Friday, July 31, 2009

ရုန်း

11 comment

ချစ်ခင်မြတ်နိုး တွယ်တာတယ်ဆိုတဲ့ သံယောဇဉ်တွေနဲ့ ကျွန်တော်တို့ဟာ သိပ်ကိုပျော်မွေ့ကြတယ်။ ရွှင်ပြုံးကြည်သာမှုတွေ ဖြစ်တယ်။ အဲဒီသံယောဇဉ်တွေကြောင့်ပဲ ကျွန်တော်တို့ဟာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲတွေ ဖြစ်ပြန်ရော။ ရင်ဘတ်စည်တီး ရှိုက်ကြီးတငင် ငိုကြွေးရတာတွေလည်း ရှိတယ်။ သံယောဇဉ်တွေကနေ ထွက်မြောက်နိုင်ရင် ကောင်းမယ်ဆိုတာ သိတယ်၊ သိပါတယ်ဗျာ။

ခင်ဗျားတို့ ကြားဖူးမယ်ထင်ပါတယ်။ တစ်နေ့ ရဟန်းတော် အချို့ သာဝတ္တိမြို့တွင်း ဆွမ်းခံနေတုန်းမှာ မင်းရဲ့ အမိန့်နဲ့ ဖမ်းမိတဲ့ ခိုးသူတွေကို သံခြေချင်းတွေခတ်၊ ခြေတွေလက်တွေမှာ ကြိုးတွေနဲ့ အခိုင်အခံချည်ပြီး လှောင်အိမ်ထဲ သွင်းနေတာကို မြင်တွေ့ကြတယ်။ ညနေချမ်းရောက်တဲ့အခါမှာ အဲဒီရဟန်းတွေက ဂေါတမ မြတ်စွာဘုရားထံသွားပြီး သူတို့မြင်တွေ့ခဲ့ရတဲ့ ခိုးသူတွေ နှောင်ဖွဲ့ခံရပုံကို ပြောကြားလျှောက်ထားမိကြတယ်။ အဲဒီအခါမှာ ဂေါတမမြတ်စွာဘုရားက သံခြေချင်း၊ ကြိုးစတဲ့ အရာတွေနဲ့ နှောင်ဖွဲ့ထားတာဟာ မပြောပ လောက်သေးဘူး။ ဥစ္စာ၊ စပါး၊ သားမယားစသည်တို့မှာ တပ်မက်တွယ်တာခြင်းဆိုတဲ့ တဏှာကိလေသာ အနှောင်အဖွဲ့က အဆအရာအထောင်အသိန်းမက ပိုပြီး ခိုင်မြဲတယ်။

သံဖြင့်ပြုလုပ်သော သံခြေချင်း အနှောင်အဖွဲ့၊ သစ်သားဖြင့် ပြုလုပ်ထားသော ထိတ်တုံးအနှောင်အဖွဲ့၊ မြက်လျှော်ဖြင့် ပြုလုပ်ထားသော နှောင်ကြိုးအဖွဲ့ကို ခိုင်ခံ့သော၊ မြဲမြံသော အနှောင်အဖွဲ့ဟု မဆိုကြကုန်။ ပတ္တမြားနားတောင်း စသည့် ရတနာတို့၌ တွယ်တာငဲ့ကွက်ခြင်းတဏှာ ဤတဏှာအနှောင်အဖွဲ့မျိုးကိုသာ ခိုင်ခံ့သော၊ မြဲမြံသော အနှောင်အဖွဲ့ဟု ပညာရှိတို့ ဆိုကုန်၏။

ပညာရှိတို့ကတော့ အဲဒီတဏှာကိလေသာဆိုတဲ့ အနှောင်အဖွဲ့ကို ရုန်းဖြတ်ပြီးတော့ ထွက်ကြတယ်လို့ ဂေါတမမြတ်စွာဘုရားက ပြောပြ ဟောပြတယ်။ ကိလေသာ နှောင်ကြိုးတွေကနေ ရုန်းထွက်ဖြတ်တောက် နိုင်ကြသူ ပညာရှိသူတွေကို အားကျမိပါတယ်ဗျာ၊ ဒီလို အားကျခြင်းနဲ့အတူ….

“သံယောဇဉ်ကြိုး၊ ဆယ်မျိုးခိုင်ခိုင် ချုပ်ထား တုပ်ထားလှုပ်မအားနိုင်။

ကာမထောင်တွင်း၊ နှောင်သွင်းပိုင်ပိုင်၊ မှတ်ကရော့၊ ခတ်သော့ သံချည်တိုင်” ဆိုတဲ့ ဓမ္မကဗျာလေးကိုလဲ အမှတ်ရတယ်။ အမှတ်ရခြင်းနဲ့ ကပ်ပြီး ထိတ်လန့်ခြင်းကလဲ ပါလာတယ်။ ချည်နှောင်ထားတဲ့ သံကြိုးကြီးတွေ ခိုင်ရတဲ့အထဲမှာ ကျွန်တော်ကို သံတိုင်ကြီးနဲ့ ပူးတွဲပြီး မရုန်းနိုင်အောင် သော့ခတ်ထားရသလို ခံစားရတဲ့ အဖြစ်ကြောင့်ပါ။

ကျွန်တော်တို့လို အသက်ကြီးလာတဲ့ လူကြီးတွေနဲ့ ဆိုင်တဲ့ အဖြစ်အပျက်တစ်ခုရှိသေးတယ်။ ကောသလမင်းကြီးမှာ ပါဝေယျက လို့ခေါ်တဲ့ ဆင်ကြီးရှိခဲ့တယ်။ ဒီဆင်ကြီးဟာ အသက်ငယ်ရွယ် နုပျိုစဉ်က အလွန်ခွန်အားဗလ ကောင်းတယ်။ စစ်တိုက်တဲ့ နေရာမှာ အင်မတန် ကျွမ်းကျင်တယ်၊ သတ္တိပြောင်မြောက်တယ်။ အခုတော့ ဒီဆင်ကြီး အိုလာပြီ။ ဒါနဲ့ မင်းကြီးက ဆင်အိုကြီးကို ဘေးမဲ့ပေးလိုက်တယ်။ တစ်နေ့မှာ အဲဒီဆင်ကြီးဟာ အိုင်တစ်ခုထဲကို ဆင်းရင်းက ညွန်ထဲမှာနစ်သွားတယ်။ ဆင်ကြီးဟာ ညွန်ထဲက ထွက်မြောက်အောင် ရုန်းတယ်။ ဒါပေမယ့် ဇရာကထောင်းပြီဆိုတော့ ရုန်းအားမကောင်းဘူး ဖြစ်နေတယ်။ ဒီအဖြစ်ကို ကောသလ မင်းကြီးကြားသိတဲ့ အခါမှာ ဆင်ကြီးကို ညွန်ထဲက ထုတ်ဆောင်ဖို့အတွက် ဆင်ဆရာကို လွှတ်လိုက်တယ်။ ဆင်ဆရာဟာ အင်မတန် အမြော်အမြင်ရှိတယ်။ ဆင်ဆရာက ဆင်ကြီးကို ညွန်ထဲက ထုတ်ဆောင်ဖို့ သွားတဲ့အခါမှာ စစ်ချီစစ်ထိုးတဲ့အခါ အသုံးပြုတဲ့ စစ်ပွဲစည်ကြီးကို ယူသွားတယ်။ စည်တွေ မောင်းတွေ သယ်သွားတယ်ဆိုပါတော့။

ညွန်နစ်နေတဲ့ ဆင်ကြီးထံရောက်တော့ ဆင်ဆရာက စစ်ပွဲကိုပြပြီး စစ်ပွဲစည်ကြီးကို တီးတယ်။ တကယ်စစ်ထိုးတော့မယ့် အခြေအနေမျိုးဖြစ်အောင် တပည့်နောက်လိုက် နောက်ပါတွေနဲ့ ပူးပေါင်းဖန်တီးပြီး စစ်ကြွေးကြော်သံတွေနဲ့ စည်တို့ မောင်းတို့ တီးပေးပါလိမ့်မယ်။ ဒီအခါမှာ ဆင်ကြီးဟာ ရဲစိတ် ရဲမာန်တွေ တက်ကြွလာပြီး တအားရုန်းလိုက်တာ တစ်ခါတည်း ကုန်းပေါ်ရောက်သွားတယ်။

ဒီလိုဆင်ကြီး ညွန်ထဲက ရုန်းထွက်နိုင်တဲ့ အဖြစ်ကို မြင်ခဲ့ကြရတဲ့ ရဟန်းတော်တွေက ဂေါတမမြတ်စွာဘုရားကို ပြောပြလျှောက်ထားကြတယ်။ ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက ရဟန်းတော်တွေကို…..

မမေ့လျော့ခြင်း အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့၊ မိမိစိတ်ကို စောင့်ရှောက်ကြလော့၊ ညွန်၌နစ်သောဆင်သည် မိမိကိုယ်ကို ညွန်ပျောင်းမှ ထုတ်ဆောင်သကဲ့သို့ ကိလေသာညွန်ပျောင်းမှ မိမိကိုယ်ကို ထုတ်ဆောင်ကြ….. လို့ မိန့်တော်မူတယ်။ အဲဒီ ဂေါတမ မြတ်စွာဘုရားရဲ့ စကားဟာ ကျွန်တော်တို့နှင့် တိုက်ရိုက်သက်ဆိုင်နေတဲ့ စကားဗျ။ ဒါပေမယ့် ကျွန်တော်မှာ ဖြစ်နေတာက ခိုင်ခံလွန်းလှတဲ့ သံတိုင်ကြီးမှာ သံကြိုးတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ပြီး သော့ခတ်ထားတဲ့ ကျွန်တော့်ကို ဘယ်သူများလာပြီး သော့ဖွင့်ပေးပါ့မလဲ။ ကိလေသာ ညွန်ထဲက ရုန်းထွက်နိုင်အောင် ဘယ်သူများလာပြီး စည်တီးရင်း အားပေးပါ့မလဲလို့ မျှော်မိနေတဲ့ အဖြစ်ပါဗျာ၊ နေပါဦး ခင်ဗျားတို့ကတော့ မရုန်းဘူးလား… ဘယ်လိုလဲ.. မရုန်းကြတော့ဘူးလား…….

ထုံစံအတိုင်း ဆရာနန္ဒသိန်းဇံ၏ မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများစာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွဲ ၁ အမှတ် ၁၂ မိုးဆန်းပန်းဂျာနယ်

Thursday, July 30, 2009

သိတော့မှ

14 comment
အခုတလော ဘလော့အတွက် ဘာရေးရမှန်းမသိဘူး။ လက်ကလည်းမထွက် ဦးနှောက်ကလည်းမထွက်မို့ ဖတ်လက်စ ဆရာနန္ဒာသိန်းဇံစာအုပ်ထဲက ကြိုက်တာလေးတွေ ကူးယူဖော်ပြနေမိတယ်။ သင့်၏မသင့်၏လည်း ဇဝေဇ၀ါပါပဲ။ မျှဝေချင်တဲ့ ဆန္ဒရှေ့တန်းတင်ရင်း ဇွတ်လုပ်နေမိတယ်။ ကျနော်ရေးရင် လူအတစ်ယောက် သူ့အိပ်မက်ကို လျှောက်ပြောနေသလို ဘယ်သူမှ နားလည်မှာမဟုတ်ဘူး။စာလုံးပေါင်းတွေကတော့ သည်းခံပြီး ဖတ်ပေးကြပါခင်ဗျာ။ ကျနော်စာရိုက်ရတာ အခက်အခဲ နည်းနည်းရှိလို့ပါ။ တတ်နိုင်သလောက်တော့ မှားတာတွေလိုက်ပြင်ထားပါတယ်။

(၁)
သင်္ဘောအကြောင်းစပ်မိရာမှ သူက ကျွန်တော်တို့ သာမာန်လူများ နားလည်ရန်ခက်သော starboard bow နှင့် starboard beam တို့၏ မြန်မာလို အခေါ်အဝေါ်များအကြောင်း၊ starboard quarter နှင့် Asterm စကားလုံးတို့၏ အနက်အဓိပ္ပါယ်များ အကြောင်း ရှင်းပြသည်။ ပြီးတော့ အောက်ပါ အဖြစ်အပျက်ကို သူကပြောပြသည်။

(၂)
တစ်ခါမှာ ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်နေတဲ့ စစ်သင်္ဘော နှစ်စင်းဟာ အင်မတန်းဆိုးရွားတဲ့ ရာသီဥတုနဲ့ ကြုံနေရတယ်။ နေမှောင်စပြုတယ်ဆိုရင်ပဲ နှင်းတွေ တအားကျလာတယ်။ ရှေ့က ဦးဆောင်ပြီးသွားနေတဲ့ စစ်သင်္ဘောက ကပ္ပတိန်ဟာ သူ့လူတွေ မှားယွင်းချွတ်ချော်ပြီး ခုတ်မောင်းမှုမျိုးမဖြစ်အောင် သူကိုယ်တိုင် အခြေအနေတွေအားလုံးကို စောင့်ကြည့် ကြီးကြပ်နေတယ်။ အဲဒီအခိုက်မှာပဲ သင်္ဘောလက်ယာဘက်ဆီမှာ “မီးရောင”်မြင်တဲ့အကြောင်း သတင်းပို့တယ်။ ဒီအခါမှာ ကပ္ပတိန်က မီးရောင်က ငြိမ်နေတဲ့ မီးရောင်လား၊ လှုပ်ရှားနေတဲ့ ရွေ့နေတဲ့ မီးရောင်လားလို့မေးတယ်။

မီးရောင်က ငြိမ်နေတဲ့ မီးရောင်ဖြစ်ကြောင်း သတင်းပြန်ပို့တယ်။ ငြိမ်နေတဲ့ မီးရောင်ဆိုရင် ဒါဟာ ရပ်ထားတဲ့ သင်္ဘော တစ်စင်းက မီးရောင်ဖြစ်မယ်။ ရပ်ထားရင်တော့ ဒီကလာနေတဲ့ သင်္ဘောတွေနဲ့ ၀င်တိုက်မိတော့မှာပေါ့။ အမှန်တကယ်က ငြိမ်နေတဲ့ မီးရောင်ဟာ ရပ်နေတဲ့ သင်္ဘောဆီကလာတဲ့ မီးရောင်မဟုတ်ပါဘူး။ မီးပြတိုက်က မီးရောင်ပါ။ နှင်းတွေက သိပ်ကိုထူထူထည်းထည်းကျနေလို့ မီးပြတိုက်က မီးရောင်လား သင်္ဘောတစ်စင်းစင်းက မီးရောင်လားဆိုတာ မကွဲပြားဘူး ဖြစ်နေတာ။

သတင်းပို့တဲ့အပေါ်မှာ မူတည်ပြိး ကပ္ပတိန်က မီးရောင်ဟာ သင်္ဘောတစ်စင်းစင်းဆီက မီးရောင်လို့ထင်တယ်။ ဒါနဲ့ ၀င်တိုက်မိမှာ စိုးရိမ်ပြီး လမ်းကြောင်း ၂၀ ဒီဂရီစောင်းပေးဖို့၊ ဖယ်ပေးဖို့ တစ်ဖက် သင်္ဘောဆီကို သတင်းပို့ခိုင်းတယ်။ သတင်းပို့သူကလည်း ချက်ချင်းပို့တယ်။ ဒီလိုသတင်းပို့တော့ တဖက်က ချက်ချင်းပဲ “ခင်ဗျားတို့ သင်္ဘောကသာ လမ်းကြောင်း ၂၀ ဒီဂရီ ဖယ်ပြီးသွားပါ” လို့ သတင်းပြန်ပို့တယ်။ အခုလိုပို့တဲ့သတင်းက မီးပြတိုက်က ပြန်ပို့နေတဲ့ သတင်းမှန်း မသိဘူးဖြစ်နေတယ်။ မသိတော့ ကပ္ပတိန်က “ဟေ့ ငါက ကပ္ပတိန် လမ်းကြောင်း ၂၀ ဒီဂရီစောင်းပေးပါ” လို့ ပြန်သတင်းပို့တယ်။ တဖက်က ချက်ချင်းပဲ “ကျုပ်ကလဲ ၀ါရင့်သင်္ဘောသားပါ၊ ခင်ဗျားပဲ လမ်းကြောင်း ၂၀ ဒီဂရီစောင်းပါ” လို့ ပြန်သတင်းပို့တယ်။ ဒီအခါမှာ ကပ္ပတိန်ဟာ ဒေါသူပုန်ထလာပြီး....
“ဟေ့ ဒါ ငါက စစ်သင်္ဘော၊ ဘာထင်လို့လဲ ၊ ၂၀ ဒီဂရီစောင်း” လို့ သတင်းပို့တော့ တစ်ဖက်က “ကျုပ်ကလည်း မီးပြတိုက်”လို့ ချက်ချင်းပဲ သတင်းပို့တယ်။ ဒီတော့မှ မြင်ရတဲ့ မီးရောင်ဟာ မီးပြတိုက်ဖြစ်မှန်း ကပ္ပတိန် သိသွားတယ်။ မီးပြတိုက်ပဲဗျာ၊ ၀င်တိုက်လို့ ဘယ်ဖြစ်ပါ့မလဲ ဒီတော့ သင်္ဘောကပဲ လမ်းကြောင်းပြောင်းခဲ့ရတာပေါ့။

(၃)
အထက်ပါအကြောင်းအရာများကို ပြောပြီးနောက် သူက ဆက်၍ ကိုယ့်ကျင့်တရားစည်းမျဉ်း ဟာတကယ်တော့ မီးပြတိုက်နဲ့ တူတယ်။ မီးပြတိုက်ဆိုတာ ဘေးအန္တရာယ်ရှိတယ် မလာနဲ့ မကပ်နဲ့ ဖယ်ပြီးသွား ဝေးဝေးမှာ ခွာပြီး ရှောင်ပြီးသွားလို့ ပြောပြ နေတဲ့ သဘောရှိတယ်။ ကိုယ်ကျင့်တရားစည်းမျဉ်းဟာလည်း ဒီအတိုင်းပဲ ဒီလို ဒီလို ဒုစရိုက်မူမျိုးတွေ ရှိတယ်။ ဒါတွေကို ဖယ်သွား၊ ရှောင်သွားလို့ ပြောနေတာပဲ။

အန္တရာယ်များလှပါတယ်လို့ မီးပြတိုက်က ပြထားတာကို ၀င်ပြီးတိုက်ရင် မိမိရော၊ မိမိရဲ့ ၀န်းကျင်ကလူတွေရော၊ သင်္ဘောကြီး တစ်ခုလုံးပေါ့ဗျာ၊ လွင့်စဉ်ကြွေမွပြီး ဒုက္ခတွေ အများကြီးရောက်နိုင်တာပေါ့။ ဒီအတိုင်းပဲ မဟုတ်မမှန်ပြုလုပ်တဲ့ ကာယကံ အပြုအမူ မမှန်တဲ့ အတွေးအမြင်နဲ့ တွေးကြံတဲ့ မနောကံ အပြုအမူတွေဟာ အန္တရာယ်များတယ်လို့ ကိုယ်ကျင့်တရားစည်းမျဉ်းက ပြညွှန်နေတယ်။ ဒီလိုညွှန်ပြနေတာတွေကို ရှောင်ဖယ်ပြီး သွားသင့်တာပေါ့ဗျာ။ ဒါမှ မိမိရော အခြားသူတွေပါ ဒုက္ခအန္တရာယ်တွေက ကင်းဝေးမှာ။ ၀င်တိုက်မယ် ချိုးဖောက်မယ်ဆိုရင်တော့ ကိုယ့်ဘ၀ဟာလည်း ကြွေမွလွင့်စဉ်ပျက်စီးနိုင်တယ်။

နေပါဦး၊ ခင်ဗျားတို့ လေ့လာဖူးလား၊ ဒုစရိုက် မကောင်းမှုတွေကို ပြုမူရင် စိတ်စေတနာဇောတွေအလျောက် ဘယ်လို ဘယ်ပုံအကျိုးပေးမှုတွေ ဖြစ်တတ်တယ်ဆိုတာကို ကျုပ်တို့ မြန်မာစာပေ Literature ထဲမှာ အလေးအနက် အမြောက်အမြား ဖော်ပြထားတာတွေရှိတယ်။ အဲဒါတွေကို ခင်ဗျားတို့ အသေအချာသိမှ ပြောခဲ့တဲ့ ကိုယ်ကျင့်တရား စည်းမျဉ်းဟာ တကယ်ကို အန္တရာယ်တွေကို ညွှန်ပြနေတဲ့ စည်းမျဉ်းအမှန်ဖြစ်တယ်လို့သိမယ်။ အန္တရာယ်တွေကို တကယ်ညွှန်ပြေနေတဲ့ မီးပြတိုက်က မီးပါလားလို့ သိမှ ရှောင်သွားဖို့ဖြစ်နိုင်သလို တကယ့်အန္တရာယ်ကို ညွှန်ပြနိုင်တဲ့ ကိုယ်ကျင့်တရားစည်းမျဉ်းမှန်းသိမှလည်း ဒုစရိုက်တွေကို မပြုဘဲတကယ်ရှောင်မှာ။ ဒါကြောင့် စိတ်စေတနာဇောတွေအကြောင်း ဖော်ပြထားတဲ့ မြန်မာစာပေတွေကို လေ့လာသင့်တယ်။ ခင်ဗျားတို့ လေ့လာဖြစ်ရဲ့လား...

(၄)
သူ၏ အထက်ပါမေးခွန်းကို ကျွန်တော်တို့က ခွန်းတုံမပြန်ဘဲ ငြိမ်နေခဲ့ကြသည်ကို ပြန်၍ မြင်ယောင်နေပါသည်။

Justify Fullမှတ်ချက်။ ။ သူပြောပြသော အကြောင်းအရာမှာ Stephen R. Covey ၏ The Seven Habits For Highly Effective People စာအုပ်မှဖြစ်ပါသည်။ သူပြောပုံက မြန်မာနားနှင့် ပို၍ ဆီလျော်သောကြောင့် သူပြောပြသည့်အတိုင်းပင် ဖော်ပြလိုက်ပါသည်။

(နန္ဒာသိန်းဇံ)
အမှတ်၇၀ အင်တာဗျူးဂျာနယ်

Tuesday, July 28, 2009

အလင်းရှိတဲ့ မီးအိမ်

15 comment
ဆရာနန္ဒာသိန်းဇံ၏ “မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ” စာအုပ်မှ ကူးယူဖော်ပြပါသည်။

အခုဆိုက်တဲ့ ဘူတာက မုပ္ပလင်ဘူတာ... ဟု ခရီးသည် တစ်ဦးပြောသံကို ကြားလိုက်သောကြောင့် ပြတင်းတံခါးကို တွန်းတင်ပြီး အပြင်ကိုကြည့်သည်။ မိုးကလည်း မစဲသေး။ မိုးကလည်း မလင်းသေး။ မုပ္ပလင်ဘူတာက မိုးရေတွေထဲမှာ ရွှဲရွှဲစိုရင်း ချမ်းစိမ့်နေပုံပေါ်နေသည်။ ဟိုတုန်းကတော့ ဤဘူတာရုံသို့ ခဏခဏ ရောက်သည်။ ဤဘူတာရုံမှ ရန်ကုန်က အလာရထားကို စောင့်ပြီး မုတ္တမသို့ လိုက်နေကျဖြစ်သည်။

ဤဘူတာရုံ ၌အငြိမ်းစား ရထားဝန်ထမ်းကြီးတစ်ဦးနှင့် စကားလက်ဆုံကျတတ်သောကြောင့် မုပ္ပလင်ဘူတာကကျွန်တော့်အတွက် မှတ်မှတ်ရရ၊ တမ်းတမ်းတတဖြစ်တတ်သော ဘူတာရုံပင်ဖြစ်ပါသည်။ ဘူတာသို့ ရထားဆိုက်တိုင်း အောက်ကိုမဆင်းဖြစ်သော်လည်း ဘူတာရုံဆီကို အနည်းဆုံးလှမ်း၍တော့ ကြည့်ဖြစ်သည်။ ဤဘူတာသို့ ယခုတစ်ခေါက် ရောက်ခြင်းမှာ နှစ်တွေအများကြီးကြာပြီးမှ ရောက်ခြင်းဖြစ်သည်။ စကားလက်ဆုံကျနေကျ ရထားဝန်ထမ်းကြီး ကျမ်းမာစွာ ရှိနေလိမ့်ဦးမည်ဟု မျှော်လင့်ပါသည်။

အောက်ပါ အဖြစ်အပျက်က ထိုဝန်ထမ်းကြီးပြောပြခဲ့သော အဖြစ်အပျက်ဖြစ်ပါသည်။ မှတ်မိသမျှ အောက်ပါအတိုင်း ဖြစ်ပါသည်။

“ကျောက်မီးသွေးလောင်စာနဲ့ မီးရထားတွေ ခုတ်မောင်းတဲ့ခေတ်က မိုးလေထန်နေတဲ့ ညတစ်ညမှာ စိတ်မချရတော့တဲ့ ချောင်းဖြတ်တံတားပေါ်က မီးရထားသံလမ်းကို မီးရထားလုပ်သားတွေ အလျင်အမြန် ပြင်ဆင်နေကြတယ်။မကြာခင်မှာ ဒီချောင်းဖြတ်တံတားကို ကုန်တင်ရထားတစ်စီး ဖြတ်မှာဖြစ်တယ်။ ဒီကုန်တင်တွဲတွေ ဆွဲလာတဲ့ရထား အချိန်မီ ဖြတ်ကျော်နိုင်အောင် ပြင်ဆင်နေပေမယ့် ရာသီဥတု ဆိုးရွားနေတာကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေတယ်။ ဒါနဲ့ရထားက သံလမ်းကို ကြီးကြပ်ပြင်ဆင်နေတဲ့ အကြီးအကဲက မီးရထားဝန်ထမ်းတစ်ဦးကို ကုန်တင်ရထားလာရင် ဒီတံတားကို မဖြတ်ကျော်သေးဘဲ လွတ်ရာမှာ ရပ်နားနေအောင် အချက်ပြဖို့ စေလွတ်လိုက်တယ်။

မီးရထားဝန်ထမ်းဟာ အချက်ပြမီးအိမ်ကို ဆွဲပြီး အကြီးအကဲစေခိုင်းတဲ့ အဝေးအကွာရှိရာကိုသွားပြီး အချက်ပြဖို့ထွက်သွားတယ်။ ဖြစ်ပုံက အဲဒီအချက်ပြမယ့် ၀န်ထမ်းဟာ အဲဒီညမှာ အရက်သောက်လွန်ပြီး မူးနေတယ်။ ဒါကိုအကြီးအကဲက ရုတ်တရက်ဆိုတော့ သတိမထားမိလိုက်ဘူး။ အဲဒီအချက်ပြမယ့် ၀န်ထမ်းဟာ သတ်မှတ်ပေးလိုက်တဲ့ နေရာလောက်ကိုရောက်တော့ မီးအိမ်နဲ့ အချက်ပြနေတယ်။ အဲဒီ မီးအိမ်မှာ အစိမ်း၊ အနီပြောင်းလို့ရတယ်။ အစိမ်းဆိုရင်လာ၊ အနီဆိုရင် မလာနဲ့၊ ရပ်ပေါ့။ ၀န်းထမ်းဟာ အနီမှန်ကို ပြောင်းပြီး ရထားရပ်ဖို့ အချက်ပြနေတယ်။ သူက အနီရောင်နဲ့ ရပ်ဖို့ အချက်ပြနေပေမယ့် တကယ်က သူပြနေချိန်မှာ မီးအိမ်ထဲက မီးက ငြိမ်းနေတယ်။ အဲဒါကို မူးနေတော့ သတိမထားမိဘူး ဖြစ်နေတယ်။

ကုန်ရထားက ၀င်လာပြီ။

မီးရထားဝန်ထမ်းက မိုးထဲလေထဲမှာ အချက်ပြတော့ ပြနေပါရဲ့။ ကြိုးကြိုးစားစား တာဝန်ထမ်းဆောင်နေရှာတာပါပဲ။ ဒါပေမယ့် မီးအိမ်ထဲကမီးက သေနေတာမသိတော့ သူကြိုးစား ဆောင်ရွက်နေတာဟာ အချည်းနှီးဖြစ်နေတယ်။ မီးအိမ်ထဲ မီးမရှိတော့ ကုန်ရထား မောင်းသမားက ဘာမှမမြင်ဘူးပေါ့။ အဲဒီလို မမြင်တဲ့အတွက် ဆက်လက်ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေ အနိဋ္ဌာရုံချည်းပါပဲ။ ကုန်တွဲတွေ တိမ်းမှောက်ပြီး ဆုံးရှုံးမှုတွေလည်း အများကြီး၊ ထိခိုက်ဒဏ်ရာ ရသွားသူတွေလည်း အများကြီး။

အချက်ပြ၀န်ထမ်းကိုခေါ်ပြီး အကြီးအကဲဖြစ်သူက စစ်ဆေးမှုလုပ်တယ်။ ၀န်ထမ်းက သူအချက်ပြခဲ့ပါတယ်။ ပြနေခဲ့ပါတယ်လို့ အခိုင်အမာ ပြောနေတယ်။ အကြီးအကဲဖြစ်သူက “အချက်ပြနေတာတော့ဟုတ်ပါပြီ၊ ဒါပေမယ့် အချက်ပြနေတဲ့ မီးအိမ်ထဲမှာ မီးရှိသလား”လို့မေးတော့ အချက်ပြ၀န်ထမ်းဟာ ဇဝေဇ၀ါဖြစ်နေတယ်။ အချက်ပြနေတုန်းက မီးရှိတယ်။ အခုမေးတဲ့ အချိန်ကျမှ မီးငြိမ်းနေသလိုလိုပြောနေတယ်။ တကယ်က မီးမရှိလို့၊ အလင်းရောင်မရှိလို့ အနိဋ္ဌာရုံ တွေအားလုံး ဖြစ်ပျက်သွားတာပဲ။

အရေးကြီးတဲ့ လူမှုကိစ္စတွေ ဆောင်ရွက်တဲ့အခါ၊ အရေးကြီးတဲ့ လူမှုပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ အလင်းရောင်လိုတယ်။ အလင်းရောင်ရှိဖို့ သိပ်အရေးကြီးတယ်။ ကျုပ်ပြောချင်တဲ့ အလင်းရောင်ဆိုတာက “သတိသမ္ပဇဉ်” လို့ခေါ်တဲ့ “သတိပညာအလင်းရောင်”ကို ဆိုလိုတာပါ။ သတိရှိမှ အသိဖြစ်တာ၊ အသိဖြစ်မှ အဖြူအမည်း၊ အစိမ်း၊ အနီ၊ အကောင်းအဆိုး၊ အကျိုးအပြစ်ဖြစ်တာတွေကိုသိတာ။ သတိပညာအလင်းရောင်မရှိဘဲနဲ့ဆိုရင်တော့ နေ့မနား၊ ညမနား ဘယ်လောက်ပဲ ကြိုးစားလုပ်ဆောင်နေပေမယ့် အကျိုးများချင်မှများမယ်။ ကျုပ်ပြောခဲ့တဲ့ အချက်ပြ၀န်ထမ်းလိုပေါ့ဗျာ။ မိုးထဲလေထဲမှာ တပင်တပန်းနဲ့ အချက်ပြနေပေမယ့် သူ့မီးအိမ်မှာ မီးမှမရှိဘဲ၊ အလင်းရောင်မှမရှိဘဲ၊ အချည်းနှီး လုပ်ဆောင်မှုမျိုး၊ အကျိုးမဲ့တဲ့ လုပ်ဆောင်မှုမျိုး ဖြစ်သွားသလို သတိပညာအလင်းရောင် မရှိဘဲလုပ်ရင် အကျိုးမများရုံမက အကျိုးမဲ့တွေပါ ဖြစ်ကုန်နိုင်တယ်။

အထက်က သူ့စကားတွေကို မှတ်တမ်းကလေး ရေးထားလျှင်ကောင်းမှာပဲဟု ကျွန်တော်က တွေးလာသည်။ မုပ္ပလင်ဘူတာမှ ဆက်လက်ထွက်ခွာလာခဲ့သည့် ရထားခရီးတစ်လျှောက်၌ သူပြောပြသည့် အဖြစ်အပျက်ထဲက မီးရထား ၀န်ထမ်းပြနေသည့် အချက်ပြမီးအိမ်ကလေးကို မြင်ယောင်လာသည်။ ငိုက်ချင်မူးတူးဖြစ်နေသောကြောင့်လားမသိ။ တစ်ခါတစ်ရံ မီးအိမ်က လင်းလာလိုက်၊ တစ်ခါတစ်ရံ မီးငြိမ်းသွားလိုက်ဖြစ်နေသည်ကို အမှတ်ရနေပါသည်။

အတွဲ ၁၊ အမှတ် ၆၊ ဘာသာသွေး

Monday, July 27, 2009

သင့်ရာဒေသ

13 comment
တယ်လီဗေးရှင်းကနေ မနက်စောစော ထုတ်လွင့်တဲ့ အစီအစဉ်ထဲက သုံးဆယ့်ရှစ်ဖြာမင်္ဂလာ အစီအစဉ်ကို ကြားဖူးကြမှာပါ။ အသံစာစာလေးတွေနဲ့ မြိုင်မြိုင်လေးသီဆိုကြတာ ကြည့်နှုးရပါတယ်။ ကလေးဘ၀ထဲက သိပ်ကြိုက်တဲ့ အစီအစဉ်လေးပါ။ ပုံလေးတွေ သရုပ်ဖော်ထားတာလည်း အင်မတန်ကြည့်လို့ ကောင်းပါတယ်။ အဲဒီထဲက ဆုံးမလင်္ကာလေး ကြားရင် ကိုယ့်နေစဉ် အဖြစ်အပျက်လေးကို သုံးသပ်မိတဲ့ လင်္ကာလေးရှိပါတယ်။

“ကုသိုလ်၊ပညာ၊ဥစ္စာရဖို့ သင့်ရာဒေသ အမြဲနေတဲ့”။

ကိုယ့်တစ်နေ့တာ ဘ၀မှာ အထက်ပါသုံးခုမှ တစ်မျိုးမျိုးရတဲ့ နေရာဟာ ကိုယ့်အတွက်အသင့်တော်ဆုံး ဆိုတာ မိကျောင်းမင်း ရေခင်းမပြတော့ပါဘူး။ ကျနော်တို့ စဉ်းစားကြည့်ရအောင်။ ဘယ်နှစ်ခုရလဲလို့။ ကုသိုလ်ဆိုတာ အလှူကြီးပေး နေမှမဟုတ်ပါဘူး။ ကိုယ့်စိတ်ကိုသိပြီး သတိတရားလေးနဲ့နေမယ်။ မေတ္တာပွားနေမယ်။ ဂုဏ်တော်ပွားနေမယ်။ ၀င်သက် ထွက်သက်မှတ်နေမယ်ဆိုလည်း ကုသိုလ်ရပါတယ်။ အိပ်ရာထကတည်းက နိုးစက်ကြောင့် ဒေါကထွက်လုလု။ စေတနာပိုပြီး လာနိုးရင်ဒေါက ကန်ပြီ။ ရေချိုးခန်းက မအား။ ထွက်လုလုဒေါသလေး တော်တော်တက်လာပြီ။ ပြန်ကြည့်ရင် ကြည်ကြည်လင်လင် အိပ်ရာထတဲ့ရက်က နည်းနည်း။ မောင်းတင်ထားတဲ့ သတိလေး အိမ်ပြန်ချိန်ထိပါမလာတော့ဘူး။ စိတ်လေးကောင်းတုန်း သဒ္ဒါလေးပေါက်လို့ ငှက်ကလေးတွေ အစာကျွေးမယ်ချင်တာတောင် ကျွေးလို့မရပါ။

ပညာတဲ့ ဈေးရောင်းတဲ့သူကမှ လူမှုဆက်ဆံရေးပညာ ရဦးမယ်။ paper work တွေနဲ့ ရှုပ်ယှက်ခတ်ရင်း လူမအား စိတ်မအားနဲ့ မယ်မယ်ရရ ပညာလည်း မရပါဘူး။ အသက်မွေးဝမ်းကျောင်းမှုပညာလည်း ပြင်းပြတဲ့ ဆန္ဒနဲ့ သင်ယူချင်စိတ် မရှိတာတွေ၊ အလုပ်နဲ့စပ်ဆက်ပြီး လေ့လာသင်ယူရမှာတွေ မသင်ယူချင်တာ ပညာမရကြောင်း အကြောင်းတရားတွေပါ။

ကမ္ဘာ့စီးပွားရေးပျက်ကပ်ထဲမှာ အရင်ကလောက် ဥစ္စာရနိုင်ဖို့ အတော်ကိုကြိုးစားရပါတယ်။ ကြီးမြင့်တဲ့ ကုန်ဈေးနှုန်း နှင့်အတူ လူနေမှုစရိတ်တွေ ဖာထေးရင်း မလောက်မငှနဲ့ လုပ်ကိုင်နေကြရသူတွေ ဒုနဲ့ဒေးပါ။ ဒီထဲကမှ မကုန်သင့်တာ မကုန်ရလေအောင် ခြိုးခြံချွေတာကြဖို့လိုပါတယ်။

ဒါတွေမရတော့ မနေသင့်ဘူးပေါ့။ အဲစွန့်လည်းမစွန့်နိုင်သေးဘူးဗျာ။ လူဆိုတာလည်း ခက်သားလား။ သူများတင်မကဘူး ကိုယ့်ဘာသာလည်း ယောင်ဝါးလုပ်ရင်း အကျင့်ကောင်းတွေ လစ်လျူရှု၊ မေ့လျော့နေကြတယ်။ ဒါတွေပြုပြင်ရမယ်လို့ အားတင်းထားရင်း “တောင်”ဆိုပြီး ဂျီတော့ မတ်ဆေ့ခ်ျလေးတက်လာတယ်။

ရေတမာ

Sunday, July 26, 2009

အလိုလို

15 comment
ကောင်းကင်တစ်ခုလုံး တိမ်တွေဖုံး
မင်းဘာလို့လုပ်တာတုန်း၊

ပင်လယ်တစ်ခုလုံး ရေတွေဖုံး
မင်းဘာလို့လုပ်တာတုန်း၊

ငါ့ရင်တစ်ခုလုံး အချစ်တွေဖုံး
မင်း........ဘာလို့ လုပ်တာတုန်း.......။

ရေတမာ

Saturday, July 25, 2009

ချစ်သောမျက်စိဖြင့် ရှုကြရစေ(နန္ဒာသိန်းဇံ)

13 comment
ဆရာ နန္ဒာသိန်းဇံ၏ မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ စာအုပ်မှ ကူးယူဖော်ပြသည်။ ဖော်ပြခွင့်ပြုရန်လည်း ဆရာအား ခွင့်တောင်းအပ်ပါသည်။
လူဆိုတာကို ဘယ်လိုအဓိပ္ပါယ်သတ်မှတ်ချက် Definition ပေးမလဲဟု သူကမေးရင်း အောက်ပါ အကြောင်းအရာများကို သူကဆက်ပြောသည်။
တစ်ခါမှာ ကျမ်းစာသင်ကျောင်းက လူငယ်တစ်စုက နိုင်ငံအကြီးအကဲ တစ်ဦးထံသွားပြီတော့ သမ္မာကျမ်းစာ ဖတ်ကြားချီးမြှင့်ပါလို့ ပန်ကြားကြတယ်။ ဒီအခါမှာ အကြီးအကဲက ကမ္ဘာဦးကျမ်း Genesis မှာ ဖော်ပြထားတဲ့ "ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ "ဆိုတဲ့ စာကြောင်းကို ဖတ်ပေးလိုက်တယ်။
ဒီလိုဖတ်ပေးတော့ လူငယ်တွေက အတော်ကိုမကျေမနပ်ဖြစ်ကြတယ်တဲ့။ သိပ္ပံပညာနဲ့လည်း အံမ၀င်တဲ့၊ ခေတ်လည်းမမီတော့တဲ့ နေ့စဉ်ဘ၀အတွက် အကျိုးရှိစေနိုင်တဲ့ စာကြောင်းတွေ၊ လူအများရဲ့ ကိုယ်မှု နှုတ်မှုတွေမှာ သန့်ရှင်းစင်ကြယ်စေဖို့ သတိပေးတဲ့စာကြောင်း၊ စာပိုဒ်တွေအများကြီး ရှိပါလျက်နဲ့ ဒီကမ္ဘာဦးကျမ်းက အယူအဆဟောင်းကြီးကိုမှ ရွေးဖတ်ပေးပလေတယ်။ စတဲ့ အပြစ်တင်တဲ့ အတွေးတွေနဲ့ မကျေမနပ်ဖြစ်ကြတာထင်ပါတယ်။
တကယ်တော့ နိုင်ငံအကြီးအကဲဖတ်ပေးလိုက်တဲ့ စာကြောင်းက သိပ်ကိုအရေးကြီးပါတယ်။ ဟုတ်တယ်၊ ဘုရားသခင်က လူကိုဖန်းဆင်းတယ်။ ဘုရားသခင်က လူယောက်ျားနဲ့ လူမိန်းမကို ဖန်ဆင်းတယ် လို့သာ ကမ္ဘာဦးကျမ်းကဆိုတာ ဘုရားသခင်က ဂျူးကိုဖန်ဆင်းတယ်၊ အာရပ်ကိုဖန်ဆင်းတယ်။ ဂျာမန်ကိုဖန်ဆင်းတယ်၊ ပြင်သစ်ကိုဖန်ဆင်းတယ်။ အင်္ဂလိပ်ကို ဖန်းဆင်းတယ်လို့ မဖော်ပြဘူး။
လူတွေဟာ လူတွေကို လူအဖြစ်နဲ့ မှန်မှန်ကန်ကန်မြင်ကြမယ်ဆိုရင် လူမှုပြဿနာတွေ တော်တော်ကိုနည်းခဲ့မှာပါ။ လူတွေဟာ လူတွေကို လူတွေအဖြစ် မှန်မှန်မမြင်ခဲ့ကြဘူး။ လူမျိုးစွဲတွေနဲ့ မြင်တယ်။ ဘာသာစွဲတွေနဲ့မြင်တယ်။ အသားအရောင် အဆင့်အတန်းခွဲခြားလိုမှုတွေနဲ့ လူတွေကို ကြည့်တယ်။ မြင်တယ်၊ အစွဲတွေပါလာတော့ အမှန်မမြင်တော့ဘူး။ အမှန်မမြင်တော့ ပြဿနာတွေဖြစ်ကြတယ်။ ပြဿနာတွေဖြစ်ရင် ငြိမ်းချမ်းမှုခြင်းဆိုတာ လူ့လောကမှာ မရနိုင်တော့ဘူး။ ဒါတွေဟာ လူတွေက လူတွေကို မှန်မှန်မမြင်နိုင်ကြလို့ဖြစ်ရတာ။ ဒါကြောင့် ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မှု၏ ဆိုတဲ့စာကြောင်းဟာ အရေးကြီးတဲ့ စာကြောင်းဖြစ်တဲ့ အကြောင်းကို အကြီးအကဲက ရှင်းပြတော့မှ လူငယ်တွေက ကျေနပ်သွားကြတယ်လို့ ပြောသံကြားဖူးတာပဲ။
မြန်မာပြည်က ဗုဒ္ဓစာပေတွေမှာတော့ လူကို ခန္ဓာငါးပါး(ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဉာဏ်) ရှိသူ၊ မြင်မှု၊ ကြားမှုအစရှိတဲ့ အတွင်းအပ အာယတန(၁၂) ပါးရှိတဲ့သူ၊ ရုပ်သဘော၊ နာမ်သဘော၊ ရုပ်ဓါတ် နာမ်ဓါတ်တွေရှိတဲ့သူအဖြစ်ပဲ မြင်ပြထားတယ်။ ဘယ်လူမျိုးပဲဖြစ်ဖြစ် ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဘယ်လိုဘာသာမဲ့သူပဲဖြစ်ဖြစ် ဘယ်လိုအသားအရောင်ပဲရှိတဲ့ လူမျိုးပဲဖြစ်ဖြစ် ဆိုခဲ့တဲ့ ခန္ဓာ၊ အာယတန ရုပ်ဓါတ်နာမ်ဓါတ်တွေ စုဝေးနေတဲ့ ခန္ဓာကိုယ်တွေရှိနေတယ်လို့ မြင်တယ်။ အဲဒီလို စုဝေးဖြစ်ပေါ်နေတဲ့ လူတွေဟာ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးတွေဖြစ်ပေါ်စေမယ်၊ ဆိုးတာတွေလုပ်ရင် ဆိုးတဲ့ အကျိုးတွေ ဖြစ်ပေါ်စေမယ်လို့ မြင်တယ်။ လူတိုင်းလူတိုင်းမှာ ဒီခန္ဓာတွေ ဒီဓါတ်သဘောတွေ ရှိနေတဲ့အတွက် လူတွေဟာ လူတွေအချင်းချင်း ဘာမှ အထင်သေးစရာလည်းမရှိဘူး။ မုန်းတီးစရာလည်း မရှိဘူးလို့ မြင်တယ်။ ဗုဒ္ဓစာပေတွေမှာ တွေ့ရတဲ့ လုနဲ့ပက်သက်တဲ့အမြင်ဟာ လူမျိုးစွဲ၊ ဘာသာစွဲ ၊အသွေးအရောင် စွဲတွေကင်းတဲ့ အမြင်ဖြစ်တယ်။ ဒီအစွဲတွေကင်းလွတ်စွာနဲ့ လူတွေကို ကြည့်မြင်တတ်ရင် လူမှုပဋိပက္ခတွေ အများကြီးလျော့နည်းသွားမှာ...။
အထက်ပါသူ့စကားတွေကို နားထောင်ရင်းက.. အာမနာကျောင်း ကျောက်စာ မှ သိင်္ဃသူ့သမီး ဆုတောင်းသည့် အချင်းချင်း အမျက် တစ်စေ့မရှိ၊ ချစ်သောမျက်စိဖြင့်ရှုကြစေ ဟူသော စာကြောင်းကို မြင်ယောင်ပါသည်။ ဆုတောင်းသံကိုလည်း ကြားယောင်နေပါသည်။

အမှတ်၉၉ အင်တာဗျူးဂျာနယ်

Friday, July 24, 2009

ဒဏ်ရာရထား

11 comment

ကြံရာမရလို့ ဒဏ်ရာရထားပဲစီးလိုက်ပါတယ်

နောက်တစ်ခါ လက်မှတ်ဝယ်မယ်စိတ်ကူး
မှောင်ခိုနဲ့ မမိဘူးလို့ ဘယ်သူပြောနိုင်လဲ။

လူကိုယ်တိုင်လာတာတောင် မှတ်ပုံတင်တောင်းတဲ့ ငနဲ
ဒီတစ်ခါလာရင် ဖြဲပြလိုက်မယ်။(သွား)

မင်းဆီကိုလာတဲ့ ခရီး
ဒါကြီး(ရထား)ပဲ ရှိသလားကွာ။

အပြန်မှာ ဖန်လာတဲ့ကံကြမ္မာကို
အလံပါ ပြလိုက်ပါတယ်။ (အဖြူလေးလေ)

နေသာသမှလေညာက ရေတမာ

Thursday, July 23, 2009

ဆန္ဒ

14 comment
အသက်(၁၀)နှစ်တုန်းက အင်္ဂျင်နီယာတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊
ပိုက်ဆံတွေကို မက်မောလို့။

အသက်(၁၅)နှစ်တုန်းက ပန်းချီဆရာတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊
ဝါသနာကို မက်မောလို့။

အသက်(၂၀)တုန်းက ပရိုဂရမ်မာ တစ်ယောက်ဖြစ်ချင်ခဲ့တယ်၊
ပညာတွေကို မက်မောလို့။

အသက်(၂၅)နှစ်ကျတော့ လူရွင်တော်တစ်ယောက်ဖြစ်ချင်ခဲ့တယ်၊
ရယ်မောသံတွေကို မက်မောလို့။

နှောင်နှစ်တွေကျရင် လူတစ်ယောက်အဖြစ် ရှိနေချင်သေးတယ်

ရေတမာ

Wednesday, July 22, 2009

ငယ်ငယ်တုန်းက စားခဲ့တယ်

17 comment
မကြီးမဟာဆန်ရေ ရေးပြီဗျာ.. သူတက်ဂ်တဲ့ပိုစ့်ပါ... ကောင်းရင် ကျနော်ကိုချီးမွမ်းပါ.. မကောင်းရင်တော့ မကြီးမဟာဆန်ကို ပြောပါ။ သူရေးခိုင်းတာကိုး။ ငယ်ငယ်တုန်းက အိမ်အောက်မှာ ခြံခတ်ပြီး ကြက်မွေးပါတယ်။ ဖိနပ်မစီးဘူးနော်။ ဥစားကြက်ပါ။ ဧည့်သည်လာရင် အောက်ဆင်းပြီး ရိုက်သတ်လိုက်တာပဲ။ အိမ်ဘေးမှာလည်း တနိုင်စိုက်ခင်းလေးပေါ့။ ကြက်ဟင်းခါးပင်၊ ငရုတ်ပင်၊ ကြောင်လျာသီးပင်၊ ဒန့်တလွန် စားလို့ရသမျှစိုက်ပါတယ်။ ဧည့်သည်လာပြီဆိုလို့ကတော့ ကြက်ဟင်းခါးသီးလေးနဲ့ ကြက်သားလေးကို အရည်စပ်စပ်လေးနဲ့ချက်လို့ချက်၊ ကြောင်လျာသီးလေး ပါးပါးလှီးပြီး ကြက်သားလေးနဲ့ ကြော်ချက်လေးချက်လို့ချက်ပေါ့။ တခါတလေ ဦးလေးတောထဲက တူးလာတဲ့ အင်ဥလေးတွေနဲ့ ကြက်သားနဲ့ချက် ခေါင်းမဖော်နိုင်ဘူး။

တခါတလေ အကိုဘယ်က ဖန်လာတယ်မသိဘူး ပုဇွန်လေးတွေ အချဉ်သိပ်ပြီး ကိုင်းဥလေးတွေနဲ့ ချက်တာများ ကိုယ့်နာမည်တောင် မေ့မေ့သွားတယ်။ တောမှာက တချို့တလေကျွဲသုံးတယ်ဗျ။ တခါတလေ ကျွဲပေါ်တယ်ဆိုရင် ဘုန်းကြီးကျောင်းထဲက ကြာရိုးကြာစွယ်လေး သွားခိုးပြီး တောချက်လေးချက်တာများ သူငယ်ချင်းတွေကို ကျွေးချင်လိုက်တာ။ ထူးထူးဆန်းဆန်း ဟင်းလေးတွေလေ။

မနက်စာလွေးပြီးလို့ကတော့ အရီးနွားလေး အလကား စားကျက်ထဲမောင်းရင်း အရိပ်ကောင်းကောင်း သစ်ပင်ရှာပြီး ဒွေးလေးမြို့က ပြန်လာလို့ပေးလိုက်တဲ့ ကိုကိုးချောကလက်နဲ့ နောက်ဘေးက သမလာတဲ့ မြေပဲလေးနဲ့ ထမင်းလုံးစီရတာလည်း အိန္ဒြာကျော်ဇင် ပြောသလို ဇိမ်ပဲ ဇိမ်ပဲ။

မိုးရာသီဆို မှိုရှာထွက်ရတာလည်း အတွေ့အကြုံတစ်မျိုးပဲ။ မှိုတွင်းတွေ့လို့ကတော့ ဘာပျော်သလဲမမေးနဲ့ အများကြီးရတာလေ တစ်တွင်းတစ်တွင်းကို။ အဲဒါကြောင့်ပြောတာ မှိုရတဲ့မျက်နှာဆိုတာ။ မနေ့ညက ရိုက်လို့ရတဲ့ ဖားသားလေးရယ် မှိုရယ် ငရုတ်သီးစပ်စပ်လေးချက် ဇီးဖြူသီးလေး မကြီးမဟာဆန်ပြောသလို တစ်တောက်တောက် ကိုက်စား.... အဲဒီအချိန် မင်းဘယ်သူလဲလာမေးရင် Rain လို့ပြောမိမယ်ထင်တယ်။ (ဤကား စကားချပ်)

တောစောင့်တဲ့အချိန်များ ဗျိုင်းကလည်းပေါမပေါ။ ကောင်းကင်ကိုကြည့်လိုက်ရင် တိမ်တွေနဲ့တောင်ရောလို့။ လယ်ထဲကထောင်လို့ရလာတဲ့ ဗျိုင်းသားလေးရယ် ရှားရှားပါးပါးရတာတဲ့ ဘဲဥချဉ်ချက်နဲ့ ရောစားရတာလည်း တမျိုးလေးကောင်းသားဗျ။ အညာမှာက ရှားဇောင်းလက်ပတ်ပင် တွေကလည်း ပေါမှပေါ။ အခါးလေးများစားချင်ရင် ရှားဇောင်းလေးနဲ့ အမဲသားလေးနဲ့ အခါးလေးချက်။မြိန်လိုက်တာမှ ၂ပန်းကန်လောက် ကုန်သွားမယ်။ နွားနို့စစ်စစ်ကလည်း ကျုပ်တို့တောမှာသာ ရတာဗျ။ တခါတခါအချဉ်လေးဖောက်ပြီး ၀က်သားနဲ့ ရောချက်တယ်။ ဒါမှမဟုတ် မှိုလေးနဲ့ပဲဖြစ်ဖြစ်ချက် တသက်မမေ့စေရဘူး။

အဲ့ ချက်စားကြရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲနော်...
ကုန်ကြမ်းလေးကို ဒီက ရယူပါတယ်။



နောက်ဘ၀ပြန်ဆုံကြမယ်လေ
ရေတမာ


Tuesday, July 21, 2009

ဘ၀......ဆိုတာ

11 comment
တနေ့သ၌ကျွန်ုပ်သည် ဘလော့ဂိုစပီးယားရှိ လေးစားအပ်သော ဘလော့ဂါကိုအောင်သာငယ်ဆီသို့ မျက်စိလည်း လမ်းမှားပြီး ရောက်ခဲ့လေသည်။ ၎င်းရေးသားသော ဘ၀ဆိုသည်မှာ ပိုစ့်ကို စိမ်ပြေနပြေဖတ်ပြီး အောက်ဆုံး တစ်နေရာ၌ စာဖတ်သူအားလုံးကို သိမ်းကြုံး၍ တက်ဂ်ထားပေသည်။ ကျွန်ုပ်သည်လည်း စာဖတ်မိသူ တစ်ယောက် ဖြစ်၍ မရေးပေးလျင် မချစ်ခင် မနှစ်သက်သည်ဟု ထင်မြင်ယူဆမည်စိုးသောကြောင့်ရေးပေးရန် တာဝန်ရှိပေသည် တကား။

ကျွန်ုပ်သည် ငယ်ရွယ်သူတစ်ယောက်ဖြစ်ခြင်း၊ ဘ၀အတွေ့အကြုံ များစွာမရှိခြင်းကြောင့် ကိုယ်ပိုင်ရေး ဒဿနကား မရှိသလောက်ပင်။ ကျွန်ုပ်၏ အယူအဆကား“ကိုယ်ထင်ရာ လုပ်နေကြသည်ကိုပင် ဘ၀”ဟုမြင်ပေသည်။ ထင်ရာလုပ်သည့်နေရာတွင် ကိုယ်ယုံကြည်ရာအတိုင်း လုပ်နေကြသလို၊ တခြားသူ၏ လွမ်းမိုးမှုဖြင့် ထင်ရာလုပ်နေကြသူများလည်း ရှိပေသည်။

ဘ၀ဆိုသည်မှာ တစ်နေ့ပြီးတစ်နေ့ နေပျော်ရန်နှင့် တန်ဖိုးတက်ရန် လေ့ကျင်ရာ နေရာတစ်နေရာဖြစ်သည်ဟု မှတ်ယူမိသည်။ မိမိနှင့် မိမိပတ်ဝန်းကျင် အကျိုးရှိရေးအတွက်လည်း လုပ်ဆောင်သင့်သည်။ “-”လေးထဲတွင် အမည်းစက်မရှိရေး တတ်နိုင်သမျှ ကြိုးစားအားထုတ်သင့်သည်။

သီချင်းလေးတစ်ပုဒ်ဖွင့်ပြချင်တယ်


အကိုသီဟသစ်ကလည်း..........ဆိုတာ ကို ဘယ်လိုမြင်လဲတဲ့ (အမှုန့်တွေလို မြင်တာပေါ့ :P)
ဝပ်ဆိုတာ........ ခေါင်းလေးပု ပြီးပြားသွားတာ
သနားတယ်ဆိုတာ.............၅၀၁လေး မ၀ယ်နိုင်တာ
ဆိတ်ချမ်းသာတယ်ဆိုတာ.......အပနားကိုပြောတာ
စွံတယ်ဆိုတာ...မျက်စိ
ဘလော့ရေးတယ်ဆိုတာ....... မေးအကောင့်လေးနဲ့ sign in လုပ်တာ :P

အတည်ကတော့......
ဝဋ်ဆိုတာ............ နောက်ဘ၀မကူးဘူး။
သနားတယ်ဆိုတာ........... အပြောလွယ်သလောက် ကူညီဖို့ခက်တယ်
စိတ်ချမ်းသာတယ်ဆိုတာ......... သူတစ်ပါးကို လိုက်လိုက်လှဲလှဲကူညီလိုက်ရတာ...
စွံတယ်ဆိုတာ............. (ဘယ်သိမလဲ)
ဘလော့ရေးတယ်ဆိုတာ......... နယ်မြေသစ်ကိုစမ်းသပ်ကြည့်ခြင်း


လေးစားလျက်
ရေတမာ

မီးပွိုင့်

8 comment
ငါလာမယ်ဆိုတုန်းက
သတိပေးစကားတွေနဲ့
တားမြစ်ခဲ့တယ်နော်

အခြားတစ်ဖက်မှာ
ငါတောင်းတောင်းပန်ပန် တားခဲ့ပေမယ့်
မင်းထွက်သွားရက်တယ်။


ရေတမာ

Sunday, July 19, 2009

၁၉ ဇူလိုင် မမေ့နိုင်

11 comment
ငယ်ငယ်ထဲက ဘယ်သူမှ သိပ်အလေးပေးပြီး မပြောခဲ့တော့ အာဇာနည်နေ့ဆိုတာဘာလဲ သေချာမသိခဲ့ပါဘူး။ ဇူလိုင် ၁၉ ကိုတော့ ဘယ်တော့မှ မမေ့ပါဘူး။ သူတို့ပေးတဲ့ အရိပ်ကို မခိုခဲ့ရပေမယ့် သူတို့ပေးတဲ့ အတိတ်ကို မမေ့သင့်ပါဘူး။ ဇူလိုင် ၁၉ နှင့်ပက်သက်ပြီးတော့ သူတို့က ဒီလိုလေးတွေ ရေးထားကြတယ်။
အမေ့ခံ ၊ အပယ်ခံ မဖြစ်စေရန် မည်သူ့မှာ တာဝန်ရှိသနည်း
ကိုထွေးအတွက် စာမျက်နှာ
အာဇာနည်
ဥသြဆွဲနေတဲ့ကဗျာ
အာဇာနည်နေ့ဒို့မမေ့
ဒါလေးတွေ ဖတ်ကြည့်ရင် အာဇာနည်နေ့ဆိုတာ ကျနော်ချပြမှာထက် ကျနော်ဂုဏ်ပြုမှာထက် ပိုကောင်းပါတယ်။


ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို အလေးပြုပါတယ်။

Saturday, July 18, 2009

ပုံပြင်

15 comment
ပူလောင်တဲ့ ကမ္ဘာထဲ အူကြောင်ကြောင်ရောက်လာတဲ့ ငနဲ
အချစ်မခံရတော့လည်း ပြဿနာ၊ အချစ်ခံရတော့လည်း မသက်သာ
ကယ်ပါကယ်ပါ အော်နေလို့အပိုပဲ။

ဖားပြုတ်ကိုက်သလို၊ ခလုတ်တိုက်သလိုလိုနဲ့ တရုတ်မကို အဟုတ်ကြိုက်သလို ဆိုလားဆိုရဲ့၊
တသာတကြည် လာကြည်ပြန်တော့လည်း ခေါင်းခါလားခါရဲ့။
ဒင်းဘယ်လိုလဲ။

မင်းကိုမင်းဟုတ်လှ၊ တရုတ်မများရမယ်ထင်
ရုပ်ကသာမချောပေမယ့်၊ ဥစ္စာကလည်းပေါတယ်ထင်ပေါင်
ရထားတာဗျာမများနဲ့ ပါသွားဦးမယ်ရှိတာလေး။

ပူမှုတဲ့ ဆယ်ကုဋေ၊ တစ်မှုတင် ချာချာလည်တယ်
ကြုံတုန်းမယ် ပြောချင်သေး၊
ခပ်ချဉ်ချဉ်ရေးပါတဲ့၊ ကျူပ်ပုံပြင်လေး။ ။

ရေတမာ
(တိုက်ဆိုင်မှုရှိရင်ခွင့်လွတ်ပါးp)

Tuesday, July 14, 2009

ရင်နှင့်ရင်း၍

15 comment
ဟိုးအရင်တုန်းက ကိုနိုင်(www.naysoenaing.com ပေးဆပ်သူ)ဆီကနေ သတိပေးစာ ရဖူးတယ်။ “မင်း သူများအိမ်တွေသွားလည်ရင် ပြန်လာလည်ဖို့ လင့်ပေးခဲ့၊ ဘလော့ဂါအချင်းချင်း လေးစားတဲ့ဘဘောပါတယ်”၊ အဲဒီအချိန်တုန်းက လင့်ကအရေးပါတယ်ဆိုတာ ရေးတေးတေးသဘောပေါက်တယ်။ ကိုယ့်ဘလော့မှာ စာလည်းသိပ်မရှိတာနဲ့ လင့်မပေးခဲ့မိဘူး။စာလေးတွေ နည်းနည်းများလာတော့ ဟိုဘလော့ကို ၀င်ဖိတ်၊ ဒီဘလော့ဝင်ဖိတ်နဲ့ ဖိတ်ခဲ့ပါတယ်။ အဲဒီလို ဘလော့လည်တဲ့အခါ တချို့ဘလော့တွေမှာ Marketing ဆင်းတဲ့သဘောတွေပါခဲ့တယ်။ hit လေးတွေတိုးဖို့ မျှော်လင့်ခဲ့မိတယ်။

ဒီလိုနဲ့ သူအိမ်ကိုယ့်အိမ် လည်ကြရင်း ရင်းနှီးမှုလေးတွေ ရလာကြပါတယ်။ ရင်းနှီးလာတော့ သူငယ်ချင်းဆိုတဲ့ စိတ်နဲ့comment ပေးမိတာတွေရှိလာတယ်။ ဒီအချိန်မှာ comment ပေးဖို့ ကျနော်ရိုးသားခဲ့ရဲ့လား။ Comment တွေပေးတဲ့အခါပြီးစလွယ်ပေးခဲ့တာ တွေရှိပါတယ်။ သူငယ်ချင်းသံယောဇဉ်ကြောင့် ပေးဖူးတဲ့ comment တွေရှိတယ်။ ဖြစ်သင့်တာကတော့ဘယ်နေရာကတော့ ဘယ်လိုမြင်တယ်။ ဘာ ရသရတယ် စသည်ဖြင့်ပေါ့။ ကျနော် အတွေးခေါင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။သေချာတာတော့ ကျနော်တို့ဟာ ဝေဖန်ရေးဆရာတွေ မဟုတ်သလို။ စာရေးဆရာတွေလည်း မဟုတ်ကြပါဘူး။

တခါတလေ စာက ဖတ်လို့ကောင်းတယ် ဘာရေးပေးရမှန်းမသိဘူး။ အဲဒီအခါ မမန့်ဘဲ ပြန်လာခဲ့လိုက်တယ်။ commentတွေပေးတဲ့ အထဲမှာ ကျနော် အကြိုက်ဆုံးသူတစ်ယောက် ရှိပါတယ်။ မငယ်နိုင်ပါ။ ပိုစ့်ကို သေချာဖတ်ပေးသလို၊ မန့်တဲ့ အခါ အချက်အလက်နဲ့တကွ သေသေချာချာလည်းမန့်တတ်ကြောင်း ကိုအောင်သာငယ် ဘလော့မှာတွေ့နိုင်ပါတယ်။ လေးစားစရာ ကောင်းတဲ့ အမတစ်ယောက်ပါလို့ ကြုံတုန်း ပြောလိုက်ချင်ပါတယ်။

ကျနော်တို့ ပိုစ့်တွေ ရေးတဲ့အခါ တကယ်ကို စိတ်နှစ်ပြီးရေးကြတာပါ။ Virtual World ထဲမှာ ရိုးသားပွင့်လင့်တဲ့ commentလေးတွေရရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ။ comment တစ်ခုဟာ စာရေးသူကို ဆက်ရေးနိုင်ဖို့ရာ တွန်းအားတစ်ရပ်ဖြစ်သလို။ စာဆက်မရေးနိုင်အောင် ဟန့်တားနိုင်တဲ့ အတားအဆီးတစ်ခုလည်း ဖြစ်လိမ့်မယ်လို့ ကျနော်ယူဆမိပါတယ်။

ယခုလက်ရှိစာရေးနေကြတဲ့ ဘလော့ဂါတွေ ကွန်မန့်တွေ အများကြီးရဖူးကြမှာပါ။ ဘယ်သူပဲဖြစ်ဖြစ် commentများလေကြိုက်လေပါပဲ။ ကျနော်တို့ရေးတဲ့ စာလေးတွေရဲ့ အဖိုးအခဆိုလည်း မမှားပါဘူး။ “ကောင်းတယ်”လို့ ပြောသွားရင်လည်း ကျေနပ်နေတာပါပဲ။ တချို့တလေက လွဲရင် ဘယ်သူမှ မကောင်းမပြောပါဘူး။ ကျနော်တို့ရတဲ့ ကွန်မန့်တွေထဲမှာ ဘ၀င်ကျစေတဲ့ ကွန့်မန့်လေးတွေ ပါမှာပါ။ စိတ်ကိုမြူးသွားစေတာ ဖြစ်ဖြစ်၊ ၀မ်းသာပိတိဖြစ်သွားစေတာ ဖြစ်ဖြစ်၊ ရင်ကိုလှုပ်ခတ်သွားစေတဲ့ ကွန့်မန့်လေးတွေ ရဖူးလား။

ကျနော် ဘယ်တော့မှ ကွန့်မန်မပေးသှူဆီက ကွန့်မန့်တစ်ခု ရဖူးပါတယ်။ သူဆီက ကွန့်မန့်ရတော့ အရမ်းလည်းပျော်သွားပါတယ်။ ကမန်းကတန်းသွားဖတ်လိုက်တော့ ခိုးလိုးခုလု ဖြစ်သွားပါတယ်။ သူက စပိန်လိုမန့်ထား တာဆိုတော့ ခေါင်းတော်တော်လေး မူးသွားပါတယ်။ အဲဒီတုန်းက တော်တော်တုန်းတဲ့ကျနော် ဘာသာပြန်ဖို့ တော်တော်ခက်ခဲ ခဲ့ပါတယ်။
ဘာသာပြန်လေးရတဲ့ အခါမှာတော့ ...............
ကျနော်ရင်နဲ့ ရေးပြီး သူရင်နဲ့ ပေးခဲ့တယ်လို ယူဆတဲ့ ကျနော်သိပ်ယုံကြည်တဲ့ စကားလုံးတွေပါတဲ့ ကွန့်မန့်ကတော့.......
no voy a dejar solos တဲ့။
ပန်ဒိုရာဘောက်စ်လေးထဲမှာ မျှော်လင့်ခြင်းလေးရှိမရှိမသေချာပေမယ့် ကျနော့်ရင်ထဲမှာ အဲဒီ ကွန့်မန့်လေးရှိတယ်။

မျှော်လင့်ခြင်းများဖြင့်
ရေတမာ

မိမိကြိုက်နှစ်သက်ခဲ့တဲ့၊ ကွန့်မန့်တစ်ခု (သို့)ကွန်မန့်များကို ပိုစ့်အဖြစ် သိုင်းသိုင်းဝိုင်းဝိုင်း ရေးဖွဲ့ပေးကြပါရန် အောက်ပါပုဂ္ဂိုလ်များ ကို Tag လိုက်ပါသည်။
မငုံ
မနှင်း
ကိုသီဟသစ်
တုနန်
ကိုသားကြီး
ဇော်
မကြီးကိ
ကိုလူထွေး
မိုးစက်အိမ်
မကြီးမဟာဆန်

ရေးပေးကြပါနော်.

Sunday, July 12, 2009

မြင်ယောင်မိသော အိမ်လေးများ (၂)

9 comment
ပိုက်ဆံကလည်း ဘယ်နား ကျပျောက်သွားလည်း မသိဘူး။ အချိုမုန့်မပါရင်လည်း အမေလက်သံကို ကျနော်အသိဆုံး။ ကုန်စုံဆိုင်က အဒေါ်ကြီးနဲ့ အမေနဲ့သိတယ်။ အမေနာမည်ပြောပြီး အကြွေးယူခဲ့လိုက်မယ်။ အခုအချိန်ရှင်းတာထက် စာရင် သူတို့တွေ တွေ့ပြီးရှင်းတာပိုကောင်းမယ်။ ဒီလိုနဲ့ စိတ်လက်ပေါ့ပါးစွာ ကုန်စုံဆိုင်ကို ချီတက်နေတုန်း အိမ်ရှေ့မှာ ဆိုင်းဘုတ် လေးဆွဲထားတဲ့ အိမ်လေးတစ်အိမ်နားရောက်တယ်။ ဆိုင်းဘုတ်က နာမည်မဟုတ်ပါဘူး။ ပြုံးနေတဲ့ မျက်နှာလေးတစ်ခု ပုံစံလက်မှတ်လေး။ ကျနော်သိလိုက်ပြီ။ နှာခေါင်းလုံးလုံးလေးနဲ့ အမြဲပြုံးတဲ့ ကိုလူထွေး။ ကချင်ပုဆိုးနဲ့ ပင်နီတိုက်ပုံလေးနဲ့ လက်သီးလက်မောင်တန်း နေပေမယ့် သူရင်ထဲမှာ ကဗျာပျိုးခင်းလေးကို ကျနော်မြင်ရတယ်။ တသောသော သဘောကျနေတဲ့ ဧည့်သည်တွေနဲ့ပြည့်နေတဲ့ သူအိမ်လေးကလည်း စိတ်ချမ်းသာစရာကောင်းလှပါတယ်။

သင်စိတ်ဓါတ်ကျဆင်းနေပါသလား။ စိတ်ဓါတ်ခွန်အားတွေ ပေးစွမ်းပေးမယ့် ဓါတ်စာတွေ အပြည့်ရှိတဲ့ သမားတော်ကြီး အိမ်ကို ကြွခဲ့ပါ။ ဆုတံဆိပ်တွေရပေမယ့် သူမြတ်နိုးတဲ့ စာတွေကိုပိုတန်ဖိုးထားတဲ့ မနိုင်းနိုင်း။ အိမ်ဘေးက တရုတ်လေး ကျနော့အမကို ခေါ်သလိုခေါ်ခဲ့တယ် မီးမီကျဲကျဲ ဆိုပြီး။ ဒီနှစ်သင်္ကြန် သူအိမ်မှာပျော်ခဲ့ရတာလည်း ဘ၀မှာအမှတ်တရပါပဲ။

မောင်နှမတွေအများကြီးရှိတဲ့အိမ်။ တကယ်ကိုပေးဆပ်ချင်ကြသူများ နေတဲ့အိမ်။ သူအိမ်ကို ၀င်လိုက်တာနဲ့ ဘုရားစင်ကို အရင်တွေ့ရပါတယ်။ လေးစားရတဲ့ အကိုကြီးများနေတဲ့အိမ် ကိုရောက်တော့ ကိုနိုင်က ခရီးထွက်သွားပြီတဲ့။ သူမရှိပေမယ့် ကျန်တဲ့ ညီအကို မောင်နှမများနဲ့ စကားစမြည်ပြောပြီးပြန်လာခဲ့တယ်။

ဒီအိမ်လေးရဲ့ခြံစည်းရိုးက တမူထူးခြားတယ်။ သူရဲ့ဇာတိမြို့က မြိုးရိုးကြီးနဲ့ကာထားတာ။ မြိုးရိုးပေါ်မှာလည်း ဒေါင်းအလံတလူလူ လွင့်နေတာတွေ့ရတယ်။ အိမ်ထဲမှာတော့ သူငယ်ချင်းတွေကို အရမ်းခင်တတ်တဲ့ ကိုဖိုးချမ်း။ အိမ်နံရံမှာ လည်းမြို့နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကြည့်ခြင်းအားဖြင့် သူ့မြို့လေးကို ဘယ်လောက်ချစ်ကြောင်း မပြောဘဲသိနိုင်ပါတယ်။

ဘလော့ရွာလေးထဲက သတင်းနဲ့စာနယ်ဇင်းသမားအိမ် ဘယ်မှာလည်းလို့မေးလာရင် ကိုစိုးဇေယျအိမ်ကို ကျနော်လိုက်ပြမိ မှာပါပဲ။ သူအိမ်နံရံမှာ ကင်မရာတစ်လုံးရယ်၊ သူလက်ရာတွေကို တွေ့ရမှာပါ။ တကယ်ကို ပရဟိတစိတ်ဓါတ်ရှိပြီး စိတ်ထဲကနေ အင်မတန်ခင်မိတဲ့သူပါ။ သူရေးတဲ့စာတွေက သူဟာဘယ်လိုလူဆိုတာ အကဲခတ်ကြည့်လို့ရမှာပါ။

စာပေကိစ္စ တိုင်ပင်ဖို့ဆိုရင်တော့ မကြီးမေဓါဝီရဲ့အိမ် ရှိပါတယ်။ ကျနော်လိုက်ပြပေးမယ်။ ဂစ်တာတီးကောင်းသလို ကဗျာရေးလည်းကောင်းတယ်။ စာရေးလည်းကောင်းတယ်။ သူအိမ်နားကဖြတ်သွားရင် သီချင်းသံလေးတွေ ကြားရတတ်တယ်။ တခါတလေ သူအိမ်မှာ ဆုံးမစကားသွားနားထောင်တတ်ပါတယ်။ မြန်မာစာနဲ့ ပတ်သက်ပြီးလည်း သူအိမ်ရောက်မှ တော်တော်သတိထားဖြစ်ပါတယ်။

မြစ်ကျိုးအင်းလို့ ပြောလိုက်ရင် ရေတံခွန်ကြီးနားက အိမ်ကိုပြေးမြင်ယောင်မိပါတယ်။ သူအိမ်လေးကို တွေ့လိုက်တာနဲ့ သူ့အလုပ်ပေါ်မှာ ဘယ်လောက်ဂရုစိုက်တယ်။ Quantity ထက် Quality ကိုဦးစားပေးတယ်ဆိုတာ ခံစားလို့ရပါတယ်။
သေသေသပ်သပ် သူ့အိမ်လေးကလည်း မလည်ရမနေနိုင်တဲ့အိမ်လေးပါ။

ဒီအိမ်လေးကို လာရင်ပန်းတွေယူမလာကြပါနဲ့နော်။ ၀တ်မှုန်လေးတွေ allergy ရှိလို့ပါ။ ဒီအိမ်လေးကို တွေ့တာမကြာပေမယ့် ခင်မင်မိနေပါတယ်။ နှာခေါင်းပိတ်နေလို့ မကြီးမဟာဆန် စိတ်တိုနေမှာပဲထင်လို့ အိမ်ထဲကို မ၀င်ခဲ့တော့ပါဘူး။ ဝေဒနာတွေ အမြန်ဆုံးသက်သာစေကြောင်း ဆုတောင်းပေးပါတယ်။

ဘူသီးအကြီးကြီးသီးတဲ့အိမ်၊ ဆုတံဆိပ်တွေလည်းရှိတဲ့အိမ်။ ရောက်ပြီးရင် မပြန်ချင်တဲ့အိမ်။ သူအိမ်ရောက်ရင် သင်ရှာပုံတော် ခရီးစရလိမ့်မယ်။ သူကိုတော့ လေးလည်းလေးစားတယ်။ ဦးလေးတစ်ယောက်လိုလည်း ကြောက်တယ်။
သူအိမ်သွားရင် သူကျွေးတာစား၊ငြိမ်ငြိမ်လေးနေပြီး ပြန်ပြန်လာခဲ့တယ်။ ဘယ်သူအိမ်လဲသိလား။ ဦးမင်းဒင်ရဲ့အိမ်။

ဓါတ်ပုံရိုက်ချင်လို့လား။ အလှပုံတော့ မသိဘူး သဘာဝပုံတွေ အရိုက်ကောင်းတဲ့သူရှိတယ်။ ဟိုးရှေ့တပြဆို ရောက်ပြီ သူအိမ်က။ မရှိဘူးတဲ့။ ဓါတ်ပုံရိုက်ဖို့ ခရီးသွားတယ်တဲ့။ "အမ ဦးမောင်လှ ပြန်လာရင် ကျနော်လာသွားတယ်လို့ ပြောပေးပါနော်"။

ဦးမောင်လှဆီမှာ ရိုက်ထားတဲ့ ပုံလေးတွေ ပြင်ဖို့ ဆရာတစ်ယောက်ဆီ ချီတက်ခဲ့ပါတယ်။ အိမ်အပြင်အဆင်ကြည့်တာနဲ့တင် အနုပညာသမားမှန်းတန်းသိနိုင်တယ်။ အသစ်အဆန်းလေးတွေ ကြည့်ချင်ရင် လာလည်နေကြ ကိုနွယ်ရိုးအိမ်ပေါ့။

တခြားအိမ်လေးတွေက အမျိုးသမီးတွေရဲ့အိမ်ဗျ။ ၀င်လို့ကောင်းပါ့မလားမသိဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ချစ်သူတွေ အပေါ်မှာ ထားတဲ့ အချစ်စိတ်ကိုတော့ ကျနော်လေးစားပါတယ်။ မထနောင်း၊ ကောင်းကင်ပြာ၊ မေလေး၊ ဇော် တို့ရဲ့အိမ်ကလည်း သစ္စာတွေ ထုံမွမ်းနေတဲ့အိမ်လေးတွေပါပဲ။

အိမ်တွေလျောက်လည်နေတာ အချိန်တောင်တော်တော်လင့်နေပြီ။ အိမ်အမြန်ပြေးမှ။ အခုအချိန်ဆို အိမ်မှာ အမေရယ်၊ အဖေရယ် အကိုတွေ အမတွေ ထမင်းလက်ဆုံစားဖို့ စောင့်နေရော့မယ်။

အားလုံးပျော်ရွင်ပါစေ
ရေတမာ

Friday, July 10, 2009

မြင်ယောင်မိသော အိမ်လေးများ

10 comment

Internet ခေါ်တဲ့ Network ကွန်ယက်ထဲမှာ မမြင်ရတဲ့ ရင်းနှီးမှုသံယောဇဉ် အ၀န်းအ၀ိုင်းလေးတွေ ရှိတယ်။ သူငယ်ချင်း အပေါင်းအသင်းနဲ့ လေကန်လိုက် ကောင်မလေးတွေ တွေ့ရင်ဇာတ်လမ်းလေးတွေ ဖန်တီးတတ်ပြီး Cafe' လေးနဲ့ တူတဲ့ Chat Room၊ Speaking Corner လေးနဲ့တူတဲ့ Forum ကတော့ ဗဟုသုတတွေ တော်တော်ရမယ်ထင်တယ်။ အကွာအဝေးတွေ ချူံ့ပေးနိုင်တဲ့ Gtalk၊ တခြားတခြားသော Service တွေနဲ့အတူ၊ ကိုယ်ထူကိုယ်ထ ပနက်ချ၊ တိုင်ထောင်၊ အမိုးမိုး၊ ဆေးသုတ်ပြီး စိတ်ကူးထဲက အိမ်လေးတွေကို ဖန်တီးထားကြတဲ့ ဘလော့ရွာလေးကလည်း အခုဆိုတော်တော် ဖွံဖြိုးတိုးတက်နေပြီမဟုတ်လား။

ကိုယ့်ရဲ့ PC တောအုပ်လေးကဖြတ်ပြီး Internet Connection ဆိုတဲ့ တံတားလေးကနေ ဘလော့ရွာလေးကိုဝင်တယ် ဆိုရင်ပဲ များပြားလှတဲ့ ဘလော့ဂါသူငယ်ချင်းတွေရဲ့ အိမ်တွေကို တွေ့ရမှာပါ။ တချို့ကလည်း ဆောက်လုပ်နေကြဆဲ၊ တချို့ ကလည်း ကောင်းသထက်ကောင်းအောင် ပြင်ဆင်နေကြတယ်။ ဧည့်သည်များစွာနဲ့ စည်ကားနေတဲ့ အိမ်လေးတွေ တွေ့ရသလို၊ လူမသိမသိ နေနေတဲ့ အိမ်လေးတွေလည်းတွေ့ရပါတယ်။ ဖျက်သိမ်းထားတဲ့ မြေကွက်လပ်တွေ တွေ့ရတော့လည်း နှုတ်ဆက်လက်ပြရုံပဲပေါ့။ ဆည်းလည်းသံ တချွင်ချွင်နဲ့ တရားအရိပ်လေးတွေကလည်း ဘလော့ရွာလေးကို ပိုမိုဝင့်ထည်စေပါတယ်။ ပူလောင်လှတဲ့ လောကကြီးထဲမှာ ဗုဒ္ဓရဲ့ တရားရေအေးက ဆေးစွမ်းတခွက် မဟုတ်လား။

မြက်ရိုင်းပင်တွေ တရုန်းရုန်းနဲ့ ဥယျာဉ်မှုးကင်းမဲ့နေတဲ့ ဥယျာဉ်တွေကလည်း ကွက်ကြားကွက်ကြားဆိုသလို တွေ့ရပြန်ပါတယ်။ ဥယျာဉ်မှုးတွေ ပြန်လာစေချင်တဲ့ စိတ်လည်းဖြစ်ပေါ်မိပါတယ်။ တချို့တံခါးပိတ်ထားတဲ့ အိမ်ပေါက်ဝတွေ ရောက်ရင်လည်း အိမ်ရှင်တွေ ကျန်းမာ၊ချမ်းသာစေကြောင်း၊ အနှောက်အယှက်ကင်းပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သမိတယ်။ ဘ၀အမောတွေကို ရယ်မောခြင်းနဲ့ ဖြေဖျောက်ရင်း တဦးနဲ့တဦး စနောက်နေကြတဲ့ အိမ်တွေနားရောက်ရင် စိတ်ချမ်းမြေ့ရသလို၊ လောကဓံရှစ်ပါးနဲ့ ကြုံတွေ့နေရတဲ့ အိမ်တွေနားရောက်ရင်လည်း အားပေးချင်ခဲ့မိပါတယ်။ ကိုယ့်အပူတွေတောင် ပိုမိုမလောင်ကျွမ်အောင် ထိန်းသိမ်းနေရတာတင် သူများကို အားပေးဖို့ စကားလုံးနဲ့တင် လုံလောက်ပါ့မလားတွေးရဲ့။

ကိုယ်အိမ်ကို ပြန်ခဲ့တယ်ဆိုရင်ပဲ မလုံတဲ့ခြံစည်းရိုးကနေ အတ္တတွေ မရင့်ကျက်ခြင်းတွေ အတိုင်းသားမြင်ရတယ်။ အေးမြစေချင်တဲ့ အိမ်ရှေ့က ရေချမ်းစင်လေးက ရေမှရှိသေးရဲ့လားမသိ။ ဧည့်ခံဖို့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အသီးအနှံလေး တွေကရော အဆိပ်မှကင်းရဲ့လား မသဲကွဲ။ မြေဆီမြေနှစ်မပြည့်ဝပေမယ့် ကိုယ်တိုင် ရေလောင်း ပေါင်းသင်ခဲ့တာကတော့ ကိုယ်တိုင်အသိဆုံးပါ။

ဒီကမ္ဘာလေးကို အခုလိုပုံစံမြင်ကြည့်လိုက်တော့ ဘလော့ရွာလေးထဲမှာ အိမ်လေးတွေပေါ်လာတယ်။ ကျနော့်ကို သူစိမ်းတွေ ထဲက ပထမဆုံးမှတ်ချက်ပေးခဲ့တဲ့၊ ကိုညီလင်းဆက် ပေးတဲ့လင့်ထဲကနေ၀င်ကြည့်မိပြီး စိတ်ထဲမှာ အရမ်းခင်ခဲ့မိတဲ့ ရန်ကုန်သူ အမြဲတမ်းရယ်မောသံတွေ ညံနေတဲ့။ လူလည်းမပြတ်တဲ့၊အိမ်သာလို့ ဧည့်တွေအများကြီး လာတဲ့ မကြီးခင်ဦးမေရဲ့အိမ်။ အဆောင်ကြီးလိုပဲ ၀င်လိုက်၊ထွက်လိုက်၊ စားလိုက်၊သောက်လိုက် ရီမောသံတွေနဲ့ ညံနေတဲ့ အိမ်ကြီးလို့ မြင်ယောင်မိတယ်။

တစ်ပုဒ်ဖတ်ရုံနဲ့ ဘလော့တစ်ခုလုံး ရှိရှိသမျှ ပိုစ့်တွေလိုက်ဖတ်ရလောက်အောင် စာတွေအရေးကောင်းတယ်။ သူနဲ့သာ စကားတွေပြောနေရရင် သင်ပါးစပ်ပိတ်ရလိမ့်မယ် မထင်။ သူ့အိမ်လေးထဲမှာတော့ နေမကောင်းချင်ယောင်ဆောင် နေတဲ့ မကြီးမိုးချိုသင်းကို ကိုကြီးကျော်ဝဏ္ဏက စ,နေလို့ စိတ်တိုနေတဲ့ ဇနီးမောင်နှံစုံတွဲကို မြင်ယောင်နေမိတယ်။ အိမ်နံရံတွေမှာ မန်ယူပုံတွေ တွေ့ရဲ့။:P

နောက်တစ်အိမ်ကတော့ ကီးဘုတ်တစ်လုံးနဲ့ ကိုခိုင်ထူးသီချင်းတွေ အေးအေးလူလူတီးနေတဲ့ အကိုကြီးအောင်သာငယ်ရဲ့ မြက်ခင်းစိမ်းစိမ်းလေးတွေရှိတဲ့ အိမ်ကိုလည်းမြင်ယောင်မိတယ်။ သူသင်ပေးလို့ ကဗျာတွေကို အရင်ကထက်စာရင် ပိုပြီး ခံစားတတ်လာတယ်။ တခါတလေ သစ်ရိပ်ဝါးရိပ်အောက်မှာ ကဗျာတွေ၊ စာတွေထိုင်ရေးနေတတ်သေးတယ်။ လေးစားရတဲ့သူဆိုတော့ အိမ်ရှေ့ကနေပဲ ခြေဖျားထောက်ကြည့်ပြီး ပြန်လာခဲ့တယ်။

နောက်ထပ် စာကြည့်တိုက်လို ကျနော်မြင်မိတဲ့ အိမ်လေးတွေရှိတယ်။ အတွေးအခေါ်တွေ စဉ်းစားစရာတွေ ဗဟုသုတတွေ ပြည့်နေတဲ့ ကိုZT(ဖူးနုသစ်)၊ ကိုပီကေ၊ ကိုညီလင်းဆက် တို့ရဲ့အိမ်ကတော့ မပြန်ချင်လောက်အောင် ဆွဲဆောင်မှုရှိတယ်။ ကျနော်မှတ်ချက်မပြုရဲတဲ့ အိမ်တွေပါ။ မြင်းထိန်းငတာ ချီးကျူးသလိုဖြစ်မှာစိုးလို့ သူတို့အိမ်ရောက်ရင် နောက်ဘေးပေါက်ကနေ စာကြည့်ခန်းထဲ တန်းသွားတော့တာပဲ :P

ကိုသားကြီးကိုတော့ emo စတိုင်နဲ့ ကက်ဆက်ခွေတွေ ဂစ်တာတွေ ပြန့်ကျဲနေတဲ့ တိုက်ခန်းလေးလို့မြင်တယ်။ သူအခန်းကို သွားရင် လွတ်လပ်ပေါ့ပါးခြင်းတွေ သင်ခံစားရမယ်။ လူငယ်ရသတွေ၊ လူငယ်အထာတွေ သူနဲ့အတူ စီးချက်လိုက်ဖို့တော့ လိုမယ်ထင်တယ်။ သင်သူ့အခန်းထဲက ထွက်သွားရင် တံခါးပြန်ပိတ်ခဲ့ပါ။ Privacy ကိုအလေးထားတဲ့သူမို့ပါ။ သူပေးတဲ့ comment က ကျနော့်ကို ပျော်ရွင်စေခဲ့ဖူးပါတယ်။

အိမ်ရှေ့မှာတတောက်တောက်နဲ့ ပြေးနေတဲ့ ကလေးလေး၊ သူ့အမေက လိုက်ထိန်းနေတာကို အိမ်ထဲကကြည့်နေတဲ့ ကိုသီဟသစ်က ကျနော်ကိုတွေ့တော့ လက်လှမ်းပြတယ်။ "မ၀င်တော့ဘူး အကိုရေ ညမှ အေးဆေးလာခဲ့မယ်"။ မကြာခင် စိုပြည်လာတော့မယ့် သူအိမ်လေးအတွက်လည်း ၀မ်းသာပိတိဖြစ်မိပါတယ်။

အမြဲပဲမူးနေတဲ့ လူတစ်ယောက်ရဲ့ အိမ်လေးလည်း ရှိတယ်။ ဟိုလူအိမ်မှာ အရက်ဖိုးတောင်း၊ ဒီလူအိမ်မှာ အရက်ဖိုးတောင်းနဲ့ ခင်စရာကောင်းတဲ့ ကိုအိုက်ခီလောက် ကိုလမ်းမှာတွေ့တိုင်း စိတ်ထဲမှာ ခင်မင်မိပါတယ်။ သူအိမ်ကိုတော့ ကျနော်မရောက်ဖြစ်သေးပါ။ ရောက်ရင်သောက်မိနေမှာစိုးလို့။

ဘလော့ရွာလေးထဲမှာ တိုင်းရင်းသားကျေးရွာလေးလည်း ရှိတယ်။ ဗမာစကားကို ပီပီသသ မပြောနိုင်ပေမယ့် ရိုးသားပြီး ပွင့်လင်းတဲ့ ရှမ်းမလေးအိမ်ကလည်း ဘလော့ရွာရဲ့ ကန္တာရထဲမှာ အိုအေစစ်လေးပါပဲ။ သူ့အိမ်လေးက နေ့ကလေးထိန်းကျောင်းလေး။ ကလေးလေးတွေဝိုင်းနေတဲ့ အထဲကိုထိုင်ပြီး ယဉ်ကျေးလိမ္မာစေဖို့ ပုံပြင်တွေ ပြောပြနေတာ သင်မြင်ရမှာပါ။

ပန်းတွေ ဝေနေအောင် ပွင့်ဖူးနေတဲ့ ဥယျာဉ်လေးရှိတဲ့အိမ်။ ဘယ်သူမှ အ၀င်မခံဘဲ တံခါးလေး အမြဲပဲပိတ်ထားတယ်။ အိမ်ရှေ့က ကြည့်လိုက်ရင် နောက်ဖေးမီးဖိုချောင်မှာ တကုပ်ကုပ်နဲ့ ဟင်းချက်၊မဟုတ်ရင် ပန်းပင်တွေ ရေလောင်းနေတဲ့ မကြီးဟနစံ အိမ်ကလည်း ကျနော်အကြိုက်ဆုံး အိမ်လေးပါပဲ။

အိမ်လေးတွေလျောက်ကြည့်ရင်း လမ်းမှာ ကလေးလေးတစ်ယောက်က "ဟိုဖက် ကမ်းက မီးထိန်ထိန်၊ ဒီဖက်ကမ်းက မီးထိန်ထိန်၊ ဆီးမီးထိန်ထိန်လင်းပါတဲ့ မနှင်းတို့အိမ်" ဆိုပြီး အော်ဆိုသွားတာကြားတော့ နှင်းလေးဖွဲဖွဲကြနေတဲ့ တောင်ကုန်း ပေါ်မှာ မီးခိုးတလူလူနဲ့ မနှင်းရဲ့အိမ်ကို မြင်ယောင်မိတယ်။ စာတွေကို Pro ဆန်စွာရေးသားနေတဲ့ လေးစားရတဲ့ အိမ်လေးဖြစ်ပါတယ်။

ကျနော်အိမ်ကို ပထမဆုံး မင်းနာမည်ဘယ်လိုခေါ်လဲဆိုပြီး လာမေးတဲ့ မွန်လေးအိမ်ကတော့ ခြေတံရှည်အိမ်လေးဗျ။ သူအိမ်မှာ မိဘ မောင်ဘွားတွေနဲ့ ပျော်စရာအတိပေါ့ဗျာ။ ရိုးသားပွင့်လင်းတဲ့ တိုင်းရင်းသားလေး ၀ါဆိုပန်းခူးသွားတာ ပြန်မလာသေးဘူးထင်တယ်။ အိမ်ပေါ်တက်ကြည့်ဦးမှ။

RFA တွေ VOA ရေဒီယိုသံတွေ ညံနေတဲ့ အိမ်လေးတွေရှိတယ်။ အမြဲတမ်း ပွစိပွစိပြောနေပြီး စတတ်နောက်တတ်တဲ့ မကြီးကိ အိမ်ကလည်း ပျော်စရာပါ။ သူအိမ်မှာ ပစ္စည်းပစ္စယတွေမှ အများကြီးပဲ။ သွားရည်ကျအောင် ပြောပြီး ၀ယ်မပေးတတ်တဲ့ မကြီးကိ ကိုအားလုံးက ၀ိုင်းအော်နေတာ သူအိမ်ရောက်ရင်တွေ့လိမ့်မယ်။

အခုမှသတိရတယ် အမေက လမ်းထိပ်မှာ ဟင်းချိုမှုန့်ဝယ်ခိုင်းလိုက်တာ အိမ်လည်နေတာနဲ့ မေ့သွားတယ်။ အဲ ပိုက်ဆံ ဘယ်နားကျပျောက်သွားလဲမသိဘူး။ လုပ်ကြပါဦးဗျာ။

အားလုံးကို ခင်တဲ့
ရေတမာ

Wednesday, July 08, 2009

ကျနော်နှင့် မြေပဲလေးများ

12 comment
ငယ်ငယ်က ဘိုးဘိုး၊ဘွားဘွားတို့ အိမ်မှာနေတုန်းကပေါ့။ ဘွားဘွားက မနက်အစောကြီး အိပ်ရာထပြီ ၃ ၄မိုင်ဝေးတဲ့ ဈေးကို
ခြေကျင်သွားပါတယ်။ သူနဲ့အမှီ အိပ်ရာထပြီး ဈေးလိုက်သွားရင် မနက်စာ ကောင်းကောင်းစားရပါတယ်။ ဈေးမှာ ကြိုက်ရာ
စားနိုင်သလို။ ပြန်လာမှ လက်ဖက်ရည်ဆိုင်မှာ လွေးချင်ရင်လည်း လွေးလို့ရပါတယ်။ တခါတလေ အာရုံရရင် ဈေးက ခေါက်ဆွဲ ၀ယ်လာပြီး အိမ်မှာ ရှယ်ပြန်သုပ်ကျွေးတတ်သေးတယ်။ အအိပ်မက်တဲ့ကျနော် ဒီဂွင်လေးတွေ လွတ်တာများပါတယ်။

ဘွားဘွားကို မမှီရင်တော့ ကိုကိုကြီးနဲ့ မမကြီးရှိပါတယ်။ ကိုကိုကြီးရဲ့ ထမင်းကြော်နဲ့ မမကြီး ဘွားဘွား စကွဲ
(ဆန်အကြေ)တွေကို ဘ၀ပြောင်းပြီး အကြော်တွေ ဖန်တီးထားတတ်ပါတယ်။ အကြီးတွေ ငွေတိုငွေစ ရွင်နေရင်
ကျောင်းရှေ့က ဆိတ်စွပ်နဲ့ နံပြားတီးလို့ ရတယ်။ စားသောက်လို့ပြီးရင် သူတို့က အလျိုလျိုလစ်သွားကြပါပြီ။

ကျန်ခဲ့တဲ့ကျနော်ကတော့ ဈေးကပြန်လာတဲ့ ဘွားဘွားနဲ့မေမေတို့ရဲ့ တောက်တိုမရအခိုင်းခံရတော့တာပါပဲ။ မေမေက အသုပ်ရောင်းတော့ မြေပဲဆံ အမြဲပဲ ထောင်းခိုင်းပါတယ်။ ၂ပြည်လောက်ရှိတဲ့ မြေပဲတွေကို ထောင်းရတာအီစိမ့်နေတာပဲ။ ဘော်ဘော်တွေကလဲ ကစားဖို့စောင့်နေပြီ။ အလုပ်ကလည်းမပြီး။ မြန်မြန်ပြီးအောင် ပြီးစလွယ် အများကြီးထည့်ပြီး ထောင်းတော့ မြေပဲက မညှက်။ ငရုပ်ဆုံဘေးမှာလည်း မြေပဲတွေက မြင်မကောင်းအောင် ပြန့်ကျဲလို့။ အမေက ဆူတော့တာပါပဲ။ အားလုံးပြန်ထုတ်။ နည်းနည်းဆီ ပြန်ထည့်ပြီး ပြန်ထောင်း။ အလုပ်ကို နှစ်ခါပြန်လုပ်ရတာပေါ့။ သူငယ်ချင်းတွေနဲ့ ကစားဖို့လည်း အချိန်မမှီတော့ပါဘူး။

အခုလည်း နည်းနည်းနဲ့ သေသေသပ်သပ်လုပ်ရမယ့် အလုပ်တွေကို များမှပြီးစလွယ်လုပ်တော့ မသပ်မရပ်၊ အမှားများစွာ ဖြစ်လာပါတယ်။ဘယ်အလုပ်ပဲ ဖြစ်နေနေ အချိန်လေးနည်းနည်းလေးပေးပြီး သေသေချာချာ ကောင်းကောင်းမွန်မွန်လေး လုပ်ရင် အလုပ်တွေကို ပြန်ကြည့်တဲ့အခါ စိတ်လည်းချမ်းသာတယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိတယ်။ ဗီဇဆိုတာလည်း ပြင်ဖို့နည်းနည်းလေးခက်လေတော့ ခုထိ အဲဒီလိုဖြစ်အောင် ကြိုးစားနေဆဲပါ။ အလုပ်တွေများလာတယ်၊ အမှားတွေများလာတယ် ဆိုရင် ငါတော့ မြေပဲဆံတွေ အများကြီးထည့်မိပြန်ပြီလား မသိဘူးဆိုပြီး တွေးမိလေရဲ့။


ရေတမာ