံး ပြုံးပြရင်း ရေအိုးစင်သို့ လှမ်းလိုက်သည်။ ရေအိုးစင်ကား မြင်ယုံဖြင့် အေးမြလှသည်။ စိမ်းစိုလှသည့် စပါးပင်လေးများပေါ်တွင် စိုမြနေသော မြေအိုးလေးအား သံပန်းကန်ပြားတချပ်ဖြင့် ဖုံးအုပ်ထားသည်။ ထိုပန်းကန်ပြားပေါ်တွင် အုန်းမုတ်ခွက် ရိုးတံရှည်လေး ရှိလေသည်။

ခြောက်ကပ်နေသည့် အာခေါင်၏ အာရုံကြောများက ဦးနှောက်သို့ သတင်းပို့လိုက်သောအခါ အလျှင်အမြန် ရေတခွက်ခပ်လိုက်သည်။ ရေသောက်ရန် ဟန်ပြင်လိုက်စဉ် သူရူးကြီးနှင့် အကြည့်ခြင်း တချက်ဆုံလိုက်မိသည်။ မည်းညစ်သော သွားများကို ရှိသလောက် ပေါ်အောင် ပြုံးပြလိုက်သော သူ၏ အပြုံးကြောင့် တွေဝေသွားသည်။ သူရူးကြီးသည် ဤဇရပ်ပိုင်ရှင်ဆိုလျှင် ယခုသောက်ရေအိုးစင်သည်လည်း သူပိုင်ဖြစ်လိမ့်မည်။ သူပိုင်မဟုတ်သည့်တိုင် ဘေးဘီရှိ စားကြွင်းစားကျန်များကို ကြည့်ခြင်းအားဖြင့် သူလည်း စားသောက်ပြီး ရေအိုးစဉ်မှ ရေသောက်ပေလိမ့်မည်။

သူရူးကြီးတယောက်၏ နှုတ်ခမ်းနှင့် ထိထားသော ရေမှုတ်ကို မသတီနိုင်တော့။ ညာသန်ဖြစ်သဖြင့် ညာလက်ဖြင့် ကိုင်ထားသော ရေမှုတ်ကို ဘယ်လက်ဖြင့် ပြောင်းကိုင်လိုက်သည်။ ရေမှုတ်တခုနှင့် အလုပ်ရှုပ်နေသော သူအား သူရူးကြီးမှ ကျိတ်၍ ရီနေသေးသည်။ သူရူးကြီးက ဘယ်သန်ဆိုလျှင်ရော မည်သို့လုပ်မည်နည်း။ သူဦးနှောက်လည်း အလုပ်ရှုပ်ကာ သွားသည်။ လင်းလက်သွားသော အသိတရားတခုနှင့်အတူ အကြံတခုရလိုက်သည်။ ရေမှုတ်အလယ်တည့်တည့်မှ သောက်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ့ဆုံးဖြတ်ချက်ကို သဘောကျစွာ ရေများပင် ဖိတ်လျှံအောင် အားပါးတရ သောက်ချလိုက်လေသည်။ မတင်းတိမ်သေးသည့် အာသာကို ဖြေဖျောက်ရန် နောက်တခွက် ထပ်မံခပ်၍ သောက်လိုက်ပြန်သည်။ ၀မ်းဗိုက်အတော်တင်းမှ ရေသောက်ခြင်းအမှုကို ရပ်နားကာ ဇရပ်ဘောင်ပေါ်သို့ ထိုင်ကာ အမောဖြေရလေသည်။

သူ့ဖြစ်အင်ကို ကြည့်နေသော သူရူးကြီးမှာ လက်ခုပ်လက်မောင်းတီး၍ တံတွေးများ သီးအောင်ပင် အော်ဟစ်ရီမော နေလေသည်။ ကြောင်တောင်တောင်ဖြင့် သူရူးကြီးအား ငေးမောကြည့်နေမိသည်။ မိမိ၏ အပြုအမူတခုကို တစုံတယောက်က ပြက်ရယ်ပြုသည့်အခါ ကိုယ်ဘာမှားသလဲ ဝေခွဲမရသည့် ခံစားမှုမျိုးဖြစ်သည်။ သူ၏ အပြုအမူများကို ဥပေက္ခာပြုရင်း ကြားလိုက်ရသော စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားလေတော့သည်။

“ဟားဟားဟား လူတွေကလည်း ငါရေသောက်သလို လိုက်သောက်ကြပါလား ဟား ဟား ဟား ဟား”

ခင်တဲ့
ရေတမာ
4း44 pm mon
25/01/2010

p.s ၁၀တန်းတုန်းက ဆရာပြောတဲ့ အကြောင်းအရာကို ခံစားမိသလိုရေးဖွဲ့ထားခြင်းဖြစ်ပါသည်။

Wednesday, January 06, 2010

ဗိုလ်ပဲ၊ မတ်ပဲ၊ ကုလားပဲလေးများ

15 comment
ပေါ်ပေါ်ကခလေးဘ၀အကြောင်း တက်ဂ်ထားတဲ့ အကြွေးကို မသိချင်ဟန်ဆောင်နေတာ ကြာပြီ။ ရေးစရာမရှိတုန်း ညီအကိုတွေ ပြန်လွမ်းသွားလို့ မှတ်မိသလောက်ချရေးကြည့်ဦးမယ်။

ကျနော်တို့ဆီမှာ ဘုရားပွဲကို ယာမြေတွေသိမ်းတဲ့ ပွင့်လင်းရာသီမှသာ တနှစ်တခါ ပြုလုပ်လေ့ရှိတယ်။ အဲဒီအချိန်မှာ ရွာနီးချုပ်စပ်ကလည်း လာရောက်ပြီး ပျော်ပါးကြတယ်။ လှည်းတွေနဲ့ လာကြ၊ တည်းကြတယ်။ ဘုရားပွဲမှာပဲ အိမ်အတွက်လိုအပ်တဲ့ အသုံးအဆောင်တွေ ဖြစ်တဲ့ ဖျာ၊အိုး၊ အ၀တ်အထည် စတာတွေအပြင် လယ်ယာမြေအတွက်လိုအပ်တဲ့ သံထည်ပစ္စည်းတွေ ၀ယ်ခြမ်းကြရတယ်။ ခလေးတွေအတွက် ကစားစရာ အိုးပုတ်၊ချိုးရုပ်လေးတွေလည်း ရောင်းကြသေးတယ်။

ကျနော့်အမတွေ ညီမတွေ ကစားဖို့ ကျနော်တို့ ညီအကိုတွေက ခိုးပေးကြတယ်။ ဘုရားပွဲက နည်းနည်းလှမ်းတော့ အကို့စက်ဘီးလေးနဲ့သွားရတယ်။ သူ့ဘီးက ခလေးစီးတဲ့ ယောက်ျားစီဘီး၊ ဘောင်ပါတယ်။ အဲဒီဘီးသေးသေးလေးကို ငါးယောက်စီးပြီးသွားကြတယ်။

ဟိုရောက်ရင် အကိုအကြီးဆုံးက ပုဆိုးကားကားဝတ်ပြီး ရှေ့ဆုံးမှာရှိတဲ့ အိုးပုပ်တွေကို ပုဆိုးနဲ့ ဖုံးအောင်အုပ်ပြီး ဆောင့်ကြောင့်ထိုင်လိုက်တယ်။ ပြီးရင် နောက်ဆုံးတန်းမှာ ရှိတဲ့ အိုးပုပ်ကိုဈေး ဘယ်လောက်လည်းမေး။ နောက်ညီအကိုတွေကလည်း တဖက်ကနေ ဈေးမေးရင်း ဆိုင်ရှင်ကို အလုပ်ရှုပ်အောင်လုပ်လိုက်တယ်။ အဲဒီအချိန်မှာ အကိုအကြီး ပုဆိုးအောက်က အိုးပုပ်တွေကို ကျန်တဲ့သူတွေက ရသလောက်ယူကြတယ်။ အများကြီးမယူပါဘူး နည်းနည်းပါ။ တပါတ်လောက်ယူလိုက်ရင် ညီမတွေလည်း ဆော့လို့ရရော။ မဟုတ်ရင် ကျနော်တို့ ကစားတဲ့ ၀ိုင်းထဲ ၀င်ဝင်ပါလွန်းလို့။

သူတို့ဘာသာသူတို့ တွေ့ကရာအရွက်ခူး ကြော်လို့ကြော် ချက်လို့ချက်လုပ်ရင်း သူတို့ဘာသာသူတို့ကျက်ပြီဆိုရင် ကျနော်တို့ ယောက်ျားလေးတွေ ကစားတဲ့ဝိုင်းထဲ လာရောင်းတတ်တယ်။ ကျနော်တို့ကလည်း တွေ့ကရာခူးထားတဲ့ အရွက်တွေကို ပိုက်ဆံဆိုပြီး သူတို့ကိုပေးလိုက်ရင် ပျော်သွားရော။ အဲဒါကြောင့်လားမသိဘူး တယောက်မှ ဟင်းကောင်းကောင်း မချက်တတ်ကြဘူး။

တခါတလေ အိမ်ရှေ့ကွပ်ပစ်မှာ ၀င်းထရံပေါ်ကို စောင်ဖြန့်ပြီး ဇာတ်ကတတ်ကြသေးတယ်။ အမေတို့ခေတ်တုန်းကတော့ ဇာတ်မင်းသားသိန်းဇော် အမြဲတမ်းကတယ်ပြောတယ်။ ငယ်ငယ်က ပွဲဈေးတန်းမှာ အော်လံလေးတွေရောင်းတယ် အဲဒါလေးတွေကို သုံးလေးခုဝယ်၊(တခါတလေခိုးပေါ့းP) အပ်ချည်ကြိုးနဲ့ချည်ပြီး တရုတ်စကားပင်ပေါ်တင်၊၊ မိုက်ကတော့ ကြုံရာ ခုံဖိနပ်ပေါ့။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟုတ်နေတာပဲ။ ငယ်ငယ်ကဆိုတဲ့ သီချင်းတွေက မှုန်ရွှေရည်နဲ့ နောက်သင်္ကြန်သီချင်းတွေပေါ့။

မိသားစုသုံးစုပေါင်းထားတော့ မောင်နှမတွေကလည်း ၁၁ ယောက် အုပ်စုတောင့်ကြတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ တော်ကြာ ဘယ်စာအုပ်ဆိုင်က စာအုပ်လာမအပ်လို့ လိုက်လာပြန်ပြီ။ ဘယ်လိုလုပ်အပ်မတုန်း နောက်ဖေးမှာ သမံတလင်းခင်းမယ့် သဲထဲကို စာအုပ်တွေထည့်ပြီး ဗီဒီယိုသွားကြည့်ကြတာ ပြန်လာတော့ ခင်းပြီးနေပြီ။ ကျောင်းက ဆရာမကကျောင်းပြေးလို့ လိုက်လာပြန်ပြီ။ လူနဲ့တကွပါလာတာပါ။ ဘယ်ကဖမ်းလာသလဲ ဆိုတော့ ကျောင်းနားက ဗီဒီယိုရုံကပါ။ အဲလိုလည်း တော်ကြပါတယ်။

ညဖက် အိမ်အပေါ်ထပ်မှာ ညီအကိုမောင်နှမတွေ စာကျက်လေ့ရှိကြတယ်။ အောက်မှာလူကြီးတွေပေါ့။ “စာကျက်သံမကြားရဘူး”လို့ အောက်ကအော်လိုက်ရင် ၅ ယောက်လောက် အသားကုန် ကုန်းအော်တော့တာပဲ။ ဆူညံပြီးနားမခံသာလို့ မိဘတွေက တိုးတိုးကျက်လို့ အော်လိုက်ရင် စာမကျက်ကြတော့ပါဘူး။

မနက်ဆိုရင် ကျောင်းသွားဖို့ မနက်စာကို ကိုယ့်ဘာသာ စီစဉ်ကြရတယ်။ ကြောင်အိမ်ကို သော့ခတ်ထားရတယ်။ ကြက်ဥတွေ ကြော်ကြော်စားကြလွန်းလို့။ ဘာလုပ်သလဲဆိုတော့ အဘွားရဲ့ စကွဲ(ဆန်အကြေ)တွေကို အကြော်နဲ့ လဲစားကြတယ်။ အကိုက ထမင်းကြော် စပယ်ရှယ်လစ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် မနက်စာကို ရှိတဲ့မုန့်ဖိုးလေး နဲ့စုပြီးဖြေရှင်းရတယ်။

ငွေယားလေးတွေကလည်း ရှိရသေးတယ်။ စွန်ရာသီ စွန်ဝယ်ရတယ်။ ဂျင်ရာသီ ဂျင်ဝယ်ရတယ်။ ဒါမှမဟုတ်ရင် ပိုက်ဆံကြေး ဂေါ်လီဝိုင်းမှာ ဘေးထိုင်နေရမယ်။ ၀င်ငွေရှာတာ ပြောရဦးမယ်။ စာမေးပွဲပြီးရင် စာအုပ်တွေ ပိဿချိန်နဲ့ ရောင်းစားကြတယ်။ သင်္ကြန်ရောက်ရင် အိမ်ရှေ့က ပိတောက်ပင်ကြီးက ၀င်ငွေရှာပေးသေးတယ်။ အကြီးတွေက လက်ဝါးကြီးအုပ်တာများပါတယ်။ ကိုယ်တွေက မုန့်စားရရင် ကျေနပ်နေတာပါ။

ငယ်ငယ်က ဘ၀တွေက ဆင်းရဲပါတယ်။ စောင်ကို ပခက်လုပ်။ စကော အစုပ်ထဲ ထားတားရတာ။ အခုတော့လည်း သူတို့ဘ၀တွေ တင့်တင့်တယ်တယ်ဖြစ်နေကြပါပြီ။ နောင်များလည်း ညီအကို မောင်နှမတွေ ဥမကွဲသိုက်မပျက် စုစုစည်းစည်း နေချင်ပါတယ်။ ကိုယ့်မိဘတွေဆီကနေ သင်ခန်းစားယူစရာရှိတာတွေယူ ကျနော်တို့မျိုးဆက်တွေမှာ ပိုမိုစည်းလုံးတဲ့ မိသားစုလေးဖြစ်အောင် ကြိုးပမ်းသွားစေချင်ပါတယ်။

ခင်တဲ့
ရေတမာ
5း58 WED
06-01-10


ပထမဆုံးအတွေ့အကြုံ

12 comment
ကျေးဇူးပြု၍ ယခု စာ အား အစမှ အဆုံးတိုင် မကျော် မခွ ဘဲ ဖတ် ပေးပါရန် .....


ယခုကိစ္စသည် သူမဘ၀တွင် တခါမျှ မပြုလုပ်ဖူး မတွေ့ကြုံဖူးသော ကိစ္စတစ်ခု ဖြစ်ပါသည်။ သူမသည် ကျောခင်းကာ လှဲအိပ်လိုက်ရင်း ကြွက်သားများကို တောင့်တင်းထားမိလေသည်။ သူမသည် သူ့ကို ငြင်းဆန်ရန် အကြောင်းပြချက်မျိုးစုံကို စဉ်းစားရင်း တတ်နိုင်သလောက် အချိန်ဆွဲနေမိ၏ ။ သို့ရာတွင် သူ ကတော့ လုံးဝ လက်လျှော့မည့်ဟန် မပြပဲ သူမ အနားသို့ တိုးကပ်လာလေသည်။"ကြောက်နေသလား "ဟု သူမကို သူမေးသောအခါတွင် သူမရဲဝံ့ပြတ်သားစွာ ခေါင်းခါပြမိပြန်သည်။

သူသည် ယခုလို ကိစ္စမျိုးတွင် အတွေ့အကြုံ ရင့်ကျက်သူတစ်ယောက် ဖြစ်ကြောင်း သိသာပါသည် ။ အဘယ့်ကြောင့် ဆိုသော် သူ၏ လက်ချောင်းများသည် နေရာမှန်ကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားသောကြောင့် ဖြစ်ပါသည်။ သူ အထဲထိ နက်နက် နှိုက်စမ်းလိုက်သောအခါ သူမတကိုယ်လုံး နာကျင်မှုဖြင့် တုန်ခါသွားပြီး အကြောအခြင်များ ပင် တောင့်တင်းသွားလေသည်။ သို့ရာတွင် သူသည် သူပြောထားသည့် အတိုင်း အညင်သာဆုံး ပြုလုပ်နေကြောင်း သူမ သိပါသည်။

သူသည် အားငယ်နေသော သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း စိတ်မပူရန်၊ သူ့အနေနှင့် ယခုကိစ္စတွင် အတွေ့အကြုံ အများကြီးရှိကြောင်း ထပ်ပြောပြန်သည်။

သူပြုံးပြလိုက်သောအခါ သူမ စိတ်ကိုလျော့လိုက်ပြီး သူ့အတွက် လွယ်ကူစေရန် ကျယ်ကျယ် ဟ ထားပေးလိုက်သည်။

သူမသည် သူ့ကို မြန်နိုင်သမျှ မြန်မြန်ကိစ္စပြီးအောင် ပြုလုပ်ရန် အကြိမ်ကြိမ် တောင်းပန် လောဆော်မိလေသည်။ သို့သော် သူသည် သူမ နာကျင်မှု သက်သာစေရန် အချိန်ယူ၍ ဖြည်းဖြည်းမှန်မှန်သာ ဆက်လုပ်ပါသည်။ သူနောက်တကြိမ် သူမ၏အနီးသို့ တိုးကပ်လာသောအခါတွင် အသားမျှင်များ စုတ်ပြဲသွားသကဲ့သို့ တကိုယ်လုံး နာကျင်မှု ဆိုတဲ့ အရသာကို သူမ ခံစားလိုက်ရသည်။ သွေး အနည်းငယ် ထွက်လာသည်ကိုလည်း သူမ သိရှိခံစားလိုက်ရသည်။

"အရမ်းနာသလား" ဟု သူက ထပ်မေးပြန်သည်။ သူမမျက်လုံးအိမ်တစ်ခုလုံး မျက်ရည်များဖြင့် ပြည့်လျှမ်းနေသော်လည်း မနာသယောင် ခေါင်းခါပြကာ ဆက်လုပ်ရန် သူ့ကို သူမခေါင်းငြိမ့်ပြမိသည်။ သူသည် ကျွမ်းကျွမ်းကျင်ကျင် ထည့်လိုက်ထုတ်လိုက် ဆက်လုပ်နေသော်လည်း သူဘာလုပ်နေမှန်း မသိနိုင်လောက်အောင် သူမ စိတ်လှုပ်ရှားကာ ထုံပေပေဖြစ်နေမိသည်။ အတန်ကြာသောအခါ သူမ အတွင်းထဲမှ အရည်တချို့ တာကျိုးသလို ပေါက်ထွက်လာသည်ကို ခံစားရပြီး သူသည်အရာတစ်ခုကို အပြင်သို့ ထုတ်လိုက်လေသည်။ သူမသည် သက်ပြင်းမောများ ရှိုက်ထုတ်နေရင်း ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို ၀မ်းသာပျော်ရွှင် နေမိလေသည်။

သူသည် သူမကို နွေးနွေးထွေးထွေး ပြုံးပြရင်း " တော်တော် ကိုင်ရ တွယ်ရခက်တဲ့ ကလေးမပဲ "ဟု ရေရွတ်လေသည်။ သူမကလဲ ပြန်ပြုံးပြရင်း

သွားဆရာဝန်အား ကျေးဇူးစကား ဆိုလေသည်။

အထက်ပါတို့သည် သူမဘ၀တွင် ပထမဆုံး သွားနှုတ်သည့်နေ့က တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များ ဖြစ်လေသည်။

အင်တာနက် ပေါ်က နေ ရရှိတဲ့ ဘာသာ ပြန် ဟာသလေးတခုပါ ။

သူငယ်ချင်းတွေကို မျှဝေချင် လို့ ဖြတ်ညှပ် ကပ် လုပ်လိုက် တာပါ ။ မျှဝေချင်တဲ့ အဓိက ရည်ရွယ်ချက် က တော့

ကျွန်တော်တို့ တတွေ အကြောင်း အရာတခု ကို သေချာမသိရ သေးခင် ဆုံးဖြတ်ချက် ချတာ စောလွန်းနေတတ်တဲ့ ကျွန်တော် တို့ စိတ် ကလေးတွေ ကို မြင်စေချင်လို့ပါ

မိတ်ဆွေတော့ မသိဘူး ... ကျွန်တော်ကတော့ .. အထက် က စာလေးတွေဖတ်ရင် ... ဆုံးဖြတ်ချက် ချတာတွေ မှား တာဆိုတာလေ.... ပြောချင်တော့ ဘူး...

ကဲ ... တခုခုကို ဂဃနဏ မသိရသေးခင်မှာ ဆုံးဖြတ်ချက်ချ တာ မစောဖို့ ... ဆုံးဖြတ်ချက် ချတာ မလောဖို့ပါ


နေစိုးနိုင်

မှတ်ချက်။ ။ကိုနိုင်ထံမှ မနေ့က ခွင့်ပြုချက်ရ၍ တင်လိုက်ပါသည်။ မေးလ်လက်ခံရရှိသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပါသည်။ တင်ရန်ခွင့်တောင်းခြင်းနှင့် တင်သင့်မတင်သင့်ပါ ပူးတွဲအကြံတောင်းခြင်း ဖြစ်ပါသည်။ ကျွန်ုပ်ရေးလျှင် ဤမျှ ကောင်းနိုင်မည်မထင်ပါ။ သူပြောသွားသည်များမှာလည်း အပိုအလိုမရှိ၍ မိတ်ဆွေများ အတွေးပွားနိုင်စေရန် မျှဝေလိုက်ရပါသည်။

အားနာလျက်
ရေတမာ

Tuesday, January 05, 2010

ထူးမှထူးတဲ့ အရွယ်

21 comment
မနေ့က မရောင်မလည်နဲ့ စာအုပ်တွေရောင်းတဲ့ဆိုင်ဖက် ရောက်သွားတယ်။ နာမည်တွေလိုက်ဖတ်ရင်း ၀တ္တုတန်းဖက်ရောက်သွားတော့ မင်းလူစာအုပ်သွားတွေ့တယ်။ အသစ်စက်စက်လုံးချင်းဝတ္တုတဲ့။ “အလွမ်းသစ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပထမဆုံးစာမျက်နှာလေး လှန်လိုက်တော့

“မိန်းကလေး တယောက်ကို ချစ်ရတာ
ခပ်ညံ့ညံ့ဘောလုံးအသင်းတသင်းကို အားပေးရသလိုပဲ၊
အားမလိုအားမရလည်းဖြစ်ရတယ်
အချိန်တန်ရင်လည်း မကြည့်ဘဲမနေနိုင်ဘူး” (မှတ်မိသလိုရေးပါသည်) ဆိုပြီးဖတ်လိုက်ရတော့ ၀ယ်ချင်လိုက်တာ။ ဈေးက ၇ကျပ်တဲ့။ သိပ်လည်းမထူတာနဲ့ ပြန်ချထားလိုက်တယ်။ ၃ကျပ်ခွဲတန် ၂ အုပ်ဝယ်လိုက်မယ်ဆိုပြီး စိတ်ကူးပလိုက်တယ်။ “ပန်းကျောင်း”ပြန်တွေ့တယ်။ ပျောက်သွားတဲ့ စာအုပ်လေး။ ဇာတ်လမ်းတွေမေ့ကုန်ပြီ။ သူငယ်ချင်းတွေကို ပြန်သတိရသွားတယ်။ ကျောင်းပုံပြင်ပေါ့။


ဆရာအောင်းသင်းရဲ့ အရွယ်

ကြပ်ကြပ်ကြီး သတိရနေစေဖို့ သင့်သည်ကတော့ အရွယ်ပင်ဖြစ်သည်။ အရွယ်ကတော့ ရပ်နေသည်မဟုတ်။ အသက်ကြီးလာဖို့ ကိစ္စကတော့ အားထုတ်နေဖို့ မလိုသကဲ့သို့ တားလို့ဆီးလို့လည်း ရသည်မဟုတ်။ သို့သော် အရွယ်ဆိုသည်မှာ အချိန်ပင် ဖြစ်သည်။ အချိန်ကို အသုံးချခြင်းသည်ပင်လျှင် အရွယ်ကို အသုံးချခြင်းဖြစ်သည်။ ပထမအရွယ်ကို အသုံးချဖို့ မေ့လျော့နေလျှင် အီးပေါသော ဒုတိယအရွယ်ကြီးကို လက်ခံရပေတော့မည်။ တတိယ အရွယ်ကိုတော့ ဖြစ်သလိုအိုပြီး ကြုံရာရောဂါနှင့် သေသွားရုံသာ ရှိသည်။ သဘောကျသည် စကားစုလေးများလည်း ပြန်လည် ဝေမျှချင်ပါသည်။

To know something of everything and everything of something.
(အရာရာတိုင်းတွင် တီးမိခေါက်မိရှိ၍ တစုံတရာကို ပြဲပြဲစင်အောင် သိရမည်)

You are not allowed to read another page of life
(ဘ၀မှာ စာမျက်နှာ ကျော်ဖတ်ခွင့်မရှိဘူး) အခု လက်ငင်းကြူံနေရတဲ့ အချိန်ကာလကို တန်းဖိုးရှိရှိ သုံးပါ။

စသည်ဖြင့် ရေးသားထားသော အရွယ် ဆောင်းပါး အပါအ၀င် ဆောင်းပါးကောင်း ၂၅ ပုဒ်ဖြင့် ထုတ်ဝေထားပါသည်။
တန်ဖိုး ၂၀၀၀ကျပ်။



အရှင်ဆန္ဒာဓိက၏ ထူးမှထူး


စိတ်ဝင်စားစရာ ခေါင်းစဉ်ပေါင်း ၃၁ခုနှင့်အတူ

သိမ်းပိုက်ဆုပ်ကိုင်သူတွေကြား
စွန့်လွတ်မျှဝေသူ....
မှားမိုက်ဆိုးတေသူတွေကြား
ထိန်းချုပ်စောင့်စည်းသူ
ပေါ့ပျက်ပူမြိုက်သူတွေကြား
ရင့်ကျက်အေးချမ်းသူ...
စွဲငြိဖွဲ့နှောင်သူတွေကြား
လွတ်လပ်ထုံးပြေသူဟာ
ထူးမှထူးတဲ့သူပါပဲ။ ။ စသည့်ဆုံးမစကားများဖြင့် ရေးသားထားပါသည်။ တန်းဖိုး ၁၀၀၀ ကျပ်။

စာအုပ်မည်းမည်းလေးနှစ်အုပ်နဲ့ အတူ အတွေးပွားမိတာလေးတွေလည်း ရှိသေးတယ်။ အင်တာနက်မှာ ဖတ်လို့ရပေမယ့် စာအုပ်ကို ကိုင်ဖတ်ရတဲ့ အရသာကို မမှီဘူး။ စာအုပ်တွေပျောက်သွားမှာ မဟုတ်ဘူး။

စာမရေးနိုင်ပေမယ့် ဘလော့တော့ရောက်ဖြစ်ပါတယ်။ မရောက်ဖြစ်လဲ။ counter report က တနင်္လာနေ့တိုင်း သတင်းပို့တယ်။ လာရောက်လာကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။

ခင်တဲ့ ရေတမာ